Search

Content

0 comments

လိင်တူချစ်သူကို တခြားဘာသာစကားတွေမှာ ဘယ်လိုခေါ်ဆိုပါသလဲ။


ကျနော်တို့လို ကိုယ်နဲ့လိင်တူတဲ့သူကိုမှ စွဲလမ်းတဲ့သူတွေကို ခေါ်ဝေါ်သတ်မှတ်တဲ့ စကားလုံးများဟာ ဘာသာစကားတိုင်းမှာရှိပါတယ်။ အင်္ဂလိပ်လို 'ဂေး'ဆိုပြီး ယောက်ျားချင်းချစ်သူတွေကိုခေါ်ဆိုကြပါတယ်။ မြန်မာစကားမှာလည်း ဂေးကို မွေးစားစကားအဖြစ်သုံးသလို အင်္ဂလိပ်စာလုံး homosexual ကို အဓိပ္ပါယ်ကောက်ပြီး လိင်တူချစ်သူဆိုပြီး စကားလုံးတီထွင်ထားကြပါတယ်။ အရင်တုန်းကတော့ ကျနော်တို့ ယောက်ျားချင်းချစ်သူတွေကို 'အခြောက်'လို့ခေါ်ဝေါ်ရာကနေ နှိမ့်ချတဲ့အနက်ဆောင်တာကြောင့် လိင်တူချစ်သူလို့သုံးဖို့ ပိုအားသန်လာပါတယ်။ အဲ့လိုပဲ အင်္ဂလိပ်လိုမှာလဲ နှိမ့်ချစော်ကားသော စကာလုံးများရှိနေပါတယ်။ ဒါပေမဲ့ အချိန်နဲ့အမျှ ကျွန်ုပ်တို့ပြောသော ဘာသာစကားတွေကလဲ လိုက်ပြောင်းလဲတာမို့လို့ အရင်တုန်းက သုံးတဲ့အခေါ်အဝေါ်နဲ့ အခုအခေါ်အဝေါ် အနက်ပြောင်းတာတွေ အသုံးနှုံးပြောင်းတာတွေရှိပါတယ်။ ဥပမာ ထူဆန်းသည်လို့ အဓိပ္ပါယ်ရှိတဲ့ အင်္ဂလိပ်စကားလုံး queer ဟာ အရင်းတုံးက 'အခြောက်'လို့ဆိုတဲ့ပုံစံမျိုး နှိမ့်ချခေါ်ဆိုပေမယ့် အခုခေတ်မှာတော့ queer ကို တမူထူခြားသူဆိုတဲ့ပုံစံမျိုးနဲ့ လိင်တူချစ်သူတွေကို ဂုဏ်ယူခေါ်ဆိုတာဖြစ်သွားပါတယ်။ Homosexual ဆိုတဲ့စာလုံးကလည်း ၁၉ ရာစု လောက်ကမှ စတီထွင်လိုက်တဲ့ စကားလုံးပါ။ အဲ့လိုဆိုလိုက်ပေမဲ့ လိင်တူချစ်ခြင်းဆိုတာ ၁၉ ရာစုလောက်မှ ပေါ်လာတဲ့ ဖြစ်စဉ်တစ်ခုမဟုတ်ပါဘူး။ လူသားမျိုးနွယ်ရှိကတည်း လိင်တူချစ်ခြင်းဆိုတာ သဘာဝနှင့် ဒွန်တွဲတည်ရှိနေတာပါ။ အဲ့ဒါကြောင့်လည်း ဘာသာစကားတိုင်မှာ ကျနော်တို့အတွက် စကားလုံးတွေရှိနေတာပေါ့။ ကျနော်တို့ လိင်တူချစ်သူတွေကို လေးစားလက်ခံတဲ့ လူ့အသိုင်းအဝိုင်းရှိသလို၊ နှိမ့်ချဖိနှိပ်တဲ့ လူ့အသိုင်းအဝိုင်းတွေလည်းရှိပြီး၊ လိင်တူချစ်သူများကိုယ်တိုင် ထူးချွန်မှုကိုရယူကာ လူ့အသိုင်းအဝိုင်းမှာ ဂုဏ်သိက္ခာကို ရယူနိုင်တာလည်းရှိပါတယ်။ အဲ့တော့ ဘာသာစကားတစ်မျိုးစီမှာ အနက်မတူတဲ့ စကားလုံးတွေလည်းရှိနေတာပေ့ါ။

အခုခေတ်မှာ အနောက်တိုင်း အနုပညာနဲ့ အင်္ဂလိပ်စကားရဲ့ လွှမ်းမိုးမှုအားကောင်းတာကြောင့် ဘာသာစကားအများအပြားမှာ ဂေးဆိုသော စကားလုံးကို တိုက်ရိုက်မွေးစားတာများသလို လိင်တူချစ်သူ (homosexual) ကို ဘာသာပြန်တာလည်းများပါတယ်။ တချို့ဘာသာတွေမှာ ဟိုမိုလို့ခေါ်တာရှိပါတယ်။ မြန်မာစကားလည်း ထို့အတူပဲ တစ်ခုအပါအဝင်ပေါ့။ ကဲအဲ့အထဲမှာမှ တချို့ဘာသာစကားတွေရဲ့ စကားလုံးတွေထဲက နှိမ်တာမဟုတ်ပဲ ကောင်းမွန်တဲ့အနက်ဆောင်တဲ့ ကိုယ်ပိုင်စကားလုံးများကို ဗဟုသုတတိုးပွားအောင် လေ့လာကြည့်ရအောင်။ (အသံထွက်ကို မြန်မာအက္ခရာဖြင့်အနီးဆက်ဆုံးသာ ကျိုးစားပေါင်းထားလို့ အသံထွက် တိကျမှန်ကန်မည်မဟုတ်ပါ။)

အင်္ဂလိပ်
gay - ဂေး
ပျော်ရွင်သည်၊ ရွင်မြသည်ဟု တိုက်ရိုက်အဓိပ္ပါယ်ရှိသော စာလုံးမှ ဆင်းသက်လာသည်။

အာရဗီ
مثلي  - မသ္သလီ
တူညီသည်ဟုအဓိပ္ပါယ်ရှိသည်။

ဂျာမန်
schwul - ရှဗူး
နွေးထွေးသည်ဟူသော စကားလုံးမှ ဆင်းသက်လာသည်။

ဂရိ
ομοφυλόφιλους - Omofylófilos - အိုမိုဖီလို့ဖီလောစ်
လိင်တူမိတ်ဆွေဟု အဓိပ္ပါယ်ရှိသည်။

ဂျပန်
同性愛者 - dōseiaisha - ဒိုးဆေးအိုင်းရှာ
လိင်တူချစ်သူဟု အဓိပ္ပါယ်ရှိသည်။ (မှတ်ချက် ကိုရီးယားတွင်လည်း ဂျပန်စာလုံးကို မွေးစားပြီး 동성애자 (Dongseong-aeja) ဒုန်ဆေရုံးအိုင်ဂျာ ဟုခေါ်သည်။)

ဆွာဟီလီ
shoga - ရှိုဂါ
လိင်တူချစ်သူယောက်ျားများကို ခေါ်ဆိုရာတွင်သုံးပြီး မိန်းခလးအချင်းချင်းကြားခေါ်ဆိုရာတွင် သူငယ်ချင်းဟူ၍လည်း သုံးသည်။

နော်ဝေး
skeiv - စကိ
မဖြောင့်ဘူး/ကောက်သည်ဟု အဓိပ္ပါယ်ရှိသည်။

တရုတ်
同性恋 - tóngxìnglián - တုံရှင်းလျန်
လိင်တူချစ်သူကို ဘာသာပြန်ထားခြင်းဖြစ်သည်။

同志 - tóngzhì - တုန်းကျိ
ရဲဘော်ဟု အဓိပ္ပါယ်ရှိသည်။

ပိုလန်
kochający inaczej
မတူသောအချစ်ကိုချစ်တတ်သောသူဟု အဓိပ္ပါယ်ရှိသည်။

မာအိုရီ (နယူးဇီလန်)
takatāpui - တကတာပွီး
လိင်တူမိတ်ဆွေဟု အဓိပ္ပါယ်ရှိသည်။ ရိုးရာ ဒန္တာရီမှာ နာမည်ကို အခြေခံပြီးဆင်းသက်လာသည်။

ဟီဘရူး
גאה - ge'e - ဂေအေး
ဂုဏ်ယူသည်ဟု အဓိပ္ပါယ်ရှိသည်။

עליז - aliz - အာလိဇ်
ပျော်ရွင်သည်ဟု အဓိပ္ပါယ်ရှိသည်။

ဟန်ဂေရီ
meleg - မေလေဂ့်
နွေးထွေးသည်ဟု အဓိပ္ပါယ်ရှိသည်။

ဟင်ဒီ
समलैंगिक - samalingakami
လိင်တူချစ်သူဟု အဓိပ္ပါယ်ရှိသည်။
ကဲမြန်မာစကားမှာလည်း ဘယ်လိုခေါ်ကြရင်ကောင်းမလဲ။
0 comments

ကျွန်တော်တို့ အမြဲတမ်းသိချင်နေတဲ့ လိင်တူဆက်ဆံခြင်းအကြောင်း

ကျနော်တို့ လူတိုင်းလူတိုင်းဟာ ဘဝမှာ တွေဝေစရာအကြောင်းအရာတွေကို ကြုံရစမြဲပါ။ ဘဝဆိုတာ မသိရင်ရှာဖွေ၊ စမ်းသပ် သို့မဟုတ် လေ့လာရင်းနှင့်မှ တဖြည်းဖြည်း ရင့်ကျက်လာတဲ့ သင်ယူမှုဖြစ်စဉ်တစ်ခုလည်းဖြစ်ပါတယ်။

ဒါပေမယ့် ကျနော်တို့ လိင်တူချစ်သူတွေအဖို့ တခါတရံ ကိုယ်သိနေတဲ့ အကြောင်းအရာတွေကို မသေချာမရေရာ ဟုတ်လားမဟုတ်လား ဖြစ်နေတာမျိုးရှိတဲ့အခါ အဖြေရှာဖွေဖို့နေရာ ရှာမတွေ့တာဖြစ်တတ်ပါတယ်။ ဘယ်နားကစရမလဲမသိဖြစ်ကြတတ်ပါတယ်။ ရှားပါးတဲ့စာအုပ်တွေလိုက်ရှာဖတ်လိုက်ရ သို့မဟုတ် အင်တာနက်မှာပြေးရှာဖို့ဆိုတာကလည်း လိင်တူချစ်သူတွေအကြောင်းကို မြန်မာလိုရှင်းပြတာမျိုက တော်တော်ရှာရခက်မှာပါ။ မရှိသလောက်လည်း ရှားနေပါသေးတယ်။ အဲ့တော့ ပတ်ဝန်းကျင်က ကိုယ့်ထက်တွေ့အကြုံများတဲ့သူတွေကို မေးရင်မေး၊ ဒါမှမဟုတ် ကိုယ့်သူငယ်ချင်းတွေစီက ကြားဖူးနားဝတွေနဲ့လေ့လာကြပါတယ်။ အဲ့တော့ ဘဝအကြောင်းအပြင် လိင်ကိစ္စအကြောင်းဆိုရင် ပိုပြီးမေးရမှာခက်၊ ရှာဖွေရမှာလည်းခက်တဲ့ အဖြစ်ပါ။ အဲ့တော့နောက်ဆုံး ကျနော်တို့ အများဆုံးလေ့လာခဲ့တဲ့နေရာကတော့ လိင်ရုပ်ရှင်တွေကပါ။ ဒါပေမယ့် လိင်ရုပ်ရှင်ဆိုတာ ဖန်တီးမှုပါ။ အမြင်အာရုံကို ကြေနပ်အားရဖို့ကို လုပ်ကြံထားတာပါ။ အပြင်တကယ့်ဘဝမှာ အဲ့ဒီအတိုင်းအမြဲတမ်းမဖြစ်ပါဘူး။ ပြီးတော့ အရပ်ထဲမှာ လျှောက်ပြောတတ်ကြတဲ့ အယူမှားတွေကို ယုံကြည်မိမှ ကိုယ့်အတွက် ထိခိုက်စရာဖြစ်နေပါမယ်။

ဒါ့ကြောင့်ကျနော်တို့ လိင်တူချစ်သူများအဖို့ဟာ ဗဟုသုတအမှန်ရဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စပါ။ ကျောင်းမှာ ဒါတွေကို လေ့လာရဖို့ဆိုတာကလည်း မဖြစ်နိုင်သေးပါ။ အဲ့ဒါကြောင့် လိင်တူဆက်ဆံခြင်းနှင့် ပက်သက်တဲ့ ကျနော်တို့ သိသင့်သိထိုက်တာတွေ၊ အကြံပေးချက်တွေနဲ့ အယူမှားများကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။

 

အကြံပြုချက်များ

၁ ။ လိင်ဆက်ဆံဖို့အတွက် အန္တရာယ်များတဲ့ အလုပ်တွေမလုပ်ပါနဲ့။

သင်ငယ်ရွယ်တဲ့ အချိန်မှာဆိုရင် လိင်ဆက်ဆံဖို့ဆိုတာ ဘဝရဲ့ အရေးကြီးဆုံးအရာလို့ ထင်တတ်ကြပါတယ်။ တချိန်တည်းမှာပဲ လိင်ဆက်ဆံရဖို့ အခွင့်အလမ်းဟာ ရှားပါးတယ်လို့ ထင်ကြပါတယ်။ အမှန်တော့ လိင်ဆက်ဆံဖို့ဆိုတာ မရှားပါဘူး။ အချိန်တန်တဲ့အခါ မှန်ကန်တဲ့သူနဲ့ သင်ကြိုက်သလောက် လိင်ဆက်ဆံလို့ရပါတယ်။ ဒါပေမဲ့ လိင်ဆက်ဆံဖို့အတွက်တော့ သင့်ကိုယ်သင် အန္တရာယ်များတဲ့အဖြစ်ကို ဘယ်တော့မှ မရောက်စေပါနဲ့။

၂ ။ အလုံခြုံဆုံးလိင်ဆက်ဆံမှုဟာ အကောင်းဆုံးလိင်ဆက်ဆံမှုပါ။

လိင်မှတဆင့်ကူးဆက်တဲ့ရောဂါတွေဟာ အလျှံအပယ်ပါ။ လိင်ဆက်ဆံတယ်ဆိုတာက လူနှစ်ဦး ခန္ဓာကိုယ်ကို အနီးကပ်ဆုံးဖလှယ်ခြင်းဖြစ်တာကြောင့် တစ်ခုမှမတွေ့ဖူးသေးတဲ့သူ (သို့) ကောင်းကောင်းမသိတဲ့သူနဲ့ဆိုရင် သူ့ဆီမှာ ဘာရောဂါရှိလဲ၊ ကိုယ့်ဆီကို အဲ့ရောဂါက ဘယ်လိုကူးဆက်လာမလဲ မသိနိုင်ပါဘူး။ ကွန်ဒုံးသုံးပြီး ဘေးကင်းစွာပြုမူမှသာ ကိုယ့်အတွက် လုံခြုံအောင်ကာကွယ်နိုင်ပါမယ်။ လိင်ပညာပေးတွေဟာ ကျွန်တော်တို့ကို ရောဂါကူးစက်ပုံအကြောင်းတွေကို အထိကထားပြီးပြောလေ့ရှိပါတယ်။ ဒါပေမယ့် ကွန်ဒုံးသုံးခြင်းမသုံးခြင်းက ကျွန်တော်တို့၏ စိတ်အနေအထားပေါ်ကို ဘယ်လိုသက်ရောက်မှုရှိနိုင်တယ်ဆိုတာကို ပြောပြလေ့မရှိပါဘူး။ ကျွန်တော်တို့ဟာ အထူးသဖြင့် ကွန်ဒုံးမသုံးပဲ ဆက်ဆံတဲ့အခါ ကိုယ့်ကို HIV နဲ့ အခြား လိင်မှတဆင့်ကူးဆက်တဲ့ရောဂါ တွေ ဘယ်လိုဝင်လာမလဲဆိုတာကို ပူပန်နေရပါမယ်။ အဲ့လို ပူပန်ပြီး လိင်ဆက်ဆံရတာ မတန်ပါဘူး။ လိင်ဆက်ဆံနေတုန်း ကြောက်စိတ်ပူပန်စိတ်တွေဖြစ်နေတာမျိုး မလိုချင်ပါဘူး။ ဒါကြောင့် လုံခြုံအောင်လုပ်ပြီး စိတ်ချလက်ချ လိင်ဆက်ဆံရတာကသာ ပျော်စရာအကောင်းဆုံးပါ။

၃ ။ လိင်ဆက်ဆံချိန် ချောဆီထည့်ဖို့ မနှမြောပါနဲ့။

လိင်ဆက်ဆံချိန်မှာ ချောမွေ့မှုမရှိရင် နာကျင်ပြီး ပွန်းကာ ခန္ဓာကိုယ်ထိခိုက်နိုင်ပါတယ်။ ချောဆီဘယ်တော့မှများတယ်ဆိုတာမရှိပါဘူး။ ကိုယ့်အတွက် အကိုက်ဆုံးဖြစ်မယ့် ချောဆီ(lube)ကို တစ်ခုပြီးတစ်ခု စမ်းသပ်ပါ။ ပြီးလျှင်အဲ့တစ်ခုကို ကိုယ့်အတွက် ဖူဖူလုံလုံဝယ်ထားပါ။

၄ ။ ကွန်ဒုံးဝယ်ဖို့ မနှမြောပါနဲ့။

ကိုယ်မသိတဲ့သူနဲ့ လိင်ဆက်ဆံမယ်ဆိုရင် ကွန်ဒုံးဟာ ကိုယ့်ရဲ့ အသက်ကာကွယ်ပေးတဲ့အရာတစ်ခု လိုပါပဲ။ တချို့ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ အဖွဲ့အစည်းတွေက ကွန်ဒုံးအလကားပေးတာတွေ ရှိပါတယ်။ တကယ်လို့ သင်ပိုက်ဆံတတ်နိုင်ဆိုရင်တော့ ကိုယ့်အတွက်အကိုက်ဆုံးဖြစ်မယ့် ကွန်ဒုံးကောာင်းကောင်း ဝယ်သုံးသင့်ပါတယ်။

၅။ ဆီးကျိတ်ဟာ ယောက်ျားချင်းလိင်တူဆက်ဆံခြင်းရဲ့ အဓိကသော့ချက်ပါ။ 

ယောက်ျားတွေမှာရှိတဲ့ သုတ်ရည်ထုတ်လုပ်ပေးတဲ့ ဆီးကျိတ်အကြောင်းကို လေ့လာသိထားသင့်ပါတယ်။ စအိုအတွင်း ၃ လက်မလောက်မှာရှိတဲ့ ဇီးစေ့အရွယ်ဆီးကျိတ်ကို ပွတ်တိုက်နှိပ်နှုယ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ လှုံဆော်မှုဟာ သုခကို ဖြစ်ပေါ်စေပါတယ်။ လိင်ဆက်ဆံတဲ့အခါမှာ သင့်အတွက် ဘယ်လိုမျိုး အနေအထားမျိုးက ဆီးကျိတ်ကိုအကောင်းဆုံးလှုံ့ဆော်မှုဖြစ်စေသလဲဆိုတာကို စမ်းသပ်ရမှာပဲဖြစ်ပါတယ်။

၆ ။ လိင်ဆက်ဆံရာတွင် သန့်ရှင်းရေးလုပ်ဖို့ အဝတ်၊ တံပတ် (သို့) စက္ကူချော အမြဲဆောင်ထားပါ။ 

ရုတ်တရက် ရှုပ်ပွသွားလို့ ဖတ်ခနဲ ရှင်းစရာတစ်တစ်ခု ရှာမတွေ့တာက စိတ်ရှုပ်စရာကြီးပါ။ အကယ်၍ ဘေးနားမှာ တံပတ်ဖြစ်ဖြစ် အသင့်ရှိနေရင် ပိုနေတဲ့ ချောဆီတွေပဲ့ဖြစ်ဖြစ် ဘာတွေထွက်လာတာပဲ့ဖြစ်ဖြစ် မြန်မြန် သန့်ရှင်းအောင်လုပ်လိုက်လို့ရပါတယ်။ အဲ့တော့ ဆက်ပြီးသန့်သန့်ရှင်းရှင်းလိင်ဆက်ဆံလို့ရပါတယ်။

 ၇ ။ လက်သည်းညှပ်ပါ။

သင့်လက်ချောင်းတွေကို ကိုယ့်ခန္ဓာထဲပဲဖြစ်ဖြစ် သူများခန္ဓာကိုယ်ထဲပဲဖြစ်ဖြစ် မထည့်ခင် လက်သည်းတွေကို တိုနိုင်သမျှတိုအောင်ညှပ်ထားပါ။ လက်သည်းများမှ ခန္ဓာကိုယ်တွင်း နူးညံ့သောအသားများကို ပွန်းပဲ့မှုဖြစ်စေနိုင်ပါသည်။

၈ ။ လေ့ကျင့်မှု နှင့် အတွေ့အကြုံကြောင့်သာ သင့်လိင်မှုကျွမ်းကျင်မှု တိုးတက်လာနိုင်ပါတယ်။

ပထမဆုံး လိင်ဆက်ဆံမှုဆိုတာ ကျွန်ုပ်တို့ အများစုအတွက်တော့ ထင်ထားသလို အလွန်တရာကောင်းမွန်တဲ့ မမေ့နိုင်စရာ ညတစ်ညဖြစ်တယ်ဆိုတာရှားပါတယ်။ အကယ်လို့ သင်အဲ့လို ကောင်းမွန်တဲ့ အတွေ့အကြုံရခဲ့ရ သင်ဟာအလွန်ကံကောင်းသူပါပဲ။ ပထမဆုံးလိင်ဆက်ဆံမှုဆိုတာ ကျွန်ုပ်တို့ အများစုအတွက်တော့ အဆင်မပြေမှုတွေကြုံကြတာများပါတယ်။ အဲ့အတွက်တော့ စိတ်မပျက်ပါတဲ့။ ဒါကဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။ နောက်တစ်ကြိမ်ပြန်ကျိုးစားကြည့်ပါ။ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာပါလိမ့်မယ်။

၉ ။ ကိုယ့်အတွက် ဘယ်လိင်ဆက်ဆံတဲ့အနေအထားက အကောင်းဆုံးလဲကိုရှာဖွေပါ။

စမ်းသပ်ပါ။ ကိုယ့်အတွက် ဘယ်လိုအနေအထားမျိုးက နာကျင်မှုမရှိစေပဲ ထိမိအောင်ခံစားနိုင်သလဲဆိုတာကို ရှာဖွေပါ။ အဖြည်းဖြည်းနဲ့ ကိုယ့်ကိုခံစားမှုကောင်းကောင်းပေးနိုင်မယ့် ကိုယ်အကြိုက်ဆုံးလိင်ဆက်ဆံတဲ့အနေအထားတွေ ကောင်းကောင်းနားလည်လာပါမယ်။

၁၀ ။ ပါစပ်နှင့် လိင်ဆက်ဆံမှုကို ကျွမ်းကျင်အောင်လုပ်ပါ။

လေ့ကျင့်ပါ။ အင်တာနက်ပေါ်မှာ နည်းလမ်းကောင်းတွေလိုက်ရှာဖတ်ကြည့်ပါ။ သင့်ရဲ့ချစ်သူကို အိပ်ရာထဲမှာ အရူးအမူးဖြစ်သွားစေရပါမယ်။ နှစ်ဦးနှစ်ဖက် အပြန်အလှန် သာလွန်တဲ့လိင်မှုသုခပေးတာကြောင့် ဘာမှာနစ်နာစရာလည်းမရှိပါဘူး။ လူနှစ်ဦးကြား ခိုင်မာတဲ့မေတ္တာရေးထဲမှာ ကောင်းမွန်တဲ့ လိင်မှုဘဝဆိုတာကလည်း သော့ချက်တစ်ခုဖြစ်နိုင်ပါတယ်။

၁၁ ။ လိင်မဆက်ဆံခင်နဲ့ ဆက်ဆံပြီး ဆီးသွားပါ။

ဆီးအောင့်နေလျှင် ကာမပြီးမြောက်ဖို့ ခက်ခဲသလို လိင်ဆက်ပြီးဆီးသွားပါက လိင်တံပြွန်ထဲမှာကျန်နေသမျှ ရှင်းထုတ်ပေးသလိုဖြစ်ပါတယ်။

၁၂ ။ သင် စအိုနဲ့ လိင်ဆက်ဆံချင်တယ်ဆိုရင် ၂ရက်၂နာရီ စည်းကမ်းလေးကို မှတ်ထားပါ။

ကျွန်တော်တို့ ခန္ဓာကိုယ်ကို ထိန်းချုပ်လို့မရတဲ အပိုင်းတွေများကြီးရှိပါတယ်။ ကျွန်တော်တို့ လိင်တူချစ်သူတွေဖို့ ကိုယ်ထဲက အညစ်အကြေးတွေကို ကိုယ်စိတ်ကြိုက်ရှင်းချင်တဲ့အချိန်ရှင်းလို့ရရင် သိပ်ကောင်းမှာပဲ။ ဒါပေမယ့် မဖြစ်နိုင်ပါ။ အဲ့တော့ စအိုနဲ့လိင်ဆက်ဆံချင်ရင် လိင်မဆက်ဆံခင် ၂ ရက်အတွင်း အိမ်သာမတက်ရသေးရင် ဒါမှမဟုတ် လိင်မဆက်ဆံခင် ၂ နာရီအလိုမှာ အိမ်သာတက်ထားရင် စအိုနဲ့ထိုးသွင်းလိင်မဆက်ဆံသင့်ပါဘူး။ ရှုပ်ပွတဲ့ အဖြစ်မျိုးကြုံနိုင်ပါတယ်။

၁၃ ။ သင့်လိင်ဆက်ဆံဖော်ကို အာရုံစိုက်ပါ။

လိင်ဆက်ဆံနေစဉ် သင်ကောင်းမွန်စေဖို့ သင့်ကိုယ်သင်ပဲ အာရုံစိုက်မနေပါနဲ့။ အကောင်းအကြံပြုချင်တာကတော့ လိင်ဆက်ဆံနေစဉ် သင့်အဖော်ကို ဘယ်လိုအကောင်းအောင်လုပ်ပေးရမလဲဆိုတာပါ။ သင့်အဖော် သင့်ကြောင့် ဘယ်လောက်ထိ ရင်ခုန်လာသလဲကို ကြည့်ခြင်းဖြင့် သင်ကိုယ်တိုင် အားရကျေနပ်တာလောက်ကောင်းတဲ လိင်ဆက်ဆံမှုမျိုးမရှိပါဘူး။

၁၄ ။ သင့် လိင်ဆက်ဆံဖော်ကို သင်ဘာကြိုက်တတ်လဲပြောပြပါ။

သင့် လိင်ဆက်ဆံဖော်နှင့် ပွင့်ပွင့်လင်းလင်း တစ်ယောက်အကြိုက်တစ်ယောက် ဆွေးနွေးပြောပြသင့်ပါတယ်။ စိတ်ကိုဖတ်ပြီး နားလည်ဖို့ဆိုတာ မဖြစ်နိုင်ပါ။ ပြောပြမှ သိမှမို့ ပိုမိုနားလည်နေတဲ့အခါ ပိုမိုကောင်းမွန်တဲ့ လိင်ဆက်ဆံမှုကို ရရှိမှာဖြစ်ပါတယ်။

၁၅ ။ အကြင်နာပေးခြင်းက လိင်ဆက်ဆံမှုရေး အရေးကြီးဆုံး နှင့် စိတ်လှုပ်ရှားမှု အဖြစ်စေနိုင်ဆုံးအပိုင်းပါ။

လိင်ဆက်ဆံနေစဉ် နှစ်ယောက်နှတ်ခမ်းချင်းနမ်းခြင်းက လိင်ဆက်ဆံမှုမှာ စိတ်တက်ကြွမှုကို အားကောင်းစေနိုင်တာ အာလုံးသိပါတယ်။ အဲ့တော့ လိင်ဆက်ဆံနေစဉ် ကိုယ့်ချစ်သူကို အားမနာတမ်းသာနမ်းလို့ရပါတယ်။ ဒါနဲ့စကားမစပ် နမ်းရာမှာ တစ်ယောက်နှင့်တစ်ယောက် မတူနိုင်ပါ။ တချို့က ပါးစပ်ဖွင့်ရတာပိုအားသန်သလို တချို့က ပါးစပ်ပိတ် နမ်းရတာကို သဘောကျပါတယ်။ အဲ့တော့ နှစ်ယောက် အဆင်ပြေအောင် ညှိနှိုင်းလို့ရပါတယ်။ အင်တာနက်ပေါ်မှာ ပိုကောင်းအောင် ဘယ်လို နမ်းရမလဲဆိုတာသင်ပေးထားတာတွေ ရှာဖတ်ကြည့်လို့ရပါတယ်။ ဒါပေမယ့် လူတွေ ကိုယ့်အကျင့်နဲ့ကိုယ်ပါ။ စမ်းသပ်ပြီး ညှိညှိနှိုင်းနှိုင်းလုပ်ပေါ့။

သိသင့်သိထိုက်စရာများ

၁ ။ လိင်တူဆက်ဆံမှုဆိုတာ စအိုနှင့်ထိုးသွင်းဆက်ဆံမှသာ လိင်ဆက်ဆံခြင်းဖြစ်တယ်လို့မဆိုလိုပါဘူး။

လိင်တူချစ်သူယောက်ျားနှစ်ဦးအကြား ခန္ဓာရင်းနှီးမှုပြုလုပ်ပြီး ကာမသုခခံစားတယ်ဆိုတာ လိင်ရုပ်ရှင်ထဲကလို ထိုးသွင်းဆက်ဆံမှဖြစ်ရမယ်လို့မဟုတ်ပါ။  လူနှစ်ဦးနီးကပ်မှုရရှိအောင် (သို့) မေတ္တာမျှဝေခြင်းကို ပြုလုပ်ဖို့ နည်းလမ်းမျိုးစုံဖြစ်နိုင်ပါတယ်။ ကိုယ့်အတွက် ဘယ်ဟာအကောင်းဆုံးလဲဆိုတာကို ကိုယ့်ဖာသာကိုယ် ရှာဖွေရမှာဖြစ်ပါတယ်။

၂ ။ သင် top (သို့) bottom ဖြစ်တယ်ဆိုတာက သင့်ကို ဘယ်လိုလူစားလဲလို့ မသတ်မှတ်ပါဘူး။

လိင်ဆက်ဆံရာမှာ သင်ဘယ်လိုနှစ်သက်တယ်ဆိုတာ သင်ဘဝနဲ့ ဘာမှမဆိုင်ပါဘူး။ သင် Top (သို့) Bottom ဖြစ်ချင်တယ်ဆိုတာက သင်ဘယ်လိုလိင်ဆက်ဆံရတာကို ကြိုက်တယ်ဆိုတာကိုသာ ပြောတာပါ။ ဒါကိုထောက်ပြီး လူတွေက သင့်ကို နှိမ့်ချတာ၊ အနိုင်ကျင့်တာ၊ အသုံးချတာ သို့မဟုတ် သင့်ဘဝယုံကြည်မှုကို သေးသိမ်အောင်လုပ်တာတွေ လုပ်စရာအကြောင်းမရှိပါဘူး။

၃ ။ လိင်စိတ်တိမ်းညွှတ်မှုဆိုတာ နှစ်မျိုးသာ တသတ်မှတ်တည်းရှိတာမဟုတ်ပါဘူး။

လိင်တူပဲစိတ်ဝင်စားရမယ်၊ လိင်ကွဲပဲစိတ်ဝင်စားရမယ်ဆိုပြီး အသေသတ်မှတ်ရမယ် ဆိုတာမျိုးမရှိပါဘူး။ လိင်စိတ်တိမ်းညွှတ်မှုဟာ နယ်ပယ်တလျှောက်လုံး ဘယ်နေရာမဆို ရှိနိုင်ပါတယ်။ ကိုယ်က ဘယ်ဘက်ကိုပိုတိမ်းညွှတ်တယ်ဆိုတာမျိုးပါပဲ။ အလယ်မှာ လိင်တူကော၊လိင်ကွဲကော စိတ်ဝင်စားတာမျိုးက လုံးဝပုံမှန်ပါပဲ။

၄ ။ လိင်ဆက်ဆံဖော်ရှာဖွေရာမှာ လူမျိုးခွဲခြားတယ်ဆိုတာ တကယ်ကြီးမားတဲ့ ပြဿနာပါ။

လိင်တူချစ်သူအသိုင်းအဝိုင်းမှာ လူမျိုးခွဲခြားခြင်းဆိုတာ တကယ်ရှိပြီး လူတွေကိုထိခိုက်နာကျင်စေတဲ့ ဆိုးရွားတဲ့ အပြုမှုနဲ့ စိတ်ဓာတ်ပဲဖြစ်ပါတယ်။ တခါတရံ တချို့သူတွေက ဆက်ဆံဖော်ရွေးချယ်ရာမှာ ကိုယ်ပိုသဘောကျတဲ့ လက္ခဏာရှိတဲ့'လူမျိုး'ကိုသာအလိုရှိတယ်လို့ဆိုပြီး ခွဲခြားရွေးချယ်တာဟာ ကိုယ့်ရဲ့ရွေးချယ်ပိုင်ခွင့်လို့ သတ်မှတ်တတ်ကြပါတယ်။ ဒါပေမယ့် သူရဲ့'လူမျိုး'လက္ခဏာတွေကိုအခြေခံပြီး တဖက်သားကို နာကျင်အောင် ငြင်းပယ်တာ၊ ခွဲခြားတာ၊ ပယ်ကျင်တာ၊ နှိမ့်ချခေါ်ဆိုတာတွေဟာ လူမျိုးခွဲခြားတဲ့ အမူအကျင့်တွေပါ။ ထိုနည်းအတူ အဲ့လိုပယ်ကျင်တဲ့အပြင် သူရဲ့'လူမျိုး'လက္ခဏာတွေကိုအခြေခံပြီး သူ့ကို အသားယူပြောဆိုတာ၊ ကိုယ့်ရဲ့လိင်ဆက်ဆံမှုလိုအပ်ချက်အတွက်အသုံးချတာ(sexual objectification) စတာတွေဟာလည်း ထပ်တူညီတဲ့ လူမျိုးခွဲခြားတာပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့လိုပြုမူခြင်းဟာ တဖက်သားလူအများကို နာကျင်ထိခိုက်စေနိုင်တဲ့ ပြဿနာတွေပဲဖြစ်ပါတယ်။

၅ ။ နွဲ့တဲ့သူတွေကိုမုန်းတီးတာဟာ  လိင်တူချစ်သူတွေအသိုင်းအဝိုင်းမှာ တကယ်ကြီးမားတဲ့ ပြဿနာပါ။

နွဲ့တဲ့သူတွေကို မုန်းတီးတာ၊ ကျားမပြောင်းသူတွေကို မုန်းတီးတာ၊ လှောင်တာ၊ နှိမ့်ချတာဟာ တကိုယ်ကောင်းဆန်တဲ့ အပြုမှုနဲ့စိတ်ဓာတ်ပါ။ ဒီလိုပြုမူခြင်းဟာ လူအများကို နာကျင်ထိခိုက်စေနိုင်တဲ့ ပြဿနာတွေပဲဖြစ်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦးကိုယ့်အကြိုက်ကိုယ်ရှိကြပေမဲ့ လိင်ဆက်ဆံဖော်ရှာဖွေတဲ့အခါမှာ နွဲ့တဲ့သူ၊ ပိန်/ဝတဲ့သူတွေ၊ အရပ်ပု/ရှည်တဲ့သူစသဖြင့် သူတို့ရဲ့ကာယလက္ခဏာတွေပေါ်အခြေခံပြီး တဖက်သားကို နာကျင်အောင် ငြင်းပယ်တာ၊ ခွဲခြားတာ၊ ပယ်ကျင်တာ၊ နှိမ့်ချခေါ်ဆိုတာတွေဟာ ခွဲခြားဆက်ဆံတဲ့ အမူအကျင့်တွေပါ။ လူအများကလက်မခံတဲ့အပြုအမူပါ။ အဆိုးဆုံးက dating app တွေမှာ နွဲ့တဲ့သူ၊ဝတဲ့သူတွေ လာမပြောနဲ့ (not fat/no fem)လို့ရေးတာဟာ ရှက်စရာကောင်းတဲ့ အပြုမူပါ။

၆ ။ အသက်ကြီးတယ်ဆိုတာ ကိန်းဂဏန်းတစ်ခုတိုးသွားတာသာပါပဲ။

သင့်ကိုယ်သင် အသက်ကြီးပြီဆိုပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုကို ဘာမှသက်ရောက်မှုမရှိသင့်ပါဘူး။ ကိုယ့်အတွက်တော့ အတွေ့ကြုံများပြီး ပိုရင့်ကျက်လာတယ်ဆိုတဲ့ သဘောပါ။ အထူးသဖြင့် ကိုယ့်ထက်အသက်ကြီးတဲ့သူနဲ လိင်ဆက်ဆံတာကလည်း ကိုယ့်အတွက် အကျိုးကျေးဇူးရနိုင်တဲ့ အတွေ့ကြုံမျိုးပါ။ သူတို့က ကိုယ့်ထက်ပို ကျွမ်းကျင်မှုရှိတဲ့သူတွေဖြစ်တဲ့အတွက် ကိုယ်ပညာရပါတယ်။ ဒါကြောင့် ကိုယ့်ထက်အသက်ကြီးတဲ့သူတွေကို ခွဲခြားမဆက်ဆံပါနဲ့။

၇ ။ ကိုယ့်ရဲ့ HIV အခြေနေကို သိထားသင့်ပါတယ်။

ဒီခေတ်မှာ HIV ရှိတိုင်း AIDS ဖြစ်တဲ့အဆင့်ကို မရောက်တော့ပါဘူး။ စောစောစီးစီးသိရှိပြီး ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ခြင်းဖြင့် ပိုးအရေအတွက်ကို မရှိသလောက်ဖြစ်အောင် ထိန်းထားနိုင်ပြီး သက်တန်းစေ့နေထိုင်သွားနိုင်ပါပြီ။ ဒါကြောင့် ကိုယ်ဟာ လိင်ဆက်ဆံဖော်များပြီး HIV ပိုးကူးနိုင်တဲ့ အပြုအမူနေထိုင်မှုလုပ်နေသူတစ်ဦးဆိုရင် မသိကျိုးကျွန်လုပ်ပြီး မစစ်ပဲနေတာထက် စောစီးစွာသိရှိပြီး ပိုးသတ်နိုင်ရင် ကိုယ့်အသက်အန္တရာယ်ကို ကာကွယ်သလိုပါပဲ။ ဒါ့ကြောင့် ကိုယ့်လိင်ဆက်ဆံဖော်ရဲ့ HIV အခြေအနေကိုလည်း အမြဲတမ်း အားမနာပဲ မေးသင့်သလို ကိုယ့်ရဲ့ အခြေအနေကိုလည်း တာဝန်သိသိ စစ်ထားသင့်ပါတယ်။ ဘာပဲပြောပြော ကွန်ဒုံးသုံးဖို့ ဘယ်တော့မှ မမေ့ပါနဲ့။

၈ ။ လိင်တံတောင့်တင်းမှု မရခြင်းသည် လူငယ်လူလတ်ရွယ်များတွင်လည်း ဖြစ်တတ်လေ့ရှိတယ်။

ကျန်းမာပြီး ငယ်ရွယ်တဲ့ ယောက်ျားတွေအကြားမှာလည်း လိင်တံတောင့်တင်းမရခြင်းဖြစ်နိုင်ပါတယ်။ အဖြစ်များစေတဲ့ အကြောင်းတွေကတော့ အရက်အလွန်အကျွံသောက်သုံးခြင်း နှင့် စိတ်ဖိစီးခြင်းတို့ကြောင့် အဖြစ်များတတ်ကြပါတယ်။ စိုးရိမ်ကြောင့်ကြမှုကြောင့်လည်း တခါတရံ လိင်ဆက်ဆံချိန်မှာ တောင့်တင်းမှုမရနိုင်လည်းဖြစ်နိုင်ပါတယ်။ တခါတရံ လူသားတိုင်းကြုံရပြဿနာမျိုးမို့လို့ ကိုယ့်ကိုယ်ကို ဘာမှ စိတ်ဓာတ်ကျစရာမလိုပါ။ ဒါပေမယ့် ရေရှည်ကြာမြင့်လာရင် ဆို့တော့ ဆရာဝန်နဲ့ စစ်ဆေးမှုပြုလုပ်ဖို့လိုပါမယ်။

၉ ။ လိင်တူဆက်ဆံစဉ် အနံဆိုးများထွက်လာနိုင်တယ်။

တခါတရံ အနံ့အာရုံများကောင်းမွန်အောင်ပြုလုပ်ထားနိုင်သကဲ့သသို့ တခါတရံလည်း လိင်ဆက်ဆံနေစဉ် အနံဆိုးများထွက်လာနိုင်ပါတယ်။ ဒါက ဘာမှမဆန်းတဲ့အရာမို့ စိတ်ပျက်မသွားပါနဲ့။

၁၀ ။ လိင်ဆက်ဆံနေစဉ် အညစ်အကြေးများထွက်လာတတ်တာ မဆန်းပါ။

ဒါက သဘာဝသာဖြစ်ပါတယ်။ ဘာမှပူစရာ အရေးတယူလုပ်စရာမလိုပါ။ နှစ်ယောက်လုံး ပြုံပြီးသာ ရှင်းလင်းလိုက်ပါ။ 

၁၁ ။ လက်တွေ့လိင်ဆက်ဆံမှုမှာ သင်လိင်တံတင်းမာဖို့ ခက်ခဲနေလျှင် သင်လိင်ရုပ်ရှင်တွေကြည့်တာတွေရပ်ပါတော့။

လက်တွေ့ဘဝမှာ တခြားယောက်ျားတယောက်အတွက် ရင်မခုန်ပဲလိင်တံတောင့်တင်းဖို့ ခက်ခဲနေရင် သင့်လိင်ရုပ်ရှင်တွေထဲက ယောကျ်ားတွေရဲ့ ပြီးပြည့်စုံတဲ့ အမြင်အာရုံကို သင့်ဦးနှောက်က အရမ်းစွဲလမ်းနေလို့ပါ။ ဒါ့ကြောင့်လက်တွေ့မှာ ကိုယ့်အဖော်က ကိုယ်မျှော်လင့်နေသလို သူတို့ကဲ့သို့ပြီးမပြည့်စုံတဲ့အခါ လိင်စိတ်တက်ကြွမှု မရှိတာဖြစ်ပါတယ်။ ဒါ့ကြောင့် လိင်ရုပ်ရှင်တွေကို ခဏရှောင်ပြီး သင့်အာရုံတွေကို အစက ပြန်စဖို့လိုပါမယ်။

၁၂ ။ သူ့လိင်တံမတောင့်တင်းနိုင်တာ သင့်အမှားမဟုတ်ပါဘူး။ သူ့အမှားလည်းမဟုတ်ပါဘူး။

ဘာမှ အပြစ်ပြောစရာမလိုပါ။ တခါတရံ စိုးရိမ်တာများပြီး သူမတောင့်တင်းနိုင်တာဟာ သင်မလှလို့လည်းမဟုတ်ဘူး။ သူမကောင်းလို့လည်းမဟုတ်ပါ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုပါ။ ခဏနားပြီး ပြန်ကျိုးစားကြည့်ပေါ့။

၁၃ ။ မကြာမဏ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပါ။

သင် လိင်ဆက်ဆံဖော်များများနှင့် အမြဲတမ်းထိတွေ့နေသူဖြစ်လျှင် ကိုယ့်ကျန်းမာရေးအတွက် ခန္ဓာကိုယ်ကို အမြဲတမ်း ဆေးစစ်ဆေးမှုတွေပြုလုပ်သင့်ပါတယ်။

၁၄ ။ ဘဝတချိန်ချိန်မှာ တော်တော်ဆိုးဝါးတဲ့ လိင်ဆက်ဆံမှုကို တွေ့ကြုံရတာ မဆန်းပါ။

အကောင်းဆုံးအချိန်တွေရှိနေသလို ဆိုးတဲ့အချိန်လေးတွေရှိတာလည်း မဆန်းပါ။ မကောင်းတဲ့ လိင်ဆက်ဆံတာဖြစ်သွားတော့လည်း အတွေ့အကြုံရတာပေါ့။ နောက်တစ်ယောက်နဲ့ကျရင် ပိုကောင်းတာဖြစ်လာမှာပေါ့။ ဒါက ဘဝပါပဲ။

၁၅ ။ သုတ်ထုတ်လွှတ်လိုက်ပြီးတာနဲ့ လိင်ဆက်ဆံတာ ပြီးသွာတာမဟုတ်ပါဘူး။

တချို့သူတွေက သုတ်ထုတ်လွှတ်တာမြန်လို့ မြန်မြန်ပြီးသွားပြီး ကိုယ့်အဖော်ကိုအားနာနေတာမျိုး ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် တစ်ကြိမ်သုတ်ထုတ်လွှတ်လိုက်တာနဲ့ လိင်ဆက်ဆံတာဆုံးသွားစရာ မလိုပါဘူး။ တခြား ခန္ဓာကိုယ်အပိုင်းတွေနဲ့ အများကြီးလုပ်လို့ရတာတွေရှိပါတယ်။ လူနှစ်ဦး တရင်းတနှီး ခန္ဓာမျှဝေတဲ့နေရာမှာ နားလည်းမှု၊ ကျင်နာမှု နှင့် ယုယမှုတွေနဲ့ လိင်ဆက်ဆံလို့ရပါတယ်။

အယူမှားများ

၁ ။ ကွန်ဒုံးသုံးတိုင်း ဘာရောဂါမှမရတော့ဘူးဆိုတာ မဟုတ်ပါ။ 

ကွန်ဒုံးက ကုသရခက်ခဲပြီးဒုက္ခများတဲ့ ရောဂါကြီးတွေဖြစ်တဲ့ HIV တို့ ကာလသားရောဂါတို့ကို ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ ကွန်ဒုံးပြင်ပနေရာတွေမှာနေကြတဲ့ ရောဂါပိုးတွေဖြစ်တဲ့ ရေယုန်၊ ဝဲ၊ သန်း၊ နှင့် HPV အစရှိတဲ့ ရောဂါပိုးတွေကတော့ ကူးနိုင်သေးပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်ဆက်ဆံဖော်ရဲ့အကြောင်းကို ကောင်းကောင်းသိထားပါပဲ။

၂ ။ လိင်တံကြီးမှ ပိုကောင်းပါတယ်ဆိုတာ မဟုတ်ပါ။

မှားပါတယ်။ လိင်တံအရွယ်အစားက ဘာမှကို မဆိုင်ပါ။ bottom တွေအဖို့လည့် ဆီးကျိတ်က ခန္ဓာအတွင်းသုံးလက်မစာလောက်သာရှိတာမို့ လှုံဆော်မှုရရန် အရှည်ကြီးမလိုပါ။ လိင်တံကြီးပါက အမြင်အာရုံအရသာကြည့်ကောင်းပေမယ့် တကယ်လက်တွေ့မှ အရွယ်သေးတွေထက် ပိုမိုစွမ်းဆောင်နိုင်တာမျိုးမရှိပါ။ ကိုယ့်ကို ဂရုမစိုက်ပဲ အတင်းဆောင့်ရိုက်နေတဲ့ တကိုယ်ကောင်းဆန်တဲ့သူတွေနဲ့ တွေ့ရင် ကိုယ့်ကိုသာနာကျင်စေနိုင်တာသာ ထူးပါတယ်။

၃ ။ ကားပေါ်မှာ လိင်ဆက်ဆံရတာ မလွယ်ပါ။

ရုပ်ရှင်တွေထဲမှာ ကားပေါ်မှာလိင်ဆက်ဆံတာကို ကြည့်ရတာ ရင်ခုန်စရာကောင်းသလောက် တကယ်တမ်းတော့ မလွယ်ပါ။ နေရာအလုံအလောက်မရှိနိုင်ပါ။ ထိခိုက်နိုင်ပါသည်။ ကားမောင်းနေလျှင် အန္တရာယ်အများဆုံးမို့ ရှောင်သင့်ပါတယ်။

၄ ။ ရေထဲမှာလည်း လိင်ဆက်ဆံဖို့ မလွယ်ပါ။

ရေကန်/ရေကူးကန်ထဲ၊ ရေချိုးခန်းထဲမှာ လိင်ဆက်ဆံဖို့ တွေးကြည့်ပါက ရင်ခုန်စရာကောင်းသလောက် လက်တွေ့မှာ အမှန်တကယ်ဆက်ဆံဖို့ဆိုတာ မဖြစ်နိုင်ပါ။ သင့်ခန္ဓာကိုယ်မှာ ချောမွေ့တဲ့ပွတ်သပ်မှုဖြစ်ဖို့ကို ရေကတားဆီးထားနိုင်ပါတယ်။ အတူတူဆော့ကစားလို့သာရပါမယ်။

၅ ။ သင့်ကိုယ်သင် လိင်ရုပ်ရှင်မင်းသားတွေနဲ့ နှိင်းယှဉ်စရာမလိုပါ။

လိင်ရုပ်ရှင်မင်းသာတွေ ဘယ်လောက်ပြီးပြည့်စုံနေပစေ၊ ခန္ဓာရူပါကို လှပအောင်ထိန်းသိမ်းထားဖို့က သူတို့အလုပ်ပါ။ နောက်တစ်ခု လိင်ရုပ်ရှင်ဆိုတာဖန်တီးမှုပါ။ သူတို့လုပ်သမျှကို လက်တွေ့ဘဝမှာ လိုက်လုပ်စရာမလိုပါဘူး။

၆ ။ လိင်ဆက်ဆံရာမှာ အမြဲတမ်း ခပ်ကြမ်းကြမ်းသွားလာစရာ မလိုပါဘူး။

လိင်ရုပ်ရှင်တွေထဲမှာ သူတို့အားရပါးရ ခပ်ကြမ်းကြမ်း ရိုက်သွင်းနေတာမျိုးက တွေးကြည့်ရင်သာ အကောင်းတာပါ။ တကယ်လက်တွေ့မှ တစ်ဦးတစ်ယောက်ချင်းစီနဲ့သာဆိုင်တာပါ။ ကိုယ်စိတ်ပါလာလို့ ခပ်ကြမ်းကြမ်းလုပ်ခိုင်းလို့ ကိုယ်ကအဆင်ပြေနေရင် ပြဿနာမရှိပါဘူး။ ဒါပေမယ့် သူများရတိုင်း ကိုယ်ရမယ်လို့ ပြောလို့မရပါ။ ကိုယ့်ကို နာကျင်စေရင် လုံးဝ မလုပ်သင့်ပါ။ ပြီးတော့ လုပ်နေတဲ့ သူအနေနှင့်လည်း ကိုယ့်ကြောင့် သူများကို နာကျင်စေအောင် မလုပ်သင့်ပါဘူး။ ကိုယ်ချင်းစာတတ်ပါ။ ကျင်နာတတ်ပါ။ ကိုယ့်လိင်ဆက်ဆံဖော်ကို ယုယပါ။ ဒါမှသာ ကောင်းမွန်တဲ့ လိင်ဆက်ဆံမှုကို ရရှိပါမယ်။

၇ ။  HIV ရတိုင်း ကမ္ဘာပျက်တာမျိုး မဟုတ်ပါဘူး။

ယနေ့ခေတ်မှာ ကိုယ် HIV  ရှိနေမှန်းသိရင် ဆေးတွေက ပိုးကောင်ရေ မရှိသလောက်ဖြစ်အောင် ထိန်းထားလို့ရပါတယ်။ HIV ရှိလည်း သက်တန်းစေ့နေနိုင်သလို ချစ်သူနဲ့လည်း အသက်ထက်ဆုံးနေသွားလို့ရပါပြီ။ ဒါပေမယ့် အဲ့လိုဖြစ်တိုင်း ကူးချင်ကူးပစေဆိုပြီး လုပ်ရမယ်လို့ မဆိုလိုပါ။ ဘေးကင်းတဲ့ လိင်ဆက်ဆက်မှုကို အမြဲကျင့်သုံးပါ။

၈ ။ လိင်ဆက်ဆံသူနှစ်ယောက်စလုံး HIV ရှိနေရင် ဘာအကာကွယ်မှမလိုတော့ဘူးလို့ လုပ်လို့မရပါဘူး။

HIV ရှိနေသူတစ်ယောက်က တခြား HIV ရှိတဲ့သူဘယ်သူနဲ့မဆို ကြိုက်သလိုလုပ်လို့ရပြီဆိုတာမျိုးက မှားပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်မှာရှိတဲ့ HIV ဗီဇအမျိုးအစားမတူကြပါ။ သူ့ဗီဇကိုယ့်ထဲကိုယ်ဝင်လာရင် အစက ပြန်ကုရပါလိမ့်မယ်။ ဒါ့ကြောင့် အကာအကွယ်သုံးဖို့ လိုကိုလိုပါတယ်။

၉ ။ Grindr လို app  တွေပေါ်မှာ ရှိနေတဲ့လူတိုင်း တစ်ညတာအိပ်ဖို့ (one night stand) စိတ်ဝင်စားတဲ့လူတွေ မဟုတ်ကြပါဘူး။

ဒီလို app တွေက လိင်တူချစ်သူတွေကို လုံခြုံစိတ်ချစွာ တစ်ဦးကိုတစ်ဦး ချိတ်ဆက်နိုင်အောင် ပြုလုပ်ပေးနေတဲ့ နည်းပညာတွေပါ။ လိင်တူချစ်သူများအတွက် လူမှုကွန်ရက်တစ်ခုပေါ့်။ အဲ့ဒီမှာရှိနေတဲ့လူတိုင်းက လိင်ဆက်ဆံဖို့ လူလိုက်ရှာနေမျိုး ဟုတ်ချင်မှဟုတ်မှာပါ။ တချို့လူတွေကတော့ တခြားနည်းလမ်းမရှိလို့၊ မသိလို့ Grindr လို app မျိုးကို ရောက်နေတာပါလည်း ဖြစ်နိုင်တာပဲ။ လိင်ဆက်ဆံဖော်များတာမျိုးကို မကြိုက်တဲ့သူရှိသလို ဘဝလက်တွဲဖော်ရှာနေသူတွေလည်းရှိနိုင်ပါတယ်။ ဒါကြောင့် သုံးနေတဲ့သူတိုင်းကို ကိုယ်နဲ့လိင်ဆက်ဆံမယ့်သူလို့ အပိုင်မတွက်ပါနဲ့။ မေးမြန်းပါ။ သဘောတူညီမှု ရယူပါ။ လူတစ်ဦးနဲ့တစ်ဦး အပြင်မှာမြင်နေရတာမျိုးမဟုတ်ပေမဲ့လည်း တဖက်သားကို လေးစားမှုနဲ့ ခင်မင်ဖွယ်ကောင်းတဲ့ လိင်တူချစ်သူကွန်ရက်အသိုင်းအဝိုင်းကို တည်ထောင်ကြပါစို့။

၁၀ ။ မတောင်းပဲနဲ့ လိင်ပုံတွေမပို့ပါနဲ့။

Grindr လို app မျိုးတွေမှာ လိင်ပုံတွေပို့တာက ကြည့်ချင်တဲ့သူတွေအတွက်သာ ပျော်ဖို့ကောင်းတာပါ။ တဖက်က ကိုယ်မသိတဲ့ လူတစ်ယောက်ကို မတောင်းပဲနဲ့ ပို့တာမျိုးက ရိုင်းပါတယ်။ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုမျိုးသာဖြစ်ပါတယ်။

နောက်ဆုံးအရေးကြီးဆုံးနှစ်ချက်ကတော့ 

 ၁။  လူနှစ်ဦးအကြား ခန္ဓာနှီးနှောသွားလာရာမှာ စိတ်ဆန္ဓဆိုသည်မှာ အလွန်အရေးကြီးပါသည်။

တစ်ဦးက ခွင့်မပြုသည့် ကိစ္စကို နောက်တစ်ယောက်က ဘာမှရှေ့ဆက်တိုးခွင့်မရှိပါ။ သင်စိတ်မပါပဲနဲ့ မစခင်ပဲဖြစ်စေ ဘယ်အဆင့်ပဲရောက်နေပစေ သင့်မှာ ရပ်တော့ဟုပြောနိုင်ခွင့်ရှိသည်။ သင့်ခန္ဓာသင့်ဆုံးဖြတ်ခွင့်သာဖြစ်သည်။ လူနှစ်ဦးကြည်ဖြူသဘောတူမှသာ လိင်ဆက်ဆံမှုဖြစ်သင့်သည်။

၂။ လေးစားပါ

ယောက်ျားချင်းပဲဖြစ်စေ လိင်ဆက်ဆံသည်ဆိုသည်မှာ လူနှစ်ဦးကြား အရင်းနှီးဆုံး အခြေအနေကို ရောက်ရှိခြင်းဖြစ်ပြီး နှစ်ဦးအတူခန္ဓာဖြင့်သုခရှာဖွေခြင်းဖြစ်သည်။ ခန္ဓာကိုယ်ဆိုသည်မှာ ပစ္စည်းတစ်ခုလို အသုံးပြုစရာမဟုတ်ပါ၊ နှိမ့်ချစရာမဟုတ်ပါ၊ မတရားပြုလုပ်စရာလဲမဟုတ်ပါ။ မိမိသည် ကိုယ့်ခန္ဓာကိုယ်ကို ချစ်မြတ်နှိုးသလို သူတပါး၏ ခန္ဓာကိုယ်ကိုလည်း လေးစားပါ။ လူနှစ်ဦးအကြား ဆက်ဆံရေးကို လေးစားမှု၊ ရိုးသားမှု၊ ယုံကြည်မှုတို့ဖြင့် တည်ဆောက်ပါ။ သို့မှသာ နှစ်ဦးသား ပျော်ရွင်ကောင်းမွန်တဲ့ အတွေ့အကြုံကိုရရှိမည်သာဖြစ်သည်။

အားလုံးပဲ ပျော်ရွင်ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

0 comments

ကမ္ဘာတစ်ဝှမ်းက စိတ်ကြည်နူးဖွယ် လိင်တူချစ်သူ လက်ထပ်ဓာတ်ပုံများ

အချစ်မေတ္တာဆိုတာ အသားအရောင်၊​ လူမျိုး၊​ ဘာသာ၊​ ယဉ်ကျေးမှု၊​ ကျားမ၊​ အသက်အရွယ် တို့ကို မခွဲခြားပါဘူး။ ကျွနု်ပ်တို့အားလုံး အသဲနှလုံး၊ ချစ်ခြင်းမေတ္တာနှင့် ပျော်ရွှင်မှုကိုရယူလိုချင်ကြတာကြီးပါပဲ။ ကိုယ်ချစ်ရတဲ့ ဘဝလက်တွဲဖော်နဲ့ တစ်သက်သာပေါင်းသင်းဖို့ဆုံးဖြတ်လိုက်ပြီးနောက် အဲ့ဒီပျော်ရွင်ပျော်ရွှင်ဖွယ် အချိန်လေးကို ခန်းနားစွာကျင်းပပြီး ဝင့်ကြွားစွာ ကိုယ့်မိသားစုမိတ်ဆွေကိုအသိပေးတာက လက်ထက်ရခြင်းရဲ့ အကြောင်းတစ်ခုပါပဲ။ ကျနော်တို့ လိင်တူချစ်သူများဟာလည်း အားလုံးနဲ့အတူ ကိုယ့်ဘဝလက်တွဲဖော်နဲ့ အဲ့လို ကြည်နူးဖွယ်နေ့ထူးလေးကို ပိုင်ဆိုင်ချင်ကြပါတယ်။ အခုစုဆောင်းပေးလိုက်တဲ့ ဓာတ်ပုံတွေကတော့ ကမ္ဘာတစ်ဝှမ်းက လိင်တူချစ်သူများ သူတို့ရဲ့ လက်ထပ်မင်္ဂလာအတွက် ရိုက်ထားတဲ့ လုပတဲ့မြင်ကွင်းလေးတွေပဲဖြစ်ပါတ​ယ်။​ ဝါကျွတ် ရုံးပိတ်ရက်အတွင်းလုလင်မဂ္ဂဇင်း စာဖတ်သူများလည်း စိတ်ကြည်နူးစေဖို့ရာ အပျင်းကြည့်ဖို့ စုဆောင်းဖော်ပြပေးလိုက်ပါတယ်။

























One year ago today, @johnhalbach and I said "I do" at Keys View in Joshua Tree National Park. Today, we drove out to the same spot to look out at the San Jacinto mountains and the Salton Sea, braving a rainstorm in the desert to say "I still do." I was struck by how perfect a metaphor for marriage it was, to find happiness in the midst of turmoil, to stick through adversity together, to cherish the past and look toward the future. It's a little corny, but I think it's more important than ever to appreciate these moments in the tumultuous time we are occupying in this country. I am so grateful to have found the love of my life, someone I can navigate this road with, the kindest man I know, a man that inspires me to be a better person, to treat others better, to treat myself better. I'm also grateful to our pal @cathybaroness for capturing our wedding so beautifully -- so grateful to have such great pictures to help us remember the day!
A post shared by Kit (@kitwilliamson) on


A post shared by Tal Gilboa Rabani (@talgilboa) on






A post shared by Shine Dharan (@world_of_shine) on






A post shared by Neil Thomas Douglas (@neilthomasdouglas) on


0 comments

အရစ္စတိုတယ် နှင့် ဒန်တေ တို့ စကြဝဠာ၏ လျှို့ဝှက်ချက်များကို ရှာဖွေတွေ့ရှိခဲ့ကြသည် (အခန်း - ၁)

ကျွန်တော်တို့တတွေ ဘာကြောင့် ပြုံးကြတာလဲ။ ဘာကြောင့် ရယ်ကြတာလဲ။ ဘာကြောင့် အထီးကျန်ဆန်သလို ခံစားကြရတာလဲ။ ကျွန်တော်တို့ ဘာကြောင့် ဝမ်းနည်းတွေဝေကြတာလဲ။ ဘာကြောင့် ကဗျာတွေဖတ်ကြသလဲ။ ပန်းချီကားတစ်ချပ်ကို မြင်တဲ့အခါ ကျွန်တော်တို့ ငိုမိတာ ဘာကြောင့်လဲ။ ကျွန်တော်တို့ ချစ်မိတဲ့အခါ နှလုံးသားထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်တာ ဘာကြောင့်လဲ။ ကျွန်တော်တို့ ဘာကြောင့် အရှက်တရားကို ခံစားကြတာလဲ။ အဇ္စျတ္တထဲက စိတ်ဆန္ဒဆိုတဲ့အရာက ဘာကြီးလဲ။
နွေရာသီ၏ စည်းကမ်းချက်များ

ပြဿနာကတော့ ကျွန်တော့်ဘဝဟာ တခြားသူတစ်ယောက်ရဲ့ အကြံအစည်၊ အတွေးအမြင်ဖြစ်နေတာပါပဲ။

တစ်

ကျွန်တော် နိုးလာတဲ့အခါ လောကကြီးက တစ်မျိုးတစ်ဖုံပြောင်းလဲသွားမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ တစ်ခုသောနွေညမှာ ကျွန်တော် အိပ်ပျော်သွားခဲ့တယ်။ မနက်ရောက်လို့ ကျွန်တော့်မျက်လုံးတွေ ဖွင့်လိုက်တဲ့အခါ အရာရာဟာ အရင်အတိုင်းပဲ၊ ဘာမှပြောင်းလဲမသွားဘူး။

ပြတင်းပေါက်ကနေဝင်လာတဲ့နေရှိန်တွေကြောင့် ကျွန်တော် စောင်တွေကို ခွာချလိုက်တယ်။ ပြီးတော့ ဆက်လှဲနေလိုက်တယ်။

ကျွန်တော့်လက်က ရေဒီယိုခလုတ်ပေါ်ရောက်သွားတယ်။ ရေဒီယိုမှာ “တစ်ယောက်တည်း” ဆိုတဲ့သီချင်း လာနေတယ်။ လခွမ်း ။ Heart ဆိုတဲ့ အဆိုတော်အဖွဲ့ရဲ့ “တစ်ယောက်တည်း” ဆိုတဲ့သီချင်း။ ကျွန်တော်ကြိုက်တဲ့သီချင်းမဟုတ်ဘူး။ ကျွန်တော်ကြိုက်တဲ့အဆိုတော်အဖွဲ့လည်းမဟုတ်ဘူး။ ကျွန်တော်ကြိုက်တဲ့အကြောင်းအရာလည်းမဟုတ်ဘူး။ “ငါ ဘယ်လောက်စောင့်နေခဲ့ရတယ်ဆိုတာ မင်းမသိဘူး . . .”

ကျွန်တော့်အသက် ဆယ့်ငါးနှစ်။

ကျွန်တော်ဟာ ငြီးငွေ့နေတယ်။

ကျွန်တော်ဟာ စိတ်ပျက်စရာကောင်းနေတယ်။

နေက ကောင်းကင်အပြာရောင်ကြီးကို အရည်ဖျော်ပစ်ဖို့ ကောင်းတယ်။ ဒါမှ ကောင်းကင်ကြီးလည်း ကျွန်တော့်လို စိတ်ပျက်စရာကောင်းသွားမှာ။

ရေဒီယိုတင်ဆက်သူက သောက်ရေးမပါတာတွေ လျှောက်ပြောနေတယ်။ “နွေရာသီရောက်ခဲ့ပါပြီ။ အပြင်မှာတော့ ပူနေမှာပဲ” ဆိုတာမျိုးတွေပေါ့။ အဲဒီ့နောက် သူ လုန်းရိန်ဂျာတီးလုံးကို ဖွင့်တယ်။ မနက်တိုင်းဖွင့်နေကျပဲ။ အဲဒါက မနက်ခင်းမှာ လောကကြီးကို လှုပ်နိုးဖို့ အထာကျတယ်လို့ ထင်လို့နေမှာပေါ့။ “ဟေးရို့ … ဆေးလ်ဗား!” ဘယ်သူကများ ဒီလိုလူကို အလုပ်ခန့်လိုက်ပါလိမ့်။ တကယ်စိတ်လေတယ်။ ဝီလျံတဲလ်တေးသွားအဖွင့်ကို နားထောင်နေတုန်းမှာ လုန်းရိန်ဂျာနဲ့ တွန်တို တို့ ကန္တာရထဲမှာ မြင်းစီးနေတာကို မြင်ယောင်နေရမယ်ထင်တယ်။ ကျွန်တော်တို့တွေ ဆယ်နှစ်ငါးကလေးတွေမဟုတ်တော့ဘူးလို့ တစ်ယောက်ယောက်က ရေဒီယိုတင်ဆက်သူကို သွားပြောမှပါ။ “ဟေးရို့ … ဆေးလ်ဗား!” ချီးထုပ်ပဲ။ ရေဒီယိုတင်ဆက်သူ လေလှိုင်းပေါ် ရောက်လာပြန်တယ်။ “အယ်လ်ပဆိုရေ … ထတော့ဟေ့။ ဒီနေ့ တနင်္လာနေ့လေ။ ၁၉၈၇ ဇွန်လ ဆယ့်ငါးရက်နေ့လေ။ ၁၉၈၇ ခုနှစ်လေ။ ယုံနိုင်ကြရဲ့လား။ ဒီနေ့မှာ အသက်ငါးဆယ်ပြည့်တဲ့ ဝေးလွန်ဂျန်နင်းစ် အတွက် ဟက်ပီးဘက်ဒေးပါခင်ဗျား” ဝေးလွန်ဂျန်နင်းစ် ဟုတ်လား။ ဒါ ရော့ခ်ဂီတအသံလွှင့်ရုံလေကွာ။ ဘက်ဒီဟိုလီ နဲ့ ရစ်ချီဗယ်လန်စ် တို့ ဆုံးသွားတဲ့ ၁၉၅၉ ခုနှစ်က လေယာဉ်ပျံကျမှုမှာ ဝေးလွန်ဂျန်နင်းစ် ဘယ်လို အသက်ရှင်ကျန်ရစ်ခဲ့သလဲဆိုတဲ့အကြောင်း ပြောပြနေတယ်။ အဲဒီ့နောက် သူ Los Lobos ပြန်ဆိုတဲ့ “La Bamba” ကို ဖွင့်တယ်။

“La Bamba” ကျွန်တော် ခံစားလို့ရတဲ့ သီချင်းပဲ။

ကျွန်တော် သစ်သားကြမ်းပြင်ကို ခြေဖဝါးနဲ့ ပုတ်တယ်။ စည်းချက်အတိုင်း ခေါင်းကို ခါရမ်းနေတုန်း လေယာဉ်ပျံ မြေပြင်ပေါ်ထိုးမကျခင်ရဲ့ ခေါင်းထဲ ဘာတွေများတွေးနေခဲ့မလဲ သိချင်လာတယ်။ ဟေး ကောင်လေး၊ တေးဂီတက အဆုံးသတ်သွားပြီ။

မကြာခင်ပြီးဆုံးတော့မယ့် ဂီတအတွက်။ အစပျိုးခါရှိသေး အဆုံးသတ်သွားရတော့မယ့် ဂီတအတွက်။ သိပ်ဝမ်းနည်းဖို့ကောင်းတာပဲ။

နှစ်

ကျွန်တော် မီးဖိုချောင်ထဲ လျှောက်လာခဲ့တယ်။ အမေ ကက်သလစ်ဘုရားကျောင်းကမိတ်ဆွေတွေနဲ့ သွားတွေ့ဖို့ နေ့လယ်စာပြင်နေတယ်။ ကျွန်တော် လိမ္မော်ရည်တစ်ခွက် ငှဲ့တယ်။

အမေက ကျွန်တော့်ကို ပြုံးပြတယ်။ “ဂွတ်မောနင်းလို့ ပြောတော့ပြောဦးမှာလား”
“ပြောရင်ကောင်းမလား စဉ်းစားနေတယ်” လို့ ကျွန်တော်ပြန်ဖြေလိုက်တယ်။

“ဟုတ်ပါပြီ။ အနည်းဆုံးတော့ မင်း အိပ်ရာထဲကနေ ကုန်းရုန်းထခဲ့သေးသားပဲ”

“အဲဒါလည်း အကြာကြီးစဉ်းစားလိုက်ရသေးတယ်”

“ဘာအကြောင်းလဲ။ ကောင်လေးတွေနဲ့ အိပ်စက်ခြင်း အကြောင်းလား”

“ကျွန်တော်တို့ကောင်လေးတွေက အိပ်တဲ့နေရာမှာ တော်ကိုတော်တာပါ” အမေ ရယ်တယ်။ “ကျွန်တော် အိပ်နေတာမဟုတ်ပါဘူး။ ‘La Bamba’ နားထောင်နေတာ”

“ရစ်ချီဗယ်လန်စ် ပေါ့” အမေက ခပ်တိုးတိုးရေရွတ်တယ်။ “တကယ်ဝမ်းနည်းစရာပဲ”

“အမေ့ရဲ့ ပက်စီကလိုင်းလိုပေါ့”

အမေ ခေါင်းညိမ့်တယ်။ အမေ တစ်ခါတစ်လေ အဲဒီ့ “Crazy” ဆိုတဲ့သီချင်းကိုဆိုနေတာ ကျွန်တော်ကြားဖူးတယ်။ အဲဒီ့အခါ ကျွန်တော် ပြုံးမိတယ်။ အမေလည်း လိုက်ပြုံးတတ်တယ်။

နှစ်ယောက်တည်းသိတဲ့ လျှို့ဝှက်ချက်တစ်ခုအတိုင်းပဲ။ အမေက အသံကောင်းတယ်။

“လေယာဉ်ပျက်ကျတာ” အမေ ခပ်ဖွဖွရေရွတ်တယ်။ အမေ ကျွန်တော့်ကို ပြောနေတယ်ဆိုတာထက် သူ့ကိုယ်သူပြန်ပြောနေတာလို့ ကျွန်တော် ထင်တယ်။

“ရစ်ချီဗယ်လန်စ်ဟာ ငယ်ငယ်ရွယ်ရွယ်လေး ဆုံးသွားတာဟုတ်ချင်ဟုတ်မယ်။ ဒါပေမယ့် သူက တစ်ခုခု လုပ်ပြနိုင်ခဲ့တယ်။ ကျွန်တော်ဆိုလိုချင်တာက သူ တစ်ခုခုကို တကယ်လုပ်ပြနိုင်ခဲ့တယ်။ ကျွန်တော်ရော။ ကျွန်တော် ဘာလုပ်ခဲ့ပြီးပြီလဲ”

“မင့်မှာ အချိန်ရှိပါသေးတယ်” အမေကပြောတယ်။ “အချိန်တွေ အများကြီးကျန်ပါသေးတယ်”

ထာဝရအကောင်းမြင်ဝါဒီပဲ။

“အရင်ဆုံးတော့ လူရာဝင်အောင် ကြိုးစားရမှာ” လို့ ကျွန်တော် ပြောလိုက်တယ်။

အမေက အဖြစ်သည်းတတ်ရန်ကောလို့ ကြည့်တယ်။

“ကျွန်တော် ဆယ့်ငါးနှစ်ရှိနေပြီ”

“မင့်အသက်ဘယ်လောက်မှန်း ငါသိနေတာပဲ”

“ဆယ့်ငါးနှစ်အရွယ်ချာတိတ်တွေကို လူရာမသွင်းကြပါဘူးဗျာ”

အမေ ရယ်တယ်။ သူက အထက်တန်းကျောင်းဆရာမ။ သူ ကျွန်တော့်အမြင်ကို တစ်ဝက်တော့သဘောတူတယ်ဆိုတာ ကျွန်တော်သိတယ်။

“ဒီနေ့ တွေ့ဆုံပွဲက ဘာအတွက်လဲ”

“အာဟာရဘဏ် ပြန်ထူထောင်မလို့”

“အာဟာရဘဏ်ဟုတ်လား”

“လူတိုင်း နပ်မှန်အောင်စားသောက်နိုင်သင့်တယ်လေ”

အမေက လူဆင်းရဲတွေနဲ့ပတ်သက်ရင် မနေနိုင်ဘူး။ အရင်တုန်းကလည်း ဒီအတိုင်းပဲ။ သူက ကျွန်တော် ဘယ်တော့မှမသိနိုင်တဲ့ ဆာလောင်မှုအကြောင်းတွေကို သိတယ်။

“ဟုတ်တာပေါ့။ ကျွန်တော်လည်း အဲဒီ့လိုယူဆပါတယ်”

“မင်း ငါတို့ကို လာကူနိုင်တာပဲ”

“ကောင်းပြီလေ” လို့ ကျွန်တော် ပြန်ဖြေလိုက်တယ်။ ကျွန်တော် စေတနာ့ဝန်ထမ်းလုပ်ရတာကို မုန်းတယ်။ ပြဿနာကတော့ ကျွန်တော့်ဘဝက တခြားသူတစ်ယောက်ရဲ့ အကြံအစည်၊ အတွေးအမြင် ဖြစ်နေရတာပဲ။

“ဒီနေ့ မင်း ဘာလုပ်မှာလဲ” စိန်ခေါ်မှုတစ်ခုအတိုင်းပဲ။

“ကျွန်တော် ဂိုဏ်းတစ်ခုထဲ ဝင်မလို့”

“ဟာသလုပ်စရာမဟုတ်ဘူး”

“ကျွန်တော်က မက်ဆီကန်လေ။ ဂိုဏ်းတစ်ခုခုထဲဝင်တာ မက်ဆီကန်တွေအလုပ်ပဲမို့လား”

“မရယ်ရဘူး”

“ဟုတ်ပ မရယ်ရဘူး” လို့ ကျွန်တော် လိုက်ပြောတယ်။ အိုခေလေ၊ မရယ်ရဘူးဆိုတော့လည်း မရယ်ရဘူးပေါ့။

ကျွန်တော် အိမ်အပြင်ထွက်ချင်လာတယ်။ သွားစရာတစ်နေရာရာရှိလို့တော့မဟုတ်ဘူး။

အိမ်ကို ဘုရားကျောင်းက အမေ့မိတ်ဆွေတွေလာရင် ကျွန်တော် နေရကျပ်တယ်။ သူတို့တွေက ငါးဆယ်ကျော်တွေမို့လို့တော့ မဟုတ်ဘူး။ သူတို့မျက်စိရှေ့တင် ကျွန်တော်လူကြီးဖြစ်လာတာ ဘယ်လောက်မြန်သလဲဆိုတဲ့ မှတ်ချက်တွေကြောင့်လည်း မဟုတ်ဘူး။ ဆိုလိုချင်တာက ကြားလိုက်တာနဲ့ သောက်ရေးမပါတာတွေပြောနေပြီဆိုတာ ကျွန်တော်တန်းသိတယ်။ သူတို့မျက်စိရှေ့တင် ကျွန်တော် ဘယ်လို လူကြီးဖြစ်လာခဲ့တာဘာညာပြောတဲ့ မှတ်ချက်တွေကြောင့် မဟုတ်ပါဘူး။ ပြောချင်တာက ကျွန်တော် တစ်ခုခုကြားရင် ချီးထုပ်ဟုတ်ဟုတ်သိတယ်။ ချီးထုပ်ဆိုပေမယ့် ချစ်ဖို့ကောင်းတဲ့ အရှုပ်အထုပ်ပါပဲ။ ကျွန်တော့်ပခုံးကို ဆွဲကိုင်ပြီး ပြောကြတာကို သည်းခံလို့ရပါတယ်။ “ကြည့်ရအောင်။ အို ကောင်လေးက အချောလေးပဲ။ ဖအေတူလေးပဲ” ကြည့်စရာလည်း မရှိပါဘူး။ ကျွန်တော်ဟာ ကျွန်တော်ပဲဟာ။ အင်းလေ၊ ကျွန်တော် အဖေနဲ့တူတယ်ဆိုတာ ဟုတ်တယ်လေ။ အဲဒါ အထွေအထူးပြောစရာကိစ္စမှမဟုတ်တာ။

ကျွန်တော့်ကို စိတ်ရှုပ်စေတာက အမေ့မှာ ကျွန်တော့်ထက် မိတ်ဆွေပိုများနေတဲ့အချက်ပဲ။ ဘယ်လောက်ဝမ်းနည်းဖို့ကောင်းလိုက်သလဲ။

ကျွန်တော် မန်မိုရီယယ်ပန်းခြံရေကူးကန်မှာ ရေသွားကူးဖို့ ဆုံးဖြတ်လိုက်တယ်။ အသေးအဖွဲကိစ္စပဲ။ ဒါပေမယ့် အနည်းဆုံးတော့ ဒါက ကျွန်တော့်ကိုယ်ပိုင်အကြံအစည်ဟုတ်နေသေးတယ်။

ကျွန်တော် တံခါးပေါက်ဆီလျှောက်အသွားမှာ အမေ ကျွန်တော့်ပခုံးပေါ်က တဘက်အဟောင်းကို ယူပြီး ပိုကောင်းတဲ့တစ်ထည်နဲ့ လဲပေးတယ်။ အမေ့မှာ တဘက် နဲ့ပတ်သက်လို့ စည်းကမ်းချက်တွေ ရှိပြီးသား။

ကျွန်တော်တော့ နားမလည်ဘူး။ ပြီးတော့ စည်းကမ်းချက်တွေက တဘက်တွေမှာတင် ရပ်မသွားဘူး။
အမေက ကျွန်တော့်တီရှပ်ကို တစ်ချက်ရှိုးတယ်။

အမေ့အကြည့်ထဲမှာ ခွင့်မပြုမယ့်အရိပ်အယောင်တွေကို ကျွန်တော် တွေ့လိုက်တယ်။ အမေ ကျွန်တော့်ကို သွားမလဲခိုင်းခင် ကျွန်တော် ပြန်ကြည့်ပေးလိုက်တယ်။ “ဒါ ကျွန်တော်အကြိုက်ဆုံးတီရှပ်လေ”

“မနေ့က ဝတ်ပြီးသားကြီးမို့လား”

“ဟုတ်တယ်” လို့ ကျွန်တော် ပြန်ဖြေတယ်။ “အဲဒါ ကားလို့စ်စန်တာနားလေ”

“အဲဒါ ဘယ်သူလဲ ငါသိပါတယ်” လို့ အမေက ပြောတယ်။

“အဖေ ကျွန်တော့်မွေးနေ့တုန်းက လက်ဆောင်ပေးထားတာ”

“ငါသိရသလောက် အဲဒီ့လက်ဆောင်ကို ဖွင့်ဖောက်တုန်းက မင်း အဲလောက်ကြီးကြိုက်ပုံလည်းမပေါ်ပါဘူး”

“ကျွန်တော်က တခြားတစ်ခုခုကို မျှော်လင့်ထားလို့လေ”

“ဘယ်လိုတခြားတစ်ခုခုလဲ”

“မပြောတတ်ဘူး။ တခြားတစ်ခုခုပေါ့။ မွေးနေ့လက်ဆောင်က တီရှပ်တစ်ထည်ဆိုတာကတော့ …”

ကျွန်တော် အမေ့ကို ကြည့်တယ်။ “ကျွန်တော် အဖေ့ကို နားမလည်ဘူး”

“သူ အဲဒီ့လောက်သိရမခက်ပါဘူး၊ အေရီ”

“သူက စကားလည်း မဟဘူး”

“တစ်ခါတစ်လေ လူတွေ စကားပြောတဲ့အခါ အမှန်ကို အမြဲတမ်းမပြောကြပါဘူး”

“ဟုတ်ပါပြီ။ ဘာပဲပြောပြော၊ ဒီတီရှပ်ကို ခု ကျွန်တော် တကယ်သဘောကျနေတာပဲ”

“ငါ ခုသိပါပြီ” အမေ ပြုံးနေတယ်။

ကျွန်တော်လည်း ပြုံးနေတယ်။ “အဖေ သူ့ပထမဆုံးရှိုးပွဲမှာ ဝယ်လာခဲ့တာ”

“ငါလည်း ပါတာပဲ။ မှတ်မိတာပေါ့။ တီရှပ်က နွမ်းဖတ်ညစ်ထပ်နေပါပြီ”

“ကျွန်တော် အတည်ပြောနေတာ”

“အေးပါ”

“အမေ၊ နွေရာသီရောက်ပြီနော်”

“ဟုတ်တယ်။ နွေရောက်ပြီ”

“စည်းကမ်းချက်တွေ” လို့ ကျွန်တော်ပြောတယ်။

“စည်းကမ်းချက်တွေ” အမေသံယောင်လိုက်တယ်။

ကျွန်တော် နွေရာသီရဲ့စည်းကမ်းချက်အမျိုးမျိုးကို သဘောကျတယ်။ အမေကလည်း သည်းညည်းခံပါတယ်။
အမေ အနားရောက်လာပြီး ကျွန်တော့်ဆံပင်ကို သူ့လက်ချောင်းတွေနဲ့ သပ်ပေးတယ်။ “ဒီတီရှပ်ကို မနက်ဖြန်မဝတ်တော့ဘူးလို့ ကတိပေးစမ်းပါ”

“အိုခေ။ ကျွန်တော် ကတိပေးတယ်။ ဒါပေမယ့် အမေလည်း ဒီတီရှပ်ကို အခြောက်ခံစက်ထဲ မထည့်ပါဘူးလို့ ကတိပေးရမယ်”

“အင်း … ဒီဟာကို မင်းဖာသာလျှော်ခိုင်းမှထင်တယ်” အမေ ကျွန်တော့်ကို ပြုံးပြတယ်။ “ရေမနစ်စေနဲ့နော်”

ကျွန်တော် ပြန်ပြုံးပြတယ်။ “နစ်ခဲ့ရင်လည်း ကျွန်တော့်ခွေးလေးကို သူများပေးမပစ်ပါနဲ့”

ခွေးကိစ္စက ဟာသလုပ်တာပါ။ ကျွန်တော်တို့အိမ်မှာ ခွေးမမွေးထားပါဘူး။

အမေ ကျွန်တော့်ဟာသကို နားလည်တယ်။ ကျွန်တော်လည်း အမေ့ဟာသကို ပေါက်တယ်။

ကျွန်တော်တို့နှစ်ယောက် အဲဒီ့လို အတိုင်အဖောက်ညီကြတယ်။ အမေက သိရမခက်လို့တော့ မဟုတ်ဘူး။

အဖေဘာကြောင့် အမေ့ကို ချစ်သွားခဲ့သလဲဆိုတာကို ကျွန်တော် လုံးဝနားလည်တယ်။ အမေ အဖေ့ကို ဘာကြောင့်ချစ်သွားခဲ့သလဲဆိုတာတော့ ကျွန်တော့်အတွက် ခုချိန်ထိ ပုစ္ဆာတစ်ပုဒ်ပဲ။ ကျွန်တော် ခြောက်နှစ်ခုနစ်နှစ်သားလောက်တုန်းက အဖေ့ကို စိတ်ဆိုးဖူးတယ်။ ကျွန်တော် သူ့ကို ကျွန်တော်နဲ့ကစားစေချင်တာကို လျစ်လျူရှုထားခဲ့လို့လေ။ ကျွန်တော့်ကို ဖုတ်လေတဲ့ငါးပိလို့တောင် သဘောထားပုံမပေါ်ဘူး။ ကျွန်တော်လည်း ချာတိတ်တုန်းက ဒေါသနဲ့ အမေ့ကို မေးတာပေါ့။ “အမေ ဒီလိုလူကို ဘာလိုလုပ် လက်ထပ်ခဲ့ရတာလဲ”

အမေက ပြုံးပြီး ကျွန်တော့်ဆံပင်ကို လက်နဲ့သပ်ပေးတယ်။ အဲဒါ အမေ့အကျင့်ပဲ။ အမေက ကျွန်တော့်မျက်လုံးထဲ တည့်တည့်ကြည့်ပြီး အေးအေးဆေးဆေးပြန်ဖြေတယ်။ “မင့်အဖေက လှတယ်လေ” အမေ မတွန့်ဆုတ်၊ မတွေဝေဘဲ ဖြေတယ်။

အဲဒီ့အလှတရားတွေ ဘာဖြစ်သွားသလဲ အမေ့ကို မေးချင်ခဲ့တယ်။

သုံး

ကျွန်တော် နေပူကြီးထဲ ထွက်လာခဲ့တယ်။ ပုတ်သင်ညိုတွေတောင် အိမ်တွင်းအောင်းနေကြတယ်။ ငှက်တွေတောင် ခပ်နိမ့်နိမ့်ပဲ ပျံကြတော့တယ်။ လမ်းချိုင့်ကွက်တွေထဲက ကတ္တရာစေးတွေတောင် အရည်ပျော်ကုန်ပြီ။ ကောင်းကင်ရဲ့အပြာရောင်လည်း ဖျော့တော့နေတယ်။ လူတွေအားလုံး ပူလွန်းလို့ မြို့ထဲကနေ ထွက်ပြေးကြကုန်တာများလား။ ဒါမှမဟုတ် သိပ္ပံရုပ်ရှင်တွေထဲကလို လူတွေအားလုံးသေသွားပြီး ကျွန်တော်က နောက်ဆုံးအသက်ရှင်ကျန်ခဲ့သူဖြစ်နေတာများလား။ ဒါပေမယ့် ခေါင်းထဲ အဲဒီ့အတွေးရောက်အလာမှာပဲ အိမ်နီးနားချင်းဘဲတစ်သိုက်က စက်ဘီးကိုယ်စီနဲ့ ကျွန်တော့်ဘေး ဖြတ်လာကြတယ်။ အဲဒီ့ကျမှ ကျွန်တော် နောက်ဆုံးအသက်ရှင်ကျန်ရစ်တဲ့လူသားဖြစ်ချင်သွားတော့တယ်။ သူတို့တွေ ရယ်မော၊ ဗရုတ်ကျနေတယ်။ ကြည့်ရတာ ပွဲကောင်းနေပုံပဲ။ သူတို့ထဲကတစ်ကောင်က ကျွန်တော့်ကို လှမ်းအော်ပြောတယ်။ “ဟေး မန်ဒိုဇာ၊ မင့်သူငယ်ချင်းတွေနဲ့ ထွက်လည်နေတာလား”

ကျွန်တော် ဟန်ဆောင်ပန်ဆောင်နဲ့ လက်ပြတယ်။ ဟား ဟား ဟား။ အဲဒီ့နောက် ကျွန်တော် လက်ခလယ်ထောင်ပြလိုက်တယ်။

သူတို့ထဲက တစ်ကောင် စက်ဘီးနဲ့ နောက်ပြန်လှည့်လာတယ်။ ကျွန်တော့်ကို ဝိုင်းကြီးပတ်ပတ်ဒူဝေဝေလုပ်တယ်။“မင်း ထပ်လုပ်ဦးမှာလား”

ကျွန်တော် သူ့ကို နောက်တစ်ကြိမ် လက်ခလယ်ထောင်ပြလိုက်တယ်။

သူ စက်ဘီးကို ကျွန်တော့်ရှေ့တည့်တည့်မှာ ရပ်ပြီး ကျွန်တော့်ကို စိုက်ကြည့်ဖို့ ကြိုးစားတယ်။

သူ့အကြံအစည်မအောင်မြင်ပါဘူး။ ဒီကောင်ဘယ်သူလဲ ကျွန်တော်သိတယ်။ တစ်ခါတုန်းက သူ့အစ်ကို ဇာဗီယာ ကျွန်တော့်ကို လာကျပ်ဖို့ ကြိုးစားဖူးတယ်။ ကျွန်တော် ပစ်ထိုးလိုက်တယ်။ တစ်သက်စာရန်သူတွေဖြစ်သွားတာပဲ။ အဲဒီ့အတွက်လည်း ကျွန်တော် စိတ်မကောင်းမဖြစ်ဘူးရယ်။ ဟုတ်တယ်၊ ကျွန်တော် စိတ်ကြီးတယ်။ အဲဒါကို ဝန်ခံတယ်။

သူ အသံမာမာနဲ့ပြောတယ်။ ကျွန်တော်ကြောက်မယ်ဆိုတဲ့ထင်တစ်လုံးနဲ့ပေါ့လေ။ “ငါ့လာမကျပ် နဲ့နော်၊ မန်ဒိုဇာ”

ကျွန်တော် လက်ခလယ်ထပ်ထောင်ပြပြီး လက်ခလယ်နဲ့ သူ့မျက်နှာကို သေနတ်တစ်လက်လို ချိန်လိုက်တယ်။ သူ စက်ဘီးနဲ့ ပြန်ထွက်သွားတယ်။ ကျွန်တော်ကြောက်တဲ့အရာတော်တော်များများရှိတယ်။ ဒါပမယ့် ဒီလိုကောင်တွေတော့ မပါဘူး။

ဘဲတော်တော်များများ ကျွန်တော့်ကို မကျပ်ကြဘူး။ အုပ်စုလိုက်နေတဲ့ကောင်တွေတောင်မှပဲ။ သူတို့တွေစက်ဘီးပေါ်တက်ပြီး ပြန်ထွက်သွားကြတယ်။ ဟိုအော်ဒီအော် အော်သွားကြတယ်။ ဒီကောင်တွေက ဆယ့်သုံး၊ ဆယ့်လေးပဲရှိသေးတာ။ ကျွန်တော့်လိုကောင်ကို လာကျပ်တယ်ဆိုတာ အကဲစမ်းတဲ့သဘောပဲ။ သူတို့အော်သံတွေ တဖြည်းဖြည်းဝေးသွားတော့ ကျွန်တော် ကိုယ့်ကိုယ့်ကိုယ် သနားလာတယ်။

ကိုယ့်ကိုယ့်ကိုယ်ပြန်သနားရတာက အနုပညာတစ်ခုပဲ။ ကျွန်တော့်ရဲ့အစိတ်အပိုင်းတစ်ခုက အဲဒီ့လိုသနားရတာကို ကြိုက်တယ်ထင်ရဲ့။ အငယ်ဆုံးဖြစ်နေတာကြောင့်လည်း ပါမယ်ထင်တယ်။ ကျွန်တော် တစ်ဦးတည်းသောသားလိုလိုဖြစ်နေတာကို သဘောမကျဘူး။ ကိုယ့်ကိုယ်ကိုယ်တခြားဘယ်လိုတွေးရမှန်းလဲ မသိဘူး။ ကျွန်တော်က တစ်ဦးတည်းသောသားမဟုတ်ဘဲ ဟုတ်သလိုလိုဖြစ်နေတာ။ စိတ်ပျက်ဖို့ကောင်းတာပဲ။

ကျွန်တော့်အမြွှာအစ်မနှစ်ယောက်က ကျွန်တော့်ထက် ဆယ့်နှစ်နှစ်ကြီးတယ်။ ဆယ့်နှစ်နှစ်ဆိုတာ တစ်ဘဝစာပဲ။ ကျွန်တော် သေချာပေါက်ပြောရဲတယ်။ ပြီးတော့ သူတို့တွေက ကျွန်တော့်ဆို ကလေးတစ်ယောက်လိုပဲ ဆက်ဆံတယ်။ ဒါမှမဟုတ် အရုပ်တစ်ရုပ်လို၊ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကောင်လို။ ကျွန်တော် ခွေးတွေကို ချစ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေကျတော့ ကျွန်တော်ဟာ အိမ်မွေးခွေးတစ်ကောင်ထက်မပိုဘူးလို့ အတွေးဝင်မိရော။ မက်စ်ကိုတို ဆိုတာ စပိန်လို အိမ်မွေးခွေးကိုပြောတာ။ မက်စ်ကော့(အိမ်မွေးခွေး)။ သိပ်ကိုဂေါ်တာပဲ။ အိမ်မွေးခွေးကလေး အေရီ။

ကျွန်တော့်အစ်ကိုက ကျွန်တော့်ထက်ဆယ့်တစ်နှစ်ကြီးတယ်။ သူကတော့ ကျွန်တော့်အစ်မတွေထက် ပိုအနေဝေးတယ်။ ကျွန်တော့်မှာ သူ့နာမည်ကိုတောင် ထုတ်ပြောခွင့်မရှိဘူး။ ထောင်နန်းစံနေတဲ့အစ်ကိုတွေအကြောင်း ဘယ်ကောင်ကပြောချင်မှာတဲ့လဲ။ ကျွန်တော့အဖေနဲ့အမေက မပြောချင်တာတော့ သေချာတယ်။ ကျွန်တော့်အစ်မတွေရောပဲ။ ကျွန်တော့်အစ်ကိုအကြောင်း နှုတ်ဟခွင့်မရှိတာက ကျွန်တော့်ကို တစ်ခုခုဖြစ်စေတယ်ထင်တာပဲ။ ပြောခွင့်ဆိုခွင့်မရတာဟာ ကောင်လေးတစ်ယောက်ကို အထီးကျန်ဆန်စေပါတယ်။

ကျွန်တော့်အစ်ကိုနဲ့ အစ်မတွေကို မွေးတုန်းက ကျွန်တော့်မိဘတွေ ငယ်ကြသေးတယ်။ ပြီးတော့ ရုန်းကန်ခဲ့ကြရတယ်။ “ရုန်းကန်” ဆိုတဲ့စကားလုံးကို ကျွန်တော့်မိဘတွေ အတော်အာရုံကျတယ်။ ကလေးသုံးယောက်မွေးအပြီး ကောလိပ်လည်းအပြီးမှာ အဖေ ရေတပ်ထဲဝင်တယ်။ အဲဒီ့နောက် သူ စစ်ထဲဝင်သွားတယ်။

စစ်က သူ့ကို ပြောင်းလဲပစ်ခဲ့တယ်။

သူ အိမ်ပြန်လာပြီးတော့ ကျွန်တော်ထွန်းကားတာပဲ။

အဖေ့မှာ အမာရွတ်တွေ ရှိနေတယ်လို့ ကျွန်တော် တစ်ခါတစ်လေတွေးမိတယ်။ သူ့နှလုံးသားပေါ်မှာ။ သူ့ခေါင်းထဲမှာ။ သူ့တစ်ကိုယ်လုံးမှာ။ စစ်ထဲဝင်ဖူးတဲ့လူတစ်ယောက်ရဲ့သားဖြစ်ရတာ မလွယ်တဲ့ကိစ္စပဲ။ ကျွန်တော် ရှစ်နှစ်သားမှာ အမေ ဖုန်းထဲကနေ အဒေါ်အိုဖီးလီယာကို ပြောနေတာကို နားစွန်နားဖျားကြားဖူးတယ်။ “သူ့အတွက်တော့ စစ်ကဘယ်တော့မှပြီးဆုံးမသွားတော့ဘူး ထင်တာပဲ” နောင် ကျွန်တော် အဒေါ့်ကို ပြန်မေးတော့ “အေး၊ ဟုတ်တယ်” လို့ပြန်ဖြေတယ်။

“စစ်က အဖေ့ကို ဘာလို့ အေးအေးဆေးဆေးနေခွင့်မပြုတာလဲဟင်”

“မင့်အဖေမှာ သိစိတ်ရှိနေလို့ပေါ့”

“စစ်ထဲမှာ အဖေဘာဖြစ်ခဲ့တာလဲ”

“ဘယ်သူသိနိုင်မှာလဲ”

“ဘာလို့ အဖေက ပြောမပြတာလဲ”

“ပြောမပြနိုင်လို့ပေါ့”

ဒီလိုနဲ့ ပြီးသွားတယ်။ ကျွန်တော် ရှစ်နှစ်အရွယ်တုန်းက စစ်အကြောင်းဘာမှမသိခဲ့ဘူး။ သိစိတ် ဆိုတာကိုတောင် ဘာမှန်းမသိခဲ့ဘူး။ ကျွန်တော်သိတာ အဖေတစ်ခါတစ်လေ ဝမ်းနည်းမှိုင်တွေနေတတ်တယ်ဆိုတာပဲ။ အဖေ အဲဒီ့လိုဝမ်းနည်းနေတာကို ကျွန်တော် မုန်းတယ်။ ကျွန်တော်ပါ ဝမ်းနည်းလာရော။ ဝမ်းနည်းမှုကို ကျွန်တော် မကြိုက်ဘူး။

ကျွန်တော်ဟာ သူ့ကိုယ်ထဲမှာ ဗီယက်နမ်ရှိနေတဲ့ လူတစ်ယောက်ရဲ့သားဖြစ်ခဲ့တယ်။ ဟုတ်ပ၊ ကျွန်တော့်မှာ ကိုယ့်ကိုယ့်ကိုယ်ပြန်သနားလာအောင် တွေးဖို့ အကြောင်းပြချက်မျိုးစုံရှိနေတတ်တယ်။ အသက်ဆယ့်ငါးနှစ် ပြည့်လည်းမထူးပါဘူး။ တစ်ခါတစ်လေများဆို ဆယ့်ငါးနှစ်အရွယ်ဖြစ်နေတာဟာ အဆိုးရွားဆုံးအဖြစ်ဆိုးလို့တောင် တွေးမိတယ်။

လေး

ရေကူးကန်ရောက်တော့ ကျွန်တော် ရေချိုးရတယ်။ အဲဒါ စည်းကမ်းတစ်ခုပဲ။ ဟုတ်ပ၊ စည်းကမ်းတွေ။ ကျွန်တော် တခြားကောင်တွေနဲ့ရေအတူတူချိုးရတာကို မုန်းတယ်။ ဘာကြောင့်မှန်းတော့မသိ၊ ကြိုက်တော့မကြိုက်ဘူး။ သိတဲ့အတိုင်းပဲ၊ တချို့ကောင်တွေက သောက်ရမ်းစကားပေါတာ။ ရေအတူတူချိုးရင်း သူအမုန်းဆုံးဆရာအကြောင်း၊ ဒါမှမဟုတ် နောက်ဆုံးကြည့်ခဲ့တဲ့ရုပ်ရှင်အကြောင်း၊ ဒါမှမဟုတ် သူတစ်ခုခုလုပ်ချင်နေတဲ့စော်လေးအကြောင်း ပြောတာကို အားနာစရာလို့ မမြင်တဲ့ပုံပဲ။ ကျွန်တော်ကတော့ အဲဒီ့လိုမဟုတ်ဘူး။ ကျွန်တော့်မှာ ပြောစရာမရှိဘူး။ ဘဲတွေနဲ့ ရေအတူချိုးဖို့ဆိုတာ ကျွန်တော့်အတွက်မဟုတ်ဘူး။

ကျွန်တော် ရေကူးကန်ဆီ လမ်းလျှောက်သွားတယ်။ ရေတိမ်တဲ့နားမှာ ထိုင်ပြီး ကျွန်တော့်ခြေထောက်တွေကို ရေထဲနှစ်တယ်။

ရေမကူးတတ်ရင် ရေကူးကန်မှာ ဘာလုပ်ရမှာလဲ။ သင်ရမှာပေါ့။ ကျွန်တော် ကိုယ်တော့ဖော့တတ်တယ်။ ရူပဗေဒနိယာမတချို့ကိုအသုံးချပြီး တတ်သွားတယ်။ အကောင်းဆုံးကတော့ ကိုယ့်ဖာသာတတ်သွားတာပဲ။

အရာရာ ကိုယ့်ဖာသာ။ အဲဒီ့စကားစုကို ကျွန်တော် သဘောကျတယ်။ ကျွန်တော်က အကူအညီတောင်းတဲ့နေရာမှာ မကျွမ်းဘူး။ အဖေ့ဆီက အမွေရတဲ့အကျင့်ဆိုးပေါ့။ ပြီးတော့ သူတို့ကိုယ်သူတို့ သက်စောင့်လို့ ခေါ်ကြတဲ့ ရေကူးနည်းပြတွေက စိတ်ပျက်ဖို့ကောင်းတယ်။ သူတို့က ဆယ့်ငါးနှစ်အရွယ်ပိန်ညောင်ညောင်ကောင်လေးကို သင်ပေးဖို့ သိပ်စိတ်မဝင်စားကြဘူးရယ်။ သူတို့စိတ်ဝင်စားတာက နို့စူထွက်ခါစစကီလေးတွေပဲ။ သူတို့တွေက နို့ဆို ငမ်းငမ်းတက်လေ။ အဲဒါ အမှန်တရားပဲ။ တစ်ယောက်က တခြားတစ်ယောက်ကို လှမ်းပြောတာ ကျွန်တော် ကြားဖူးတယ်။ တကယ်က အဲဒီ့အချိန်မှာ သူက ကလေးငယ်အုပ်စုတစ်စုကို စောင့်ကြည့်ပေးဖို့ တာဝန်ကျနေတာ။ 
“စော်တစ်ယောက်ဟာ အရွက်တွေဝေဆာနေတဲ့သစ်ပင်တစ်ပင်နဲ့တူတယ်။ တက်ပြီးတော့ အရွက်တွေ ခြွေချင်နေတော့တာပဲ”

တခြားတစ်ယောက်က ရယ်တယ်။ “မင်းက ချီးထုပ်ပဲ” လို့ သူက ပြောတယ်။

“မဟုတ်ပါဘူး။ ငါ ကဗျာဆရာတစ်ယောက်ပါကွာ” လို့ပြောတယ်။ “ခန္ဓာဗေဒကဗျာဆရာပေါ့”

အဲဒီ့နောက် သူတို့နှစ်ယောက်လုံး အော်ရယ်ကြတယ်။

ဟုတ်ပါလိမ့်မယ်၊ သူတို့တွေက ဝေါ့(တ်)ဝှစ်မန်းအလောင်းအလျာလေးတွေပါပဲ။ တွေ့လား၊ ဘဲတွေနဲ့ပတ်သက်ရင် ကျွန်တော်က သူတို့နဲ့ ဖက်လဲတကင်းနေဖို့ စိတ်မဝင်စားတာပဲ။ ဆိုလိုတာက ဘဲတွေက ကျွန်တော့်ကို စိတ်မသက်မသာဖြစ်စေတယ်။ ဘာကြောင့်ရယ်တော့ အတိအကျမသိဘူး။ ကျွန်တော်နဲ့ ကီးမကိုက်တာပဲသိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဘဲတစ်ဗွေဖြစ်နေရတာကို သောက်ရမ်းရှက်တာပဲ။ တစ်နေ့ ကျွန်တော်အရွယ်ရောက်လို့ အဲဒီ့လိုကျက်သတုံးတစ်ယောက်ဖြစ်လာနိုင်တယ်ဆိုတဲ့အသိက စိတ်ဓာတ်ကျဖို့ကောင်းတယ်။ စော်တစ်ယောက်ဟာ သစ်ပင်တစ်ပင်နဲ့တူတယ်ဟုတ်လား။ ဟုတ်မှာပေါ့၊ ဒါဆို ဘဲတစ်ဗွေက ခြစားနေတဲ့ သစ်တုံးတစ်တုံးနဲ့တူလိမ့်မယ်။ ကျွန်တော့်အမေကတော့ သူတို့တွေ အကူးအပြောင်းကာလတစ်ခုကို ဖြတ်သန်းနေတာပါလို့ ပြောမှာပဲ။ မကြာခင်မှာ သူတို့ခေါင်းထဲ ဦးနှောက်တွေ ပြန်ရောက်လာမှာပါလေ။ သူတို့တွေ အုန်းလေးသုံး စဉ်းစားတတ်လာမှာပါ။

ဘဝဆိုတာ အကူးအပြောင်းကာလတွေ စုစည်းထားတာဖြစ်မှာပေါ့။ သုံးလေးနှစ်အကြာမှာ ကျွန်တော်လည်း ဆယ့်ရှစ်နှစ်သားသက်စောင့်တွေလို အကူးအပြောင်းကာလကို ဖြတ်ချင်ဖြတ်ရနိုင်တာပဲ။ အမေပြောတဲ့ အကူးအပြောင်းသီအိုရီကို သိပ်ယုံလှတယ်တော့ မဟုတ်ပါဘူး။ အဲဒီ့သီအိုရီက ရှင်းလင်းချက်နဲ့ မတူဘူး၊ ဆင်ခြေဆင်လက်ပေးတာလို့ မြင်တယ်။ အမေ ယောကျ်ားလေးတွေအကြောင်း အကုန်အစင်မသိဘူးလို့ ထင်တာပဲ။ ပြောရရင် ကျွန်တော်လည်း မသိဘူးရယ်။ ဒါပေမယ့် ကျွန်တော် ယောကျ်ားလေးတစ်ယောက်ဖြစ်နေခဲ့တယ်။

ကျွန်တော် တစ်ခုခုလွဲချော်နေတယ်လို့ ခံစားရတယ်။ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ်အတွက်တောင်မှ ဒဏ္ဍာရီတစ်ခုဖြစ်နေသလားမှမသိတာ။ စိတ်လေစရာပဲ။ ကျွန်တော့်မှာ ပြဿနာကြီးကြီးမားမားတွေရှိနေတယ်။

သေချာတာတစ်ခုကတော့ ကျွန်တော့်ကို ရေကူးသင်ပေးဖို့ ဟိုလဒူတွေဆီ သွားအကူအညီတောင်းမှာ မဟုတ်ဘူး ဆိုတာပါပဲ။ တစ်ယောက်တည်း စိတ်ပျက်စရာကောင်းတာကမှ ပိုကောင်းဦးမယ်။ ရေနစ်တာကမှ ပိုခံသာသေးတယ်။

အဲဒါနဲ့ ကျွန်တော် ကိုယ့်ဖာသာတစ်ယောက်တည်း အေးဆေးနေပြီး ကိုယ်ဖော့နေလိုက်တယ်။ ပျော်နေတာတော့မဟုတ်ဘူး။

အဲဒီ့တုန်းမှာ သူ့တကျွိကျွိကို ကြားလိုက်ရတယ်။ “ငါ မင်းကို ရေကူးသင်ပေးလို့ရတယ်”

ကျွန်တော် ရေကူးကန်ရဲ့တစ်ဖက်ဆီ လှမ်းသွားပြီး ရေထဲမှာပဲ မတ်တပ်ရပ်တယ်။ နေရောင်ထဲကို မျက်စိမှေးပြီးကြည့်တယ်။ သူ ရေကူးကန်ရဲ့အစွန်းမှာ ထိုင်နေတာ။ ကျွန်တော် သူ့ကို သံသယမျက်လုံးနဲ့ ကြည့်တယ်။ ဘဲတစ်ပွေက ကျွန်တော့်ကို ရေကူးသင်ပေးဖို့ လာကမ်းလှမ်းတယ်ဆိုရင် ဒီကောင်လည်း လူရာမဝင်လို့ပဲနေမှာ။ အရာသွင်းမခံရတဲ့ ဘဲနှစ်ပွေ။ ပျော်ဖို့တော့ကောင်းဦးမှာပဲ။

ကျွန်တော့်မှာ တခြားတစ်ယောက်ယောက်နဲ့ ငြီးငွေ့နေတာထက် တစ်ကိုယ်ရည်ငြီးငွေ့နေရတာ ပိုကောင်းတယ်ဆိုတဲ့ စည်းကမ်းချက်တစ်ခုရှိတယ်။ အဲဒီ့စည်းကမ်းအတိုင်း ကျင့်သုံးတယ်။ အဲဒါကြောင့် ကျွန်တော့်မှာ သူငယ်ချင်းမရှိတာနေမှာပေါ့။

သူ ကျွန်တော့်ကို ကြည့်တယ်။ စောင့်ဆိုင်းတယ်။ အဲဒီ့နောက် ထပ်မေးပြန်တယ်။ “ငါ မင်းကို ရေကူးသင်ပေးလို့ရတယ်။ မင်း သင်ပေးစေချင်ရင်ပေါ့”

ကျွန်တော် သူ့အသံကို သဘောကျသလိုလိုပဲ။ သူ့အသံက အအေးမိနေတဲ့အတိုင်းပဲ၊ အသံဝင်တော့မယ့်အတိုင်းပဲ။ “မင်းစကားပြောတာ ရယ်ချင်စရာကြီး” လို့ ကျွန်တော်ပြောတယ်။

“အလာဂျီရှိလို့” လို့ သူက ပြန်ဖြေတယ်။

“ဘာကို အလာဂျီဖြစ်တာလဲ”

“လေကို”

ကျွန်တော် ရယ်မိသွားတယ်။

“ငါ့နာမည် ဒန်တေပါ” လို့ သူက မိတ်ဆက်တယ်။

ဒီတစ်ခါ ပိုကျယ်ကျယ် ရယ်မိတယ်။ “ဆောရီးကွာ” လို့ ကျွန်တော်တောင်းပန်တယ်။

“ရပါတယ်။ လူတွေ ငါ့နာမည်ကို ရယ်နေကျပါ”

“မဟုတ်ဘူး၊ မဟုတ်သေးဘူး” ကျွန်တော် ဆက်ပြောတယ်။ “ငါ့နာမည်ကလည်း အရစ္စတိုတယ်တဲ့။

တွေ့ပြီလား”

သူ့မျက်လုံးတွေ အရောင်လက်သွားတယ်။ ဒီကောင် ကျွန်တော်ပြောသမျှစကားလုံးတိုင်းကို နားထောင်ဖို့ အသင့်ဖြစ်နေပြီလို့ ဆိုလိုချင်တာ။

“အရစ္စတိုတယ်” လို့ ကျွန်တော် ထပ်ပြောလိုက်တယ်။

အဲဒီ့နောက် ကျွန်တော်တို့နှစ်ယောက် ခဏလောက် ရူးကြောင်ကြောင် ရယ်မိကြတယ်။

“ငါ့အဖေက အင်္ဂလိပ်စာပါမောက္ခလေ” လို့ သူက ပြောတယ်။

“မင်းကမှ အကြောင်းပြချက်ပေးစရာရှိသေးတယ်။ ငါ့အဖေက စာပို့သမား။ အရစ္စတိုတယ်ဆိုတာ ငါ့အဘိုးရဲ့ အင်္ဂလိပ်လိုနာမည်လေ” အဲဒီ့နောက် ကျွန်တော် အဘိုးနာမည်ကို မက်ဆီကန်လေယူလေသိမ်းနဲ့ အသံထွက်ပြလိုက်တယ်။ “အရစ္စတို ပြီးတော့ ငါ့ငယ်နာမည်က အိန်ဂျယ်” အဲဒီ့နောက် ကျွန်တော် စပိန်လို အသံထွက်ပြတယ်။ “အိန်ဂျယ်

“ဒါဆို မင့်နာမည်က အိန်ဂျယ်အရစ္စတိုတယ်ပေါ့”

“ဟုတ်ပ။ အဲဒါ ငါ့နာမည်ပဲ”

ကျွန်တော်တို့ ရယ်မိကြပြန်ရော။ အတောမသတ်နိုင်အောင် ရယ်ကြတယ်။ ကျွန်တော်တို့ ဘာအကြောင်းကို ရယ်နေကြတာပါလိမ့်။ ကျွန်တော်တို့ရဲ့နာမည်တွေကိုလား။ စိတ်ပေါ့ပါးသွားလို့ ရယ်မိကြတာလား။ ပျော်လို့လား။ ရယ်သံတွေဟာ ဘဝရဲ့ပဟေဠိတွေထဲက တစ်ခုပဲ။

“လူတွေကို ငါ့နာမည် ဒန်လို့ ပြောလေ့ရှိတယ်။ တစ်လုံးတည်းဖြုတ်လိုက်တာလေ။ ဒါပေမယ့် ခု အဲဒီ့လိုမလုပ်တော့ဘူး။ မရိုးမသားလုပ်ရာကျတယ်လေ။ ပြီးတော့ သူတို့ ငါ့နာမည်ကို နောက်တော့သိသွားကြတာပဲမို့လေ။ အဲဒီ့တော့ ငါ အလိမ်အညာကောင်ကြီးလို ခံစားရတယ်။ ငပိန်းတစ်ကောင်လို ခံစားရတယ်။ ငါကိုယ်ငါ ရှက်နေတာကြီးကို ရှက်မိတယ်။ အဲဒီ့ခံစားချက်ကြီးကို မုန်းတယ်” သူ ပခုံးတွန့်တယ်။

“လူတိုင်း ငါ့ကို အေရီလို့ ခေါ်ကြတယ်” လို့ ကျွန်တော် ပြောလိုက်တယ်။

“တွေ့ရတာ ဝမ်းသာပါတယ်၊ အေရီ”

တွေ့ရတာ ဝမ်းသာပါတယ်၊ အေရီ လို့ သူပြောပုံလေးကို ကျွန်တော် သဘောကျတယ်။

တကယ်စိတ်ထဲကပါတဲ့ပုံပဲ။

“ကောင်းပြီ၊ ငါ့ကို ရေကူးသင်ပေး” လို့ ကျွန်တော် ပြောလိုက်တယ်။ ကျွန်တော်ကပဲ သူ့ကို အခွင့်အရေးတစ်ခုပေးလိုက်သလိုပုံစံမျိုး ပြောမိတယ်ထင်ရဲ့။ သူကတော့ သတိထားမိပုံမပေါ်သလို ဂရုထားဟန်လည်း မတူဘူး။

ဒန်တေက အတော့်ကို တိကျတဲ့ ဆရာသမားပဲ။ သူက တကယ့်ရေကူးသမားစစ်စစ်။ ခြေလက်လှုပ်ရှားပုံကအစ၊ အသက်ရှူပုံအမျိုးမျိုးအလယ်၊ ရေထဲမှာ လူ့ခန္ဓာကိုယ်ဘယ်လိုအလုပ်လုပ်သလဲအဆုံး အကုန် ခရေစေ့တွင်းကျ သိတယ်။ ရေက သူ သဘောကျတဲ့၊ သူအလေးထားတဲ့ အရာတစ်ခုပဲ။ သူ ရေရဲ့အလှတရား၊ ရေရဲ့ဘေးဥပဒ်တွေအကုန် နားလည်သိထားတယ်။ သူ ရေကူးတဲ့အကြောင်းကို ဘဝနေနည်းတစ်ခုလိုလို သဘောထားပြီးပြောတယ်။ သူ့အသက်က ဆယ့်ငါးနှစ်။ ဒီကောင် ဘယ်လိုလူလဲဟ။ သူ့ကြည့်ရတာက နည်းနည်းနုဖတ်သလိုရှိပေမယ့် တကယ်က အဲဒီ့လိုမဟုတ်ဘူးရယ်။ သူက စည်းစနစ်ကျတယ်၊ စိတ်မာတယ်၊ ဗဟုသုတစုံတယ်။ ပြီးတော့ သူ ခပ်ဒူဒူသာမန်ကောင်လို့လည်း ဟန်မဆောင်တတ်ဘူး။

သူက ဟာသပြောတတ်တယ်၊ ပြတ်သားတယ်၊ ခက်ထန်တယ်။ ဆိုလိုချင်တာက ခက်ထန်ချင် ခက်ထန်လို့ရတဲ့ကာင်မျိုး။ သူ ရက်တော့မရက်စက်ဘူး။ မညှာတာတတ်တဲ့လောကကြီးထဲမှာ ကြမ်းကြုတ်မှုက ကိုယ့်လာမထိပါးအောင် ဘယ်လိုများနေသလဲ ကျွန်တော်ဖြင့် စဉ်းစားလို့ကို မရဘူး။ ယောကျ်ားလေးတစ်ယောက်ဟာ ကြမ်းတမ်းရက်စက်မှုမရှိဘဲ ဘယ်လိုများ နေမှာပါလိမ့်။

ပဟေဠိတွေနဲ့ ပြည့်နှက်နေတဲ့ စကြဝဠာထဲမှာ ဒန်တေဟာ နောက်ထပ်ပဟေဠိတစ်ခုဖြစ်လာခဲ့တယ်။
အဲဒီ့တစ်နွေလုံး ကျွန်တော်တို့ ရေကူးတယ်၊ ရုပ်ပြတွေဖတ်တယ်၊ စာအုပ်တွေဖတ်တယ်၊ အဲဒီ့စာအုပ်တွေအကြောင်း ငြင်းကြခုန်ကြတယ်။ ဒန်တေ့မှာ သူ့အဖေရဲ့ စူပါမင်းရုပ်ပြစာအုပ်အဟောင်းတွေ အစုံရှိတယ်။ သူ အဲဒီ့ရုပ်ပြတွေကို ကြိုက်တယ်။ သူ အာချီနဲ့ ဗာရိုနီကာ ကိုလည်း သဘောကျတယ်။ ကျွန်တော်ကတော့ အဲဒီ့စောက်ပေါစာအုပ်ကို မုန်းတယ်။ “စောက်ပေါစာအုပ်မဟုတ်ပါဘူးဟ” လို့ သူက ချေပတယ်။

ကျွန်တော်ကတော့ လင်းနို့လူသားရယ်၊ ပင့်ကူလူသားရယ်၊ Incredible Hulk ရယ်ကို ကြိုက်တယ်။

“သိရခက်လွန်းတယ်” လို့ ဒန်တေက မှတ်ချက်ပေးတယ်။

“ကွန်းရက်ဒ် ရဲ့ နက်နဲသောနှလုံးသား ကိုကြိုက်တဲ့ကောင်ကပြောတာတဲ့”

“မတူဘူးလေ။ ကွန်းရက်ဒ်က စာကြီးပေကြီးရေးတာ” လို့ သူက ပြောတယ်။

ရုပ်ပြစာအုပ်တွေကလည်း စာပေစာရင်းဝင်တယ်လို့ ကျွန်တော်အမြဲတမ်း ငြင်းလေ့ရှိတယ်။ ဒါပေမယ့် စာပေဆိုတာ ဒန်တေ့လိုလူမျိုးအတွက် တကယ့်အလေးအနက်ထားတဲ့ကိစ္စတစ်ခုပဲ။ ကျွန်တော် သူနဲ့ငြင်းတိုင်း အနိုင်ရတယ်ရယ်လို့ မရှိဖူးဘူး။ သူက စကားရည်လုပိုကျွမ်းတယ်။ စာလည်း ပိုဖတ်နိုင်တယ်။ ကျွန်တော် ကွန်းရက်ဒ် ရဲ့စာအုပ်ကို ဖတ်ဖြစ်တာ သူ့ကြောင့်ပေါ့။ ဖတ်လည်းပြီးရော ကျွန်တော် အဲဒီ့စာအုပ်ကို မကြိုက်ဘူးလို့ သူ့ကို ပြောလိုက်တယ်။ “တစ်ခုပဲ၊ စာအုပ်ထဲမှာရေးထားတာတွေက အမှန်တရားတွေပဲ။ ကမ္ဘာကြီးက မိုက်မှောင်တဲ့နေရာတစ်ခုပဲ”

“မင့်ကမ္ဘာကတော့ ဟုတ်ချင်ဟုတ်မှာပေါ့ အေရီ၊ ငါ့ကမ္ဘာကတော့ အဲဒီ့လိုမဟုတ်ဘူး”

“ဟုတ်တာပေါ့၊ ဟုတ်တာပေါ့” လို့ ကျွန်တော်ပြောတယ်။

“ဟုတ်တယ်၊ ဟုတ်တယ်” လို့ သူ သံယောင်လိုက်တယ်။

တကယ်က ကျွန်တော် သူ့ကို ညာပြောလိုက်တာရယ်။ ကျွန်တော် အဲဒီ့စာအုပ်ကို သဘောကျတယ်။ ကျွန်တော်ဖတ်ဖူးသမျှထဲ ချစ်ဖို့အကောင်းဆုံးလို့ထင်တယ်။ ကျွန်တော် အဲဒီ့စာအုပ်ဖတ်နေတာ အဖေတွေ့သွားတော့ သူ့အကြိုက်ဆုံးစာအုပ်ထဲမှာပါတယ်လို့ ကျွန်တော့်ကို ပြောလာတယ်။ သူ ဗီယက်နမ်စစ်ထဲ မဝင်ခင် ဖတ်တာလား၊ ဝင်ပြီးမှ ဖတ်တာလား မေးချင်ပေမယ့် အဖေ့ကို မေးခွန်းတွေ မေးတာ အပိုပဲရယ်။ ဘယ်တော့မှ ပြန်မဖြေဘူးလေ။

ဒန်တေက စာဖတ်ရတာကြိုက်လို့ ဖတ်တာ၊ ကျွန်တော်ကတော့ တခြားဘာမှလုပ်စရာမရှိလို့ စာဖတ်တာ ဆိုတဲ့ အတွေးဝင်လာတယ်။ သူက အရာရာကို ပိုင်းခြားစိတ်ဖြာကြည့်တယ်။ ကျွန်တော်ကတော့ စာလုံးတွေ ဖတ်လိုက်တာပဲ။ သူအဘိဓာန်ကြည့်ရတာထက် ကျွန်တော် ပိုကြည့်ရတယ်လို့ ထင်တယ်။

ကျွန်တော်က သူ့ထက် ပိုမှောင်တယ်။ အသားရောင်ကိုတင် ပြောတာမဟုတ်ဘူး။ ကျွန်တော့်မှာ ဘဝနဲ့ပတ်သက်လို့ ကြေကွဲတဲ့အမြင်ရှိတယ်လို့ သူက ပြောတယ်။ “အဲဒါကြောင့် မင်း စပိုက်ဒါမန်းကို ကြိုက်တာပေါ့”

“ငါ မက်ဆီကန်ပိုဆန်လို့ပါ။ မက်ဆီကန်တွေက ကြေကွဲတတ်တဲ့လူတွေလေ”

“အင်း ဟုတ်ချင်ဟုတ်မှာပေါ့” လို့ သူက ပြောတယ်။

“မင်းက အကောင်းမြင်တတ်တဲ့ အမေရိကန်ပဲ”

“အဲဒါ စော်ကားတာလား”

“ဟုတ်ချင်ဟုတ်မှာပေါ့” လို့ ကျွန်တော်ပြန်ဖြေတယ်။

ကျွန်တော်တို့ ရယ်မိကြပြန်တယ်။ ကျွန်တော်တို့ အမြဲလိုလို ရယ်နေကြတာပါပဲ။

ဒန်တေနဲ့ ကျွန်တော်တို့က သိပ်တူတယ်ရယ်လို့တော့မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့မှာ တူတဲ့အချက်နည်းနည်းတော့ရှိတယ်။ ဥပမာတစ်ခုပြောရရင် ကျွန်တော်တို့နှစ်ယောက်လုံးကို အိမ်ကမိဘတွေက ရုပ်မြင်သံကြားကြည့်ခွင့်မပေးဘူး။ ကျွန်တော်တို့မိဘတွေက တီဗွီက ကောင်လေးတစ်ယောက်ရဲ့စိတ်ကို ပြောင်းလဲချယ်လှယ်တာကို မကြိုက်ဘူး။ ကျွန်တော်တို့နှစ်ယောက်လုံး ယောကျ်ားလေးပဲ။ အပြင်လောကကြီးထဲထွက်ပြီး တစ်ခုခုလုပ်နေစမ်းပါ။ တစ်လောကလုံး မင်းကို စောင့်ဆိုင်းနေတယ် ဆိုတဲ့ လက်ချာမျိုးတွေနဲ့ ကြီးပြင်းလာခဲ့ကြတာ။

ဒန်တေနဲ့ ကျွန်တော်တို့ဟာ အမေရိကမှာ တီဗွီမပါဘဲကြီးပြင်းလာတဲ့ နောက်ဆုံးမျိုးဆက်ကောင်လေးနှစ်ယောက်ပါပဲ။ တစ်နေ့မှာ သူက ကျွန်တော့်ကို မေးလာတယ်။ “ငါတို့ကို စောင့်ဆိုင်းနေတဲ့ လောကကြီးရှိနေတယ် ဆိုတဲ့ ငါတို့မိဘတွေပြောတာကို ဟုတ်မယ်ထင်သလား”

“မထင်ပေါင်” လို့ ကျွန်တော် ပြန်ဖြေတယ်။

သူ ရယ်တယ်။

အဲဒီ့နောက် ကျွန်တော် အကြံတစ်ခုရတယ်။ “ဘပ်စ်ကားစီးပြီး အပြင်လောကကြီးထဲ သွားကြည့်ရအောင်ကွာ”

ဒန်တေ ပြုံးတယ်။ ကျွန်တော်တို့နှစ်ယောက်လုံး ဘပ်စ်ကားစီးရတာကို သဘောကျခဲ့ကြပါတယ်။
 တစ်ခါတစ်လေမှာဆို ဘပ်စ်ကားပေါ်မှာ တစ်နေ့ခင်းလုံး လိုက်စီးကြတယ်။ ကျွန်တော် ဒန်တေကို ပြောတယ်။ “သူဌေးတွေ ဘပ်စ်ကားမစီးကြဘူးကွ”

“အဲဒါကြောင့် ငါတို့ ဘပ်စ်ကားစီးရတာ သဘောကျတာပေါ့”

“ဆိုတော့ ငါတို့ ဆင်းရဲတာလား” လို့ ကျွန်တော် မေးတယ်။

“မဟုတ်ပါဘူး” အဲဒီ့နောက် သူ ပြုံးတယ်။ “အိမ်ကနေဆင်းရင်တော့ ငါတို့နှစ်ယောက်လုံး ငမွဲတွေဖြစ်သွားမှာပေါ့”

ကျွန်တော်ကတော့ စိတ်ဝင်စားစရာကောင်းတဲ့ကိစ္စလို့ ထင်တယ်။

“မင်း အိမ်ကနေ ပြေးဖူးလား” လို့ ကျွန်တော် မေးတယ်။

“ဟင့်အင်း”

“ဘာလို့လဲ”

“မင်းကို လျို့ဝှက်ချက်တစ်ခု ပြောပြစေချင်သလား”

“သိချင်တာပေါ့”

“ငါ အမေနဲ့အဖေကို သိပ်ချစ်တာ”

ကျွန်တော် တကယ်ပြုံးမိသွားတယ်။ ကျွန်တော် လူတွေ သူတို့မိဘတွေအကြောင်း ပြောတာ မကြားဖူးဘူး။ ဆိုလိုချင်တာက ဘယ်သူမှ ကိုယ့်မိဘတွေကို တုန်နေအောင်ချစ်တယ်လို့ မပြောကြဘူးလေ။ ဒန်တေကလွဲလို့ပေါ့။

အဲဒီ့နောက် သူ ကျွန်တော့်နားထဲ တိုးတိုးလေးပြောပြတယ်။ “ငါတို့ရှေ့နှစ်ခုံကျော်ကဘွားတော်ကို တွေ့လား။ သူ ခိုးစားနေတယ်လို့ ငါထင်တယ်”

“မင်းက ဘယ်လိုလုပ်သိတာလဲ” ကျွန်တော် တိုးတိုးလေး ပြန်မေးတယ်။

“သူ ကားပေါ်ရောက်ရောက်ချင်း လက်ထပ်လက်စွပ်ကို ချွတ်ပစ်တယ်လေ”

ကျွန်တော် ခေါင်းညိမ့်ပြီး ပြုံးတယ်။

ကျွန်တော်တို့ တခြားခရီးသည်တွေကိုလည်း ဇာတ်လမ်းတွေဆင်ပစ်တယ်။ သူတို့လည်း ကျွန်တော်တို့အကြောင်း ဇာတ်လမ်းဆင်နေကြမှာ။

ကျွန်တော် တခြားသူတွေနဲ့ ဘယ်တုန်းကမှ ရင်းရင်းနှီးနှီးမနေဖူးဘူး။ ကျွန်တော်က တစ်ကိုယ်တော်သိုင်းသမားဆန်တယ်။ ကျွန်တော် ဘတ်စကက်ဘော၊ ဘော့စ်ဘောကစားတယ်။ ကင်းထောက်လူငယ်ထဲ ဝင်တယ်။ ကင်းထောက်ထဲဝင်ပေမယ့် တခြားကောင်တွေနဲ့ ခပ်ကင်းကင်းနေတယ်။ ကျွန်တော်ဟာ သူတို့လောကထဲက အစိတ်အပိုင်းတစ်ခုလို့ ဘယ်တုန်းကမှ မခံစားရဖူးဘူး။

ယောကျ်ားလေးတွေကို ကျွန်တော် စောင့်ကြည့်တယ်။ လေ့လာတယ်။ အကဲခတ်တယ်။

အဆုံးသတ်မှာ ကျွန်တော့်အနီးဝန်းကျင်ကကောင်တွေကို စိတ်ဝင်စားစရာမကောင်းဘူးလို့ သိလာတယ်။ တကယ်က ကျွန်တော် စိတ်ကိုလေသွားတာ။

ကျွန်တော်က နည်းနည်းပိုမြင့်လို့နေမှာပေါ့။ မဟုတ်ပါဘူး၊ ကျွန်တော် တခြားသူတွေထက် ပိုမြင့်မြတ်တယ်လို့ မထင်မိပါဘူး။ ကျွန်တော် သူတို့နဲ့ ဘယ်လိုပြောရမလဲ နားမလည်တာ။ သူတို့နားမှာ ကျွန်တော် ပုံမှန်အတိုင်း မနေတတ်တာ။ ယောကျ်ားလေးတွေနဲ့ရောရောနှောနှောနေတာနဲ့ ပိုတော်သွားတယ်လို့ မခံစားရဘူး။ အဲဒီ့လိုနေရရင် ခပ်ဒူဒူခံစားရတာ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းလာတာ။ ဘာနဲ့တူသလဲဆိုတော့ သူတို့က ဒီကလပ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေပြီး ကျွန်တော်က အဖွဲ့ဝင်မဟုတ်သလိုပဲ။

ကျွန်တော် အရွယ်ရတော့ ကင်းထောက်အဖွဲ့ထဲက ထွက်ချင်တယ်လို့ အဖေ့ကို ပြောတယ်။ ဆက်သည်းမခံနိုင်တော့ဘူး။

“တစ်နှစ်လောက် ဆက်နေကြည့်ပါဦး” လို့ အဖေက ပြောတယ်။ ကျွန်တော် တစ်ခါတစ်လေ တိုက်ရခိုက်ရတာ စိတ်ပါမှန်း အဖေသိတယ်။ သူ ကျွန်တော့်ကို ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအကြောင်း လက်ချာပေးနေကျ။ ကျွန်တော့်ကို ကျောင်းက လူမိုက်ဂိုဏ်းတွေနဲ့ ဝေးဝေးနေဖို့ ပြောနေကျ။ သူ ကျွန်တော့်ကို အစ်ကိုလို ဂျေးအောင်းတဲ့ဘဝမရောက်အောင် ကြိုးစားနေတာ။ စကားထဲတောင် ထည့်မပြောရတဲ့အစ်ကို့ကြောင့် ကျွန်တော် ကင်းထောက်လူငယ်ကောင်းတစ်ယောက်ဖြစ်လာရတယ်။ စိတ်ပျက်စရာပဲ။ လူဆိုးအစ်ကိုတစ်ယောက်ရှိတာနဲ့ပဲ ကျွန်တော်က လူလိမ္မာလေးလို နေရတော့မှာလား။ အမေနဲ့အဖေ တွက်ချက်ပုံကို မုန်းတာပဲ။

ကျွန်တော် အဖေစိတ်ချမ်းသာအောင် တစ်နှစ်အောင့်အည်းနေခဲ့တယ်။ ကျွန်တော် ကင်းထောက်အလုပ်ကို မုန်းတယ်။ နှလုံး-အဆုတ်အသက်ကယ်နည်းသင်ရတာကလွဲလို့ပေ့ါ။ ပြောချင်တာက တခြားတစ်ယောက်ရဲ့ပါးစပ်ထဲ လေမှုတ်ရတာတော့ ဘယ်ကြိုက်မလဲ။ ခွကျကျနိုင်တာပေါ့။ ဒါပေမယ့် နှလုံးပြန်ခုန်လာအောင်လုပ်နိုင်တာ စိတ်ဝင်စားဖို့ကောင်းတယ်။ ဘာကြောင့် နှလုံးပြန်ခုန်သလဲတော့ သိပ္ပံနည်းကျမသိဘူးပေါ့။ လူတစ်ယောက်ကို အသက်ဘယ်လိုကယ်ရမလဲဆိုတာ တတ်ပြီး တံဆိပ်လည်းရတော့ ကင်းထောက်အဖွဲ့ထဲက ထွက်လာခဲ့တယ်။ အိမ်ရောက်တော့ တံဆိပ်ကို အဖေ့ပေးတယ်။

“မင်းတော့ နောင်တရတော့မှာပဲ” အဖေ အဲဒီ့လောက်ပဲ ပြောတယ်။

ကျွန်တော် ထောင်ထဲအရောက်ခံမှာမဟုတ်ဘူး ကျွန်တော် အဲဒီ့လိုပြောလိုက်ချင်ပေမယ့် မပြောဖြစ်ခဲ့ဘူး။ အဲဒီ့အစား ကျွန်တော် ပြန်အော်ခဲ့တယ်။ “အဖေ ကျွန်တော့်ကို ပြန်သွားခိုင်းမယ်ဆိုရင် ကျွန်တော် ဆေးရှူ မှာ။ အဲဒီ့ကျမှ ကျွန်တော့်အဆိုးမဆိုနဲ့”

အဖေက အထူးတဆန်းကြည့်တယ်။ “မင်းဘဝနဲ့မင်းလေ” လို့ ပြောတယ်။ တကယ်လည်း အဲဒီ့လိုဖြစ်နေတဲ့အတိုင်းပဲ။ ကျွန်တော့်အဖေက လက်ချာသိပ်ပေးလေ့မရှိဘူး။ အဲဒါတွေ ကျွန်တော် စိတ်ကုန်တာ။ အဖေက မစာမနာပြောတတ်သူမဟုတ်ဘူး။ ဒေါသလည်း မကြီးဘူး။ စကားကို တိုတိုတုတ်တုတ်ပဲပြောတယ်။ “မင်းဘဝနဲ့မင်းလေ” တို့ “ကြိုးစားကြည့်စမ်းပါ” တို့ “လုပ်ချင်တာသေချာရဲ့လား” တို့။ အဖေ ဘာလို့ စကားအပြန်အလှန်မပြောနိုင်ရတာလဲ။ စကားပြောမကြည့်ဘဲနဲ့ အဖေ့ကို ကျွန်တော်ဘယ်လိုသိနိုင်မှာလဲ။ မုန်းတယ်။

ကျွန်တော် ဒီလိုပဲ ရှေ့ဆက်ခဲ့တယ်။ ကျွန်တော့်မှာ ကျောင်းကသူငယ်ချင်းတချို့ရှိတယ်။ ကျွန်တော် အတန်းထဲမှာ ပေါ်ပြူလာသိပ်မဖြစ်ဘူး။ ပေါ်ပြူလာဖြစ်ဖို့ဆို လူတွေ ကိုယ့်ကို စိတ်ဝင်စားလာအောင် လုပ်နေရမှာလေ။ ကျွန်တော် မညာချင်ဘူး။

ကျွန်တော်နဲ့ ပေါင်းနေကျသူငယ်ချင်းတချို့ရှိတယ်။ ဂိုးမက်ဇ်တို့ညီအစ်ကိုပေါ့။ ဒါပေမယ့် သူတို့ နယ်ပြောင်းသွားပြီ။ မိန်းကလေးသူငယ်ချင်းတွေလည်းရှိပါတယ်။ ဂျီနာနာဗာရိုရယ်၊ ဆူဇီဘဒ်ရယ်။ သူတို့က ကျွန်တော့်ကို အပျော်သဘောပဲထားတာပါ။ မိန်းကလေးတွေ။ သူတို့ကလည်း သိရခက်တယ်။ အရာအားလုံးက ပဟေဠိပါပဲ။

သိပ်မဆိုးလှဘူးတော့ ထင်တာပဲ။ လူတိုင်းချစ်တဲ့သူတစ်ယောက်မဟုတ်ပေမယ့် လူတိုင်းမုန်းတဲ့သူတစ်ယောက်လည်း မဟုတ်ခဲ့ဘူးလေ။

ကျွန်တော် ထိုးကြိတ်တဲ့နေရာမှာ တော်တော့ ဘယ်သူမှ လာမဆွရဲကြဘူး။

ကျွန်တော်ဟာ ကိုယ်ပျောက်နေသူတစ်ယောက်လိုပဲ။ အဲဒီ့လိုလေးပဲ သဘောကျပါတယ်။

အဲဒီ့နောက် ကျွန်တော့်ဘဝထဲ ဒန်တေရောက်လာခဲ့တယ်။

ငါး

စတုတ္ထအကြိမ်မြောက်ရေကူးနည်းသင်ခန်းစာအပြီးမှာ ဒန်တေက ကျွန်တော့်ကို သူ့အိမ်လိုက်လည်ဖို့ ခေါ်တယ်။ သူ့အိမ်က ရေကူးကန်နဲ့ တစ်ပြလောက်ပဲဝေးတယ်။ ပန်းခြံကနေ လမ်းကူးသွားလိုက်ရုံတင်။ အိမ်ကြီးရခိုင်ပဲ။

သူက ကျွန်တော့်ကို သူ့အဖေအင်္ဂလိပ်စာပါမောက္ခနဲ့ မိတ်ဆက်ပေးတယ်။ ကျွန်တော် မက်ဆီကန်-အမေရိကန်လူမျိုး အင်္ဂလိပ်စာပါမောက္ခနဲ့ တစ်ခါမှမတွေ့ဖူးဘူး။ အဲဒီ့လိုရှိမှန်းတောင် မသိခဲ့ဘူး။ သူက ပါမောက္ခတစ်ယောက်နဲ့ မတူဘူးရယ်။ သူက အသက်သိပ်မကြီးသေးတဲ့အပြင် ရုပ်လည်းသန့်တယ်။ အပူအပင်ထားပုံလည်းမပေါ်ဘူး။ ကြည့်ရတာ သူ့ရဲ့အစိတ်အပိုင်းတစ်ခုက ငယ်စိတ်မပျောက်သေးဘူးထင်တယ်။ ရှင်သန်နေထိုင်ရတာကို ပျော်မွေ့နေတဲ့သူတစ်ယောက်နဲ့တူတယ်။ ကမ္ဘာကြီးနဲ့ ကင်းကင်းရှင်းရှင်းနေတဲ့ ကျွန်တော့်အဖေနဲ့ ကွာလိုက်တာ။ ကျွန်တော့်အဖေမှာ ကျွန်တော်နားမလည်တဲ့ အမှောင်ဘက်ခြမ်းတစ်ခုရှိတယ်။ ဒန်တေ့အဖေမှာ အမှောင်ဘက်ခြမ်းမရှိဘူး။ သူ့ရဲ့နက်မှောင်နေတဲ့မျက်လုံးတွေတောင် လင်းလက်တောက်ပနေသလိုပဲ။

အဲဒီ့နေ့လယ်က ဒန်တေ့အဖေ ဂျင်းဘောင်းဘီနဲ့ တီရှပ်ဝတ်ထားတယ်။ သူ့ရုံးခန်းထဲက သားရေကုလားထိုင်ပေါ်မှာ စာဖတ်နေတယ်။ ကျွန်တော် အိမ်မှာ ရုံးထိုင်တဲ့သူ တစ်ယောက်မှ မတွေ့ဖူးဘူး။

ဒန်တေ သူ့အဖေဆီလျှောက်သွားပြီး ပါးကို နမ်းတယ်။ ကျွန်တော် ဘယ်တော့မှ အဲဒီ့လို နမ်းမှာမဟုတ်ဘူး။ လုံးဝပဲ။

“အဖေ ဒီမနက် မုတ်ဆိတ်မွေးလည်း မရိတ်ဘူး”

“နွေရာသီလေကွာ” လို့ သူ့အဖေက ပြန်ပြောတယ်။

“ဆိုလိုတာက အဖေ အလုပ်သွားစရာမလိုဘူးပေါ့”

“ဆိုလိုတာက ငါ့စာအုပ်ကို ပြီးအောင်ရေးရမှာ”

“စာအုပ်ထိုင်ရေးတာ အလုပ်မှမဟုတ်တာ”

ပြောရင်းတန်းလန်း ဒန်တေ့အဖေ အားရပါးရရယ်တယ်။ “အလုပ်အကြောင်း မင်းအများကြီး သင်ယူရဦးမှာပါကွာ”

“နွေရာသီလေ အဖေ။ အလုပ်အကြောင်း မကြားချင်ဘူး”

“မင်းက အလုပ်အကြောင်း ဘယ်တုန်းကမှ နားထောင်ချင်တာမဟုတ်ပါဘူးကွာ”

စကားဆက်ပြောရင် ဘယ်ရောက်မယ်ဆိုတာ ဒန်တေသိတယ်။ အဲဒါကြောင့် သူ အကြောင်းအရာပြောင်းဖို့ ကြိုးစားတယ်။ “မုတ်ဆိတ်မွေးအရှည်ကြီး ထားမလို့လား”

“မဟုတ်ပါဘူးကွာ” သူ ရယ်တယ်။ “ပူလွန်းတယ်လေ။ ပြီးတော့ မရိတ်ဘဲနေရင် မင့်အမေက ငါ့အနမ်းခံမှာမဟုတ်ဘူးဟ”

“ဝိုး၊ အမေက စည်းကမ်းတင်းကျပ်တာပဲ”

“ဟုတ်ပ”

“အနမ်းမခံဘူးဆို ဘယ်လိုလုပ်မလဲ”

သူက ပြုံးဖြဲဖြဲလုပ်တယ်။ ပြီးတော့ ကျွန်တော့်ဆီ အကြည့်ရောက်လာတယ်။ “ဒီကောင်နဲ့ မင်း ဘယ်လိုပေါင်းလဲကွာ။ မင်း အေရီဖြစ်ရမယ်၊ ဟုတ်တယ်ဟုတ်”

“ဟုတ်ကဲ့ခင်ဗျ” ကျွန်တော် ခြေလက်တွေအေးစက်နေတယ်။ ကျွန်တော် သူငယ်ချင်းမိဘတွေနဲ့ ရင်းရင်းနှီးနှီး မပြောဖူးဘူး။ ကျွန်တော့်ဘဝမှာ တွေ့ဖူးခဲ့တဲ့ မိဘအများစုကလည်း ကျွန်တော်နဲ့ ဟိုဟိုဒီဒီပြောဖို့ စိတ်မပါကြဘူး။

သူ ကုလားထိုင်ကနေ ထပြီး စာအုပ်ကို အောက်ချတယ်။ ကျွန်တော့်ဆီ လျှောက်လာပြီး လက်ဆွဲနှုတ်ဆက်တယ်။ “ငါ့နာမည် စမ်ပါ” လို့ ပြောတယ်။ “စမ်ကွင်တားနား”
“တွေ့ရတာ ဝမ်းသာပါတယ်၊ မစ္စတာ ကွင်တားနား”

ကျွန်တော် တွေ့ရတာ ဝမ်းသာပါတယ် ဆိုတဲ့စကားကို အကြိမ်ပေါင်းများစွာ ကြားဖူးတယ်။ ဒန်တေ ပြောတုန်းက တကယ်စိတ်ထဲကပါတဲ့အတိုင်းပဲ။ ဒါပေမယ့် ခု ကျွန်တော်ပြောတော့ နှုတ်ခမ်းဖျားလေးနဲ့ ပြောလိုက်သလိုပဲ။ ကျွန်တော် တစ်နေရာရာမှာ ပြေးပုန်းလိုက်ချင်တော့တာပဲ။

“ငါ့ကို စမ်လို့ ခေါ်လို့ရပါတယ်”

“မရပါဘူး” လို့ ကျွန်တော ပြောလိုက်တယ်။ ဘုုရားသခင်၊ ကျွန်တော် တကယ် ပြေးပုန်းချင်နေပြီ။

သူက ခေါင်းတဆတ်ဆတ်ညိမ့်တယ်။ “ချစ်စရာကောင်းတာပဲ” လို့ သူက ပြောတယ်။ “ပြီးတော့ တလေးတစားလည်းရှိတယ်”

“ချစ်စရာကောင်းတာပဲ” ဆိုတဲ့စကား ကျွန်တော့်အဖေ့နှုတ်ခမ်းဝက ဘယ်တုန်းကမှ ထွက်မလာဖူးဘူး။

သူ ဒန်တေ့ကို တစ်ချက်ကြည့်တယ်။ “ဒီလူငယ်လေးက လေးစားသမှုရှိတယ်။ မင်း သူ့ဆီက တစ်ခုခု အတုယူနိုင်မယ်ထင်တာပဲ ဒန်တေ”

“ကျွန်တော် အဖေ့ကို မစ္စတာကွင်တားနားလို့ ခေါ်စေချင်တာလား”

သူတို့နှစ်ယောက်လုံး ရယ်ကြပြန်တယ်။ အဲဒီ့နောက် သူ ကျွန်တော့်ဘက် အာရုံစိုက်တယ်။ “ရေကူးတာ ဘယ်လိုနေလဲ”

“ဒန်တေက ရေကူးသင်ပေးတဲ့နေရာမှာ တော်ပါတယ်” လို့ ကျွန်တော် ပြန်ဖြေတယ်။

“ဒန်တေက တော်တော်များများမှာ တော်ပါတယ်။ ဒါပေမယ့် သူ့အခန်းသူရှင်းတဲ့နေရာမှာတော့ မတော်ဘူးဟေ့။ အခန်းရှင်းတယ်ဆိုတဲ့ကိစ္စကို အလုပ် လို့မထင်တာလားမသိပါဘူးကွာ”
ဒန်တေက သူ့အဖေကို ကြည့်တယ်။ “အဲဒါ အရိပ်အမြွက်လား”

“မင်း သွက်သွက်လက်လက်ရှိပါတယ် ဒန်တေရာ။ မင့်အမေဆီက အမွေရတာဖြစ်ရမယ်”

“စဆရကမလုပ်စမ်းပါနဲ့ အဖေရာ”

“မင်းသုံးလိုက်တဲ့စကားလုံးက ဘာကြီးလဲဟ”

“အဖေ့ကို စော်ကားသလိုဖြစ်သွားလို့လား”

“စကားလုံးကြောင့်မဟုတ်ဘူး။ မင့်စိတ်အခံကြောင့်နေမှာပေါ့”

ဒန်တေ မျက်ခုံးပင့်ပြီး သူ့အဖေ့ကုလားထိုင်ပေါ် ထိုင်တယ်။ သူ တင်းနစ်ရှူးတွေကို ချွတ်တယ်။

“သိပ်ဇိမ်ခံမနေနဲ့” “ဟိုမှာ မင့်နာမည်ရေးထိုးထားတဲ့ ဝက်ခြံရှိတယ်”

ကျွန်တော် ပြုံးမိသွားတယ်။ သူတို့ အတိုင်အဖောက်ညီနေတာ၊ သူတို့အချင်းချင်းစကားပြောတဲ့အခါ ရှောရှောရှူရှူရှိတာ၊ ကြင်ကြင်နာနာရှိတာများ အဖေတစ်ယောက်နှင့် သားတစ်ယောက်ကြားက ချစ်ခြင်းမေတ္တာဟာ ဘာမှရှုပ်ထွေးမှုမရှိတဲ့အတိုင်းပဲ။ အမေနဲ့ ကျွန်တော့်ကြားဆက်ဆံရေးက လွယ်ကူရိုးရှင်းပါတယ်။ ဒါပေမယ့် အဖေနဲ့ ကျွန်တော့်ကြားမှာတော့ အဲဒီ့လိုမဟုတ်ဘူး။ ကျွန်တော် အဖေ့ကို နမ်းတဲ့အခါ ဘယ်လိုများဖြစ်မလဲ တွေးနေမိတယ်။

ကျွန်တော်တို့ အပေါ်ထပ်တက်တယ်။ ဒန်တေက သူ့အခန်းလိုက်ပြတယ်။ အခန်းကကျတယ်။ မျက်နှာကျက်က ခပ်မြင့်မြင့်။ သစ်သားကြမ်းပြင်တွေရယ်၊ အလင်းများများဝင်ဖို့ ပြတင်းပေါက်အများကြီးရယ်။ နေရာတကာမှာ သူ့ပစ္စည်းတွေနဲ့ ပြည့်နေတယ်။ ကြမ်းပြင်ပေါ်မှာ အဝတ်တွေ ပြန့်ကျဲနေတယ်။ ဓာတ်ပုံအယ်လ်ဘမ်အဟောင်းပုံတွေ၊ စာအုပ်တွေလည်း ပြန့်ကျဲလို့။ ရေးခြစ်ထားတဲ့ မှတ်စုစာရွက်တွေ၊ ပိုလာရွိုက်ဓာတ်ပုံတွေ၊ ကင်မရာသုံးလေးသုံး၊ ကြိုးမပါတဲ့ဂစ်တာတစ်လုံး၊ ဂီတနုတ်စာရွက်၊ မှတ်စုစာရွက်တွေ၊ ပုံတွေနဲ့ ပြည့်နေတဲ့ နို့တစ်ဘုတ်တစ်ချပ်ရယ်။

သူ သီချင်းကောက်ဖွင့်တယ်။ သူ့မှာ ဓာတ်စက်တစ်လုံးရှိတယ်။ ခြောက်ဆယ်ခုနှစ်များဆီက တကယ့်ဓာတ်စက်ပဲ။ “အဲဒါ ငါ့အမေ့ဟာလေ” လို့ သူက ပြောတယ်။ “အမေက အဲဒါကို လွှင့်ပစ်တော့မယ်ဆိုလို့ ယူထားတာ။ စဉ်းစားကြည့် ငါ့ကောင်ရေ” သူက သူ့အကြိုက်ဆုံးသီချင်းခွေ Abbey Road ကို ဖွင့်တယ်။ “တကယ့်ဗီနိုင်းဓာတ်ပြားပဲ။ ကက်ဆက်ခွေတွေနဲ့ တခြားစီပဲ” လို့ သူက ပြောတယ်။

“ကက်ဆက်တွေက ဘာဖြစ်လို့လဲ”

“ငါ ကက်ဆက်ခွေတွေကို အယုံအကြည်မရှိဘူး”

အဲဒီ့လိုပြောတာ ရယ်ချင်စရာကြီးလို့ ကျွန်တော်ထင်တယ်။ “ဓာတ်ပြားတွေက ခြစ်ရာထင်လွယ်တယ်လေ”
“ဂရုတစိုက်မကိုင်မှပါ”

ရှုပ်ပွနေတဲ့သူ့အခန်းထဲ ကျွန်တော် မျက်စိကစားတယ်။ “မင်း ပစ္စည်းတွေကို ဂရုတစိုက်ထားတတ်တယ်ဆိုတာ ငါ တွေ့နေရပါတယ်ကွာ”

သူ ဒေါသထွက်မသွားဘူး။ ရယ်ပဲရယ်တယ်။

သူက စာအုပ်တစ်အုပ်လှမ်းပေးတယ်။ “ဒီမှာ … ငါ အခန်းရှင်းနေတုန်း ဒီစာအုပ်ဖတ်နေလို့ရတယ်”
“ငါ ပြန်လိုက်တော့မှလားလို့ …” ကျွန်တော် စကားစကို ရပ်ထားတယ်။ ကျွန်တော့်မျက်လုံးတွေက ရှုပ်ပွနေတဲ့အခန်းထဲ ဝေ့ကြည့်တယ်။ “ဒီမှာ ကြောက်စရာကောင်းလာလို့”

သူ ပြုံးတယ်။ “မပြန်ပါနဲ့။ ငါ အခန်းရှင်းရတာ မုန်းတယ်”

“ရှင်းရမယ့်ပစ္စည်းမများရင် မုန်းချင်မှမုန်းမှာပါ”

“ဟိုဟာဒီဟာတွေနဲ့ ရှုပ်နေတာ” လို့ သူက ပြောတယ်။

ကျွန်တော် ဘာမှမပြောဖြစ်ဘူး။ ကျွန်တော့်အခန်းထဲမှာ ပစ္စည်းတွေ အများကြီးမရှိဘူး။

“မင်းရှိိနေရင် သိပ်မဆိုးလောက်ဘူး”

ကျွန်တော် ဘယ်လိုနေရမှန်းမသိဖြစ်သွားတယ်။ ဒါပေမယ့် “ကောင်းပြီလေ” လို့ ကျွန်တော် ပြောလိုက်တယ်။ “ငါ ကူရှင်းပေးရမလား”

“မလိုပါဘူး။ ဒါ ငါ့အလုပ်ပဲဟာ” သူက ကြိတ်မှိတ်သည်းခံနေရတဲ့လေသံနဲ့ ပြောတယ်။ “ငါ့အမေပြောသလိုပဲ ဒါ ငါ့တာဝန်ပဲ။ အမေက တာဝန်ယူမှုဆိုတဲ့ စကားလုံးကို အတော်သဘောကျတယ်။ အမေက အဖေ ငါ့ကို အလိုလိုက်လွန်းတယ်လို့ မြင်တယ်။ ဟုတ်တော့လည်းဟုတ်နေတာပါပဲလေ။ ဒါပေမယ့် ငါပြောချင်တာက အဖေက အတင်းတွန်းမယ့်လူစားမှမဟုတ်တာ။ ကိုယ်လက်ထပ်ယူထားတဲ့ယောကျ်ား ဘယ်လိုလူစားလဲ မသိဘူးလားကွာ”

“မင်း မင့်မိဘတွေကို အမြဲတမ်းဆန်းစစ်တတ်သလား”

“သူတို့ ငါတို့ကို ဆန်းစစ်တယ်လေကွာ၊ မဟုတ်ဘူးလား”

“အဲဒါ သူတို့အလုပ်ပဲလေ၊ ဒန်တေ”

“မင်းရော ငါ့လိုမလုပ်တာကျနေတာပဲ”

“အင်း၊ ငါလည်း သူတို့ကို ဆန်းစစ်တယ်ထင်တာပဲ။ ဒါပေမယ့် မထူးပါဘူးကွာ။ သူတို့ကို ငါ ကောင်းကောင်းမသိဘူး”

“ငါကတော့ အဖေ့အကြောင်းသိတယ်။ ဒါပေမယ့် အမေ့ကိုတော့ ကောင်းကောင်းမသိဘူး။ အမေက ဒီလောကမှာ အခက်ခဲဆုံးပဟေဠိတစ်ပုဒ်ပဲ။ ဆိုဆုံးမတဲ့နေရာမှာတော့ သိရမခက်ဘူးပေါ့။ ဒါပေမယ့် အမေက တကယ့်ကို ဂမ္ဘီရဆန်တယ်”

“ဂမ္ဘီရဆန်တယ်” အိမ်ရောက်ရင် အဘိဓာန်လှန်ရဦးမှာပဲ။

ဒန်တေက ကျွန်တော့်ကို ကြည့်တယ်။ ကျွန်တော့်အလှည့်ဆိုတဲ့ အကြည့်နဲ့။

“ငါကတော့ အမေ့ကို နားလည်တယ်။ ခက်တာက ငါ့အဖေ။ သူလည်း ဂမ္ဘီရဆန်တာပဲ” အဲဒီ့စကားလုံးကို သုံးလိုက်မိတာ ဖိုးတွမ်တီးလို ခံစားရတယ်။ ကျွန်တော်ဟာ တကယ်ပဲ အလိမ်အညာကောင်မို့နေမှာပေါ့။

သူက ကျွန်တော့်ကို ကဗျာစာအုပ်တစ်အုပ် ကမ်းပေးတယ်။ “ဒါ ဖတ်ကြည့်” လို့ သူက ပြောတယ်။ ကျွန်တော် ကဗျာစာအုပ်တစ်ခါမှ မဖတ်ဖူးဘူး။ ကဗျာကို ဘယ်လို ဖတ်ရမှန်းလည်း ကောင်းကောင်းမသိဘူးထင်တာပဲ။ ကျွန်တော် သူ့ကို ငေးငေးငိုင်ငိုင်ကြည့်တယ်။

“ကဗျာတွေပါကွာ။ အဆိပ်မရှိပါဘူးဟ။ ကဗျာဖတ်လို့ မသေပါဘူး” လို့ သူက ပြောတယ်။

“သေရင် ဘယ်လိုလုပ်မလဲ။ ကဗျာဖတ်ရင်း ပျင်းလွန်းလို့ သေသွားတဲ့ကောင်လေးဆိုပြီး နာမည်ကြီးနေပါဦးမယ်”

သူ မရယ်မိအောင် ကြိုးစားတယ်။ ဒါပေမယ့် သူက စိတ်ထဲရယ်ချင်နေရင် ထိန်းမထားနိုင်တဲ့ကောင်။ သူ ခေါင်းကို ခါရမ်းတယ်။ ကြမ်းပြင်ပေါ်က အဝတ်တွေကို ကောက်တယ်။

သူက ထိုင်ခုံကို လက်ညှိုးထိုးပြတယ်။ “အဲ့ပေါ်ကဟာတွေ ကြမ်းပြင်ပေါ်ချပြီး ထိုင်လိုက်”
ကျွန်တော် ပန်းချီစာအုပ်အထပ်လိုက်နဲ့ ပုံဆွဲစာအုပ်တစ်အုပ်ကို ကောက်ယူပြီး ကြမ်းပြင်ပေါ်ချတယ်။ “ဒါ ဘာကြီးလဲ”

“ပုံဆွဲစာအုပ်လေ”

“ငါ ကြည့်လို့ရလား”

သူ ခေါင်းခါပြတယ်။ “ငါ ဘယ်သူ့ကိုမှ မပြချင်ဘူး”

သူ့မှာ လျှို့ဝှက်ချက်တွေ ရှိတာပဲ။ စိတ်ဝင်စားဖို့ကောင်းတယ်။

သူက ကဗျာစာအုပ်ကို လက်ညှိုးထိုးပြပြန်တယ်။ “ကဗျာဖတ်လို့ မသေပါဘူးဆို”

တစ်နေ့ခင်းလုံး ဒန်တေ အခန်းရှင်းနေခဲ့တယ်။ ကျွန်တော်ကတော့ သူပြောတဲ့ကဗျာစာအုပ်ကို ဖတ်နေခဲ့တယ်။ ကဗျာဆရာနာမည်က ဝီလျံကားလို့စ်ဝီလျံစ်တဲ့။ ကျွန်တော် တစ်ခါမှ မကြားဖူးဘူး။ အင်း … ကျွန်တော် ဘယ်ကဗျာဆရာမှ မကြားဖူးတာပါလေ။ ကျွန်တော် တချို့ကဗျာတွေကို နားလည်တယ်။ အကုန်လုံးတော့မဟုတ်ဘူး။ ကျွန်တော် အဲဒီ့ကဗျာတွေကို သဘောမကျမဖြစ်မိဘူး။ ကိုယ့်ဖာသာတောင် အံ့သြသွားတယ်။ ကဗျာတွေက စိတ်ဝင်စားဖို့ကောင်းတယ်။ အပေါစားမဆန်ဘူး၊ ပေါကြောင်ကြောင် မနိုင်ဘူး၊ စာသံပေသံလည်း အတင်းကြီးမပေါက်ဘူး။ ကျွန်တော် ထင်ထားခဲ့သလိုမဟုတ်ဘူးဆိုပါတော့။ တချို့ကဗျာတွေက ဖတ်ရလွယ်တယ်။ တချို့ကတော့ ဂမ္ဘီရဆန်တယ်။ ဂမ္ဘီရဆန်တယ် ဆိုတဲ့စကားလုံးရဲ့ဆိုလိုရင်းကို ကျွန်တော်သိတယ်လို့ တွေးနေမိပြီ။

ကဗျာတွေဟာ လူတွေနဲ့တူတယ်လို့ တွေးမိတယ်။ တချို့လူတွေကို ချက်ချင်းသိနိုင်တယ်။ တချို့တွေကိုတော့ ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။

ဒန်တေ အခန်းထဲမှာ ပစ္စည်းတွေ အစီအစဉ်တကျနေရာချတတ်တာကို အထင်ကြီးသွားတယ်။ အခန်းထဲ လာစဝင်လာတုန်းက အားလုံးဖရိုဖရဲဖြစ်နေတာ။ သူ အခန်းထဲရှင်းပြီးရော အကုန် သူ့နေရာနဲ့သူ ဖြစ်သွားတယ်။

ဒန်တေရဲ့ကမ္ဘာမှာ အစီအစဉ်ကျမှုရှိတယ်။

သူ သူ့စာအုပ်တွေကို စာအုပ်စင်ပေါ်မှာ၊ စားပွဲခုံပေါ်မှာ စီတယ်။ “ငါ နောက်ဖတ်မယ့်စာအုပ်တွေကို စားပွဲခုံပေါ်တင်တာ” လို့ သူကပြောတယ်။ စားပွဲခုံ။ တကယ့်စာရေးစားပွဲခုံစစ်စစ်။ ကျွန်တော် တစ်ခုခုရေးစရာရှိရင် မီးဖိုချောင်ထဲက စားပွဲပေါ် တင်ရေးရတယ်။

သူ ကဗျာစာအုပ်ကို ကျွန်တော့်လက်ထဲက ဆွဲယူပြီး ကဗျာတစ်ပုဒ်ကို လိုက်ရှာတယ်။ ခေါင်းစဉ်က သေခြင်းတရား တဲ့။ သန့်ရှင်းသပ်ရပ်သွားတဲ့အခန်းထဲမှာ နေရောင်က အနောက်ဖက်ကနေ တိုးဝင်လာပြီး သူ့မျက်နှာပေါ် လာရိုက်ခတ်တယ်။ အဲဒီ့နောက် သူ့လက်ထဲက စာအုပ်ပေါ်။ စာအုပ်ဟာ သူ့လက်ထဲမှာ အကိုင်ခံရဖို့ ဖြစ်တည်လာခဲ့သလိုမျိုး လိုက်ဖက်လွန်းနေတယ်။ ကျွန်တော် သူ ကဗျာရွတ်သံကို သဘောကျတယ်။ သူရွတ်နေပုံက သူရေးထားတဲ့ကဗျာ သူပြန်ရွတ်နေတဲ့အတိုင်းပဲ။

သူ သေဆုံးသွားခဲ့ပြီ

အာလူးတွေ အေးခဲမသွားဖို့

ခွေးကလေး ရင်ငွေ့ပေး အိပ်စက်စရာ မလိုအပ်တော့

သူ သေဆုံးသွားခဲ့ပြီ

ခွေးမသားကြီး

ဒန်တေ “ခွေးမသား” ဆိုတဲ့စကားလုံးကို ရွတ်တော့ သူပြုံးတယ်။ သူ အဲဒါကို ရွတ်ရတာ ဘာကြောင့်ကြိုက်မှန်း ကျွန်တော်သိတယ်။ သူ အိမ်မှာ သုံးခွင့်မရတဲ့၊ တားမြစ်ထားခဲ့ စကားလုံးဖြစ်နေလို့ပေါ့။ ဒါပေမယ့် သူ့အခန်းထဲမှာတော့ သူ အဲဒါကို စိတ်တိုင်းကျရွတ်နိုင်တယ်။

တစ်နေ့ခင်းလုံး ကျွန်တော် ဒန်တေ့အခန်းထဲက ဇိမ်ကျတဲ့ကုလားထိုင်ပေါ် ထိုင်ခဲ့တယ်။ သူက သူ့အိပ်ရာအသစ်ပေါ် လှဲတယ်။ ပြီးတော့ သူ ကဗျာတွေရွတ်တယ်။

ကျွန်တော် ကဗျာတွေကို နားလည်မလည် စိတ်မပူဘူး။ ဘာကိုဆိုလိုသလဲလည်း ဂရုမထားဘူး။ ဘာလို့လဲဆိုတော့ ခုအရေးကြီးတာ ဒန်တေ့အသံက ဟန်ဆောင်မှုကင်းနေလို့ပဲ။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း အစစ်အမှန်လောကတစ်ခုလို ခံစားရတယ်။ ဒန်တေနဲ့ မတွေ့ခင်က ကျွန်တော့်အဖို့ တခြားသူတွေနဲ့ အတူရှိရတာက အခက်ခဲဆုံးကိစ္စတစ်ခုဖြစ်ခဲ့တယ်။ ဒါပေမယ့် ဒန်တေ့အတွက် စကားပြောရတာ၊ အတူရှိနေရတာ၊ ခံစားရတာ အားလုံးက သဘာဝကျကျလုပ်သွားသလိုပဲ။ ကျွန်တော့်ဘက်မှာတော့ အဲဒီ့လိုမဟုတ်ဘူး။ ကျွန်တော့်အဖို့ တခြားသူတွေနဲ့ အတူရှိရတာဟာ အခက်ခဲဆုံးအလုပ်ဖြစ်ခဲ့တယ်။ ဒန်တေနဲ့ မတွေ့ခင်အထိပေါ့။

ကျွန်တော်အိမ်ရောက်တော့ “ဂမ္ဘီရဆန်တယ်” ဆိုတဲ့ စကားလုံးကို ရှာကြည့်တယ်။ သိရခက်တယ်လို့ ဆိုလိုတာတဲ့။ ကျွန်တော့်နေ့စဉ်မှတ်တမ်းထဲမှာ ကြောင်းတူသံကွဲစကားလုံးတွေကို ရေးချတယ်။ “ကွယ်ဝှက်တယ်” “နက်နဲတယ်” “နားလည်ရခက်တယ်” “သိရခက်တယ်”

အဲဒီ့နေ့လယ်က ကျွန်တော် စကားလုံးအသစ်နှစ်လုံးကို သိသွားတယ်။ “ဂမ္ဘီရဆန်တယ်” ရယ်။ ပြီးတော့ “မိတ်ဆွေ” ဆိုတဲ့စကားလုံးရယ်။

စကားလုံးတွေဟာ ကိုယ့်အတွင်းသားထဲရောက်သွားရင် တမူပြောင်းလဲသွားတယ်။

အခန်း ( ၂ ) ဆက်ရန်... 
Benjamin Alire Sáenz ရေးသားသော မူရင်းဝတ္ထု Aristotle and Dante Discover the Secrets of the Universe မှ နေသန် မြန်မာဘာသာသို့ ပြန်ဆိုသည်။


Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ