Search

Content

Showing posts with label အတွေးအမြင်. Show all posts
Showing posts with label အတွေးအမြင်. Show all posts
0 comments

လိင်တူချစ်သူများဟာ မိသားစုအတွက်တဲ့ အဖိုးတန်တဲ့ သားသမီး၊ မောင်နှမများဖြစ်ကြသည်။


အမေရိကန်နိုင်ငံမှ လိင်တူချစ်သူ သားတစ်ဦးရဲ့ ဖခင်ဖြစ်သူ နှလုံးအထူးကု ပါရဂူဆရာဝန်ကြီး James O'Keefe က မိသားစူအတွင်းမှာ လိင်တူချစ်သူ သားသမီးများ ဘာ့ကြောင့် မွေးဖွားလာရသလဲနဲ့ ပက်သက်တဲ့ စိတ်ဝင်စားစရာ သီအိုရီတစ်ခုကို လူတွေအား Tedtalk တစ်ခုမှာ ပြောပြထားပါတယ်။ သူရဲ့ သီအိုရီမှန်းဆချက်က ယုတ္တိရှိနေတာမို့ လူတွေအတွက် ဖြစ်နိုင်ခြေရှိမလားဟု မှန်းဆစရာတစ်ခု ဖြစ်နေပါတယ်။

“လိင်တူချစ်သူများဟာ မျိုးရိုးဗီဇကြောင့်ဖြစ်လာတယ်ဆိုရင် လိင်တူချစ်သူတွေက ကလေးမှမယူတာ။ တကယ်လို့ လိင်တူချစ်သူတွေက ဆင့်ကဲ့ပြောင်းလဲမှုမှာ မျိုးရိုးဗီဇကို အမွေပေးရမယ်ဆိုရင် လူနည်းစုသာဖြစ်တဲ့ လိင်တူချစ်သူတွေဟာ နှစ်ပေါင်းထောင်ပေါင်းများစွာ ကြာလာတဲ့အခါ ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားတာ ကြာလှနေပေါ့။ ဒါပေမဲ့ သမိုင်းတလျှေက် ယဥ်ကျေးမှုတိုင်းမှာ လိင်တူချစ်သူတွေဟာ ရာဇဝင်ထဲမှာ ရှိနေခဲ့တယ်” ဟု ဆရာဝန်ကြီးက စပြောပါတယ်။

ဆက်လက်ပြီး ဆရာဝန်ကြီးကရှင်းပြရာမှာ “ဆိုတော့ ကျနော်က တွေးကြည့်တာ ကျနော့်သား အသက်ကြီးလာတာနဲ့အမျှ မိသားစုအတွင်းမှာ သူ့ မောင်နှမတွေနဲ့ ပျော်ပျော်ရွင်ရွင်ရှိတာ၊ မောင်နှမတွေက သူ့ကိုချစ်တာတွေကိုကြည့်ပြီး လိင်တူချစ်ခြင်းဆိုတာဟာ လိင်တူချင်းဆက်ဆံဖို့သက်သက်တစ်ခု မဟုတ်ဘူးဆိုတာကို ကျနော် မြင်လာမိပါတယ်။ လိင်တူချစ်သူတွေဟာ ဆက်လက်ရှင်သန်နိုင်ရေးအတွက် အလွန်အရေးပါတဲ့သူတွေဖြစ်တယ်ဆိုတာကို ရုတ်တရက်တွေးမိလိုက်တယ်။ တစ်ဦးတစ်ယောက်ထဲ ရှင်သန်ဖို့တင်မဟုတ်ပါဘူး မိသားစုတစ်ခုလုံး ဆက်လက်ရှင်သန်နိုင်သန်နိုင်ရေးအတွက် အရေးပါတဲ့သူတွေပါ။ ကျနော်တို့ လူသားမျိုးနွယ်တွေဟာတွေ တစ်ယောက်ချင်းရှင်သန်ခြင်းထက် အသိုက်အဝန်းနှင့် နေထိုင်ခြင်းကို အလေးပေးဆုံး သတ္တဝါတွေ ဖြစ်ကြပါတယ်။ လူတွေဟာ တစ်ယောက်နှင့်တစ်ယောက် ယှဥ်ပြိုင်တိုက်ခိုက်နေရင် လူသားမျိုးနွယ်တုံးသွားမှာပေါ့။ အမှန်တော့ လူသားတွေက လူသားမျိုးနွယ် ဆက်လက်ရှင်သန်နိုင်ရေးအတွက် အချင်းချင်းအသိုက်အဝန်းနှင့် နေမှရတာပါ။ လူသားတွေဟာ မိသားစုအတွင်းအချင်းချင်း စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်နေနိုင်၊မနေနိုင်ခြင်းဟာ ထိုမိသားစု ဆက်လက်ရှင်သန်၊မရှင်သန်ခြင်းကို ဆုံးဖြတ်ပေးတဲ့အရာပါ။ အဲ့ဒါကြောင့် လူသားမျိုးနွယ်ဟာ ဆင့်ကဲ့ပြောင်းလဲမှုဖြစ်စဥ်မှာ အသန်မာဆုံးလူတစ်ယောက်သာရှင်သန်ခြင်း မဟုတ်ပါဘူး။ အသန်မာဆုံး မိသားစုများသာ ရှင်သန်ခြင်းဖြစ်ပါတယ်။ မိသားစုတစ်ခုမှ မောင်နှမများဟာ ၅၀ ရာခိုင်နှုန်း မျိုးရိုးဗီဇ အတူတူရှိပါတယ်။ သင့်ရဲ့ တူနဲ့တူမတွေမှာ ၂၅ ရာခိုင်နှုန်း သင်နဲ့တူတဲ့ မျိုးရိုးဗီဇ ရှိပါတယ်။ ဆင့်ကဲပြောင်းလဲမှု ရှုထောင့်ကကြည့်မယ်ဆိုရင် သင်ကိုယ်တိုင် ကလေးတစ်ယောက် ပြုစုပျိုးထောာင်တာဟာ သင့် မောင်နှမတစ်ယောက်ယောက်ကို ကလေးနှစ်ယောက် ရှင်သန်နိုင်အောင် ကူညီတာနဲ့ မျိုးရိုးဗီဇ ထိန်းသိမ်းတာချင်း အတူတူပဲဖြစ်ပါတယ်။

ဆင့်ကဲပြောင်းလဲမှုမှာ ဒီအရာကတော့ အတူပူးပေါင်းဆောင်ရွက်မှုနဲ့ ကိုယ်ကျိုးမငဲ့ခြင်းတို့ကြောင့် မိသားစုရှင်သန်နိုင်ခြင်း ဖြစ်ပါတယ်။ လိင်တူချစ်သူတွေဟာ ဒီအပိုင်းအတွက် မိသားစုအတွင်းမှာ ပရဟိတစိတ်ဓာတ်အပြည့်အရှိဆုံး သူတွေဖြစ်အောင် မျိုးရိုဗီဇနှင့်ပုံသွင်းပြီးသားသူတွေ ဖြစ်ပါတယ်။ လိင်တူချစ်သူတွေဟာ မိသားစုအကြားမှာ တစ်ဦးနှင့် တစ်ဦးအကြားမှ ကြင်နာမှုတွေ ဖြစ်ပေါ်လာအောင် ကူညီဖို့ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။

ဒါ့ကြောင့် ဆင့်ကဲ့ဖြစ်စဥ်မှုကို လေ့လာတဲ့ သိပ္ပံပညာရှင်တွေက လိင်တူချစ်သူတွေဟာ အထူးပြုထားတဲ့ပါရမီတွေနဲ့ ထူးခြားတဲ့ရည်သွေးတွေပိုင်ဆိုင်ကာ အုပ်စုတစ်စုချင်းစီအတွက် အားသာချက်တွေပေးပါတယ်။ ထို့ကြောင့် လိင်တူချစ်သူတွေကို ဖိနှိပ်တဲ့ လူ့အဖွဲ့အစည်းတွေက သူ့တို့လူ့အဖွဲ့အစည်းကို ပြန်ထိခိုက်အောင်လုပ်နေတာပါပဲ။”

“ဆိုတော့ ထူးခြားတဲ့ရည်သွေးတွေက ဘာတွေလဲ။ လိင်တူချစ်သူတွေက အိပ်ယာထဲမှာ သူတို့အချင်းချင်း ဘာတွေလုပ်တာလဲတစ်ခုတည်းနှင့်သာ သူတို့ကို သတ်မှတ်ဖို့မဟုတ်ပါဘူး။ သူတို့တွေက ဉာဏ်ကောင်းတယ်၊ ရီရတယ်၊ သိတတ်တယ်၊ စာနာတယ်၊ သူများတွေအပေါ်မှာ နားထောင်ပေးတယ် စသဖြင့် စသဖြင့် အရည်အသွေးတွေမှာ ပိုတော်တတ်ကြပါတယ်။

ဆင့်ကဲပြောင်းလဲမှု ရှုထောင့်ကပြောရရင် သူတို့က အလွန်အရေးပါတယ်။ သိပ္ပံသုတေတနကလည်း လူနည်းစု လိင်တူချစ်သူတွက ဉာဏ်ပိုကောင်းတတ်တယ်၊ အထူးသဖြင့် emotional intelligence လို့ခေါ်တဲ့ စိတ်ခံစားမှုကို ထိန်းသိမ်းရာမှာ ဉာဏ်အလွန်ကောင်းတတ်ကြပါတယ်လို့ သက်သေပြထားပါတယ်။ နောက်သုတေသနတစ်ခုမှာလည်း စိတ်ပညာစစ်ဆေးမှုတွေပြုလုပ်ရာမှာ လိင်းတူချစ်သူတွေဟာ စာနာမှု နှင့် ပူးပေါင်းဆောင်ရွက်မှုတွေမှာ အမှတ်များပြီး ရန်လိုမှု စိတ်ဓာတ်မှာ အမှတ်နည်းပါတယ်။”

“ထွေပြားစုံလင်မှုဆိုတာ သဘာဝကို ဖန်တည်းပေးလိုက်တဲ့ လျှို့ဝှက်လက်နက်တစ်ခုလိုပါပဲ။ လူ့အဖွဲ့အစည်းမှ ယောက်ျားတိုင်းဟာ လိင်တူချစ်သူတွေကြီးဖြစ်နေရင် ပြသနာတော့တက်မှာပေါ့။ ဒါပေမဲ့ ယောက်ျားတိုင်းဟာလည်း သူရဲကောင်းတွေကြီးပဲဖြစ်နေရင်လည်း တကမ္ဘာလုံးမှာ တချိန်လုံး စစ်တွေပဲဖြစ်ကုန်တော့မှာပေ့ါ။ အောင်မြင်တဲ့ လူ့ယဥ်ကျေးမှုအသိုင်းအဝိုင်း တစ်ခုဖြစ်ဖို့ လိုအပ်ချက်ကတော့ မတူညီတဲ့အရာတွေ ပေါင်းစည်းထားတဲ့ စုပေါင်းစွမ်းအားရဲ့ အကျိုးရလာဒ်ပဲဖြစ်ပါတယ်။ လိင်တူချစ်သူတွေက ဒီအထဲမှာ လူသားတွေ စည်းလုံးပေါင်းစည်းနိုင်ဖို့ အတွက် ဓာတ်ကူလုပ်ပေးနေသလိုပါပဲ။"

ဆက်လက်ပြီး ဆရာဝန်ကြီးက မျိုးရိုးဗီဇရှုထောင့်ကနေ ဆက်လက်ရှင်းပြပါတယ်။ “ဆိုတော့ ကျနော်တို့ရဲ့ ခန္ဓာထဲက ဗီဇ (gnome) ထဲမှာ ကျနော်တို့ လိုအပ်သမျှ ဗီဇလက္ခဏာအမှတ်အသားတွေ အကုန်ထည့်ပေးလိုက်ပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ကနေ ဗီဇထဲမှာရှိတဲ့ ဘယ်လက္ခဏာအမှတ်အသားကိုသာ ခလုတ်ဖွင့်ပေးရမလဲဆိုတာကို ဆုံးဖြတ်ပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်အတွက် အသင့်တော်ဆုံးဖြစ်တဲ့ သင်လူသားတစ်ယောက်ဖြစ်အောင် လုပ်ပေးရမလဲဆိုတာကို ဘယ်လက္ခဏာတွေကို ဖွင့်ပေးပြီး သင့်ကို ပုံသွင်းပါတယ်။ နှိုင်းယှဥ်ပြီး ဥပမာပေးပြောရရင် ပုရွက်ဆိတ်တွေဟာ လူတွေလိုပဲ အသိုင်းအဝန်းအဖွဲ့အစည်းနှင့် အလွန်နေတတ်တဲ့ တိရစ္ဆာန်တွေပါ။ သူတို့ရဲ့ မျိုးရိုးဗီဇယန္တာယားဟာလည်း လူတွေနှင့် အတော်တူပါတယ်။ ဥပမာတစ်ခုပေးရရင် အလုပ်လုပ်တဲ့ ပုရွက်ဆိတ် နှင့် စစ်သားပုရွက်ဆိတ်ဆိုပြီး နှစ်ကောင်ရှိပါတယ်။ တစ်ကောင်က သေးသေးသွက်သွက်နှင့် အစာရှာလုပ်လုပ်တဲ့ ပုရွက်ဆိတ်ပါ၊ နောက်တစ်ကောင်ကတော့ သန်သန်မာမာ ကြီးကြီးထွားထွား ရန်သူတွေကို တိုက်မယ့်အကောင်ကြီးပါ။ ဒါပေမဲ့ သူတို့နှစ်ကောင်က ပုံသဏ္ဍာန်မတူပေမဲ့ သူတို့က အမွှာတွေပါ။ အမွှာနှစ်ကောင်လုံးမှာ ဗီဇဖွဲ့စည်းပုံက တစ်ပုံစံထဲပါပဲ။ အဲ့ဒါဘယ်လိုဖြစ်တာလဲ။ ဆိုတော့ ပုရွက်ဆိတ်ဘုရင်မကြီးက ဗီဇကိုပုံသွင်းတဲ့အခါဆုံးဖြတ်မှုမှာ မူတည်ပါတယ်။ ဘုရင်မကြီးက ပုရွက်ဆိတ်အုံ တိုက်ခိုက်ခံနေရချိန်မှာဆိုရင် ပေါက်ဖွားလာမယ့် ပုရွက်ဆိတ်တွေကို စစ်သားပုရွက်ဆိတ်ဖြစ်စေတဲ့ ဗီဇလက္ခဏာအမှတ်အသားတွေကို ဖွင့်ပေးလိုက်ပြီး စစ်သားဖြစ်စေမယ့် အခြေအနေကို ဖန်တည်းပေးလိုက်ပါတယ်။ ထို့အတူပဲ ပုရွက်ဆိတ်အုံဗိုက်ဆာနေချိန်မှာ အလုပ်သမား ဖြစ်စေမယ့် ဗီဇလက္ခဏာအမှတ်အသားတွေကို ဖွင့်ပေးလိုက်ပါတယ်။ ထို့ကြောင့် ကျနော်တို့ဟာ မွေးလာတဲ့အချိန်မှာ မိသားစုကို အကောင်းဆုံးရှင်သန်နိုင်စေမယ့် လက္ခဏာများကို ပိုင်ဆိုင်တဲ့ အခြေအနေမျိုးနှင့် မွေးလာတတ်ပါတယ်။ ဆိုတော့ ကျနော်တို့အားလုံးရဲ့ မျိုးရိုးဗီဇဖွဲ့စည်းပုံထဲမှာ လိင်တူချစ်သူဖြစ်စေမယ့် ဗီဇလက္ခဏာအမှတ်အသား လူတိုင်းမှာ ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ မလိုအပ်လို့ရှိရင် သင့်မိခင်ဝမ်းဗိုက်ထဲမှာ မဖွင့်ပဲထားခဲ့ပြီး အသာလေး ဗီဇကြိုးကို ထုံးထားခဲ့ထားတာ ဖြစ်နိုင်ပါတယ်။ အမေရိကန် တက္ကသိုလ် UCLA မှာ မကြာခင်ကမှ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ ယောက်ျားအုပ်စုတစ်ခုရဲ့ ဗီဇလက္ခဏာအမှတ်အသားတည်ဆောက်ပုံကို စစ်ဆေးခြင်းဖြင့် သူတို့၏ လိင်စိတ်တိမ်းညွှတ်မှုကို ၇၀ ရာခိုင်နှုန်းမှန်အောင် ခန့်မှန်းနိုင်ခဲ့ကြပါတယ်။”

“ဆိုတော့ ဘယ်လိုအခြေအနေများက ကိုယ်ဝန်ဆောင်နေတုန်း လိင်တူချစ်သူဖြစ်စေမယ့် ဗီဇလက္ခဏာအမှတ်အသားကို ဖွင့်ပေးတာလဲ။ ယောက်ျားလေးတွေအတွက် သင်လိင်တူချစ်သူဖြစ်စေနိုင်မယ့်ရာခိုင်နှုန်းဟာ အရင်မွေးခဲ့တဲ့ ယောက်ျားလေးကလေးအရေအတွက် ပေါ်မူတည်ပြီး အချိုးကျ မြင့်တက်လာပါတယ်။ ဆိုတော့ သီအိုရီအရ သင့်ရဲ့ အထက်မှာ အကိုတစ်ယောက်ရှိတိုင်း သင့်မှ လိင်တူချစ်သူဖြစ်နိုင်ခြေ ၃၃ ရာခိုင်နှုန်း ပိုမြင့်တက်လာပါမယ်။ ဟိုးအရင်တုန်းက ကိုယ်ဝန်တားဆေးတွေ မပေါ်ခင်တုန်းက သဘာဝက လိင်တူချစ်ခြင်းကို လူဦးရေထိန်းသိမ်းဖို့ တီထွင်ခဲ့တာဖြစ်နိုင်ပါတယ်။ ဆို့တော့ မိသားစုထဲမှာ လိင်ကွဲချစ်သူ ယောက်ျားလေး လေးယောက်လောက်ရှိလာတဲ့အခါ မိခင်ဝမ်းဗိုက်က လုံလောက်ပြီဆိုပြီး ၅ ယောက်မြောက် ကလေးကို လိင်တူချစ်သူဖြစ်သူဖြစ်မယ့် ဗီဇလက္ခဏာအမှတ်အသားကို ဖွင့်ပေးလိုက်တယ်။ အဲ့ဒီအခါ မိသားစုထဲမှာ လိင်တူချစ်သူ ယောက်ျားလေးတစ်ယောက်ထပ်မွေးလာတယ်။ ဒါ့ကြောင့် နောက်မျိုးဆက်ထဲမှာ ကလေးတွေအများကြီးထပ်မမွေးတော့ပဲ ကျွေးစရာလူတွေအများမဖြစ်တော့အောင် ထိန်းသိမ်းထားသလို ဖြစ်သွားမယ်။ ပြီးတော့ မိသားစုထဲမှာ ညီအကိုတွေ မိန်းမလုဖို့ တိုက်ခိုက်တဲ့ အဖြစ်မျိုးတွေ ရှောင်လို့ရမယ်။”

“နောက်ထပ် ဗီဇလက္ခဏာအမှတ်အသားတစ်ခုကတော့ အထီးကို စွဲမက်စေတဲ့ ဗီဇလက္ခဏာအမှတ်အသားလို့ခေါ်ပါတယ်။ သတ္တဝါတွေထဲမှာ အဲ့ဒီ ဗီဇလက္ခဏာအမှတ်အသားက အမတွေမှာ ပေါ်လာလို့ရှိရင် သူတို့က မိတ်ပိုလိုက်လေ့ရှိပြီး မျိုးပွားမှုကို ပိုမိုဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် အထီးကို စွဲမက်စေတဲ့ ဗီဇလက္ခဏာအမှတ်အသားက အထီးတွေမှာ ပေါ်လာခဲ့ရင်တော့ လိင်တူချစ်ခြင်းကို ဖြစ်စေနိုင်တဲ့ အလေ့အထပိုများလာစေပါတယ်။ ထို့ကြောင့်လူတွေမှာ ဒီဗီဇလက္ခဏာအမှတ်အသားကတော့ မိသားစုတွေမှာ လူဦးရေ အရေအတွက်အလွန်များမလာအောင် ပြုလုပ်ပေးနိုင်တဲ့ ဗီဇလက္ခဏာအမှတ်အသားဖြစ်ပြီး မိသားစုအတွင်း အတူတကွစည်းလုံးပေါင်းစည်းမှုကို ဖြစ်စေမယ့် အကျင့်စရိုက်တွေကို ထိုကလေးမှာပါလာအောင် သဘာဝက ဖန်တည်းထားတာဖြစ်ပါတယ်။ ဤသို့နှင့် မိသားစုကို ဆက်လက်ရှင်သန်ဖို့ အခွင့်အရေးကို ပိုများစေခြင်းပဲဖြစ်ပါတယ်။”

“ဒါပေမယ့် ကျနော့်သားက အကိုတွေမရှိဘူး။ သူက ပထမဆုံးကလေး။ ဘာလို့ လိင်တူချစ်သူဖြစ်နေရတာလဲ။ အကြောင်းကတော့ သူ့အမေက သူ့ကိုယ်ဝန်ရှိနေတုန်းမှာ လည်ပင်းကင်ဆာဖြစ်နေခဲ့ပါတယ်။ အဲ့ဒီချိန်တုန်းက တော်တော်စိတ်ညစ်ခဲ့ရတဲ့အချိန် ဖြစ်ခဲ့ပါတယ်။ ကံကောင်းထောက်မစွာ သူတို့နှစ်ယောက်လုံး အဲ့ဒီအခက်အခဲကို ကျော်ဖြတ်နိုင်ခဲ့ကြပြီး ဒီနေ့အထိ ကျန်းမာစွာနေထိုင်နေကြပါတယ်။ ဆိုတော့ မမွေးခင် ကိုယ်ဝန်ဆောင်စဥ် စိတ်ဖိစီးမှုရှိခြင်းက လိင်တူချစ်သူကလေးများကို မွေးဖို့ အလားအလာကို ဖြစ်စေပါတယ်တဲ့။ သုတေသနတစ်ခုမှာ လိင်တူချစ်သူ ၃၇ ရာခိုင်နှုန်းက သူတို့အမေတွေ ကိုယ်ဝန်ဆောင်စဥ်က စိတ်ဖိစီးမှုရှိခဲ့တယ်လို့ ပြောကြပါတယ်။ လိင်ကွဲချစ်သူတွေကတော့ ၃ ရာခိုင်နှုန်းကပဲ အဲ့လိုပြောပါတယ်။ ဒီအဖြစ်က ကျနော်ခုနက ပြောခဲ့တဲ့ ပုရွက်စိတ်ဘုရင်မကြီးရဲ့ ဥပမာလိုပဲ၊ မိခင်က သူရဲ့ကလေးရဲ့ ဗီဇလက္ခဏာအမှတ်အသား ကိုပြောင်းလဲပေးပြီး အနာဂတ်မှာ မိသားစုကို ကူညီနိုင်မယ့် ကလေးတစ်ယောက်ကို မွေးလာအောင် ပြင်ဆင်ပေးနေသလိုပါပဲ။ အဲ့ဒါက အမေကနေကလေးကို
“အမေတို့ ဒုက္ခရောက်ပြီး စိတ်ညစ်နေတယ်၊ မိသားစုကို ပျော်ရွင်အောင်လုပ်ပေးနိုင်မယ့် ကြင်နာတတ်တဲ့ကလေးတယောက်လိုတယ်” လို့ 
ပြောနေသလိုပါမယ်။ အနှစ်ချုပ်ပြောရရင် မိသားစုထဲမှာ ကလေးတွေသိပ်များနေရင် ဒါမှမဟုတ် မိသားစုက ခက်ခဲတဲ့ အချိန်အခြေအနေနဲ့ ကြုံနေရရင် သဘာဝက အလိုလျောက် လိင်တူချစ်သူ ဗီဇကို ဖွင့်ပေးလိုက်ကာ ၎င်းက ဦးနှောက်ဖွင့်ဖြိုးမှုကို ပြောင်းလဲပေးပြီး လိင်စိတ်စွဲမက်မှုကို ပြောင်းပေးရုံသာမက (emotional intelligence) စိတ်ခံစားမှုကို ထိန်းသိမ်းရာမှာ ဉာဏ်အလွန်ကောင်းအောင်ပါ ပြင်ဆင်ပေးလိုက်ပါတယ်။”

ဆက်လက်ပြီး ဆရာဝန်ကြီးက သူ့သားဟာ မိသားစုထဲမှာ ညီကိုမောင်နှမတွေက ဘယ်လိုစည်းလုံးအောင် ကူညီပေးကြောင်းကို ဆက်ပြောပြီးတော့ လိင်တူချစ်သူတွေကို ဖိနှိပ်ခြင်းက မိသားစုတွေကို ဘယ်လိုထိခိုက်နိုင်ကြောင်းဆက်ပြောပါတယ်။

“လိင်ကွဲချစ်သူတွေက အချစ်မေတ္တာရှိကြပြီး လိင်တူချစ်သူတွေက လိင်ဆက်ဆံချင်တာတစ်ခုပဲရှိတယ်လို့ လူတွေပြောကြတာ လုံးဝမမှန်ပါဘူး။ လူတိုင်းက အသည်းနှလုံးရှိကြပြီး အချစ်မေတ္တာကို လိုချင်ကြတာပါ။ အရာအားလုံးရဲ့အထက်မှာ အချစ်မေတ္တာက အရင်လာတာပါ။ 
ဝမ်းနည်းစရာကောင်းတာက ဒီနေ့အမေရိကန်နိုင်ငံမှာဆိုရင် လိင်တူချစ်သူ လူငယ်ဆယ်ကျော်သက်များဟာ အနိုင်ကျင့်တာနှစ်ဆပိုခံရပြီး အခြားလူငယ်များထက် ကိုယ့်ကိုယ်ကို သတ်သေချင်စိတ် ၅ဆပိုများပြီး လိင်တူချစ်သူလူငယ် ၂၉ ရာခိုင်နှုန်းဟာ ကိုယ့်ကိုယ်ကို သတ်သေဖို့ကြိုးစားခဲ့ကြပါတယ်။ အခြားနိုင်ငံမှာ လိင်တူချစ်သူတွေဟာ တရားမဝင်ဖြစ်ပြီး အချို့နိုင်ငံတွေမှာ လိင်တူချစ်ခြင်းဟာ သေဒါဏ်ချမှလို့ရပြီး ကျန်တဲ့နိုင်ငံတွေမှာ ထောင်ဒါဏ်ချမှတ်လို့ရပါတယ်။
ဘာလို့လဲဆိုတော့ သဘာဝကို ဆန့်ကျင်တယ်လို့ သတ်မှတ်နေကြလို့ပါပဲ။ ဒါပေမယ့် အဲ့ဒါကလုံးဝမဟုတ်တာပဲ။ သဘာဝဟာ လိင်တူချစ်ခြင်းကို လိုအပ်တဲ့နေရာမှာ လိုအပ်တဲ့ချိန်မှာ ဖန်ဆင်းပေးလိုက်ပြီး သူတို့တွေကို ထူးခြားတဲ့ အရည်အသွေး အကျင့်စရိုက်တွေကို ပေးပြီး သူ့တို့ပတ်ဝန်းကျင်က လူတွေ စည်ပင်ဝပျိုးအောင် ကူညီပေးဖို့ရောက်လာတာပါ။ တကယ်တော့ သဘာဝကိုဆန့်ကျင်ဆိုတာမှာ ဒီလူနည်းစုကို ဖိနှိပ်ဖျက်စီးခြင်းတဲ့ လုပ်ရက်ကမှ သဘာဝကို ဆန့်ကျင်တာပါ။ ဒီလူတွေကိုက မျက်စိလည်နေတဲ့လူတွေလည်းမဟုတ်ဘူး၊ ရောဂါရနေတာလည်းမဟုတ်ဘူး၊ သူတို့ကို ဆေးကုသပေးစရာလိုမလိုဘူး၊ လူ့အသိုင်းအဝိုင်းမှ ကြဉ်ဖယ်ပစ်ရမယ့်လူတွေလည်း မဟုတ်ပါဘူး။
သူတို့တွေဟာ ကျနော်တို့အသိုင်းအဝိုင်းအတွက် အဖိုးတန်တဲ့သူတွေဖြစ်တာကြောင့် သူတို့ကို လက်ခံပေးဖို့လိုမယ်။ သူတို့တွေက ကျနော်တို့ကို ပိုကောင်းအောင် ပြုလုပ်ပေးတဲ့ သူတွေဖြစ်ပါတယ်။ ကျနော့်မိသားစုကို ကျနော်ပြန်ကြည့်မိတဲ့အခါ သဘာဝက သူလူသားတွေဘာလိုတယ်ဆိုကို သိနေသလိုပဲ။ ကျနော့်မိသားစုမှ လိင်တူချစ်သူကလေးတစ်ယောက်ရဲ့ ကောင်းတဲ့ချက်တွေကို လိုနေတယ် ဆိုတာကို သိနေတယ်။ လိင်တူချစ်သူတွေနဲ့ ပက်သက်တဲ့ သိပ္ပံဟာ အများကြီး နားလည်ဖို့လိုနေပါသေးတယ်ဆိုတာကို ဝန်ခံပါတယ်။ ဒါပေမယ့် ကျနော့်သားကြောင့် ကျနော်အသေအခြာပြောနိုင်တာက ကျနော့်သားဟာ ဒီတိုင်းဖြစ်လာဖို့ သဘာဝက သတ်မှတ်ပေးထားပြီး သူရှိနေတဲ့အတွက်ကြောင့် ကျနော်တို့မိသားစုက အမြဲတမ်း ကြံ့ခိုင်ပြီး ပျော်ရွင်တဲ့ မိသားစု တစ်ခုဖြစ်နေပါတယ်။ ဒါဆိုရင်သင်တို့ကော်၊ လိင်တူချစ်သူတွေကို လိင်တူချင်းဆက်ဆံတာ တစ်ခုတည်းကို ပဲမကြည့်ပဲ အဲ့ဒါကိုဘေးဖယ်ထားပြီး သူတို့ဟာ တန်ဖိုးရှိပြီး လူ့အသိုင်းအဝိုင်းမှာအရေးပါတာကို သဘောပေါက်မလား။ လိင်တူချစ်သူ အမျိုးသားနဲ့ အမျိုးသမီးတွေဟာ လူသားအတွေအတွက် မရှိမဖြစ်အရေးပါပါတယ်။ ကျနော်တို့ လူသားတွေဟာလည်း ပုရွက်ဆိတ်တွေလိုပါပဲ။ ကျနော်တို့ရဲ့ ထွေပြားစုံလင်မှုထဲမှာ ကျနော်တို့ရဲ စုပေါင်းတဲ့ အင်းအားကို ရရှိပြီး အတူအကွ ပေါင်းစည်းမှ ကြံခိုင်ရှင်သန်နိုင်ကြပါတယ်။”

ထိုဆရာဝန်ကြီးမှ တင်ဆက်မှု အပြည့်အစုံကို အောက်မှာ အင်္ဂလိပ်လို ကြည့်နိုင်ပါတယ်။

0 comments

မြန်မာနိုင်ငံမှာ လိင်တူချစ်သူများအနေနှင့်လည်း အမျိုးသမီးတူညီမျှရေးအတွက် ဘာကြောင့် အတူတူတိုက်ပွဲဝင်ပေးသင့်သလဲ


ဒီကနေ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွင် မည်သည်ကြောင့် လိင်တူချစ်သူများ နှင့် ကျားမပြောင်းသူများကို အမြင်စောင်း၊ နှိမ့်ချ၊ ရွံမုန်း၊ အထင်သေး၊ လှောင်ပြောင်လိုသည့် စိတ်ဓာတ်များအရင်းစွဲတည်ရှိနေရပါသလဲ။ လိင်တူချစ်သူများ နှင့် ကျားမပြောင်းသူများကို ခြုံငုံ၍ နှိမ့်ချခေါ်လေ့ရှိသည့် "အခြောက်"ဟူသော နာမည်နောက်ရှိ မည်ကဲ့သို့သော အယူအဆများက ကျွန်တော်တို့၏ အတွေးအေခါ်ကို လွှမ်းမိုးပုံသွင်းနေပါသလဲ။

လူ့အဖွဲ့အစည်းအတော်အများသည် ယောက်ျားမိန်းမကို တန်ဖိုးခွဲတတ်ကြလေ့ရှိပါသည်။ ရှေးရိုးစဉ်လာအရ အမျိုးသမီးများကို ယောက်ျားများနှင့်ယှဥ်လျှင် ဒုတိယအဆင့်တွင် ရှိကြသည်ဟု ရှုမြင်လေ့ရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် လူအများ ရှေးရိုးစွဲ အပြောတစ်ခုရှိပါသည်။ ၎င်းမှာ "ယောက်ျားစစ်ရင် ရဲရင့်တယ်၊ ယောက်ျားဘသား" စသဖြင့် အယူအဆ ဝိသေသတစ်ခုဖြစ်သည်။ သို့သော် ယောက်ျားစစ်သည် မစစ်ဘူးဆိုသည်အား မည်ကဲ့သို့ သတ်မှတ်၍ရနိုင်ပါသလဲ။ ယောက်ျား-မိန်းမ ဆိုသည်မှာ လူ့ပတ်ဝန်းကျင် နှင့် ယဉ်ကျေးမှုက သတ်မှတ်ထားသည့် အရာများဖြစ်ပါသည်။ ယဉ်ကျေးမှုတစ်ခုနှင့်တစ်ခုလည်း မတူကြပါ။

ယောက်ျားအချင်းချင်း မေတ္တာသက်ဝင်ကြလျှင် သူတို့ထဲမှ တစ်ဦး (သို့မဟုတ်) နှစ်ဦးစလုံးဟာ ယောက်ျားအဖြစ်မှ နှိမ့်ကျပြီး မိန်းမစိတ်ဝင်သည် သို့မဟုတ် မိန်းမအဖြစ်သို့ ရောက်ရှိသွားပြီး နှိမ့်ကျသူအဖြစ် အမြင်ခံရသည့်ပုံစံ ဖြစ်သွားတတ်သည်။ လိင်ကွဲချစ်သူများ (Straight) ဖြစ်သည်ဆိုသည်မှာ ပုံမှန်ဆိုလျှင် ဆန့်ကျင်လိင်ကို စိတ်ဝင်စားခြင်းကို ဆိုလိုပါသည်။ လိင်တူချစ်သူ (ဂေး) ဖြစ်သည်ဆိုသည်မှာ ပုံမှန်ဆိုလျှင် လိင်တူကို စိတ်ဝင်စားခြင်းကို ဆိုလိုပါသည်။ ပင်ကိုယ်စိတ်နှင့် ပြုမူနေထိုင်ပုံနှင့် မည်သို့မျှ မသက်ဆိုင်ပါ။

သို့သော် မိန်းမစိတ်ဆိုသည်မှာလည်း မည်သည့်အဓိပ္ပာယ်ကို ဆိုလိုသည်တွင်လည်း မူတည်ပါသည်။ ကျွန်တော်တို့ မြန်မာ့လူ့အသိုင်းအဝိုင်းတွင် အရည်အချင်းတစ်ခုကို ယောက်ျားနှင့်သာ သို့မဟုတ် မိန်းမနှင့်သာ ဆိုင်သည်ဟု သတ်မှတ်ထားတတ်လေ့ရှိပါသည်။ လူတစ်ယောက်နှင့် တစ်ယောက်မတူနိုင်ပါ။ ထို့ကြောင့် ဥပမာ ကြောက်တတ်သည့် စိတ် (သို့) စိတ်နုကိုယ်နုခြင်းသည် မိန်းမအရည်အချင်းဟု ပြော၍မရပါ။ ယောက်ျားများအထဲမှ စိတ်ကြံ့ခိုင်သူရှိနိုင်သလို စိတ်နုသည့်သူများလည်း ရှိနိုင်ပါတယ်။ ထို့အတူ မိန်းမများထဲမှာလည်း စိတ်ကြံ့ခိုင်သူအများကြီးရှိသည်။ ၎င်းတို့ဟာ ပင်ကိုယ်အနေအထားနှင့် ကြီးပြင်းရတဲ့ ပတ်ဝန်းကျင်နှင့်သာ ဆိုင်ပါသည်။ ယောက်ျားမိန်းမဖြစ်ခြင်းနှင့် ဒွန်တွဲသတ်မှတ်၍ မရနိုင်ပါ။  စိတ်နေသဘောထားဆိုတာ ယောက်ျား-မိန်းမနှင့် မဆိုင်သလို ကြောက်တတ်သည့်စိတ်ကိုလည်း ညံ့သည်ဟုပြောလျှင် မှားပါသည်။ ဤအချက်တချက်ကို ခွဲခြားထားရမယ်။ ထို့ကြောင့် အမြဲတမ်း ထိုအရည်အသွေးအများကြောင့် ယောက်ျာစိတ်ဝင်ခြင်း မိန်းမစိတ်ဝင်ခြင်းဖြစ်ကာ လိင်တူချစ်ခြင်းဖြစ်ရသည်ဟု ပုံသေသတ်မှတ်၍ မရပါ။ 

ဒုတိယအချက်မှာ ကျွန်ုပ်တို့ မြန်မာအတွေးအခေါ်တွင် အဆင့်အတန်း အလွန်ခွဲခြားတတ်သည်။ လူတစ်နဲ့တစ်ဦး မည်သူက ပိုသာသည်ကို အမြဲတစေ မသိစိတ်က အဆင့်သတ်မှတ်နေတတ်သည်။ မြန်မာနိုင်ငံအပါအဝင် မတိုးတက်သေးသော လူ့အဖွဲ့အစည်းအများအပြားသည် အမျိုးသမီးများ၏ တန်ဖိုးကို နှိမ့်ချလေ့ရှိကြသည်။ သို့သော် အမှန်တော့ လူသားတိုင်း အတူတူသာ မွေးဖွားလာသည်ဆိုသော အချက်ကို မြင်ရမည်။ လိင်တူချစ်သူများအပါအဝင် မြန်မာနိုင်ငံရှိလူအတော်အများ၏ စိတ်ထဲတွင် ယောက်ျား၊ မိန်းမ၊ ဂေး၊ straight စသည်တို့ကို အဆင့်များ ခွဲခြားထားတတ်ကြသည်။ မိန်းမသည် ယောက်ျားထက် ပိုနိမ့်ကျသည်ဟု ထင်နေတတ်သည်။ ဂေးဆိုတာ straight ထက်ပိုနိမ့်ကျသည်ဟု ထင်နေတတ်သည်။ ထိုအမြင်မှားကို အရင်ဖြေရှင်းဖို့လိုအပ်မည်။ အမှန်တကယ်တွင် ဤကဲ့သို့မဟုတ်ပါ။ မည်သူကမှ မည်သူထက် မနိမ့်ကျသလို မည်သူကမှ ပိုမြင့်မြတ်တယ်ဆိုသည်မျိုးလည်း မရှိပါ။ အားလုံးသည် တန်းတူဖြစ်ပါသည်။ ထို့အပြင် မကောင်းသည့်အကျင့်များသည် မိန်းမအရည်အချင်းဖြစ်သည်ဟု မြင်၍လည်းမရပါ။ ယောက်ျားကော မိန်းမမှာပါ ကောင်းသည့်အရည်အချင်းကော မကောင်းသည့်အရည်အချင်းပါ ရှိနိုင်တယ်။ ထို့ကြောင့် သပ်သပ်စီ ခွဲမြင်ရပါမည်။ လူတစ်ယောက်ယောက်ကို သူလုပ်သည့် အလုပ်နှင့် အကျင့်ကိုသာ ကြည့်ပြီး၍သာ ကောင်းသည် မကောင်းသည်ကို သတ်မှတ်နိုင်ပါသည်။ နှိမ့်ကျခြင်းသည် စာရိတ္တနှင့်သာ ဆိုင်ပါသည်။ ဗုဒ္ဓဘာသာအမြင်ရှုထောင့်မှ ကြည့်မည်ဆိုပါကလည်း ကျားမ၊ ဂေး၊ straight မည်သူမှ မနှိမ့်ကျပါ။ သူယောက်ျားဖြစ်၍ မိန်းမဖြစ်၍ ဟူ၍နှင့်လည်း မဆိုင်ပါ။ မည်သူ့ကို စွဲလမ်းတယ်ဆိုသည်နှင့်လည်း မဆိုင်ပါ။

ယောက်ျားတစ်ယောက်ကို စွဲလမ်းခြင်း သို့မဟုတ် မိန်းမတစ်ယောက်ကို စွဲလမ်းခြင်း သို့မဟုတ် ကျားမနှစ်မျိုးစလုံးကိုတပြိုင်နက်စွဲလမ်းခြင်းသည် ယောက်ျားစိတ်ရှိခြင်း မိန်းမစိတ်ရှိခြင်းကို မဆိုလိုပါ။
လူတစ်ယောက်သည် ယောက်ျားတစ်ယောက်၊ (သို့) မိန်းမတစ်ယောက်၊ (သို့) နှစ်ယောက်စလုံးကို စွဲလမ်းနိုင်ပါတယ်။ ယောက်ျားကိုစွဲလမ်းခြင်းသည် မိန်းမစိတ်မဟုတ်သလို၊ မိန်းမကို စွဲလမ်းခြင်းသည်လည်း ယောက်ျားစိတ် မဟုတ်ပါ။ ၎င်းကို မည်သို့မှ အဓိပ္ပါယ်ကောက်၍မရပါ၊ မိန်းမစိတ်၊ ယောက်ျားစိတ်ဆိုသည်မှာ လွဲမှားပြီး ကျဉ်းမြောင်းစွာ သတ်မှတ်ထားသည့် အတွေးအခေါ် နှင့် အခေါ်အဝေါ်များသာ ဖြစ်ပါသည်။ ထိုမှတစ်ဆင့် နိမ့်ချလိုသော စိတ်များဖြစ်ပေါ်စေပါသည်။
ထို့ကြောင့် မြန်မာလူအများ၏ မသိစိတ်ထဲတွင် (လိင်တူချစ်သူများ၏ စိတ်ထဲတွင်အပါအဝင်) အခြားပတ်ဝန်းကျင်ရှိလူများကို ကျားမ၊ ဂေး စသည်တို့ကို အခြေခံကာ နှိမ်လိုစိတ်များသည် ကိန်းအောင်းနေပြီး လူတစ်ဦးကို အလျှင်စလို တန်ဖိုးဖြတ်တတ်ကြပါသည်။ ထိုနှိမ်စိတ်မှတဆင့် ပိုဆိုးလာသည့်အခါ ကြောက်စိတ်အဖြစ် ပြောင်းလဲသွားပါတယ်။ ထို့နောက် ကြောက်စိတ်ကနေတဆင့် မုန်းတီးစိတ်ကို ပြောင်းလဲသွားပါသည်။ လိင်တူချစ်သူများ ကိုယ်၌ပင်တွင်လည်း မည်သူက ပိုမြင့်မြတ်သည် မည်သူက နှိမ့်ကျသည်ဟူသော အမြင်မှားများကြောင့် ထိုနိမ့်ကျသည်ဟု ထင်ထားသည့်ဘက်သို့ ကျဆင်းသွားမည်ကို ကြောက်စိတ် ဖြစ်နေခြင်းသာ ဖြစ်သည်။

တနည်းဆိုရသော် လိင်တူချစ်သူများကိုယ်၌က မိမိကိုယ်ကိုယ် မိန်းမစိတ်ဝင်နေသည်၊ မိန်းမစိတ်ဆိုသည်မှာမကောင်း၊ မိန်းမသည်နိမ့်ကျသည်ဟူသော နှိမ်စိတ်ကနေ ကြောက်ရွှံ့ခြင်းဖြစ်လာကာ ထိုမှတဆင့် မိမိကိုယ်ကိုယ် ယုံကြည်မှုကျဆင်း (သို့) မုန်းတီးမှုများ ဖြစ်လာနိုင်ပါသည်။ မိမိကိုယ်ကို မုန်းတီးရာမှ အခြားသူများကိုပါအလားတူ မုန်းတီးစိတ်ဝင်လာပါသည်။

ထို့အပြင် အထူးသဖြင့် ယောက်ျားချင်းချစ်သူ အချင်းချင်းအကြားမှာပင် လိင်ဆက်ဆံရာတွင် (top နဲ့ bottom) ပေးသူနဲ့ လက်ခံသူဆိုပြီး ခွဲခြားလေ့ရှိရာမှ လက်ခံသူကို နှိမ့်ချမြင်ကြပြီး မိန်းမနှင့်နှိုင်းကာ မိန်းမအဆင့်ရှိသူ၊ အဆင့်နိမ့်သူအဖြစ် မြင်ကြတတ်ပါသည်။ ဒီနေရာမှ လက်ခံသူက မိန်းမအလုပ်၊ မိန်းမသာသာရှိသည်ဟူသော အမြင်ကို မြင်နေခြင်းသည် မြန်မာ့ လူ့အသိုင်းအဝန်း၏ မသိစိတ်မှ အမျိုးသမီးများကို အဆင့်နိမ့်သည်ဟု တွေးဆချက်ကနေ အခြေတည်နေပါတယ်။ ထို့ကြောင့် အခြားယောက်ျားတစ်ဦးကို ချစ်ရခြင်းဟာ သို့မဟုတ် ယောက်ျားချင်းချစ်ရခြင်းဟာ မိန်းမဖြစ်နေသောကြောင့်ဟုဆိုကာ လိင်တူချစ်သူများကို နှိမ့်ချလိုကြပါသည်။ ထိုနှိမ့်ချလိုစိတ်မှာ မြန်မာလူ့အသိုင်းရှိ လူများစု လိင်ကွဲချစ်သူများတွင် ရှိနေသလို လူနည်းစု လိင်တူချစ်သူများတွင်လည်း အလားတူပင်ရှိနေသည်။

ထို့ကြောင့် လူ့အဖွဲ့အစည်းတွင် လိင်တူချစ်သူများ၊ အထူးအဖြင့် ကျားမပြောင်းသူများအား တန်းတူဆက်ဆံမှု နှင့် လူ့ဂုဏ်သိက္ခာလေးစားမှကိုရရှိရန် ပထမဆုံးအနေနှင့်  လိင်တူချစ်သူ အသိုင်းအဝိုင်းထဲမှပင်စ၍ အမျိုးသမီးများအပေါ်ထားသော အမြင်မှားများကို အရင်ပြင်ရပါမည်။ သို့မှသာ ကိုယ့်ကိုယ်ကိုအနေနှင့် လူတိုင်းကို တန်းတူဟု မြင်နိုင်သည့်အခါ မိမိကိုယ်၌လည်းတန်းတူ ဖြစ်သွားပါမည်။ ပြီးမှ ကျွန်တော်တို့ဟာ အမျိုးသမီးများ တန်းတူဆက်ဆံမှု ရရှိနိုင်ရေးအတွက် အတူတူတိုက်ပွဲဝင်ကာ လူသားအားလုံး ဂုဏ်သိက္ခာဖြင့် တန်းတူနေထိုင်နိုင်သော ကမ္ဘာကြီးကို အတူတကွ တည်ဆောက်သွားကြရပါမည်။
0 comments

မြန်မာ့ လူအသိုင်းအဝန်းနှင့် လိင်တူချစ်သူ အပေါ်အတွေးအမြင်များ (၄)

ဤ ဆောင်းပါးစုစဉ်းမှုသည် မြန်မာနိုင်ငံရှိ လိင်တူချစ်သူ LGBT အသိုင်းအဝိုင်း အတွက် အကျိုးရှိစေမည့် ပြည်သူများ၏ အတွေးအမြင်များကို စုစဉ်း တင်ပြခြင်းဖြစ်ပါသည်။

ရေးသားပေးပို့ရန် စိတ်ဝင်စားပါ heinhtutsoe@gmail.com သို့ရေးသားနိုင်ပါသည်။ အကယ်၍ သင်သည် မူရင်းရေးသားသူဖြစ်ပြီး ကူးယူဖော်ပြမှုကို မနှစ်သက်ပါကလည်း ပယ်ဖျက်ပေးရန် ဆက်သွယ်နိုင်ပါသည်။  

ယခု အမြင်ကတော့ Equality Myanmar ဒါရိုက်တာ အောင်မျိုးမင်း၏ Facebook wall ပေါ်မှ ၎င်း၏ အတွေးအမြင်ကို တိုက်ရိုက် ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။  
LGBT တွေ အပေါ် သဘာဝလွန်အမူအယာတွေနဲ့ ဟာသလုပ်စရာ၊ စော်ကားစရာ၊ လှောင်ပြောင်စရာ၊ အမြင်ကပ်စရာ အသားပေးရိုက်နေတဲ့ ရုပ်ရှင်တွေအကြောင်း သမီး Shin Thant က တင်ပြသွားတဲ့ရက်မှာပဲ ရုပ်ရှင်လောကသားတွေနဲ့ ဒီအကြောင်းတွေ ပြောဖြစ်ခဲ့ပါတယ်...

၂၀၁၇ နှစ်ထဲ ရုံတင်မဲ့ကားတွေထဲမှာ ဒီလိုပုံစံမျိုးနဲ့ ကားတွေ အများကြီးပါနေဆဲပါတဲ့.. အောက်လုံးတွေနဲ့ ပြောဆိုခိုင်း၊ သရုပ်ဆောင်ခိုင်းတာတွေက တပုံတပင်ပါဘဲ.. တချို့ဒါရိုက်တာဆိုရင် ရိုက်သမျှကားတိုင်းမှာ ဒီလိုဇာတ်ကောင်မျိုးတွေကို မပါပါအောင် ထည့်ရိုက်နေပါတယ်...

ဒီလူတွေကလဲ လူ့လောကဇာတ်ခုံမှာ ပါ၀င်နေတဲ့အတွက် သူတို့အကြောင်းတွေကလဲ ဇာတ်လမ်းတွေပါပဲ... ဒါကိုလက်ခံပါတယ်... ဒါပေမဲ့ တခါလာလဲ ဒီလို မထော်မနမ်းတွေ ၀တ်ပြ၊ သဘာဝလွန် အမူအယာတွေ လုပ်ပြ၊ အောက်ပိုင်း ဟာသတွေပဲ ပြောပြနေတာကတော့ လွန်လွန်းလာပါပြီ... ဒီလိုမျိုးရိုက်ပြတာတွေဟာ LGBT တွေအထင်အမြင်လွဲပြီး ဟာသလုပ်စရာ၊ စော်ကားစရာ၊ လှောင်ပြောင်စရာ၊ အမြင်ကပ်စရာ၊ အကြမ်းဖက်စရာဆိုတဲ့ ပုံစံခွက်ကို ဖန်တီးပေးရာရောက်နေပါတယ်...

သူတို့ဟာ ပျော်တတ်ပါတယ်... ဒါပေမဲ့ အမြဲတမ်း ဟာသလုပ် ပြောင်လှောင်စရာမဟုတ်ပါဘူး... သူတို့ဟာ အလှကြိုက်တတ်ပါတယ်... ဒါပေမဲ့ အမြဲတမ်း လူတွေမျက်မုန်းကျိုးလောက်တဲ့ ၀တ်စားဆင်ယင်မှုတွေနဲ့ မနေပါဘူး...
သူတို့ဟာ စကားအဆန်းတွေ ထွင်တတ်ပါတယ်... ဒါပေမဲ့ အမြဲတမ်း ညစ်ညမ်းတဲ့စကားတွေဘဲ ထွင်နေတာမဟုတ်ပါဘူး...
သူတို့ဟာ ချစ်တတ်ပါတယ်... ဒါပေမဲ့ အမြဲတမ်း လိင်ကိစ္စဘဲ စဉ်းစား၊ ကြံစည်၊ လုပ်ဆောင်နေတာမဟုတ်ပါဘူး...

သူတို့အပေါ် အထင်အမြင်လွဲမှားပြီး အထင်သေးစရာ ပုံစံခွက်တင်ဆက်နေမှုတွေနဲ့ ပတ်သက်လို့ ကျနော်တခုခုကို ထိထိရောက်ရောက် လုပ်ဆောင်ပါ့မယ်... ၀ိုင်းဝန်းအားပေးကြပါ...
0 comments

မြန်မာ့ လူအသိုင်းအဝန်းနှင့် လိင်တူချစ်သူ အပေါ်အတွေးအမြင်များ (၃)

ဤ ဆောင်းပါးစုစဉ်းမှုသည် မြန်မာနိုင်ငံရှိ လိင်တူချစ်သူ LGBT အသိုင်းအဝိုင်း အတွက် အကျိုးရှိစေမည့် ပြည်သူများ၏ အတွေးအမြင်များကို စုစဉ်း တင်ပြခြင်းဖြစ်ပါသည်။


ယခု အမြင်ကတော့ လင်းလက်ကြယ်စင်က မေးမြန်းထားတဲ့ မြန်မာ့လူ့အသိုင်းအဝိုင်းက အမျိုးသမီးချင်းချစ်သူများအပေါ်ထားတဲ့ အထင်အမြင်များကို တင်ဆက်ထားတဲ့ podcast ကိုဝေမျှပေးချင်ပါတယ်။

0 comments

မြန်မာ့ လူအသိုင်းအဝန်းနှင့် လိင်တူချစ်သူ အပေါ်အတွေးအမြင်များ (၂)

ဤ ဆောင်းပါးစုစဉ်းမှုသည် မြန်မာနိုင်ငံရှိ လိင်တူချစ်သူ LGBT အသိုင်းအဝိုင်း အတွက် အကျိုးရှိစေမည့် ပြည်သူများ၏ အတွေးအမြင်များကို စုစဉ်း တင်ပြခြင်းဖြစ်ပါသည်။ 

ရေးသားပေးပို့ရန် စိတ်ဝင်စားပါ heinhtutsoe@gmail.com သို့ရေးသားနိုင်ပါသည်။ အကယ်၍ သင်သည် မူရင်းရေးသားသူဖြစ်ပြီး ကူးယူဖော်ပြမှုကို မနှစ်သက်ပါကလည်း ပယ်ဖျက်ပေးရန် ဆက်သွယ်နိုင်ပါသည်။


ယခု အမြင်ကတော့ Facebook အသုံးပြုသူတစ်ဦးမှ ဝေမျှထားသော အတွေးအမြင်ကို တိုက်ရိုက် ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။ (မူရင်းရေးသားသူကို မရှာဖွေနိုင်တော့သဖြင့် အသိအမှတ်မပြုပေးနိုင်သည်ကို တောင်းပန်ပါသည်။ မူရင်းရေးသားသူကို အထူး အသိအမှတ်ပြုပါသည်။)
မနက်က ဆွမ်းခံအိမ်က ဟင်းမကျက်တကျက် ဖြစ်နေတာကြောင့် ငါးမိနစ်လောက် စောင့်ပေးပါဘုရားဆိုလို့ စောင့်နေတုန်းမှာ ဘေးအိမ်က ဖခင်ဖြစ်သူက ၁၆/၁၇အရွယ်လောက်ရှိဦးမယ့် သားဖြစ်သူကို သားရေခါးပတ်နဲ့ ပယ်ပယ်နယ်နယ် ဆော်နေတာကို မြင်လိုက်ရပါတယ်။ ကလေးကလည်း ထွက်မပြေးပါဘူး ပေခံနေပါတယ်။ နောက်မအေလုပ်သူက သားဖြစ်သူကို သူ့ကိုယ်နဲ့ ဝင်ကွယ်ပေးတော့မှပဲ ဖအေလုပ်သူက ရိုက်တာကို ရပ်လိုက်ပါတယ်။ စိတ်မကောင်းစရာပါပဲ။ ကိုယ်စိတ်ဝင်စားတာကို ရိပ်မိလို့ထင်ပါတယ် ဆွမ်းခံအိမ်က ဒကာမကြီးက ဆွမ်းလောင်းရင်းနဲ့ "ကလေးက ခပ်ခြောက်ခြောက်လေး ဖြစ်နေလို့ ဖအေလုပ်သူက ရိုက်တာဘုရား။ တပည့်တော်တို့လည်း အိမ်ချင်းကကပ်နေတော့ စိတ်မချမ်းသာဘူး" လို့ လျှောက်ပါတယ်။ အကြောင်းစုံသိရတော့ ကိုယ်လဲ စိတ်မကောင်းဖြစ်မိပါတယ်။ တကယ်တော့ ဒီပြဿနာက ရိုက်ရုံနဲ့ ဖြေရှင်းလို့ရတဲ့ ပြဿနာလည်း မဟုတ်ပါဘူး။ "ယောက်ျားချင်းချစ်ကြိုက်တဲ့သူ မိန်းမချင်းချစ်ကြိုက်တဲ့သူတွေဟာ ကမ္ဘာဦးကာလ လူ့အသက်တမ်းငါးရာရှည် စဉ်တုန်းက စတင်ပေါ်ပေါက်ခဲ့တယ်" လို့ ဘုရားရှင်က ပါထိကဝဂ္ဂပါဠိတော် အဂ္ဂညသုတ်မှာ ဟောကြားခဲ့ပါတယ်။ ကမ္ဘာဦးကတည်းက ရှိလာခဲ့တဲ့အရာကို အခုချိန်ထိ လက်မခံနိုင်သေးတာဟာ လူအတ္တကြောင့် ဖြစ်တယ်လို့ ထင်မြင်မိပါတယ်။ လက်ခံချင်သည်ဖြစ်စေ လက်မခံချင်သည်ဖြစ်စေ တချို့သောအရာက မဖြစ်မနေကို လက်ခံပေးရမှာပါ။ ဒီလိုမှမဟုတ်ရင် ငြိမ်းချမ်းနိုင်မှာ မဟုတ်ပါဘူး။
ကာမေသုမိစ္ဆာရကံ အားကြီးသောသူ၌ ၁) မလိုမုန်းထားသူ ပေါများခြင်း၊ ၂) မုန်းရုံမက ရန်သူလည်းများခြင်း၊ ၃) လာဘ်ပစ္စည်းများ ရှားပါးတိတ်ဆိတ်ခြင်း။ ၄) ချမ်းသာမှကင်းဆိတ်ခြင်း၊ ၅) မိန်းမဖြစ်ရခြင်း၊ ၆) မိန်းမမဟုတ် ယောက်ျားမဟုတ် ပဏ္ဍုတ်ဖြစ်ရခြင်း၊ ၈) ယောကျာ်းဖြစ်လျှင်လည်း အမျိုးယုတ်၌ ဖြစ်ရခြင်း၊ ၉) မျက်နှာပျက်၍ အရှက်ကွဲရတတ်ခြင်း၊ ၁၀) အင်္ဂါလက္ခဏာ ဣန္ဒြေတို့ ယွင်းသွေချို့သေးသိမ်ခြင်း၊ ၁၁) စိုးရိမ်ကြောင့်ကြ အားကြီးရခြင်း၊ ၁၂) ချစ်သူနှင့် ကွေကွင်းရခြင်း ဆိုတဲ့ ဆိုးကျိုးတွေကို ကာမေသုမိစ္ဆာစာရကံ ကျူးလွန်သူများဟာ ၀ဋ်အနေနဲ့ ခံစားရတယ်လို့ ရှင်တော်မြတ်ဘုရားက ဟောကြားတော်မူခဲ့တယ်။ ဒီဟောကြားချက်ကြောင့် မိန်းမဖြစ်သူတိုင်း Gayဖြစ်နေသူတိုင်းဟာ ကာမေသုမိစ္ဆာရကံ ကျူးလွန်ခဲ့သူတွေ ဖြစ်တယ်လို့ တစ်ထစ်ချထင်မှတ်နေကြကာ ယုတ်ညံ့သူများအဖြစ် သတ်မှတ်ထားကြပါတယ်။ တကယ်တော့ ဘုရားရှင်က ကာမေသုမိစ္ဆာစာရကံ ကျူးလွန်ကြများ ဒီအကျိုးဆက်တွေကို ၀ဋ်အနေနဲ့ ခံစားရတတ်တယ်လို့သာ ဟောကြားလိုရင်း ဖြစ်ပါတယ်။ မိန်းမဖြစ်နေသူတိုင်း Gayဖြစ်နေသူတိုင်းဟာ ကာမေသုမိစ္ဆာစာရကံကြောင့်သာ ဖြစ်နေကြရတယ်လို့ ဟောကြားလိုရင်း မဟုတ်ပါဘူး။ အကြင်မိန်းမသည် မိမိ၏ မိန်းမဣန္ဒြေ၊ မိန်းမအမူအရာ၊ မိန်းမအသွင်အပြင်၊ မိန်းမမာန်၊ မိန်းမဆန္ဒ၊ မိန်းမအသံ၊ မိန်းမအဝတ်တန်ဆာတို့ကို နှလုံးသွင်း၏။ ထိုမိန်းမဣန္ဒြေစသည်တို့၌ တပ်မက်မွေ့လျော်၏။ ယောက်ျား၏ ယောက်ျားဣန္ဒြေတို့၌လည်း တပ်မက်မွေ့လျော်၏။ ယောက်ျားနှင့် ပေါင်းဖော်ရန်အလိုရှိ၏။ ထိုမိန်းမသည် မိန်းမအဖြစ်(မိန်းမဘဝ)ကို မလွန်မြောက်သေး။ အကြင်မိန်းမသည်ကား မိမိ၏ မိန်းမဣန္ဒြေစသည်တို့ကို နှလုံးမသွင်း၊ မိန်းမဣန္ဒြေစသည်တို့၌ တပ်မက်မွေ့လျော်ခြင်းမရှိ၊ ယောက်ျား၏ ယောက်ျားဣန္ဒြေစသည်တို့ကိုလည်း နှလုံးမသွင်း တပ်မက်နှစ်သက်ခြင်း မရှိ၊ ယောက်ျားနှင့်ပေါင်းဖော်ရန်လည်း အလိုမရှိ၊ ထိုမိန်းမသည်ကား မိန်းမအဖြစ်ကို လွန်မြောက်၏။ (မိန်းမဘဝမှ ယောက်ျားဘဝသို့ ပြန်လည်ရရှိ၏) အကြင်ယောက်ျားသည် မိမိ၏ ယောက်ျားဣန္ဒြေ၊ ယောက်ျားအမူအရာ စသည်တို့ကို နှလုံးသွင်း၏။ ထိုယောက်ျားဣန္ဒြေ စသည်တို့၌ တပ်မက်မွေ့လျော်၏။ ထိုမိန်းမဣန္ဒြေစသည်တို့ကိုလည်း တပ်မက်မွေ့လျော်၏။ မိန်းမနှင့်ပေါင်းဖော်ရန်လည်း အလိုရှိ၏။ ထိုယောက်ျားသည် ယောက်ျားအဖြစ်ကို မလွန်မြောက်ချေ။ အကြင်ယောက်ျားသည် မိမိ၏ ယောက်ျားဣန္ဒြေ စသည်တို့ကို နှလုံးမသွင်း၊ အကြင်ယောက်ျားသည် မိမိ၏ ယောက်ျားဣန္ဒြေ စသည်တို့၌ တပ်မက်မွေ့လျော်ခြင်းမရှိ။ ထိုမိန်းမဣန္ဒြေ စသည်တို့ကိုလည်း နှလုံးမသွင်း၊ ထိုမိန်းမဣန္ဒြေ စသည်တို့၌လည်း တက်မက်မွေ့လျော်ခြင်းမရှိ။ မိန်းမနှင့် ပေါင်းဖော်ရန်လည်း အလိုမရှိ။ ထိုယောက်ျားသည်ကား ယောကျာ်းအဖြစ်ကို လွန်မြောက်၏ လို့ အင်္ဂုတ္ထိုရ်ပါဠိတော် သံယောဂသုတ်တော်မှာ ဟောကြားတော်မူခဲ့ပါတယ်။ (နောင်ဘဝ ယောက်ျားမဖြစ်တော့ပဲ သူ့နှစ်သက်ရာ မိန်းမ Gayစသည်ဖြစ်သွား၏-ဟူလို) ဒီဟောကြားချက်နှစ်ခုကို နှိုင်းယှဉ်သုံးသပ်ကြည့်လိုက်ရင် မိန်းမတိုင်းဟာ Gayတိုင်းဟာ ကာမေသုကံကြောင့် ဖြစ်နေရတာ မဟုတ်ဘူး။ အချို့က ကာမေသုကံကြောင့်၊ အချို့က မိန်းမဖြစ်ရတာ (သို့) Gayဖြစ်ရတာကို ကြိုက်နှစ်သက်တပ်မက်တဲ့ စိတ်ဆန္ဒကြောင့်၊ မိန်းမဖြစ်နေရတယ် Gayဖြစ်နေရတယ်ဆိုတာ ထင်ရှားပါတယ်။ ယသော်ဓရာဟာ လေးအသချေင်္နဲ့ ကမ္ဘာတစ်သိန်းကာလပတ်လုံး မိန်းမချည်းပဲဖြစ်ခဲ့ရတာ ကာမေသုမိစ္ဆာစာရကံကြောင့် မဟုတ်ပါဘူး။ ဘုရားအလောင်းကို ချစ်တဲ့ အချစ်စိတ်ကြောင့် မိန်းမဖြစ်ရတာပါ။ ဘုရားအလောင်းတော်ဟာ လေးအသေချင်္နဲ့ ကမ္ဘာတစ်သိန်းကာလပတ်လုံး ယောက်ျားပဲဖြစ်တော့မှာပါ။ ဒီတော့ ဘုရားအလောင်းတော်ကို ချစ်မိသွားပြီး ဘဝဆက်တိုင်း ဘုရားအလောင်းတော်နဲ့အတူ လက်တွဲနေထိုင်လိုတဲ့ ယသော်ဓရာအဖို့ မိန်းမဘဝတစ်ပါး ရွေးချယ်စရာနည်းလမ်းမရှိတော့ပါဘူး။ Gayတွေလည်း ဒီသဘောတရားအတိုင်းပဲ ဖြစ်နိုင်ပါတယ်။ မယ်တော်မာယာ၊ မိထွေးတော်ဂေါတမီ၊ ယသော်ဓရာ၊ ခေမာထေရီ၊ ဥပ္ပလဝဏ်ထေရီ၊ ဓမ္မဒိန္နာထေရီ၊ ၀ိသာခါ စတဲ့ အကျော်အမော် ပညာရှိသူတော်ကောင်း အမျိုးသမီးကြီးများဟာ ယောက်ျားဖြစ်ခဲ့တယ်လို့ ကျမ်းဂန်များ မတွေ့ရှိရပါဘူး။ သူတို့လို ပညာရှိသူတော်ကောင်း အမျိုးသမီးကြီးတွေ မိန်းမဘဝချည်းပဲ ဖြစ်နေကြတာ ကာမေသုကံကြောင့် မိန်းမဖြစ်နေကြရတာမဟုတ်ပဲ မိန်းမဘဝကို သူတို့ကိုယ်တိုင်က ကြိုက်နှစ်သက်လို့ မိန်းမဖြစ်နေကြရတယ်ဆိုတာ ထင်ရှားပါတယ်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဟာ ကာမေသုကံကြောင့် မိန်းမဖြစ်တယ် Gayဖြစ်တယ်ဆိုပါစို့။ သူဟာ အထက်မှာ ဘုရားရှင်ဟောခဲ့သလို မိန်းမဖြစ်ရတာကို မကြိုက်ဘူး မနှစ်သက်ဘူး။ Gayဖြစ်ရတာကို မကြိုက်ဘူး မနှစ်သက်ဘူးဆိုရင် ကာမေသုကံအကျိုးဆက်ကုန်တာနဲ့ သူအလိုရှိတဲ့ ဘဝကို ပြန်ရရှိမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ မိန်းမဖြစ်ရတာ ကြိုက်တယ် နှစ်သက်တယ်။ Gayဖြစ်ရတာ ကြိုက်တယ်နှစ်သက်တယ်ဆိုရင်တော့ ကာမေသုမိစ္ဆာစာရကံရဲ့ အကျိုးဆက်ကုန်သွားပေမယ့်လည်း သူ့စိတ်ဆန္ဒအရ သူ့ကြိုက်နှစ်သက်ရာ ဘဝကို ဆက်ဖြစ်နေဦးမယ်ဆိုတဲ့ သဘောပါပဲ။
သတ္တာ နာမ ၀ဋ္ဋေ ၀ိစရန္တာ နိစ္စကာလံ အပ္ပမတ္တော ဟုတွာ ပုညကမ္မမေဝ န ကရောန္တိ၊ ပမာဒိနော ဟုတွာ ပါပကမ္မမ္ပိ ကရောန္တိ။ သံသရာဝဋ်၌ ကျင်လည်ကျက်စားနေကြကုန်သော သတ္တဝါတို့သည် အမြဲတစေ မမေ့မလျော့သော သတိတရားဖြင့် ကောင်းမှုချည်းပဲ ပြုလုပ်နေကြကုန်သည် မဟုတ်။ တစ်ရံတစ်ခါ မေ့လျော့သည်ဖြစ်၍ မကောင်းမှုကိုလည်း ပြုမိတတ်ကြကုန်၏ လို့ ရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့တဲ့ အတိုင်း အရှင်အာနန္ဒာ မထေရ်အလောင်းလျာဟာလည်း တစ်ခုသော ရွှေကုန်သည် သူဌေးသားဖြစ်စဉ်မှာ ကာမေသုမိစ္ဆာရကံအမှုကို မက်မက်စက်စက် ကျူးလွန် ပြုကျင့်ခဲ့ပါတယ်။ အဲဒီကျူးလွန်ခြင်းရဲ့ အကျိုးဆက်အနေနဲ့ ငရဲရောက်ပါတယ်။ ငရဲလွတ်တော့ ဆိတ် နွား မျောက်ဖြစ်ပြီး ဝှေ့စေ့ထုတ်ခံရ သင်းကွပ်ရစတဲ့ အကျိုးဆက်ကို ခံစားရတယ်။ ပြီးတော့ Gay ဖြစ်ပြန်တယ်။ ပြီးတော့ သိကြားမင်းရဲ့ မိဖုရား ငါးဘဝဆက်ဖြစ်တယ်။ ပြီးတော့ နတ်သားတစ်ယောက်ရဲ့ မိဖုရားဖြစ်ပြန်တယ်။ ပြီးတော့ အင်္ဂတိမင်းကြီးရဲ့သမီးတော် ရုစာမင်းသမီးဖြစ်ပြန်တယ်။ ရုစာမင်းသမီးဘဝပြီးတော့ ယောက်ျားပြန်ဖြစ်တယ်။ အရှင် အာနန္ဒာအလောင်းလျာဟာ ကာမေသုကံကြောင့် မိန်းမဖြစ်တယ် Gayဖြစ်တယ်။ ဒါပေမယ့် အဲဒီဘဝတွေကို သူမသာယာ မနှစ်သက်ဘူး။ ဒါကြောင့် ကံရဲ့အကျိုးဆက်ကုန်တာနဲ့ ယောက်ျားပြန်ဖြစ်တယ်။ အကယ်၍ အဲဒီဘဝတွေကို နှစ်သက်တပ်မက်သွားမယ်ဆိုရင် သူဟာ ကာမေသုကံရဲ့ အကျိုးဆက်ကုန်သော်လည်း သူနှစ်သက်တဲ့ အဲဒီဘဝတွေကို သူ့စိတ်ဆန္ဒအရ ဆက်ဖြစ်နေဦးမှာပါပဲ။ တကယ်တော့ ကာမေသုကံဆိုတာ မိန်းမဖြစ်ရခြင်း Gayဖြစ်ရခြင်း အကြောင်းရင်းများစွာထဲက တစ်ခုသာဖြစ်တယ်။ မိန်းမတိုင်း Gayတိုင်းဟာ ကာမေသုကံကြောင့်ချည်း ဖြစ်နေရတာ မဟုတ်ပါဘူး။ နောက်ပြီးတော့ ဘဝသံသရာ ခရီးရှည်ကြီးကို လျှောက်လှမ်းနေစဉ်မှာ လိင်မပြန်တော့တဲ့သူဆိုလို့ သေချာပေါက် သဗ္ဗညုဘုရားဖြစ်လိမ့်မယ်လို့ သက်တော်ထင်ရှား သဗ္ဗညုဘုရားရှင်ဆီကနေ နိယတဗျာဒိတ်တော်ရပြီးထားတဲ့ ဘုရားအလောင်းတော်များကလွဲရင် သတ္တဝါတိုင်းဟာ လိင်ပြန်နိုင်ပါသေးတယ်။ ဒါကြောင့် လက်ရှိ ပစ္စက္ခအခြေအနေလေးကိုပဲ ကြည့်ပြီး ငါယောကျာ်းပဲဆိုပြီး လိင်အပေါ်မှာ အမှီပြုပြီး မာန်တက်နေစရာ မလိုပါဘူး။ ဒီဘဝယောက်ျား၊ နောက်ဘဝ မိန်းမ၊ Gay ဖြစ်သွားနိုင်ပါတယ်။
ဘုရားရှင်ကလည်း Gayတွေကို ကိုယ့် ကိလေသာကိုယ်ထိန်းနိုင်တဲ့ Gayဆိုရင် ရဟန်းဝတ်ခွင့်ပြုခဲ့ပါတယ်။ ဒါဟာ Gayတွေကို ဘုရားရှင်ကိုယ်တော်တိုင်က နားလည်လက်ခံပြီး အသိအမှတ်ပြုတဲ့သဘော၊ လူတစ်ယောက်အတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ပေးတဲ့သဘောဖြစ်ပါတယ်။ သိမ်ထဲမှာ "သင်ဟာ ယောက်ျားစင်စစ် ဧကန်ဖြစ်ရဲ့လား"ဆိုတဲ့ မေးခွန်းကြောင့် အချို့က Gayတွေကို လုံးဝ ရဟန်းပြုခွင့်မရှိလို့ ထင်မှတ်နေတတ်ကြတယ်။ ဒါနဲ့ပတ်သက်လို့ ၀ိနယပိဋက မဟာဝါပါဠိတော်ကနေ ထုတ်နှုတ်ပြီး ရှင်းပြလိုပါတယ်။ ဘုရားရှင်လက်တော်က ပဏ္ဍုတ်တစ်ယောက်ဟာ ရဟန်းပြုတယ်။ ရဟန်းပြုပြီး သူရာဂစိတ်ကို သူမထိန်းနိုင်တော့ ညအခါမှာ ရဟန်းငယ်တွေဆီသွားပြီး သူ့ကို လိင်မှုကိစ္စပြုလပ်ပေးဖို့ တောင်းဆိုတယ်။ ရဟန်းငယ်တွေက နှင်ထုတ်လိုက်တယ်။ ဒီတော့ ကိုရင်ကြီးတွေဆီသွားပြီး တောင်းဆိုပြန်တယ်။ ကိုရင်ကြီးတွေကလည်း မလိုက်လျောဘူး။ ဒါနဲ့သူဟာ ကြံရာမရတဲ့အဆုံး မြင်းထိန်းတွေဆီသွားပြီး တောင်းဆိုတယ်။ မြင်းထိန်းတွေက သူ့ဆန္ဒဖြည့်ဆည်းပေးလိုက်တယ်။ မြင်းထိန်းတွေဟာ နောက်နေ့ကြတော့ ဘုရားသား ရဟန်းသာမဏေဆိုသူတွေဟာ ယောက်ျားမဟုတ်ကြဘူး အခြောက်တွေပဲဆိုပြီး ကဲ့ရဲ့ကြတယ်။ ဒါကြောင့် ဘုရားရှင်က Gayတွေကို ရဟန်းခံမပေးနဲ့လို့ တားမြစ်ခဲ့တာ ဖြစ်တယ်။ ပြီးတော့ ရဟန်းခံခါနီးမှာ ယောက်ျားစင်စစ် ဧကန်ဖြစ်ရဲ့လားလို့လည်း မေးခိုင်းခဲ့တာ ဖြစ်တယ်။ ပဏ္ဍုတ်ငါးမျိုးရှိတယ်။ ဘုရားရှင်ရဲ့ တားမြစ်ချက်ဟာ ငါးမျိုးလုံးကို တားမြစ်ခဲ့တာမဟုတ်ဘူး။ ၁) အာသိတ္ထပဏ္ဍုတ်=သူတစ်ပါးရဲ့ အင်္ဂါဇာတ်ကို ပါးစပ်ဖြင့် သုတ်သွေးအား စုတ်ယူရမှ ကိလောသာပူပန်မှု ငြိမ်းအေးသောသူ၊ ၂) ဥဿုယပဏ္ဍုတ်=သူတစ်ပါး မှီဝဲပေါင်းဖော်နေတာကို ချောင်းမြောင်းကြည့်ရမှ ကိလေသာပူပန်းမှု ငြိမ်းအေးသောသူ၊ ၃) သြပက္ကမိကပဏ္ဍုတ်=ဝှေးစေ့ကို သင်းကွပ်ထုတ်ပစ်ထားသောသူ၊ ၄) ပက္ခပဏ္ဍုတ်=အကုသိုလ် ၀ိပါက်အာနုဘော်ကြောင့် လဆုတ်ပက္ခမှာ ကိလေသာထကြွသောင်းကျန်း၍ လဆန်းပက္ခမှာ ငြိမ်းအေးတဲ့သူ၊ လဆန်းပက္ခမှာ ကိလေသာထကြွသောင်းကျန်း၍ လဆုတ်ပက္ခမှာ ငြိမ်းအေးသူ၊ ၅) နပုံသကပဏ္ဍုတ်=မိန်းမအင်္ဂါဇာတ် ယောက်ျားအင်္ဂါဇာတ် နှစ်ပါးလုံး ထင်ထင်ရှားရှား မပါသောသူ၊ လို့ ပဏ္ဍုတ်ငါးမျိုးရှိတယ်။ ဒီငါးမျိုးမှာ နံပါတ် (တစ်) (နှစ်) ဖြစ်တဲ့ အာသိတ္ထပဏ္ဍုတ်နဲ့ ဥဿုယပဏ္ဍုတ်ကို ရဟန်းပြုပေးကောင်းတယ်။ ရဟန်းဝတ်လိုက ၀တ်နိုင်တယ်။ နံပါတ် (သုံး) (ငါး) ဖြစ်တဲ့ သြပက္ကမိကပဏ္ဍုတ်နဲ့ နပုံသကပဏ္ဍုတ်က လုံးဝ ရဟန်းမဝတ်ကောင်းဘူး။ ရဟန်းလဲ ပြုမပေးကောင်းဘူး။ အကယ်၍ မသိလို့ ရဟန်းပြုပေးမိခဲ့တယ် ဆိုရင်တောင် သိတဲ့အချိန်မှာ ချက်ခြင်းပဲ လူထွက်စေရမယ်။ နံပါတ် (လေး) ဖြစ်တဲ့ ပက္ခပဏ္ဍုတ်ကတော့ သူကိလေသာငြိမ်အေးတဲ့ ပက္ခမှာ ရဟန်းပြုပေးကောင်းတယ်။ ၀တ်ကောင်းတယ်။ ရဟန်းမပြုကောင်းတဲ့ ပဏ္ဍုတ်နှစ်မျိုးကတော့ ရဟန်းမှမဟုတ်ဘူး ကိုရင်ခေါ်သာမဏေလဲ မပြုကောင်းဘူး။ ပဏ္ဍုတ်တွေကို ဘာလို့ ရဟန်းမပြုစေတာလဲဆိုတော့ ကိလေသာကို မထိန်းသိမ်းနိုင်လို့ ဖြစ်တယ်။ ကိလေသာကို ထိန်းနိုင်ရင် ရဟန်းဝတ်နိုင်ပါတယ်။ ယောက်ျားစင်စစ်ဧကန်ဖြစ်ရဲ့လားဆိုတဲ့ မေးခွန်းက သြပက္ကမိကပဏ္ဍုတ်=ဝှေးစေ့ကို သင်းကွပ်ထုတ်ပစ်ထားသောသူနဲ့ နပုံသကပဏ္ဍုတ်=မိန်းမအင်္ဂါဇာတ် ယောက်ျားအင်္ဂါဇာတ် နှစ်ပါးလုံး ထင်ထင်ရှားရှား မပါသောသူနှစ်ဦးကိုသာ ရည်ရွယ်ပြီး မေးရင်းဖြစ်တယ်။
တကယ်တော့ ဗုဒ္ဓဘာသာအလိုအရ ယောက်ျားဖြစ်နေသူတိုင်းဟာ မမြင့်မြတ်သလို မိန်းမဖြစ်နေသူတိုင်း လိင်ပြန်နေသူတိုင်းဟာလည်း ယုတ်ညံ့သူများ မဟုတ်ကြပါဘူး။ မြင့်မြတ်ခြင်း ယုတ်ညံ့ခြင်းဟာ လိင်နဲ့ အသွင်သဏ္ဍာန်နဲ့ မဆိုင်ပါဘူး။ အပြုအမူအပြောအဆို စိတ်နေသဘောထားနဲ့သာ သက်ဆိုင်ပါတယ်။ ဒါကြောင့် ယောက်ျားချင်း ချစ်ကြိုက်နေသူ မိန်းမချင်း ချစ်ကြိုက်နေသူတိုင်းဟာ ယုတ်ညံ့သူတွေလို့ ထင်နေရင် အဲဒီထင်မြင်မှုဟာ မှားယွင်းသော ထင်မြင်မှု သက်သက်သာ ဖြစ်ပါတယ်။ မဃဒေဝလင်္ကာသစ် ကျမ်းပြုအကျော် ကျေးဇူးတော်ရှင် မန်လည်ဆရာတော်ဘုရားကြီးကတော့ "အနှစ်ပညာ မရှိပါက အင်္ဂါခြေလက် ယောကျ်ားလျက်လည်း မိန်းမထက်သာ ယုတ်မာဆိုးရွား မိုက်လုံးထွားသည်။ နွားနှင့်ကျားနှင့် အတူတူတည်း။" လို့ စပ်ဆိုတော်မူခဲ့ပါတယ်။
ဒီနေ့ဒီအချိန်အခါဟာ လိင်ခွဲခြားဆက်ဆံပြုမူရမယ့် အချိန်အခါ မဟုတ်တော့ဘူး။ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ Gayဖြစ်စေ သူတော်ကောင်းပညာရှိမှန်ရင် နိုင်ငံတော်တိုးတက်ဖို့အတွက် နေရာပေးပြီး အလေးထား ဆက်ဆံရတော့မယ့် အချိန်အခါပါ။ ပြီးခဲ့တဲ့ ဆီးဂိမ်းပွဲတော်ကြီးဟာ ယောက်ျား မိန်းမ Gayတို့ စည်းလုံးညီညွတ်စွာနဲ့ လက်တွဲပြီး လုပ်ကိုင်ဆောင်ရွက်ခဲ့ကြတာကြောင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး နိုင်ငံသူနိုင်ငံသားများ ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝံ့ကြွား နိုင်ခဲ့ကြတယ်ဆိုတာကို မေ့မထားသင့်ပါဘူး။ လူသားအားလုံးက တန်ဖိုးရှိတဲ့သူတွေချည်းပါပဲ။ ဒါကြောင့် ကိုယ့်မိသားစုထဲမှာ လိင်တူချင်း ချစ်ကြိုက်သူပါလာခဲ့ရင် ဖိနှိပ်ဖုံးကွယ်မထားပဲ နားလည်လက်ခံပေးပြီး သူ့ကို တန်ဖိုးရှိတဲ့ သူတော်ကောင်းပညာရှိ လူကောင်းသူကောင်းဖြစ်အောင် ပြုစုပျိုးထောင်ပေးကပြီး လူတစ်ယောက်ရသင့်ရထိုက် တဲ့ အခွင့်အရေးတွေကို ပေးကြရပါမယ်။ အတ္တကို လျှော့ချလိုက်ပါ။ ဒါဆိုရင် သေချာပေါက်နားလည်လက်ခံနိုင်မှာပါ။
0 comments

မြန်မာ့ လူအသိုင်းအဝန်းနှင့် လိင်တူချစ်သူ အပေါ်အတွေးအမြင်များ (၁)

ဤ ဆောင်းပါးစုစဉ်းမှုသည် မြန်မာနိုင်ငံရှိ လိင်တူချစ်သူ LGBT အသိုင်းအဝိုင်း အတွက် အကျိုးရှိစေမည့် ပြည်သူများ၏ အတွေးအမြင်များကို စုစဉ်း တင်ပြခြင်းဖြစ်ပါသည်။


ယခု အမြင်ကတော့ Facebook စာမျက်နှာမှ အရှင် တစ်ပါး ရေးသားထားသော post မှ သူ၏ အတွေးအမြင်ကို တိုက်ရိုက် ကူးယူ ဖော်ပြထားခြင်းသာ ဖြစ်ပါသည်။

LGBT ISSUE က ထိလွယ်ရှလွယ် ဖြစ်လွန်းလှတဲ့အတွက် အကြိမ်ကြိမ် စဉ်းစားချင့်ချိန်ပြီးမှ ဒီပို့စ်ကို တင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်…။
လိင်စိတ်ခံယူမှုနဲ့ ပတ်သက်ပြီး ပြောကြမယ်ဆိုရင် နှစ်ပိုင်းခွဲခြားပြီး မြင်ဖို့လိုအပ်ပါတယ်…။

ပထမတစ်ခုက ဖြစ်တည်မှုအပိုင်းနဲ့ နောက်တစ်ခုက ရွေးချယ်မှုအပိုင်း…။
လောကကြီးမှာ လိင်စိတ်တိမ်းညွှတ်မှု အမျိုးအစားပေါင်း အကြမ်းအားဖြင့် (၁၆) မျိုး ရှိပါတယ်…။
အဲဒါက မွေးကတည်းက ပါလာပြီး ပြောင်းလဲလို့ မရတဲ့ ဖြစ်တည်မှု…။
အဲဒီဖြစ်တည်မှုဟာ နေရာတိုင်းမှာ ပုံစံအမျိုးမျိုးနဲ့ ရှိနေနိုင်ပါတယ်…။
အဲဒီဖြစ်တည်မှုအတွက် ဘာအကြောင်းကြောင်းကြောင့်မှ ကဲ့ရဲ့ပြစ်တင်ဖို့ မလိုအပ်ပါဘူး…။

လူ့အခွင့်အရေး ကြေငြာစာတမ်း အပိုဒ်(၁) အရ လူတိုင်းဟာ လူ့ဂုဏ်သိက္ခာရှိစွာ အသက် ရှင်သန်ပိုင်ခွင့် ရှိပါတယ်…။
ဘယ်လိုသော အကြောင်းတွေကြောင့်မှ လူသားတွေကို လူ့ဂုဏ်သိက္ခာ ကင်းမဲ့သွားအောင် လုပ်ခွင့်မရှိပါဘူး…။
ဗုဒ္ဓရဲ့ အဆုံးအမအရဆိုရင်လည်း သမာနတ္တတာ=အားလုံးကို မိမိနဲ့ ထပ်တူပြုပြီး ပြုမူပြောဆို ဆက်ဆံရမယ်လို့ တရားတော်ထဲမှာ ညွှန်ကြားထားပါတယ်…။

နောက်တစ်ခုကတော့ လိင်တူခြင်း လက်ထပ်ထိမ်းမြှားမှုဆိုတဲ့ ရွေးချယ်မှုအပိုင်း…။
ဒီအပိုင်းမှာတော့ ဘာသာတွေ လူမျိုးတွေ ယဉ်ကျေးမှုတွေ ဓလေ့ထုံးတမ်းတွေ ပါလာပါပြီ…။

တချို့သော ဘာသာတရားတွေမှာ လိင်တူ လက်ထပ်ထိမ်းမြှားခြင်းမှ မဟုတ်ပါဘူး…။ လင်မယားချင်းတောင် ပုံမှန်မဟုတ်သော လိင်ဆက်ဆံမျိုးတွေ၊ အလိုမတူတဲ့ လိင်ဆက်ဆံခြင်းမျိုးတွေကိုတောင် တားမြစ်ထားတာတွေ ရှိပါတယ်…။
တားမြစ်ချက်အားလုံးကို ကိုယ်ကိုယ်တိုင်ရော ဘယ်လောက်ထိ လိုက်နာကျင့်သုံး နိုင်ပြီလဲ…။
ဒါက ဘာသာတရား တစ်ခုရဲ့ ဘောင်အတွင်းက လူတွေအတွက်ပါ…။ ဒါဆို ဘာသာမရှိတဲ့ သူတွေအတွက်ရော ဘယ်လို စဉ်းစားမလဲ…။

လူရယ်လို့ ဖြစ်လာခဲ့ရင် လူ့ပတ်ဝန်းကျင်က လူတွေသတ်မှတ်ထားတဲ့ စည်းကမ်းတွေဆိုတာ ရှိပါတယ်…။
လူသားတစ်ရပ်လုံးလိုက်နာရမယ့် စည်းကမ်း၊ နိုင်ငံသားတွေ လိုက်နာရမယ့် စည်းကမ်း၊ ဘာသာဝင်တွေ လိုက်နာရမယ့် စည်းကမ်း၊ အဖွဲ့အစည်းတွေ လိုက်နာရမယ့် စည်းကမ်း စသဖြင့် စည်းကမ်းတွေမှာလည်း ပုံစံအမျိုးမျိုးနဲ့ အဆင့်ဆင့် ရှိကြပါတယ်…။
အဲဒီစည်းကမ်းတွေရဲ့ ပုံစံတွေဟာလည်း သတ်မှတ်ထားခဲ့တဲ့ သူတွေရဲ့ အသိဉာဏ် အတိမ်အနက် ဖွဲ့စည်းတည်ဆောက်ပုံ ယုံကြည်ချက်တွေအပေါ် အများကြီး မူတည်ပါတယ်…။

ခက်တာက လူမှုပုံသွတ်သွင်းမှုအရ လူတော်တော်များများဟာ မိမိမွေးဖွါးရာ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ဘာလူမျိုး ညာလူမျိုး ဘယ်ဘာသာဝင် ညာဘာသာဝင်ဆိုပြီး ဖြစ်လာကြပါတယ်…။
ကိုယ်က ဘာရွေးချယ်ခွင့်မှ မရှိပါဘဲ အဖွဲ့အစည်း တစ်ခုထဲကို အလိုလိုရောက်ရှိသွားပြီး အဲဒီအဖွဲ့အစည်းရဲ့ စည်းကမ်းတွေကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လိုက်နာရပါတော့တယ်…။

အဲဒီအဖွဲ့ဝင်တွေကလည်း ကိုယ့်ကို သူတို့လို ဖြစ်အောင် ပုံသွင်းပါတော့တယ်…။
ဒါတင် အားမရသေးဘဲ ကိုယ်နဲ့ယုံကြည်ချက်မတူတဲ့ တခြားအဖွဲ့အစည်းက လူတွေကိုလည်း ကိုယ့်အဖွဲ့အစည်းရဲ့ ပေတံတွေနဲ့တိုင်းပြီး ကဲ့ရဲ့ပြစ်တင် ရှုံ့ချဖို့ လုပ်လာပါတော့တယ်…။
ပက်ကွီအိုက အခုလို ဖြစ်နေတာပါ…။

အမှန်တော့ လုပ်သင့်တယ်ဆိုတာက လူသားတိုင်းနဲ့ ဆိုင်တဲ့ကိစ္စဖြစ်ပြီး လုပ်ကိုလုပ်ရမယ်ဆိုတာက မိမိရဲ့ အဖွဲ့အစည်းနဲ့သာ ဆိုင်တဲ့ကိစ္စပါ…။
တချို့ဘာသာရေး အဖွဲ့အစည်းမှာတော့ လိင်တူတွေနဲ့တင်မက လိင်ကွဲတွေနဲ့လည်း လက်ထပ်ခွင့် မရှိပါဘူး…။
ကိုယ့်အဖွဲ့အစည်းက စည်းကမ်းတွေကို ကိုယ့်အဖွဲ့အစည်း မဟုတ်တဲ့ တခြားသူတွေအပေါ် အတင်းအကြပ် လိုက်နာခိုင်းလို့ မရပါဘူး…။
ပြုသင့် မပြုသင့် စဉ်းစားဝေဖန်နိုင်အောင်သာ လမ်းညွှန်ပေးရမှာပါ…။ အရာအားလုံးကို ရောထွေးပြီး မမြင်ဘဲ သီးသန့်စီ ရှင်းလင်းနေအောင် မြင်တတ်ဖို့ အရမ်းကို အရေးကြီးပါတယ်…။

လူသားတွေဟာ ဖြတ်သန်းခဲ့ရတဲ့ ပတ်ဝန်းကျင် အနေအထား အတွေ့အကြုံတွေ မတူညီကြတဲ့အတွက်ကြောင့် ယုံကြည်ချက် ခံယူချက်တွေလည်း တူညီကြမှာ မဟုတ်ပါဘူး…။ ဒါကြောင့် အားလုံးကို နေရာတိုင်းမှာ ထပ်တူပြုပြီး မကြည့်မိဖို့ အရေးကြီးပါတယ်…။

ပက်ကွီအိုရဲ့ ပြောဆိုချက်တွေကို သုံးသပ်ကြည့်လိုက်ရင်
သူဟာ လူသားတွေရဲ့ ဖြစ်တည်မှုကိုသာမက တိရစ္ဆာန်တွေရဲ့ ဖြစ်တည်မှုတွေကို အနည်းငယ်မျှတောင် သိရှိ နားလည်ဟန် မတူပါဘူး …။
လိင်စိတ်ခံယူမှု ကွဲပြားခြင်းဟာ ပြုပြင်ပြောင်းလဲလို့ မရတဲ့ ဖြစ်တည်မှုဆိုတာနဲ့ လူတွေမှာသာမက တိရစ္ဆာန် မျိုးစိတ်ပေါင်း (၁၅၀၀)ကျော်မှာလည်း လိင်စိတ်ခံယူမှု ကွဲပြားခြင်းတွေ တည်ရှိနေတယ် ဆိုတာတွေကို
Google ထဲ တစ်ခါလောက်တောင် ၀င်ပြီး မလေ့လာဖူးဘူး ထင်ပါတယ်…။

ဘယ်သူကမှ ငါကတော့ ဘယ်လိုလိင်စိတ် တိမ်းညွှတ်မှု လိုချင်ပါတယ်ဆိုပြီး ရွေးချယ်ခွင့် မရှိခဲ့ပါဘူး…။
ဒါကို နားလည်သဘောပေါက်ထားလို့ လိုအပ်ပါတယ်…။
မြင့်မြတ်ခြင်း ယုတ်ည့ံခြင်းဆိုတာ ယောက်ျားဖြစ်ခြင်း မိန်းမဖြစ်ခြင်း LGBT ဖြစ်ခြင်းနဲ့ ဘယ်လိုများ သက်ဆိုင်ပါသလဲ…။
ဘုရားရှင်ကတော့ လူတွေရဲ့ မြင့်မြတ်ခြင်း ယုတ်ည့ံခြင်းကို ကိုယ်ကျင့်တရားနဲ့ပဲ တိုင်းတာရပါမယ်လို့ ညွှန်ကြားခဲ့ပါတယ်…။
လူသားတွေနဲ့ တိရစ္ဆာန်တွေရဲ့ အဓိက ကွာခြားချက်က အသိဉာဏ်ပါ…။
စိတ်ထားလှပပြီး သစ္စာစောင့်သိတဲ့ တိရစ္ဆာန်တွေ တစ်ပုံကြီး ရှိသလို ယုတ်ည့ံတဲ့ လူတွေလည်း အများကြီး ရှိပါတယ်…။

နောက်ပြီး ပက်ကွီအိုဟာ သူကျင်လည် ကြီးပြင်းရာ ပတ်ဝန်းကျင်ကနေ ကျဉ်းမြောင်းစွာ အဓိပ္ပါယ် ဖွင့်ဆိုထားတဲ့ ဘာသာတရားရဲ့ အဆုံးအမတွေကိုလည်း ပြည့်ပြည့်စုံစုံ နားလည်သွားအောင် သေချာကြိုးစားသင့်တယ်…။
ဒါကိုတွေ သိလျှက်နဲ့ ပြောနေတာပါ ဆိုရင်တော့လည်း ပက်ကွီအိုဟာ သူယုံကြည်ရာ ဘာသာတရားကို မထီမဲ့မြင် ပြုနေတာပဲ လို့ မှတ်ယူလိုက်ရုံပါပဲ…။

လိင်စိတ်ကွဲပြားမှုဆိုတာ ဘာသာတိုင်း လူမျိုးတိုင်း နေရာတိုင်းမှာ သူ့အလိုလိုကို ရှိနေတာပဲ…။
အတိတ်ကလည်း ရှိခဲ့ ခုလည်း ရှိနေ နှောင်လည်း ရှိနေဦးမှာပါပဲ…။ လိင်စိတ်ကွဲပြားသူတွေဟာ လူတိုင်းရဲ့ ပတ်ဝန်းကျင် ဆွေမျိုး မိဘ ဘိုးဘွား သားသမီး မြေး မြစ် အဆက်ဆက်တွေမှာ မရှိချင်လည်း ရှိနေမှာပဲ …။
ဘာလို့လဲဆိုတော့ ဒါဟာ သဘာဝတရား ဖြစ်နေလို့ပါပဲ…။
လိင်စိတ်ကွဲပြားသူတွေကို ကဲ့ရဲ့ ပြစ်တင် ရှုံ့ချနေတာဟာ ကိုယ်မသိနိုင်ခဲ့တဲ့ ကိုယ့်ရဲ့ မိဘဘိုးဘွား အဆက်ဆက်က လိင်စိတ်ကွဲဲပြားသူတွေ၊ ကိုယ့်အပေါ် ကျေးဇူးပြုဖူးတဲ့ ကိုယ်မသိလိုက်တဲ့ လိင်စိတ်ကွဲပြားသူတွေအပေါ် စော်ကားလိုက်တာနဲ့ အတူတူပါပဲ…။

ဒီလို လူသားတွေရဲ့ ဖြစ်တည်မှုကို အသိအမှတ်ပြု နားလည်ပေးဖို့ မကြိုးစားဘဲ ပတ်ဝန်းကျင်ရဲ့ လူမှုပုံသွင်းမှုအတိုင်း ကိုယ်နဲ့မတူတဲ့သူမှန်သမျှကို မုန်းတီး လှောင်ပြောင် ပျက်ရယ်ပြုနေတဲ့ သူတွေဟာ လူသားတွေရဲ့ ဖြစ်တည်မှုကို နားလည်သဘောမပေါက်ကြတဲ့အတွက် တကယ့်ကို သနားဖို့လည်း ကောင်းလှပါတယ်…။

မြန်မာပြည်မှာလည်း လူသားတွေရဲ့ ဖြစ်တည်မှုတွေနဲ့ ပတ်သက်ပြီး ကဲ့ရဲ့လှောင်ပြောင်မှုတွေကို နေရာအနှံ့အပြားမှာ တွေ့မြင်နေရပါတယ်…။ အများဆုံးမြင်တွေ့နေရတဲ့ နေရာကတော့ မြန်မာရုပ်ရှင်ဇာတ်ကားတွေထဲမှာပါပဲ…။
LGBT တွေ အသားမည်းတဲ့သူတွေ ခန္ဓာကိုယ် အဝလွန်တဲ့သူတွေ စကားဝဲတဲ့ တိုင်းရင်းသားတွေ အစရှိတဲ့သူတွေရဲ့ ဖြစ်တည်မှုတွေကို ရယ်စရာအဖြစ် ထည့်သွင်းထားတဲ့ မြန်မာ့ရုပ်ရှင် ဇာတ်ကားတွေရဲ့ လုပ်ရပ်တွေဟာ လူ့ဂုဏ်သိက္ခာကို ရိုက်ချိုးဖျက်ဆီး ပစ်နေတာပါပဲ…။

LGBT ကို လက်မခံနိုင်တဲ့ သူတွေက ပြောလေ့ရှိကြတယ်…။
LGBT တွေက သဘာဝနဲ့ ဆန့်ကျင်နေတယ် တဲ့…။
ကဲ ဒါဆို သဘာဝဆိုတာ ဘာလဲ…။
ကိုယ်လက်ခံနိုင်တာကမှ သဘာဝလား…။
ဘယ်ပေတံနဲ့မှ လာမတိုင်းနဲ့…။
ကိုယ်ချင်းစာတရားထက် ကောင်းထက် ပေတံ လောကမှာ မရှိဘူး…။
ဘယ်သူမှလည်း ကိုယ့်ရဲ့ ဖြစ်တည်မှုအတွက် ရွေးချယ်ခွင့် မရှိခဲ့ဘူး…။
တခြားအရာတွေက ပြောင်းလဲလို့ ရနိုင်ပေမယ့် ဖြစ်တည်မှုဆိုတာ ပြောင်းလည်းလို့ ရနိုင်မယ် မထင်ဘူး…။

ကလေးဘဝတုန်းက ဗွီဒီယို တစ်ကား ကြည့်ခဲ့ဖူးတယ်…။
သရုပ်ဆောင်က မေတ္တာနဲ့ တင့်တင့်ထွန်း…။
အဲဒီကားထဲမှာ တင့်တင့်ထွန်းက လက်စဘီယံ…။
သူတို့နှစ်ယောက် ခရီးအတူသွားရင်း လမ်းမှာ ကားပျက်လို့ ညတစ်ညကို နှစ်ယောက်တည်း ကျော်ဖြတ်ခဲ့တယ်…။
မနက်မိုးလင်းတော့ တင့်တင့်ထွန်းက မိန်းမစိတ်ပြန်ဝင်သွားတယ်…။
ဖြစ်တည်မှုကို နားလည်မှု လွဲမှားသွားစေတဲ့ ဇာတ်ကားပါ…။

ဟိုနေ့က အမအိမ်သွားလိုက်တော့ သူတို့အိမ်မှာ ဖွင့်ပြီး ကြည့်နေတဲ့ ဇာတ်ကားနာမည်က ဟင့်အင်း တဲ့…။
အဲဒီဇာတ်ကားမှာ မင်းသားက ဂေး…။
မင်းသမီးက လက်စဘီယံ…။
သူတို့ အချင်းချင်း အပြန်အလှန် ချစ်ကြိုက်ရာကနေ အပေါ်က ပြောခဲ့သလို ညတစ်ညကို အတူတူ ဖြတ်သန်းပြီးတော့ မင်းသားက ယောက်ျားပြန်ဖြစ်သွားပြီး မင်းသမီးက မိန်းမပြန်ဖြစ်သွားတယ်…။
မဖြစ်နိုင်တာ ယုတ္တိမဲ့တာတွေကို ကိုယ့်အထင်နဲ့ ရိုက်ကူးထားတာတွေပါ…။
အသိဉာဏ်နုနယ်သေးတဲ့ ကလေးတွေရဲ့ ဦးဏှောက်ကို အသိမှား အမြင်မှားတွေ ထိုးထည့်ပေးနေတာပါ…။
အပေါ်က ဇာတ်ကားတွေနည်းတူ အလားတူ အခြားဇာတ်ကားတွေလည်း အများကြီး ရှိဦးမှာပါ…။

ဘယ်လောက်ပဲ ရိုးရိုးသားသား ရိုက်ကူး ထုတ်လုပ်ခဲ့သည် ဖြစ်ပါစေ အဲဒီလို ဇာတ်ကားတွေဟာ လူသားတွေရဲ့ ဖြစ်တည်မှုတွေကို အကြီးအကျယ် လွဲမှားသွားစေပါတယ်…။
ဟိုအရင်ကတော့ ဒီလိုဇာတ်ကားတွေ ပေါ်ထွက်လာတယ်ဆိုတာ ဆေးပညာတွေကို လက်လှမ်းမမီသေးလို့ ဆိုပြီး နားလည်ပေးလို့ ရနိုင်ပါသေးတယ်…။
အခုလို ခေတ်အထားမှာတော့ အဲဒီလို ဇာတ်ကားတွေက မရှိသင့်တော့ပါဘူး…။

နောက်ပြီး ဖေ့ဘုတ်ပေါ်မှာ ခင်စန်းဝင်းရဲ့ ဓာတ်ပုံတွေ ပိုစ့်တွေတင် ဖိုတိုကောမန့်တွေလုပ်ပြီး လှောင်ပြောင်နေတာဟာလည်း မဖြစ်သင့်တဲ့ ကိစ္စပါ…။
သူဟာ ဒီအနေအထားကို ရောက်လာဖို့ ရှေးရိုးစွဲ လူတွေရဲ့ ကဲ့ရဲ့ပစ်တင် ဝေဖန်မှုပေါင်းများစွာ ပေးဆပ်မှုပေါင်းများစွာကို ကျော်ဖြတ်လာခဲ့ရတာပါ…။
လူတိုင်းဟာ အမှားမကင်းနိုင်ပါဘူး…။
လူသားမဆန်တဲ့ ကိုယ့်ရဲ့ အပြုအမူ အပြောအဆိုတွေကို သတိထားကြည့်ပြီး အချိန်မီ ပြုပြင်နိုင်ဖို့ အရေးကြီးပါတယ်…။

ဘယ်လို ခွဲခြားဆက်ဆံမှုမျိုးကိုမဆို လျော့နည်း ပပျောက်သွားစေဖို့ လူသားတိုင်း လူ့ဂုဏ်သိက္ခာရှိစွာ အသက်ရှင် နေထိုင်နိုင်ဖို့ လူ့ဂုဏ်သိက္ခာကို အကာအကွယ်ပေးနိုင်မယ့် တရားမျှတတဲ့ ဥပဒေတွေ ပေါ်ပေါက်လာပြီး အဲဒီတရားဥပဒေတွေ အသက်ဝင်နေဖို့ လိုအပ်ပါတယ်…။

ကိုယ့်အပေါ် ခွဲခြားဆက်ဆံမှုကို မလိုချင်ရင် ကိုယ်ကိုယ်တိုင်ကလည်း တခြားသူတွေအပေါ် ဘာအကြောင်းကြောင့်မှ မခွဲခြားနဲ့ပေါ့…။
အမြင်မတူမှုတိုင်းကို နားလည်ပေးနိုင်ပေမယ့် ဘာသုတေသန ဘာအထောက်အထားမှ မပါတဲ့ ပုံသွင်းခံ တုန့်ပြန်မှုမျိုးအတွက်တော့ အချိန်ပေးပြီး ဖြေရှင်းသွားမှာ မဟုတ်ပါဘူး…။

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ