Search

Content

Showing posts with label ငယ်ပါ. Show all posts
Showing posts with label ငယ်ပါ. Show all posts
0 comments

ကျွန်တော်တို့ အမြဲတမ်းသိချင်နေတဲ့ လိင်တူဆက်ဆံခြင်းအကြောင်း

ကျနော်တို့ လူတိုင်းလူတိုင်းဟာ ဘဝမှာ တွေဝေစရာအကြောင်းအရာတွေကို ကြုံရစမြဲပါ။ ဘဝဆိုတာ မသိရင်ရှာဖွေ၊ စမ်းသပ် သို့မဟုတ် လေ့လာရင်းနှင့်မှ တဖြည်းဖြည်း ရင့်ကျက်လာတဲ့ သင်ယူမှုဖြစ်စဉ်တစ်ခုလည်းဖြစ်ပါတယ်။

ဒါပေမယ့် ကျနော်တို့ လိင်တူချစ်သူတွေအဖို့ တခါတရံ ကိုယ်သိနေတဲ့ အကြောင်းအရာတွေကို မသေချာမရေရာ ဟုတ်လားမဟုတ်လား ဖြစ်နေတာမျိုးရှိတဲ့အခါ အဖြေရှာဖွေဖို့နေရာ ရှာမတွေ့တာဖြစ်တတ်ပါတယ်။ ဘယ်နားကစရမလဲမသိဖြစ်ကြတတ်ပါတယ်။ ရှားပါးတဲ့စာအုပ်တွေလိုက်ရှာဖတ်လိုက်ရ သို့မဟုတ် အင်တာနက်မှာပြေးရှာဖို့ဆိုတာကလည်း လိင်တူချစ်သူတွေအကြောင်းကို မြန်မာလိုရှင်းပြတာမျိုက တော်တော်ရှာရခက်မှာပါ။ မရှိသလောက်လည်း ရှားနေပါသေးတယ်။ အဲ့တော့ ပတ်ဝန်းကျင်က ကိုယ့်ထက်တွေ့အကြုံများတဲ့သူတွေကို မေးရင်မေး၊ ဒါမှမဟုတ် ကိုယ့်သူငယ်ချင်းတွေစီက ကြားဖူးနားဝတွေနဲ့လေ့လာကြပါတယ်။ အဲ့တော့ ဘဝအကြောင်းအပြင် လိင်ကိစ္စအကြောင်းဆိုရင် ပိုပြီးမေးရမှာခက်၊ ရှာဖွေရမှာလည်းခက်တဲ့ အဖြစ်ပါ။ အဲ့တော့နောက်ဆုံး ကျနော်တို့ အများဆုံးလေ့လာခဲ့တဲ့နေရာကတော့ လိင်ရုပ်ရှင်တွေကပါ။ ဒါပေမယ့် လိင်ရုပ်ရှင်ဆိုတာ ဖန်တီးမှုပါ။ အမြင်အာရုံကို ကြေနပ်အားရဖို့ကို လုပ်ကြံထားတာပါ။ အပြင်တကယ့်ဘဝမှာ အဲ့ဒီအတိုင်းအမြဲတမ်းမဖြစ်ပါဘူး။ ပြီးတော့ အရပ်ထဲမှာ လျှောက်ပြောတတ်ကြတဲ့ အယူမှားတွေကို ယုံကြည်မိမှ ကိုယ့်အတွက် ထိခိုက်စရာဖြစ်နေပါမယ်။

ဒါ့ကြောင့်ကျနော်တို့ လိင်တူချစ်သူများအဖို့ဟာ ဗဟုသုတအမှန်ရဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စပါ။ ကျောင်းမှာ ဒါတွေကို လေ့လာရဖို့ဆိုတာကလည်း မဖြစ်နိုင်သေးပါ။ အဲ့ဒါကြောင့် လိင်တူဆက်ဆံခြင်းနှင့် ပက်သက်တဲ့ ကျနော်တို့ သိသင့်သိထိုက်တာတွေ၊ အကြံပေးချက်တွေနဲ့ အယူမှားများကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။

 

အကြံပြုချက်များ

၁ ။ လိင်ဆက်ဆံဖို့အတွက် အန္တရာယ်များတဲ့ အလုပ်တွေမလုပ်ပါနဲ့။

သင်ငယ်ရွယ်တဲ့ အချိန်မှာဆိုရင် လိင်ဆက်ဆံဖို့ဆိုတာ ဘဝရဲ့ အရေးကြီးဆုံးအရာလို့ ထင်တတ်ကြပါတယ်။ တချိန်တည်းမှာပဲ လိင်ဆက်ဆံရဖို့ အခွင့်အလမ်းဟာ ရှားပါးတယ်လို့ ထင်ကြပါတယ်။ အမှန်တော့ လိင်ဆက်ဆံဖို့ဆိုတာ မရှားပါဘူး။ အချိန်တန်တဲ့အခါ မှန်ကန်တဲ့သူနဲ့ သင်ကြိုက်သလောက် လိင်ဆက်ဆံလို့ရပါတယ်။ ဒါပေမဲ့ လိင်ဆက်ဆံဖို့အတွက်တော့ သင့်ကိုယ်သင် အန္တရာယ်များတဲ့အဖြစ်ကို ဘယ်တော့မှ မရောက်စေပါနဲ့။

၂ ။ အလုံခြုံဆုံးလိင်ဆက်ဆံမှုဟာ အကောင်းဆုံးလိင်ဆက်ဆံမှုပါ။

လိင်မှတဆင့်ကူးဆက်တဲ့ရောဂါတွေဟာ အလျှံအပယ်ပါ။ လိင်ဆက်ဆံတယ်ဆိုတာက လူနှစ်ဦး ခန္ဓာကိုယ်ကို အနီးကပ်ဆုံးဖလှယ်ခြင်းဖြစ်တာကြောင့် တစ်ခုမှမတွေ့ဖူးသေးတဲ့သူ (သို့) ကောင်းကောင်းမသိတဲ့သူနဲ့ဆိုရင် သူ့ဆီမှာ ဘာရောဂါရှိလဲ၊ ကိုယ့်ဆီကို အဲ့ရောဂါက ဘယ်လိုကူးဆက်လာမလဲ မသိနိုင်ပါဘူး။ ကွန်ဒုံးသုံးပြီး ဘေးကင်းစွာပြုမူမှသာ ကိုယ့်အတွက် လုံခြုံအောင်ကာကွယ်နိုင်ပါမယ်။ လိင်ပညာပေးတွေဟာ ကျွန်တော်တို့ကို ရောဂါကူးစက်ပုံအကြောင်းတွေကို အထိကထားပြီးပြောလေ့ရှိပါတယ်။ ဒါပေမယ့် ကွန်ဒုံးသုံးခြင်းမသုံးခြင်းက ကျွန်တော်တို့၏ စိတ်အနေအထားပေါ်ကို ဘယ်လိုသက်ရောက်မှုရှိနိုင်တယ်ဆိုတာကို ပြောပြလေ့မရှိပါဘူး။ ကျွန်တော်တို့ဟာ အထူးသဖြင့် ကွန်ဒုံးမသုံးပဲ ဆက်ဆံတဲ့အခါ ကိုယ့်ကို HIV နဲ့ အခြား လိင်မှတဆင့်ကူးဆက်တဲ့ရောဂါ တွေ ဘယ်လိုဝင်လာမလဲဆိုတာကို ပူပန်နေရပါမယ်။ အဲ့လို ပူပန်ပြီး လိင်ဆက်ဆံရတာ မတန်ပါဘူး။ လိင်ဆက်ဆံနေတုန်း ကြောက်စိတ်ပူပန်စိတ်တွေဖြစ်နေတာမျိုး မလိုချင်ပါဘူး။ ဒါကြောင့် လုံခြုံအောင်လုပ်ပြီး စိတ်ချလက်ချ လိင်ဆက်ဆံရတာကသာ ပျော်စရာအကောင်းဆုံးပါ။

၃ ။ လိင်ဆက်ဆံချိန် ချောဆီထည့်ဖို့ မနှမြောပါနဲ့။

လိင်ဆက်ဆံချိန်မှာ ချောမွေ့မှုမရှိရင် နာကျင်ပြီး ပွန်းကာ ခန္ဓာကိုယ်ထိခိုက်နိုင်ပါတယ်။ ချောဆီဘယ်တော့မှများတယ်ဆိုတာမရှိပါဘူး။ ကိုယ့်အတွက် အကိုက်ဆုံးဖြစ်မယ့် ချောဆီ(lube)ကို တစ်ခုပြီးတစ်ခု စမ်းသပ်ပါ။ ပြီးလျှင်အဲ့တစ်ခုကို ကိုယ့်အတွက် ဖူဖူလုံလုံဝယ်ထားပါ။

၄ ။ ကွန်ဒုံးဝယ်ဖို့ မနှမြောပါနဲ့။

ကိုယ်မသိတဲ့သူနဲ့ လိင်ဆက်ဆံမယ်ဆိုရင် ကွန်ဒုံးဟာ ကိုယ့်ရဲ့ အသက်ကာကွယ်ပေးတဲ့အရာတစ်ခု လိုပါပဲ။ တချို့ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ အဖွဲ့အစည်းတွေက ကွန်ဒုံးအလကားပေးတာတွေ ရှိပါတယ်။ တကယ်လို့ သင်ပိုက်ဆံတတ်နိုင်ဆိုရင်တော့ ကိုယ့်အတွက်အကိုက်ဆုံးဖြစ်မယ့် ကွန်ဒုံးကောာင်းကောင်း ဝယ်သုံးသင့်ပါတယ်။

၅။ ဆီးကျိတ်ဟာ ယောက်ျားချင်းလိင်တူဆက်ဆံခြင်းရဲ့ အဓိကသော့ချက်ပါ။ 

ယောက်ျားတွေမှာရှိတဲ့ သုတ်ရည်ထုတ်လုပ်ပေးတဲ့ ဆီးကျိတ်အကြောင်းကို လေ့လာသိထားသင့်ပါတယ်။ စအိုအတွင်း ၃ လက်မလောက်မှာရှိတဲ့ ဇီးစေ့အရွယ်ဆီးကျိတ်ကို ပွတ်တိုက်နှိပ်နှုယ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ လှုံဆော်မှုဟာ သုခကို ဖြစ်ပေါ်စေပါတယ်။ လိင်ဆက်ဆံတဲ့အခါမှာ သင့်အတွက် ဘယ်လိုမျိုး အနေအထားမျိုးက ဆီးကျိတ်ကိုအကောင်းဆုံးလှုံ့ဆော်မှုဖြစ်စေသလဲဆိုတာကို စမ်းသပ်ရမှာပဲဖြစ်ပါတယ်။

၆ ။ လိင်ဆက်ဆံရာတွင် သန့်ရှင်းရေးလုပ်ဖို့ အဝတ်၊ တံပတ် (သို့) စက္ကူချော အမြဲဆောင်ထားပါ။ 

ရုတ်တရက် ရှုပ်ပွသွားလို့ ဖတ်ခနဲ ရှင်းစရာတစ်တစ်ခု ရှာမတွေ့တာက စိတ်ရှုပ်စရာကြီးပါ။ အကယ်၍ ဘေးနားမှာ တံပတ်ဖြစ်ဖြစ် အသင့်ရှိနေရင် ပိုနေတဲ့ ချောဆီတွေပဲ့ဖြစ်ဖြစ် ဘာတွေထွက်လာတာပဲ့ဖြစ်ဖြစ် မြန်မြန် သန့်ရှင်းအောင်လုပ်လိုက်လို့ရပါတယ်။ အဲ့တော့ ဆက်ပြီးသန့်သန့်ရှင်းရှင်းလိင်ဆက်ဆံလို့ရပါတယ်။

 ၇ ။ လက်သည်းညှပ်ပါ။

သင့်လက်ချောင်းတွေကို ကိုယ့်ခန္ဓာထဲပဲဖြစ်ဖြစ် သူများခန္ဓာကိုယ်ထဲပဲဖြစ်ဖြစ် မထည့်ခင် လက်သည်းတွေကို တိုနိုင်သမျှတိုအောင်ညှပ်ထားပါ။ လက်သည်းများမှ ခန္ဓာကိုယ်တွင်း နူးညံ့သောအသားများကို ပွန်းပဲ့မှုဖြစ်စေနိုင်ပါသည်။

၈ ။ လေ့ကျင့်မှု နှင့် အတွေ့အကြုံကြောင့်သာ သင့်လိင်မှုကျွမ်းကျင်မှု တိုးတက်လာနိုင်ပါတယ်။

ပထမဆုံး လိင်ဆက်ဆံမှုဆိုတာ ကျွန်ုပ်တို့ အများစုအတွက်တော့ ထင်ထားသလို အလွန်တရာကောင်းမွန်တဲ့ မမေ့နိုင်စရာ ညတစ်ညဖြစ်တယ်ဆိုတာရှားပါတယ်။ အကယ်လို့ သင်အဲ့လို ကောင်းမွန်တဲ့ အတွေ့အကြုံရခဲ့ရ သင်ဟာအလွန်ကံကောင်းသူပါပဲ။ ပထမဆုံးလိင်ဆက်ဆံမှုဆိုတာ ကျွန်ုပ်တို့ အများစုအတွက်တော့ အဆင်မပြေမှုတွေကြုံကြတာများပါတယ်။ အဲ့အတွက်တော့ စိတ်မပျက်ပါတဲ့။ ဒါကဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။ နောက်တစ်ကြိမ်ပြန်ကျိုးစားကြည့်ပါ။ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာပါလိမ့်မယ်။

၉ ။ ကိုယ့်အတွက် ဘယ်လိင်ဆက်ဆံတဲ့အနေအထားက အကောင်းဆုံးလဲကိုရှာဖွေပါ။

စမ်းသပ်ပါ။ ကိုယ့်အတွက် ဘယ်လိုအနေအထားမျိုးက နာကျင်မှုမရှိစေပဲ ထိမိအောင်ခံစားနိုင်သလဲဆိုတာကို ရှာဖွေပါ။ အဖြည်းဖြည်းနဲ့ ကိုယ့်ကိုခံစားမှုကောင်းကောင်းပေးနိုင်မယ့် ကိုယ်အကြိုက်ဆုံးလိင်ဆက်ဆံတဲ့အနေအထားတွေ ကောင်းကောင်းနားလည်လာပါမယ်။

၁၀ ။ ပါစပ်နှင့် လိင်ဆက်ဆံမှုကို ကျွမ်းကျင်အောင်လုပ်ပါ။

လေ့ကျင့်ပါ။ အင်တာနက်ပေါ်မှာ နည်းလမ်းကောင်းတွေလိုက်ရှာဖတ်ကြည့်ပါ။ သင့်ရဲ့ချစ်သူကို အိပ်ရာထဲမှာ အရူးအမူးဖြစ်သွားစေရပါမယ်။ နှစ်ဦးနှစ်ဖက် အပြန်အလှန် သာလွန်တဲ့လိင်မှုသုခပေးတာကြောင့် ဘာမှာနစ်နာစရာလည်းမရှိပါဘူး။ လူနှစ်ဦးကြား ခိုင်မာတဲ့မေတ္တာရေးထဲမှာ ကောင်းမွန်တဲ့ လိင်မှုဘဝဆိုတာကလည်း သော့ချက်တစ်ခုဖြစ်နိုင်ပါတယ်။

၁၁ ။ လိင်မဆက်ဆံခင်နဲ့ ဆက်ဆံပြီး ဆီးသွားပါ။

ဆီးအောင့်နေလျှင် ကာမပြီးမြောက်ဖို့ ခက်ခဲသလို လိင်ဆက်ပြီးဆီးသွားပါက လိင်တံပြွန်ထဲမှာကျန်နေသမျှ ရှင်းထုတ်ပေးသလိုဖြစ်ပါတယ်။

၁၂ ။ သင် စအိုနဲ့ လိင်ဆက်ဆံချင်တယ်ဆိုရင် ၂ရက်၂နာရီ စည်းကမ်းလေးကို မှတ်ထားပါ။

ကျွန်တော်တို့ ခန္ဓာကိုယ်ကို ထိန်းချုပ်လို့မရတဲ အပိုင်းတွေများကြီးရှိပါတယ်။ ကျွန်တော်တို့ လိင်တူချစ်သူတွေဖို့ ကိုယ်ထဲက အညစ်အကြေးတွေကို ကိုယ်စိတ်ကြိုက်ရှင်းချင်တဲ့အချိန်ရှင်းလို့ရရင် သိပ်ကောင်းမှာပဲ။ ဒါပေမယ့် မဖြစ်နိုင်ပါ။ အဲ့တော့ စအိုနဲ့လိင်ဆက်ဆံချင်ရင် လိင်မဆက်ဆံခင် ၂ ရက်အတွင်း အိမ်သာမတက်ရသေးရင် ဒါမှမဟုတ် လိင်မဆက်ဆံခင် ၂ နာရီအလိုမှာ အိမ်သာတက်ထားရင် စအိုနဲ့ထိုးသွင်းလိင်မဆက်ဆံသင့်ပါဘူး။ ရှုပ်ပွတဲ့ အဖြစ်မျိုးကြုံနိုင်ပါတယ်။

၁၃ ။ သင့်လိင်ဆက်ဆံဖော်ကို အာရုံစိုက်ပါ။

လိင်ဆက်ဆံနေစဉ် သင်ကောင်းမွန်စေဖို့ သင့်ကိုယ်သင်ပဲ အာရုံစိုက်မနေပါနဲ့။ အကောင်းအကြံပြုချင်တာကတော့ လိင်ဆက်ဆံနေစဉ် သင့်အဖော်ကို ဘယ်လိုအကောင်းအောင်လုပ်ပေးရမလဲဆိုတာပါ။ သင့်အဖော် သင့်ကြောင့် ဘယ်လောက်ထိ ရင်ခုန်လာသလဲကို ကြည့်ခြင်းဖြင့် သင်ကိုယ်တိုင် အားရကျေနပ်တာလောက်ကောင်းတဲ လိင်ဆက်ဆံမှုမျိုးမရှိပါဘူး။

၁၄ ။ သင့် လိင်ဆက်ဆံဖော်ကို သင်ဘာကြိုက်တတ်လဲပြောပြပါ။

သင့် လိင်ဆက်ဆံဖော်နှင့် ပွင့်ပွင့်လင်းလင်း တစ်ယောက်အကြိုက်တစ်ယောက် ဆွေးနွေးပြောပြသင့်ပါတယ်။ စိတ်ကိုဖတ်ပြီး နားလည်ဖို့ဆိုတာ မဖြစ်နိုင်ပါ။ ပြောပြမှ သိမှမို့ ပိုမိုနားလည်နေတဲ့အခါ ပိုမိုကောင်းမွန်တဲ့ လိင်ဆက်ဆံမှုကို ရရှိမှာဖြစ်ပါတယ်။

၁၅ ။ အကြင်နာပေးခြင်းက လိင်ဆက်ဆံမှုရေး အရေးကြီးဆုံး နှင့် စိတ်လှုပ်ရှားမှု အဖြစ်စေနိုင်ဆုံးအပိုင်းပါ။

လိင်ဆက်ဆံနေစဉ် နှစ်ယောက်နှတ်ခမ်းချင်းနမ်းခြင်းက လိင်ဆက်ဆံမှုမှာ စိတ်တက်ကြွမှုကို အားကောင်းစေနိုင်တာ အာလုံးသိပါတယ်။ အဲ့တော့ လိင်ဆက်ဆံနေစဉ် ကိုယ့်ချစ်သူကို အားမနာတမ်းသာနမ်းလို့ရပါတယ်။ ဒါနဲ့စကားမစပ် နမ်းရာမှာ တစ်ယောက်နှင့်တစ်ယောက် မတူနိုင်ပါ။ တချို့က ပါးစပ်ဖွင့်ရတာပိုအားသန်သလို တချို့က ပါးစပ်ပိတ် နမ်းရတာကို သဘောကျပါတယ်။ အဲ့တော့ နှစ်ယောက် အဆင်ပြေအောင် ညှိနှိုင်းလို့ရပါတယ်။ အင်တာနက်ပေါ်မှာ ပိုကောင်းအောင် ဘယ်လို နမ်းရမလဲဆိုတာသင်ပေးထားတာတွေ ရှာဖတ်ကြည့်လို့ရပါတယ်။ ဒါပေမယ့် လူတွေ ကိုယ့်အကျင့်နဲ့ကိုယ်ပါ။ စမ်းသပ်ပြီး ညှိညှိနှိုင်းနှိုင်းလုပ်ပေါ့။

သိသင့်သိထိုက်စရာများ

၁ ။ လိင်တူဆက်ဆံမှုဆိုတာ စအိုနှင့်ထိုးသွင်းဆက်ဆံမှသာ လိင်ဆက်ဆံခြင်းဖြစ်တယ်လို့မဆိုလိုပါဘူး။

လိင်တူချစ်သူယောက်ျားနှစ်ဦးအကြား ခန္ဓာရင်းနှီးမှုပြုလုပ်ပြီး ကာမသုခခံစားတယ်ဆိုတာ လိင်ရုပ်ရှင်ထဲကလို ထိုးသွင်းဆက်ဆံမှဖြစ်ရမယ်လို့မဟုတ်ပါ။  လူနှစ်ဦးနီးကပ်မှုရရှိအောင် (သို့) မေတ္တာမျှဝေခြင်းကို ပြုလုပ်ဖို့ နည်းလမ်းမျိုးစုံဖြစ်နိုင်ပါတယ်။ ကိုယ့်အတွက် ဘယ်ဟာအကောင်းဆုံးလဲဆိုတာကို ကိုယ့်ဖာသာကိုယ် ရှာဖွေရမှာဖြစ်ပါတယ်။

၂ ။ သင် top (သို့) bottom ဖြစ်တယ်ဆိုတာက သင့်ကို ဘယ်လိုလူစားလဲလို့ မသတ်မှတ်ပါဘူး။

လိင်ဆက်ဆံရာမှာ သင်ဘယ်လိုနှစ်သက်တယ်ဆိုတာ သင်ဘဝနဲ့ ဘာမှမဆိုင်ပါဘူး။ သင် Top (သို့) Bottom ဖြစ်ချင်တယ်ဆိုတာက သင်ဘယ်လိုလိင်ဆက်ဆံရတာကို ကြိုက်တယ်ဆိုတာကိုသာ ပြောတာပါ။ ဒါကိုထောက်ပြီး လူတွေက သင့်ကို နှိမ့်ချတာ၊ အနိုင်ကျင့်တာ၊ အသုံးချတာ သို့မဟုတ် သင့်ဘဝယုံကြည်မှုကို သေးသိမ်အောင်လုပ်တာတွေ လုပ်စရာအကြောင်းမရှိပါဘူး။

၃ ။ လိင်စိတ်တိမ်းညွှတ်မှုဆိုတာ နှစ်မျိုးသာ တသတ်မှတ်တည်းရှိတာမဟုတ်ပါဘူး။

လိင်တူပဲစိတ်ဝင်စားရမယ်၊ လိင်ကွဲပဲစိတ်ဝင်စားရမယ်ဆိုပြီး အသေသတ်မှတ်ရမယ် ဆိုတာမျိုးမရှိပါဘူး။ လိင်စိတ်တိမ်းညွှတ်မှုဟာ နယ်ပယ်တလျှောက်လုံး ဘယ်နေရာမဆို ရှိနိုင်ပါတယ်။ ကိုယ်က ဘယ်ဘက်ကိုပိုတိမ်းညွှတ်တယ်ဆိုတာမျိုးပါပဲ။ အလယ်မှာ လိင်တူကော၊လိင်ကွဲကော စိတ်ဝင်စားတာမျိုးက လုံးဝပုံမှန်ပါပဲ။

၄ ။ လိင်ဆက်ဆံဖော်ရှာဖွေရာမှာ လူမျိုးခွဲခြားတယ်ဆိုတာ တကယ်ကြီးမားတဲ့ ပြဿနာပါ။

လိင်တူချစ်သူအသိုင်းအဝိုင်းမှာ လူမျိုးခွဲခြားခြင်းဆိုတာ တကယ်ရှိပြီး လူတွေကိုထိခိုက်နာကျင်စေတဲ့ ဆိုးရွားတဲ့ အပြုမှုနဲ့ စိတ်ဓာတ်ပဲဖြစ်ပါတယ်။ တခါတရံ တချို့သူတွေက ဆက်ဆံဖော်ရွေးချယ်ရာမှာ ကိုယ်ပိုသဘောကျတဲ့ လက္ခဏာရှိတဲ့'လူမျိုး'ကိုသာအလိုရှိတယ်လို့ဆိုပြီး ခွဲခြားရွေးချယ်တာဟာ ကိုယ့်ရဲ့ရွေးချယ်ပိုင်ခွင့်လို့ သတ်မှတ်တတ်ကြပါတယ်။ ဒါပေမယ့် သူရဲ့'လူမျိုး'လက္ခဏာတွေကိုအခြေခံပြီး တဖက်သားကို နာကျင်အောင် ငြင်းပယ်တာ၊ ခွဲခြားတာ၊ ပယ်ကျင်တာ၊ နှိမ့်ချခေါ်ဆိုတာတွေဟာ လူမျိုးခွဲခြားတဲ့ အမူအကျင့်တွေပါ။ ထိုနည်းအတူ အဲ့လိုပယ်ကျင်တဲ့အပြင် သူရဲ့'လူမျိုး'လက္ခဏာတွေကိုအခြေခံပြီး သူ့ကို အသားယူပြောဆိုတာ၊ ကိုယ့်ရဲ့လိင်ဆက်ဆံမှုလိုအပ်ချက်အတွက်အသုံးချတာ(sexual objectification) စတာတွေဟာလည်း ထပ်တူညီတဲ့ လူမျိုးခွဲခြားတာပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့လိုပြုမူခြင်းဟာ တဖက်သားလူအများကို နာကျင်ထိခိုက်စေနိုင်တဲ့ ပြဿနာတွေပဲဖြစ်ပါတယ်။

၅ ။ နွဲ့တဲ့သူတွေကိုမုန်းတီးတာဟာ  လိင်တူချစ်သူတွေအသိုင်းအဝိုင်းမှာ တကယ်ကြီးမားတဲ့ ပြဿနာပါ။

နွဲ့တဲ့သူတွေကို မုန်းတီးတာ၊ ကျားမပြောင်းသူတွေကို မုန်းတီးတာ၊ လှောင်တာ၊ နှိမ့်ချတာဟာ တကိုယ်ကောင်းဆန်တဲ့ အပြုမှုနဲ့စိတ်ဓာတ်ပါ။ ဒီလိုပြုမူခြင်းဟာ လူအများကို နာကျင်ထိခိုက်စေနိုင်တဲ့ ပြဿနာတွေပဲဖြစ်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦးကိုယ့်အကြိုက်ကိုယ်ရှိကြပေမဲ့ လိင်ဆက်ဆံဖော်ရှာဖွေတဲ့အခါမှာ နွဲ့တဲ့သူ၊ ပိန်/ဝတဲ့သူတွေ၊ အရပ်ပု/ရှည်တဲ့သူစသဖြင့် သူတို့ရဲ့ကာယလက္ခဏာတွေပေါ်အခြေခံပြီး တဖက်သားကို နာကျင်အောင် ငြင်းပယ်တာ၊ ခွဲခြားတာ၊ ပယ်ကျင်တာ၊ နှိမ့်ချခေါ်ဆိုတာတွေဟာ ခွဲခြားဆက်ဆံတဲ့ အမူအကျင့်တွေပါ။ လူအများကလက်မခံတဲ့အပြုအမူပါ။ အဆိုးဆုံးက dating app တွေမှာ နွဲ့တဲ့သူ၊ဝတဲ့သူတွေ လာမပြောနဲ့ (not fat/no fem)လို့ရေးတာဟာ ရှက်စရာကောင်းတဲ့ အပြုမူပါ။

၆ ။ အသက်ကြီးတယ်ဆိုတာ ကိန်းဂဏန်းတစ်ခုတိုးသွားတာသာပါပဲ။

သင့်ကိုယ်သင် အသက်ကြီးပြီဆိုပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုကို ဘာမှသက်ရောက်မှုမရှိသင့်ပါဘူး။ ကိုယ့်အတွက်တော့ အတွေ့ကြုံများပြီး ပိုရင့်ကျက်လာတယ်ဆိုတဲ့ သဘောပါ။ အထူးသဖြင့် ကိုယ့်ထက်အသက်ကြီးတဲ့သူနဲ လိင်ဆက်ဆံတာကလည်း ကိုယ့်အတွက် အကျိုးကျေးဇူးရနိုင်တဲ့ အတွေ့ကြုံမျိုးပါ။ သူတို့က ကိုယ့်ထက်ပို ကျွမ်းကျင်မှုရှိတဲ့သူတွေဖြစ်တဲ့အတွက် ကိုယ်ပညာရပါတယ်။ ဒါကြောင့် ကိုယ့်ထက်အသက်ကြီးတဲ့သူတွေကို ခွဲခြားမဆက်ဆံပါနဲ့။

၇ ။ ကိုယ့်ရဲ့ HIV အခြေနေကို သိထားသင့်ပါတယ်။

ဒီခေတ်မှာ HIV ရှိတိုင်း AIDS ဖြစ်တဲ့အဆင့်ကို မရောက်တော့ပါဘူး။ စောစောစီးစီးသိရှိပြီး ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ခြင်းဖြင့် ပိုးအရေအတွက်ကို မရှိသလောက်ဖြစ်အောင် ထိန်းထားနိုင်ပြီး သက်တန်းစေ့နေထိုင်သွားနိုင်ပါပြီ။ ဒါကြောင့် ကိုယ်ဟာ လိင်ဆက်ဆံဖော်များပြီး HIV ပိုးကူးနိုင်တဲ့ အပြုအမူနေထိုင်မှုလုပ်နေသူတစ်ဦးဆိုရင် မသိကျိုးကျွန်လုပ်ပြီး မစစ်ပဲနေတာထက် စောစီးစွာသိရှိပြီး ပိုးသတ်နိုင်ရင် ကိုယ့်အသက်အန္တရာယ်ကို ကာကွယ်သလိုပါပဲ။ ဒါ့ကြောင့် ကိုယ့်လိင်ဆက်ဆံဖော်ရဲ့ HIV အခြေအနေကိုလည်း အမြဲတမ်း အားမနာပဲ မေးသင့်သလို ကိုယ့်ရဲ့ အခြေအနေကိုလည်း တာဝန်သိသိ စစ်ထားသင့်ပါတယ်။ ဘာပဲပြောပြော ကွန်ဒုံးသုံးဖို့ ဘယ်တော့မှ မမေ့ပါနဲ့။

၈ ။ လိင်တံတောင့်တင်းမှု မရခြင်းသည် လူငယ်လူလတ်ရွယ်များတွင်လည်း ဖြစ်တတ်လေ့ရှိတယ်။

ကျန်းမာပြီး ငယ်ရွယ်တဲ့ ယောက်ျားတွေအကြားမှာလည်း လိင်တံတောင့်တင်းမရခြင်းဖြစ်နိုင်ပါတယ်။ အဖြစ်များစေတဲ့ အကြောင်းတွေကတော့ အရက်အလွန်အကျွံသောက်သုံးခြင်း နှင့် စိတ်ဖိစီးခြင်းတို့ကြောင့် အဖြစ်များတတ်ကြပါတယ်။ စိုးရိမ်ကြောင့်ကြမှုကြောင့်လည်း တခါတရံ လိင်ဆက်ဆံချိန်မှာ တောင့်တင်းမှုမရနိုင်လည်းဖြစ်နိုင်ပါတယ်။ တခါတရံ လူသားတိုင်းကြုံရပြဿနာမျိုးမို့လို့ ကိုယ့်ကိုယ်ကို ဘာမှ စိတ်ဓာတ်ကျစရာမလိုပါ။ ဒါပေမယ့် ရေရှည်ကြာမြင့်လာရင် ဆို့တော့ ဆရာဝန်နဲ့ စစ်ဆေးမှုပြုလုပ်ဖို့လိုပါမယ်။

၉ ။ လိင်တူဆက်ဆံစဉ် အနံဆိုးများထွက်လာနိုင်တယ်။

တခါတရံ အနံ့အာရုံများကောင်းမွန်အောင်ပြုလုပ်ထားနိုင်သကဲ့သသို့ တခါတရံလည်း လိင်ဆက်ဆံနေစဉ် အနံဆိုးများထွက်လာနိုင်ပါတယ်။ ဒါက ဘာမှမဆန်းတဲ့အရာမို့ စိတ်ပျက်မသွားပါနဲ့။

၁၀ ။ လိင်ဆက်ဆံနေစဉ် အညစ်အကြေးများထွက်လာတတ်တာ မဆန်းပါ။

ဒါက သဘာဝသာဖြစ်ပါတယ်။ ဘာမှပူစရာ အရေးတယူလုပ်စရာမလိုပါ။ နှစ်ယောက်လုံး ပြုံပြီးသာ ရှင်းလင်းလိုက်ပါ။ 

၁၁ ။ လက်တွေ့လိင်ဆက်ဆံမှုမှာ သင်လိင်တံတင်းမာဖို့ ခက်ခဲနေလျှင် သင်လိင်ရုပ်ရှင်တွေကြည့်တာတွေရပ်ပါတော့။

လက်တွေ့ဘဝမှာ တခြားယောက်ျားတယောက်အတွက် ရင်မခုန်ပဲလိင်တံတောင့်တင်းဖို့ ခက်ခဲနေရင် သင့်လိင်ရုပ်ရှင်တွေထဲက ယောကျ်ားတွေရဲ့ ပြီးပြည့်စုံတဲ့ အမြင်အာရုံကို သင့်ဦးနှောက်က အရမ်းစွဲလမ်းနေလို့ပါ။ ဒါ့ကြောင့်လက်တွေ့မှာ ကိုယ့်အဖော်က ကိုယ်မျှော်လင့်နေသလို သူတို့ကဲ့သို့ပြီးမပြည့်စုံတဲ့အခါ လိင်စိတ်တက်ကြွမှု မရှိတာဖြစ်ပါတယ်။ ဒါ့ကြောင့် လိင်ရုပ်ရှင်တွေကို ခဏရှောင်ပြီး သင့်အာရုံတွေကို အစက ပြန်စဖို့လိုပါမယ်။

၁၂ ။ သူ့လိင်တံမတောင့်တင်းနိုင်တာ သင့်အမှားမဟုတ်ပါဘူး။ သူ့အမှားလည်းမဟုတ်ပါဘူး။

ဘာမှ အပြစ်ပြောစရာမလိုပါ။ တခါတရံ စိုးရိမ်တာများပြီး သူမတောင့်တင်းနိုင်တာဟာ သင်မလှလို့လည်းမဟုတ်ဘူး။ သူမကောင်းလို့လည်းမဟုတ်ပါ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုပါ။ ခဏနားပြီး ပြန်ကျိုးစားကြည့်ပေါ့။

၁၃ ။ မကြာမဏ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပါ။

သင် လိင်ဆက်ဆံဖော်များများနှင့် အမြဲတမ်းထိတွေ့နေသူဖြစ်လျှင် ကိုယ့်ကျန်းမာရေးအတွက် ခန္ဓာကိုယ်ကို အမြဲတမ်း ဆေးစစ်ဆေးမှုတွေပြုလုပ်သင့်ပါတယ်။

၁၄ ။ ဘဝတချိန်ချိန်မှာ တော်တော်ဆိုးဝါးတဲ့ လိင်ဆက်ဆံမှုကို တွေ့ကြုံရတာ မဆန်းပါ။

အကောင်းဆုံးအချိန်တွေရှိနေသလို ဆိုးတဲ့အချိန်လေးတွေရှိတာလည်း မဆန်းပါ။ မကောင်းတဲ့ လိင်ဆက်ဆံတာဖြစ်သွားတော့လည်း အတွေ့အကြုံရတာပေါ့။ နောက်တစ်ယောက်နဲ့ကျရင် ပိုကောင်းတာဖြစ်လာမှာပေါ့။ ဒါက ဘဝပါပဲ။

၁၅ ။ သုတ်ထုတ်လွှတ်လိုက်ပြီးတာနဲ့ လိင်ဆက်ဆံတာ ပြီးသွာတာမဟုတ်ပါဘူး။

တချို့သူတွေက သုတ်ထုတ်လွှတ်တာမြန်လို့ မြန်မြန်ပြီးသွားပြီး ကိုယ့်အဖော်ကိုအားနာနေတာမျိုး ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် တစ်ကြိမ်သုတ်ထုတ်လွှတ်လိုက်တာနဲ့ လိင်ဆက်ဆံတာဆုံးသွားစရာ မလိုပါဘူး။ တခြား ခန္ဓာကိုယ်အပိုင်းတွေနဲ့ အများကြီးလုပ်လို့ရတာတွေရှိပါတယ်။ လူနှစ်ဦး တရင်းတနှီး ခန္ဓာမျှဝေတဲ့နေရာမှာ နားလည်းမှု၊ ကျင်နာမှု နှင့် ယုယမှုတွေနဲ့ လိင်ဆက်ဆံလို့ရပါတယ်။

အယူမှားများ

၁ ။ ကွန်ဒုံးသုံးတိုင်း ဘာရောဂါမှမရတော့ဘူးဆိုတာ မဟုတ်ပါ။ 

ကွန်ဒုံးက ကုသရခက်ခဲပြီးဒုက္ခများတဲ့ ရောဂါကြီးတွေဖြစ်တဲ့ HIV တို့ ကာလသားရောဂါတို့ကို ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ ကွန်ဒုံးပြင်ပနေရာတွေမှာနေကြတဲ့ ရောဂါပိုးတွေဖြစ်တဲ့ ရေယုန်၊ ဝဲ၊ သန်း၊ နှင့် HPV အစရှိတဲ့ ရောဂါပိုးတွေကတော့ ကူးနိုင်သေးပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်ဆက်ဆံဖော်ရဲ့အကြောင်းကို ကောင်းကောင်းသိထားပါပဲ။

၂ ။ လိင်တံကြီးမှ ပိုကောင်းပါတယ်ဆိုတာ မဟုတ်ပါ။

မှားပါတယ်။ လိင်တံအရွယ်အစားက ဘာမှကို မဆိုင်ပါ။ bottom တွေအဖို့လည့် ဆီးကျိတ်က ခန္ဓာအတွင်းသုံးလက်မစာလောက်သာရှိတာမို့ လှုံဆော်မှုရရန် အရှည်ကြီးမလိုပါ။ လိင်တံကြီးပါက အမြင်အာရုံအရသာကြည့်ကောင်းပေမယ့် တကယ်လက်တွေ့မှ အရွယ်သေးတွေထက် ပိုမိုစွမ်းဆောင်နိုင်တာမျိုးမရှိပါ။ ကိုယ့်ကို ဂရုမစိုက်ပဲ အတင်းဆောင့်ရိုက်နေတဲ့ တကိုယ်ကောင်းဆန်တဲ့သူတွေနဲ့ တွေ့ရင် ကိုယ့်ကိုသာနာကျင်စေနိုင်တာသာ ထူးပါတယ်။

၃ ။ ကားပေါ်မှာ လိင်ဆက်ဆံရတာ မလွယ်ပါ။

ရုပ်ရှင်တွေထဲမှာ ကားပေါ်မှာလိင်ဆက်ဆံတာကို ကြည့်ရတာ ရင်ခုန်စရာကောင်းသလောက် တကယ်တမ်းတော့ မလွယ်ပါ။ နေရာအလုံအလောက်မရှိနိုင်ပါ။ ထိခိုက်နိုင်ပါသည်။ ကားမောင်းနေလျှင် အန္တရာယ်အများဆုံးမို့ ရှောင်သင့်ပါတယ်။

၄ ။ ရေထဲမှာလည်း လိင်ဆက်ဆံဖို့ မလွယ်ပါ။

ရေကန်/ရေကူးကန်ထဲ၊ ရေချိုးခန်းထဲမှာ လိင်ဆက်ဆံဖို့ တွေးကြည့်ပါက ရင်ခုန်စရာကောင်းသလောက် လက်တွေ့မှာ အမှန်တကယ်ဆက်ဆံဖို့ဆိုတာ မဖြစ်နိုင်ပါ။ သင့်ခန္ဓာကိုယ်မှာ ချောမွေ့တဲ့ပွတ်သပ်မှုဖြစ်ဖို့ကို ရေကတားဆီးထားနိုင်ပါတယ်။ အတူတူဆော့ကစားလို့သာရပါမယ်။

၅ ။ သင့်ကိုယ်သင် လိင်ရုပ်ရှင်မင်းသားတွေနဲ့ နှိင်းယှဉ်စရာမလိုပါ။

လိင်ရုပ်ရှင်မင်းသာတွေ ဘယ်လောက်ပြီးပြည့်စုံနေပစေ၊ ခန္ဓာရူပါကို လှပအောင်ထိန်းသိမ်းထားဖို့က သူတို့အလုပ်ပါ။ နောက်တစ်ခု လိင်ရုပ်ရှင်ဆိုတာဖန်တီးမှုပါ။ သူတို့လုပ်သမျှကို လက်တွေ့ဘဝမှာ လိုက်လုပ်စရာမလိုပါဘူး။

၆ ။ လိင်ဆက်ဆံရာမှာ အမြဲတမ်း ခပ်ကြမ်းကြမ်းသွားလာစရာ မလိုပါဘူး။

လိင်ရုပ်ရှင်တွေထဲမှာ သူတို့အားရပါးရ ခပ်ကြမ်းကြမ်း ရိုက်သွင်းနေတာမျိုးက တွေးကြည့်ရင်သာ အကောင်းတာပါ။ တကယ်လက်တွေ့မှ တစ်ဦးတစ်ယောက်ချင်းစီနဲ့သာဆိုင်တာပါ။ ကိုယ်စိတ်ပါလာလို့ ခပ်ကြမ်းကြမ်းလုပ်ခိုင်းလို့ ကိုယ်ကအဆင်ပြေနေရင် ပြဿနာမရှိပါဘူး။ ဒါပေမယ့် သူများရတိုင်း ကိုယ်ရမယ်လို့ ပြောလို့မရပါ။ ကိုယ့်ကို နာကျင်စေရင် လုံးဝ မလုပ်သင့်ပါ။ ပြီးတော့ လုပ်နေတဲ့ သူအနေနှင့်လည်း ကိုယ့်ကြောင့် သူများကို နာကျင်စေအောင် မလုပ်သင့်ပါဘူး။ ကိုယ်ချင်းစာတတ်ပါ။ ကျင်နာတတ်ပါ။ ကိုယ့်လိင်ဆက်ဆံဖော်ကို ယုယပါ။ ဒါမှသာ ကောင်းမွန်တဲ့ လိင်ဆက်ဆံမှုကို ရရှိပါမယ်။

၇ ။  HIV ရတိုင်း ကမ္ဘာပျက်တာမျိုး မဟုတ်ပါဘူး။

ယနေ့ခေတ်မှာ ကိုယ် HIV  ရှိနေမှန်းသိရင် ဆေးတွေက ပိုးကောင်ရေ မရှိသလောက်ဖြစ်အောင် ထိန်းထားလို့ရပါတယ်။ HIV ရှိလည်း သက်တန်းစေ့နေနိုင်သလို ချစ်သူနဲ့လည်း အသက်ထက်ဆုံးနေသွားလို့ရပါပြီ။ ဒါပေမယ့် အဲ့လိုဖြစ်တိုင်း ကူးချင်ကူးပစေဆိုပြီး လုပ်ရမယ်လို့ မဆိုလိုပါ။ ဘေးကင်းတဲ့ လိင်ဆက်ဆက်မှုကို အမြဲကျင့်သုံးပါ။

၈ ။ လိင်ဆက်ဆံသူနှစ်ယောက်စလုံး HIV ရှိနေရင် ဘာအကာကွယ်မှမလိုတော့ဘူးလို့ လုပ်လို့မရပါဘူး။

HIV ရှိနေသူတစ်ယောက်က တခြား HIV ရှိတဲ့သူဘယ်သူနဲ့မဆို ကြိုက်သလိုလုပ်လို့ရပြီဆိုတာမျိုးက မှားပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်မှာရှိတဲ့ HIV ဗီဇအမျိုးအစားမတူကြပါ။ သူ့ဗီဇကိုယ့်ထဲကိုယ်ဝင်လာရင် အစက ပြန်ကုရပါလိမ့်မယ်။ ဒါ့ကြောင့် အကာအကွယ်သုံးဖို့ လိုကိုလိုပါတယ်။

၉ ။ Grindr လို app  တွေပေါ်မှာ ရှိနေတဲ့လူတိုင်း တစ်ညတာအိပ်ဖို့ (one night stand) စိတ်ဝင်စားတဲ့လူတွေ မဟုတ်ကြပါဘူး။

ဒီလို app တွေက လိင်တူချစ်သူတွေကို လုံခြုံစိတ်ချစွာ တစ်ဦးကိုတစ်ဦး ချိတ်ဆက်နိုင်အောင် ပြုလုပ်ပေးနေတဲ့ နည်းပညာတွေပါ။ လိင်တူချစ်သူများအတွက် လူမှုကွန်ရက်တစ်ခုပေါ့်။ အဲ့ဒီမှာရှိနေတဲ့လူတိုင်းက လိင်ဆက်ဆံဖို့ လူလိုက်ရှာနေမျိုး ဟုတ်ချင်မှဟုတ်မှာပါ။ တချို့လူတွေကတော့ တခြားနည်းလမ်းမရှိလို့၊ မသိလို့ Grindr လို app မျိုးကို ရောက်နေတာပါလည်း ဖြစ်နိုင်တာပဲ။ လိင်ဆက်ဆံဖော်များတာမျိုးကို မကြိုက်တဲ့သူရှိသလို ဘဝလက်တွဲဖော်ရှာနေသူတွေလည်းရှိနိုင်ပါတယ်။ ဒါကြောင့် သုံးနေတဲ့သူတိုင်းကို ကိုယ်နဲ့လိင်ဆက်ဆံမယ့်သူလို့ အပိုင်မတွက်ပါနဲ့။ မေးမြန်းပါ။ သဘောတူညီမှု ရယူပါ။ လူတစ်ဦးနဲ့တစ်ဦး အပြင်မှာမြင်နေရတာမျိုးမဟုတ်ပေမဲ့လည်း တဖက်သားကို လေးစားမှုနဲ့ ခင်မင်ဖွယ်ကောင်းတဲ့ လိင်တူချစ်သူကွန်ရက်အသိုင်းအဝိုင်းကို တည်ထောင်ကြပါစို့။

၁၀ ။ မတောင်းပဲနဲ့ လိင်ပုံတွေမပို့ပါနဲ့။

Grindr လို app မျိုးတွေမှာ လိင်ပုံတွေပို့တာက ကြည့်ချင်တဲ့သူတွေအတွက်သာ ပျော်ဖို့ကောင်းတာပါ။ တဖက်က ကိုယ်မသိတဲ့ လူတစ်ယောက်ကို မတောင်းပဲနဲ့ ပို့တာမျိုးက ရိုင်းပါတယ်။ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုမျိုးသာဖြစ်ပါတယ်။

နောက်ဆုံးအရေးကြီးဆုံးနှစ်ချက်ကတော့ 

 ၁။  လူနှစ်ဦးအကြား ခန္ဓာနှီးနှောသွားလာရာမှာ စိတ်ဆန္ဓဆိုသည်မှာ အလွန်အရေးကြီးပါသည်။

တစ်ဦးက ခွင့်မပြုသည့် ကိစ္စကို နောက်တစ်ယောက်က ဘာမှရှေ့ဆက်တိုးခွင့်မရှိပါ။ သင်စိတ်မပါပဲနဲ့ မစခင်ပဲဖြစ်စေ ဘယ်အဆင့်ပဲရောက်နေပစေ သင့်မှာ ရပ်တော့ဟုပြောနိုင်ခွင့်ရှိသည်။ သင့်ခန္ဓာသင့်ဆုံးဖြတ်ခွင့်သာဖြစ်သည်။ လူနှစ်ဦးကြည်ဖြူသဘောတူမှသာ လိင်ဆက်ဆံမှုဖြစ်သင့်သည်။

၂။ လေးစားပါ။

ယောက်ျားချင်းပဲဖြစ်စေ လိင်ဆက်ဆံသည်ဆိုသည်မှာ လူနှစ်ဦးကြား အရင်းနှီးဆုံး အခြေအနေကို ရောက်ရှိခြင်းဖြစ်ပြီး နှစ်ဦးအတူခန္ဓာဖြင့်သုခရှာဖွေခြင်းဖြစ်သည်။ ခန္ဓာကိုယ်ဆိုသည်မှာ ပစ္စည်းတစ်ခုလို အသုံးပြုစရာမဟုတ်ပါ၊ နှိမ့်ချစရာမဟုတ်ပါ၊ မတရားပြုလုပ်စရာလဲမဟုတ်ပါ။ မိမိသည် ကိုယ့်ခန္ဓာကိုယ်ကို ချစ်မြတ်နှိုးသလို သူတပါး၏ ခန္ဓာကိုယ်ကိုလည်း လေးစားပါ။ လူနှစ်ဦးအကြား ဆက်ဆံရေးကို လေးစားမှု၊ ရိုးသားမှု၊ ယုံကြည်မှုတို့ဖြင့် တည်ဆောက်ပါ။ သို့မှသာ နှစ်ဦးသား ပျော်ရွင်ကောင်းမွန်တဲ့ အတွေ့အကြုံကိုရရှိမည်သာဖြစ်သည်။

အားလုံးပဲ ပျော်ရွင်ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

0 comments

လိင်တူချစ်သူယောက်ျားများအတွက် တကိုယ်ရည်ကာယ ကျန်းမာရေး (အပိုင်း (၄) လိင်အင်္ဂါ)



လိင်တူချစ်သူယောက်ျားများအတွက် တကိုယ်ရည်ကာယ ကျန်းမာရေး

သွား နှင့် ခံတွင်းအကြောင်း (အပိုင်း ၁) ကို ဖတ်ရန်

ခြေသည်းလက်သည်း နှင့် ဆံပင် အကြောင်း (အပိုင်း ၂) ကို ဖတ်ရန်

အရေပြားအကြောင်း (အပိုင်း-၃) ကို ဖတ်ရန်

အပိုင်း (၄)  - လိင်အင်္ဂါ

လိင်ဆက်ဆံခြင်းနှင့် ပက်သက်လာလျှင် ကျွန်ုပ်တို့သည် ခန္ဓာကိုယ်ဖွဲ့စည်းပုံ၏ အခြေခံသဘောလောက်ကို အကြမ်းဖြင်းသိကြသော်လည်း ခန္ဓာအတွင်းရှိအရာများကိုတော့ အလွယ်အမှတ်ယူကြတတ်သည်။ ခန္ဓာကိုယ်အတွင်း ဇီဝဖွဲ့စည်းတည်ဆောက်ပုံနှင့်ပက်သက်သော ဗဟုသုတများကို ရရှိထားပါက မိမိ၏ လိင်မှုဘဝကို ကိုယ်တိုင်ကိုင်တွယ်ထိန်းသိမ်းနိုင်ပြီး လိင်မှကူးဆက်သောရောဂါများနှင့် ပက်သက်ပြီး ကိုယ့်ကိုယ်ကို အခြေအနေပေါ်ခြင့်ချိန်ကာ ကာကွယ်စောင့်ရှောက်နိုင်ပါမည်။ ဥပမာ စအိုနှင့် လိင်ဆက်ဆံခံနေချိန် နာကျင်ခြင်းသည် သင့်ကျောရိုးပေါ်ရှိ အာရုံကျောများ သို့မဟုတ် နာကျင်လွယ်သော စအိုအတွင်းသားကြွက်သားများကို လိင်တံမှ ထိုးမိတို့မိသောကြောင့် ဖြစ်ခြင်းဖြစ်သည်။ သင့်ကြွက်သားများကို လျှော့ထားလိုက်ပါက သို့မဟုတ် ဆက်ဆံမှုခန္ဓာနေအထားကို ပြောင်းလိုက်ပါက နာကျင်မှုသည် ပျောက်သွားကို တွေ့ရမည်။ ထို့ကြောင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံ အသေးစိတ်ကို ကျောင်းစာကဲ့သို့ ပြန်လေ့လာလိုက်ပါက အကျိူးရှိပါမည်။ လိင်တူဆက်ဆံရာနှင့် ပက်သက်ပြီး သိထားသင့်သော ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ
  • လိင်တံ နှင့် ဝှေးစိ
  • ပါးစပ် နှင့် လည်ချောင်း
  • အူလမ်းကြောင်း (တင်ပါး နှင့် စအို)

လိင်တံ

ယောက်ျားလိင်အင်္ဂါသည် ရှုံ့ဆန့်၍ရသော စလင်ဒါသဏ္ဍာန် ကြွက်သားများနှင့် ဖွဲ့စည်းထားသည်။ သင့်လိင်တံအတွင်းရှိ သွေးကြောများသည်ထို ကြွက်သားများအတွင်းသို့ သွေးများဖြည့်တင်းပေးလိုက်သော အခါ လိင်တံတောင့်တင်းခြင်းကို ရရှိပါသည်။ လိင်တံ၏ အလယ်အောက်ပိုင်းရှိ ပြွန်ချောင်းကတော့ ဆီးလမ်းကြောင်းဖြစ်ပြီး ဆီး နှင့် သုတ်ရည်ကို ပြင်ပသို့ သွယ်တန်းပေးပါသည်။

လိင်တံထပ်ငုံအရေပြား

လိင်တံ၏အဖြားသည် ဆွဲဆန့်၍ရသော အရေပြားလိပ်ဖြင့် ခြုံထားသည်။ ၎င်းသည် လိင်အင်္ဂါကို ကာကွယ်ပေးပြီး မတောင့်တင်းသော အချိန်တွင် စိုစွတ်အောင်ထားကာ ထိတွေ့ခံစားမှုလွယ်အောင် ထားပေးသည်။ မွေးကင်းစတွင် လိင်တံထပ်ငုံအရေပြားသည် ကပ်နေပြီး ၃-၄ နှစ် အရွယ်ရောက်လာသောအခါ အဖြည်းဖြည်းပွင့်လာပြီး ဆယ်ကျော်သက်အရွယ်ရောက်သည့်အခါ အလွယ်တကူ ဖွင့်ပိတ်နိုင်ပြီ ဖြစ်သည်။

အနံ့နံစေသော အရာများ

ဆီးအကြွင်းအကျန်၊ ဘက်တီးရီးယားများ၊ ရိစ်အမြှုပ်များ နှင့် အရေပြားဆဲအသေများသည် လိင်တံထိပ်အရေပြားအောက်တွင် စုပြုံလာပြီး အနံ့နံစေသော အဖြူရောင် အမြှုပ်ပုံစံအရာများ ဖြစ်ပေါ်လာသည်။ ၎င်းကို အင်္ဂလိပ်လို smegma လို့ခေါ်ပါသည်။ ၎င်းကို သန့်ရှင်းရေးမလုပ်ပဲ စုအောင်းထားလျှင် ယားယံခြင်း ယောင်ယမ်းခြင်းတို့ ဖြစ်တတ်သောကြောင့် တစ်နေ့လျှင်တစ်ကြိမ် အရေပြားအောက်ကို ညှင်ညှင်သာသာ နှင့် သေသေချာချာ သန့်ရှင်းရေးလုပ်သင့်ပါသည်။ ငယ်ရွယ်စဥ်ကလည်း မိဘတွေက ရေချိုးစဥ် အရေပြားအောက်ကို သန့်ရှင်းရေးလုပ်တတ်အောင် သင်ပေးထားပြီးလည်းဖြစ်ပါသည်။

အရေပြား ကြပ်ခြင်း၊ ဖွင့်မရခြင်း

အချို့ ယောက်ျားလေးများသည် သူတို့လိင်တံထိပ်အရေပြားကို အနောက်သို့ အလွယ်တကူဆွဲမဖွင့်နိုင်ပဲ နာကျင်တဲ့ အဖြစ်မျိုးလည်း ဖြစ်တတ်ပါသည်။ ၎င်းအခြေအနေကို phimosis ဟု ခေါ်ပြီး အခြေအနေဆိုးရွားပါက balantitis ခေါ် လိင်တံထိပ်ခေါင်း ယောင်းယမ်း နာကျင်မှုများ ဖြစ်တတ်ပါသည်။ Balantitis ကို ကုသရန် ဆေးများရှိပြီး အချို့အခြေအနေမျိုးတွင် လိင်တံထိပ်အရေပြားဖြတ်ခြင်းဖြင့် ပြသနာဖြေရှင်းနိုင်ပါသည်။

အချို့ ယောက်ျားလေးများတွင် လိင်တံထိပ်အရေပြားကြီးသောအခါ ဆီးများကို အရေပြားထဲတွင် ချန်ထားနိုင်ပြီး ဆီးသွားပြီးသောအခါ အစက်ကျခြင်းကို ဖြစ်ပေါ်စေပါသည်။ ထိုပြသနာကို ဆီးသွားတိုင်း အရေပြားကို နောက်ဘက်ဆွဲကာ ဆီးသွားပြီး၊ ပြီးလျှင် သေချာကုန်စင်အောင်ခါခြင်းဖြင့် ဖြေရှင်းနိုင်သော်လည်း အချို့သူများကတော့ အရေးပြားဖြတ်ရန်လိုအပ်လျှင်လည်း လိုအပ်နိုင်ပါသည်။

လိင်တံထိပ်အရေပြားဖြတ်ခြင်း

လိင်တံထိပ်အရေပြားဖြတ်ခြင်းကို ဘာသာရေးအယူကြောင့်သော်လည်းကောင်း တစ်ကိုယ်ရည်သန့်ရှင်းရေး ကောင်းမွန်စေချင်သောကြောင့်သော်လည်းကောင်း ပြုလုပ်ကြသည်။ အထက်ကဖော်ပြသကဲ့သို့ တခါတရံ အရေပြားသိပ်ရှည်၊ သိပ်ကြပ်နေလွန်းလျှင်လည်း ဖြတ်ခြင်းဖြင့် ကုသ၍ရနိုင်ပါသည်။ အရေပြားဖြတ်ပြီးသောအခါ လိင်တံထိပ်ခေါင်းသည် စိုစွတ်ပြောပြောင်းသော အသားရောင်မှ ပိုအရောင်ရင့်သွားပြီး ပိုရင့်မာခြောက်သွေ့လာကာ သာမာန်အရေပြား အသွင်ဖြစ်သွားသည်။ အရေပြားရှိသောသူများနှင့် ယှဥ်လျှင် ထိတွေ့အာရုံခံထားမှု လျော့သွားပြီး သုတ်လွှတ်ထုတ်ရန် အချိန်ပိုကြာတတ်သော်လည်း ၎င်းသည် ပြဿနာမဟုတ်ပါ။

လိင်တံအရွယ်အစား

ကျွန်တော်တို့အားလုံးသည် လိင်တံအရွယ်အကြီးကို စွဲလမ်းတတ်ကြသော်လည်း ယောက်ျားလိင်အင်္ဂါသည် အရွယ်အစားစား ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ရှိကြသည်။ အရင်းမှ အဖြားသို့ တိုင်းတာပါက ယောက်ျားအားလုံး၏ တောင့်တင်းသောလိင်တံအရှည်၏ ပျမ်းမျှမှာ ၆.၃ လက်မဖြစ်သည်။ သို့သော် ယောက်ျားအများစုသည် ၅.၆ လက်မ နှင့် ၇ လက်မ အကြား အရှည်ရှိတတ်ကြသည်။ သို့သော်လိင်တူဆက်ဆံရာတွင် စအို၏ အစပိုင်း ၂ လက်မ နှင့် ၃ လက်မ ဝန်းကျင်ကသာ ထိတွေ့မှု အာရုံခံစားနိုင်သောကြောင့် တိုသော တုတ်သော လိင်တံများသည်လည်း ရှည်သော လိင်တံများနှင့် ဘာမှ မကွာပဲ အာရုံခံထားမှုကောင်းကောင်းပေးနိုင်သည်။ အထူးသဖြင့် အလွန်ရှည်ပြီးကြီးသော လိင်တံများသည် စအိုလမ်းကြောင်းအတွင်းထဲ နံရံများ နှင့် ရှုံ့ဆန့် ကြွက်သားများပေါ်သို့ အတင်းထိုးနှက်မှု ပြုလုပ်နိုင်သောကြောင့် အောင့်ခြင်းနာကျင်ခြင်းဖြစ်သောကြောင့် သတိထားသင့်ပါသည်။ ထို့ကြောင့် အရွယ်လတ်သော လိင်တံများကို လျစ်လျူရှုစရာ မလိုသလို အရွယ်ကြီးသော်လည်း တကိုယ်ကောင်းဆန်ပြီး မဆင်မခြင်လုပ်သော ယောက်ျားများကိုလည်း သတိထားသင့်သည်။

တောင့်တင်းမှု

လိင်တံတောင့်တင်းမှုသည် ကျွန်ုပ်တို့ လက်ချောင်းခြေချောင်းများကိုတွန့်သလို စိတ်နှင့် ထိန်းချုပ်၍ မရပါ။ ၎င်းသည် စိတ်ခံစားမှု၊ ခန္ဓာအာရုံခံစားမှုနှင့် ဟော်မုန်းများမှ ပေးပို့သော အချက်ပြချက်များမှ လျှပ်စစ်စေ့စော်မှုအဖြစ် ကျောရိုးမှ ဆင်းသွားပြီး အင်္ဂါတောင့်တင်းမှုကို ဖြစ်ပေါ်စေပါသည်။ ကျွန်ုပ်တို့ အသက်ကြီးလာပြီး အတွေ့အကြုံရှိလာသည်နှင့်အမျှ ကျွန်ုပ်တို့၏ လိင်စွဲလမ်းမှုကို ကောင်းစွာ သတိပြုမိလာသောအခါ ကျွန်ုပ်တို့ကို စိတ်လှုပ်ရှားစေသော အရာများကို စိတ်ထဲတွင် စုစောင်းလာကြသည်၊ (ဥပမာ စိတ်လှုပ်ရှားစေသော ရုပ်ရည်၊ ခန္ဓာကိုယ်အနံ့၊ မုတ်ဆိတ်ရှိမရှိ၊ အရပ်၊ ခန္ဓာကိုယ်အချိုးအစား စသည်)။ ကျွန်ုပ်တို့ကို စိတ်လှုပ်ရှားစေမှုသည် တစ်ဦးနှင့်တစ်ဦးမတူကြသလို အခါတရံ ကျွန်ုပ်တို့၏ လိင်မှုဘဝတွင် မမျှော်လင့်သော အရာများသည်ကလည်း ကျွန်ုပ်တို့ကို စိတ်အလွန်လှုပ်ရှားလာအောင် လုပ်စေနိုင်ပြီး လိင်တံတောင့်တင်းစေသော အခြေအနေကို ကြုံဖူးကြမှာပါ။

လိင်တံတောင့်တင်းလာသောအခါ လိင်အင်္ဂါအတွင်းသို့ သွေးများဆီးဝင်လာပြီး မာကြောလာစေသည်။ သေးငယ်သော အဆို့ရှင်များက လိင်အင်္ဂါအတွင်းသို့ သွေးလည်ပတ်မှုကို ထိန်းညှိပေးပြီး တောင့်တင်းချိန်တွင် သွေးများကို ဖမ်းထားပြီး ပုံမှန်အနေအထားတွင် ပြန်လွှတ်ပေးလိုက်သည်။

ကောက်ကွေးသော တောင့်တင်းမှု (Peyronie's disease)

အချို့ယောက်ျားများတွင် တောင့်တင်းသောလိင်တံသည် ကွေးနေတတ်သည်။ ၎င်းသည် လိင်တံ၏ တစ်ဖက်တွင် ပိုနေသော အသားမျှင်များက လိင်တံကို အပြည့်အဝတောင့်တောင်းမှုမှ တားဆီးနေချိန် အခြားတစ်ဖက်မှ တောင့်တင်းမှုသည် လိင်တံကိုကွေးကောက်သွားအောင် ပြုလုပ်လိုက်ခြင်းဖြစ်သည်။ သာမာန်အခြေအနေမျိုးသည် ကောက်ကွေးမှုသည်သိပ်မများပဲ နာကျင်မှု (သို့) ပြဿနာမရှိပါ။ သို့သော်အချို့ ယောက်ျားများတွင် ကောက်ကွေးမှုသည် အလွန်များသောကြောင့် နာကျင်မှုဖြစ်ပေါ်စေပြီး လိင်ဆက်ဆံရန် မဖြစ်နိုင်သည့် အခြေအနေမျိုးကို ရောက်နိုင်သည်။ ထိုအခြေနေမျိုးတွင် ဆေးကုသမှု/ခွဲစိတ်ကုသမှုခံယူရန် လိုအပ်နိုင်သည်။

တောင့်တင်းမှု မရပ်ခြင်း (priapism)

တောင့်တင်းမှု မရပ်ခြင်း (တခါတရံ လိင်ဆက်ဆံမှုနှင့်မဆိုင်ပါ) ကို priapism ဟုခေါ်သည်။ ထိုအခြေအနေမျိုးသည် လိင်တံထဲရှိ ရေမြှုပ်ကြွက်သားများထဲမှ သွေးပြန်မထွက်သွားသည့် အချိန်တွင် ဖြစ်ပေါ်ပြီး အလွန်နာကျင်မှုကို ဖြစ်ပေါ်စေသည်။ အချို့အခြေအနေမျိုးသည် လိင်တံသည် အပြာရောင်ပြောင်းသွားနိုင်သည်။ ဆေးရုံ အရေးပေါ်ဌာနသို့ သွားရောက်ပြသရန် လိုအပ်မည်။

ပန်းသေခြင်း

လိင်တံတောင့်တင့်မှုကို မရှိနိုင်ခြင်းကို ပန်းသေပန်းညှိးခြင်းဟုခေါ်သည်။ အမှန်တကယ်တော့ ယောက်ျားအများစုသည် ဘဝတွင် တချိန်ချိန်တော့ ထိုအခြေအနေမျိုးကို ခဏဖြစ်ဖြစ်ကြုံတတ်ကြရသည်။ ၎င်းသည် ဘဝ၏ တစ်ပိုင်းတစ်စသာဖြစ်ပြီး မထူးဆန်းသလို အများစုမှာ ယာယီသာဖြစ်တတ်သည်။ သို့သော် လိင်တံတောင့်တင်းမှု မရရှိခြင်းမှု ကာယပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အခြေအနေနှစ်မျိုးကြောင့် ဖြစ်တတ်ပြီး ၎င်းကို ခွဲခြင်းသိသင့်သည်။

ကာယပိုင်းဆိုင်ရာ

၎င်းသည် အလွန်မောပန်းနွမ်းနယ်ခြင်း၊ မူးရစ်ဆေး နှင့် အရက်အလွန်အကြွံသောက်သုံးခြင်းတို့ကြောင့် အများဆုံးဖြစ်တတ်သော်လည်း အခြားဖြစ်စေသော အချက်များမှာ -
  • ပုံမှန်သောက်သုံးနေရသော ဆေးအချို့ (ဥပမာ စိတ်ငြိမ်ဆေး၊ စိတ်ဓာတ်ကျပြောက်ဆေးများ)၊
  • သွေးတိုးနေခြင်း၊ ကိုလက်စထရော (cholesterol) များခြင်း နှင့် နှလုံးရောဂါ၊
  • အခြားရောဂါအချို့ (ဥပမာ ဆီးချို၊ ပါကင်ဆန် ရောဂါ (Parkinson's disease) နှင့် multiple sclerosis
  • လိင်တံတွင်း သွေးစီးဝင်မှုထိခိုက်ခြင်း၊ လိင်တံထိခိုက်ခြင်း နှင့် ခွဲစိတ်ကုသမှု
  • ဆေးလိပ်သောက်ခြင်း နှင့် အဝလွန်ခြင်း

စိတ်ပိုင်းဆိုင်ရာ

သင်သည် လိင်တံတောင့်တင်းမှုကို တော့ရရှိနိုင်သည် သို့သော် သင်တောင့်တင်းလိုသော အချိန်တွင် မတောင့်တောင်းလာပါက စိတ်ပိုင်းဆိုင်ရာကြောင့် တောင့်တင်းမှုမရှိနိုင်ခြင်းဖြစ်သည်။ ဖြစ်နိုင်သော အကြောင်းရင်းများမှာ လိင်စိတ်လှုပ်ရှားမှု (သို့) နှိုးဆော်မှုမရှိခြင်း၊ လိင်မှုစွမ်းဆောင်မှုအပေါ်  စိုးရိမ်ပူပန်ခြင်း၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းပါးခြင်း၊ စိတ်ဖိစီးမှု နှင့် စိတ်ဓာတ်ကျခြင်းတို့ဖြစ်ကြသည်။
မိမိ၏ ဆက်ဆံဖော် အပေါ်တွင် စိတ်လှုပ်ရှားမှုမရှိလျှင် တောင့်တင်းမှုမရှိသည်မှာ အသိသာကြီးဖြစ်သည်၊ ဥပမာ ဆက်ဆံဖော်တစ်ဦး၏ရုပ်ရည်အသွင်အပြင်ကို အခြားသူများလောက် စွဲလမ်းမှုမရှိလျှင် (သို့) ကိုယ်အရင်က စိတ်ဝင်စားမှုရှိသော လိင်မှုအပြုအမူကို စိတ်မပါတော့လျှင် စသည့်အဖြစ်မျိုး ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့သည် အသစ်အဆန်းများကို စမ်းသပ်ရှာဖွေခြင်း ဖြစ်ကြသည်။ လိင်မှုစွမ်းဆောင်မှု နှင့် ရုပ်ရည်အသွင်အပြင် ပြည့်စုံမှုအပေါ် အလွန်အရေးထားခြင်းသည် ကိုယ့်ကိုယ်ကိုပေါ်ကော ကိုယ့်ဆက်ဆံဖော်ပေါ်မှာပါ မျှော်လင့်ချက်ကြီးကြီးမားမားထားခြင်းကို ဖြစ်ပေါ်စေပြီး ထိုမျှော်လင့်ချက်များကို ပြည့်မှီစေရန်ဆိုသည်မှာ အမြဲတမ်း မဖြစ်နိုင်ပါ။ ထို့အတွက်ကြောင့် ကိုယ့်ကိုယ်ကို လုံလောက်အောင် မစွမ်းဆောင်နိုင်မည်ကို စိုးရိမ်မှုသည် ကျွန်ုပ်တို့၏ လိင်တံတောင့်တင်းမှုအပေါ် သက်ရောက်နိုင်သော်လည်း ၎င်းသည် ကျနော်တို့လိင်ဆက်ဆံလိုစိတ်မရှိဟုမဆိုလိုပါ။ ရုပ်ရည်အသွင်အပြင်ပိုင်းဆိုင်ရာတွင်လည်း ကျွန်ုပ်တို့၏ ကိုယ့်ခန္ဓာ နှင့် ရုပ် ကို ကိုယ်ယုံကြည်လက်မခံနိုင်လျှင်၊ ကိုယ့်ကိုယ်ကိုအပေါ် စိတ်အေးအေးမထားနိုင်လျှင် လိင်တံတောင့်တင်းမှုရရှိရန် ခက်ခဲနိုင်သည်။ သို့သော်လည်း အလှအပဆိုသည်မှာ ကြည့်ရှုသူနှင့်သာဆိုင်ပြီး ကိုယ့်ကိုယ်ကိုအလိုမကျသောအချက်သည် အခြားတစ်ယောက်ယောက်အတွက်တော့ အလွယ်တကူစိတ်လှုပ်ရှားနိုင်စရာ ဖြစ်သွားနိုင်သည်။

ပန်းသေခြင်းကို ဖြေရှင်းရန် အဆင့်များ

ပြဿနာကို အသိမှတ်ပြုခြင်းသည် ၎င်းကို ဖြေရှင်းနိုင်မည့် ပဏာမ ခြေလှမ်းဖြစ်သည်။ လက်တွဲဖော်၊ သူငယ်ချင်း (သို့) ယုံကြည်ရသူ တစ်ဦးဦးကို ထိုအကြောင်းရင်ဖွင့်ပြောပြခြင်းသည် ခက်ခဲနိုင်သော်လည်း အလွန်အကျိုးပြုနိုင်ပါသည်။ ထို့နောက် လိင်ကျန်းမာရေး ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ခြင်းသည်ကို ပြုလုပ်နိုင်ပါသည်။ ရှက်ကြောက်ခြင်းသည် ယောက်ျားအများစုကို အကူညီရယူခြင်းမှု တားဆီးနိုင်ကာ ၎င်းသည် တစ်ကိုယ်တည်း စိတ်ဆင်းရဲခြင်းကို ဖြစ်ပေါ်စေပြီး ၎င်းသည် မိမိ၏ တကိုယ်ရည်နှင့် လူမှူဘဝများကို ကို ထိခိုက်လာနိုင်ပါသည်။ ပန်းသေခြင်း၏ အကြောင်းရင်းမြစ်ကို ရှာဖွေနိုင်ခြင်းသည် ကုသမှုနည်းလမ်းကို ဆုံးဖြတ်ပေးနိုင်သည် (ဥပမာ လက်ရှိသောက်သုံးနေသော ဆေးကိုပြောင်းလဲခြင်း၊ သောက်ဆေးများပေးခြင်း (ဥပမာ လိင်တံတောင့်တင်းဆေး) နှင့် စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးခြင်း၊ ကုသခြင်း စသည်တို့ကို ပြုလုပ်နိုင်ပါသည်)။

ဝှေးစေ့ နှင့် ဆီးကြိတ် အကြောင်း (အပိုင်း-၅) ကို ဆက်လက်ဖတ်ရှုရန် 

ပါးစပ်၊ လည်ချောင်း နှင့် အစာခြေစနစ်အကြောင်း (အပိုင်း-၆)ကို ဆက်လက်ဖတ်ရှုရန်

 

0 comments

တစ်ကိုယ်ရည်အာသာဖြေခြင်းနှင့် ပက်သက်သော အယူမှားများ


အရွယ်ရောက်လာတာနဲ့အမျှ တစ်ယောက်တည်းလွတ်လပ်ချိန်မှာ ကိုယ့်ကိုယ်ကို ကျေနပ်အားရအောင် နှိုးဆွပြီး အာသာဖြေတာက ကျွန်တော်တို့ အားလုံးနီးပါးလိုလို လုပ်ကြတဲ့အရာပါ။ ဒါပေမဲ့ အရပ်ထဲက ပြောကြသလို တစ်ကိုယ်ရည်အာသာဖြေရင် ဝက်ခြံပေါက်တယ်တို့ လက်မှာ အမွေးပေါက်တယ်တို့ အမျိုးစုံကြုံတွေ့ဖူးမှာပါ။ အဲ့လို အယူမှားတွေနဲ့ တခါတရံ ကိုယ့်ကိုယ်ကို ယုံယုံမှားမှားတွေဖြစ်ပြီးတော့ လုပ်ရင်ကောင်းမလား မလုပ်ရင်ကောင်းလားဆိုပြီး တွေဝေတတ်ကြတာ အာလုံးဖြစ်ဖူးမယ် မဟုတ်လား။ ကဲအောက်မှာ တစ်ကိုယ်ရည်အာသာဖြေခြင်းနဲ့ ပက်သက်တဲ့ အယူမှားအချို့ကို ဖော်ပြထားပါတယ်။ တခြား ကိုယ်ကြားဖူးတာ ရှိရင်လည်း comment မှာ ဝင်ပြောပြပြီး ဆွေးနွေးလို့ရပါတယ်။

၁။ တစ်ကိုယ်ရည်အာသာဖြေတာများရင် လိင်တံပျက်စီးတတ်တယ်။

ဘာမှာ မဆိုင်ပါဘူး။ ပုံမှန် လက်နဲ့အာသာဖြေလို့ ဘာမှမဖြစ်ပါဘူး။ ကြိမ်ရေများလွန်းလို့ ပွတ်တိုက်တာများပြီး ရှားရှားပါးပါး ပွန်းတာလောက်ဖြစ်ချင်ဖြစ်မယ်၊ အဲ့တော့ အနားပေးလိုက်ပေါ့၊ ဒါမှမဟုတ် ချောဆီတို့ တံတွေးတို့သုံးပြီး ချောမွေ့အောင်လုပ်ပေးပေါ့ဗျာ။ အလွန်များရန် နာကျင်နိုင်တာဆိုတာကလည်း ရိုးရိုးလေးတွေးကြည့်ပေါ့ - လမ်းလျှောက်တာများရင် ခြေထောက်ကြွက်သားတွေ ယောင်းညာကိုက်ခဲလာသလို၊ လှုပ်ရှားမှုများလို့ ကြွက်သားတွေ ပင်ပန်းကုန်တာပါ။ အနားပေးလိုက်ပေါ့။

၂။ တစ်ကိုယ်ရည်အာသာဖြေတာများရင် ပိန်တယ်၊ အားကုန်တယ်၊ ဉာဏ်တုံးတယ်။

ဒါတွေက လူငယ်တွေကြောက်အောင် ပေါက်ပေါက်ရှာရှာ ထွင်ထားတာပါ။ လုပ်ပါများရင် လက်ညောင်းတာပဲရှိမှာပေါ့။ ယောက်ျားတစ်ယောက်ရဲ့ ပျဉ်းမျှ သုတ်တစ်ခါထွက်စာက ၀.၇ ကယ်လိုရီနဲ့ ပရိုတင်း ၁၇၁ မီလီဂရမ်ပဲ ပါတာပါ။ အဲ့ဒါက ဘာမှမပြောပလောက်တဲ့ အရေအတွက်ပါ။ ဆယ်ဆလောက်မှ ကြက်ဥ တစ်လုံးစာသာသာ ရှိမှာပါ။ ကိုယ်ခန္ဓာစွမ်းအား ကျဆင်းစရာလည်း မရှိပါဘူး။ တစ်ခုတော့ရှိတယ် နေ့နေ့ညည မအိပ်မစား လုပ်နေရင်တော့ အစားမစားလို့ အားကုန်ရင် ကုန်မှာပေါ့။ ဒါပေမဲ့ ပုံမှန် တန်ဆေးလွန်ဘေးလို ထိန်းသိမ်းထားရင်တော့ ဘာပြဿနာမှကို မရှိတာ။ ဉာဏ်တုံးစရာလို့လည်း ဘာမှာမဆိုင်ပါသူး။ ပတ်ဝန်းကျင်ကလျှောက်ပြောလို့ ကိုယ့်ကိုယ်ကို တစ်ကိုယ်ရည်အာသာဖြေပြီး အပြစ်ရှိသလို ခံစားနေရတာမျိုး ဖြစ်တတ်ကြတာပဲ ရှိပါမယ်။ တကယ်တော့ ဆေးပညာအရ ဘာအပြစ်မှ မရှိပါဘူး။ လူ့အဖွဲ့အစည်းနဲ့ ဘာသာရေးရှုထောင့်တွေက အယူစွဲတွေထားကြလို့ လူတွေက မကောင်းဘူး ပြောကြတာပါ။ တကယ်တော့ ဒါက သဘာဝ ဖြစ်စဉ်တစ်ခုပါပဲ။

၃။  တစ်ကိုယ်ရည်အာသာဖြေရင် မျက်စိကန်းတယ်။

မှားပါတယ်။ မျက်စိနဲ့ သုတ်လွှတ်တာ ဘာဆိုဘာမှ မဆိုင်တာ။

၄။ တစ်ကိုယ်ရည်အာသာဖြေရင် သုတ်ကုန်သွားနိုင်တယ်။

မကုန်ပါဘူး။ သုတ်ရည်က အမြဲတမ်း ဝှေးစိကနေ ပြန်ထုတ်နေတာလည်း အသိပဲ။ ပိုသိချင်ရင် ၁၀ တန်း ဇီဝဗေဒ စာအုပ်မှာ သွားဖတ်ကြည့်။ မပြောတော့ဘူး မောတယ်။

၅။ တစ်ကိုယ်ရည်အာသာဖြေရင် ဝက်ခြံပေါက်တယ်။

ဘယ်သုတေသနကမှ တစ်ကိုယ်ရည်အာသာဖြေခြင်းနဲ့ ဝက်ခြံပေါက်မှုနဲ့ ဆက်စပ်မှုကို ရှာမတွေ့သေးပါဘူး။ ဒါကလူငယ်တွေ သူတို့ ပျိုဖော်ဝင်ချိန်မှာ ဝက်ခြံပေါက်လာချိန်နဲ့ တိုက်ဆိုင်တာနဲ့ သက်သက်မဲ့ ခြောက်လန့်ချင်လို့ မဆီမဆိုင် တစ်ကိုယ်ရည်အာသာဖြေတာကို လွှဲချတာပါ။ ဝက်ခြံပေါက်တာက တကယ်တော့ ဟော်မုန်းတို့၊ စားတဲ့အစားအစာ၊ တစ်ကိုယ်သန့်ရှင်းမှုတို့နဲ့ တစိတ်တပိုင်း ဆိုင်မှာပါ။ တစ်ကိုယ်ရည်အာသာဖြေခြင်းနဲ့တော့ မဆိုင်ပါဘူး။

၆။ တစ်ကိုယ်ရည်အာသာဖြေတယ်ဆိုတာ စာရိတ္တပျက်ပြားတယ်။

ဒီအချက်နဲ့ ပက်သက်လို့ အမြင်အမျိုးမျိုး ရှိကြပါလိမ့်မယ်။ တစ်ကိုယ်ရည်အာသာဖြေတယ်ဆိုတာ လူတစ်ယောက်၏ ဇီဝသဘာဝဖြစ်စဉ်ကြောင့် တစ်ကိုယ်ရည်လွတ်လပ်မှုမှာ ကိုယ်ပိုင်ဆုံးဖြတ် ပြုလုပ်နိုင်ခွင့်ပါ။ ကိုယ်အနေ့နှင့် ဘယ်သူ့ကိုမှ ထိခိုက်အောင် မပြုလုပ်သရွေ့ ဘယ်လိုမှ ဆိုးတဲ့အရာ မဖြစ်နိုင်ပါဘူး။ ယဉ်ကျေးမှုမျိုးမျိုး၊ လူ့အဖွဲ့အစည်းအမျိုးမျိုး နဲ့ ဘာသာအမျိုးမျိုး တစ်ခုချင်းစီက ရှုထောင့်အစုံအလင်ရှိပါလိမ့်မယ်။ ဒါပေမဲ့ အရပ်ထဲက အယူမှားတွေက စာရိတ္တကို ခုတုံးလုပ်ပြီး မကောင်းဘူးပြောကြတာကြောင့်ပဲ အများက ဆိုးတယ်လို့မြင်ကြတာပေါ။

၇။ အိပ်ပျော်နေစဥ် သုတ်လွတ်ခြင်းဟာ ကျန်းမာရေးကို ထိခိုက်နိုင်တယ်။

အိပ်ပျော်နေတဲ့အချိန် သုတ်လွတ်ထုတ်တာ ဘာဆိုးကျိုးမှ မရှိပါဘူး။ မသိစိတ်က ဟော်မုန်းတွေကြောင့် လိင်စိတ်ရှိလာပြီး၊ ခန္ဓာကိုယ်က စုပြုံလာတဲ့ သုတ်တွေကို အလိုလျောက် အိပ်နေစဉ် အပြင်ကို လွှတ်လိုက်တာ ဖြစ်ပါတယ်။ တချို့က အဖြစ်များပြီး၊ အချို့ကတော့ ဖြစ်ပေါ်တာ နည်းပါတယ်။ ယောက်ျားလေးတွေမှာ လူပျိုဝင်ချိန်မှာ အဖြစ်များပါတယ်။ ကိုယ့်ဘာသာလှုံဆော်ပြီး တကိုယ်ရည်အာသာဖြေရင်း ပုံမှန်သုတ်လွှတ်ရင်တော့ အိပ်ပျော်နေစဉ် ထုတ်လွတ်တာနည်းပါမယ်။ ခန္ဓာကိုယ်က သဘာဝဟော်မုန်းတွေကြောင့် သုတ်ကောင်တွေ အမြဲထုတ်လုပ်နေပြီး ကိုယ်ကိုယ်တိုင် အပြင်မထုတ်ပေးရင် ခန္ဓာကိုယ်က အလိုလျောက်ထုတ်ပေးလိုက်မယ်ဆိုတာမျိုးပါ။ ကျန်းမာရေးနဲ့ဘာမှမဆိုင်ပါဘူး။ သဘာဝဖြစ်စဉ်တစ်ခုပါ။

တကယ်တော့ ဆေးပညာရှုထောင့်က ကြည့်ရင် တစ်ကိုယ်ရည်အာသာဖြေခြင်းက အကျိုးရလာဒ်တွေ အများကြီးပေးနိုင်ပါတယ်။ ပုံမှန်ပြုလုပ်ပေးခြင်းက ဆီးကြိတ်ကင်ဆင်ကိုလည်း ကာကွယ်နိုင်ပါတယ်။ တစ်ကိုယ်ရည်အာသာဖြေပြီး ရရှိလာတဲ့ အထိတ်အထပ်ရောက်မှုကြောင့် ခန္ဓာကိုယ်ထဲမှ ထွက်လာတဲ့ဟောမုန်းတွေက စိတ်ဓာတ်ကျမှုနဲ့ စိတ်ဖိစီးမှုကို လျှော့ချပေးပြီး ကိုယ်ခံအားစနစ်နဲ့ စိတ်ရွှင်လန်းမှုကို မြှင့်တင်ပေးပါ။ ဤအချက်တွေအပြင် တစ်ကိုယ်ရည်အာသာဖြေခြင်းရဲ့ ကောင်းကျိုးတွေနဲ့ ပက်သက်တဲ့ သုတေသနအကြောင်းတွေကို ရှာဖွေဖတ်ရှုကြည့်လို့ရပါတယ်။

နောက်ဆုံးအနေနှင့် တစ်ကိုယ်ရည်ပဲဖြစ်ဖြစ် အဖော်နဲ့ပဲဖြစ်ဖြစ် အာသာဖြေခြင်းဟာ ဘေးကင်းလုံခြုံဆုံး လိင်စိတ်ကျေနပ်မှုကို ရရှိနိုင်သော လိင်မှုကိစ္စတစ်ခုပင်ဖြစ်ပါတယ်။




0 comments

ငယ်ပါကြီးအောင် လုပ်ချင်သူများ ဖတ်ဖို့

ဒီခေတ်မှာ (အမှန်တကယ်ကတော့ ခေတ်အဆက်ဆက်မှာပါပဲ) ယောက်ျားတော်တော်များ စိတ်ဝင်စားတာ တခုရှိပါတယ်။ အဲ့ဒါကတော့ သူတို့ရဲ့ညီဘွားကို ကြီးလာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို အမြဲတမ်းပဲ နည်းလမ်းရှာဖွေနေကြတာပါ။ Google က သူတို့ရဲ့ ဆန်းစစ်လေ့လာချက်တစ်ခုမှာ penis ဆိုတဲ့ စာလုံးနဲ့ ပက်သက်လို့ google မှာ ရှာဖွေတဲ့အထဲမှာ အများဆုံးက သူတို့ ညီဖွားကို ဘယ်လိုကြီးအောင် လုပ်ရမလဲဆိုတာတွေတဲ့။


ဒါဆို အင်တာနက်ပေါ်မှာ တကယ်ပဲ နည်းလမ်းကောင်းတွေရှိလား။

ကဲ… အရင်ဆုံး ကြီးစေရမယ်လို့ ကတိပေးနေတဲ့ လိမ်းဆေးတွေ၊ သောက်ဆေးတွေ၊ တိုင်းရင်းဆေးတွေ၊ ကုသမှုတွေ နှင့် ခွဲစိတ်တာတွေက ဘယ်လောက်စွမ်းလဲ စဉ်းစားကြည့်မယ်။


ဘယ်သူ့စီးပွားရေးကိုမှ ရည်ရွယ်ပြီးပြောတာတော့ မဟုတ်ပါဘူးနော်။ ဒါက လူတစ်ဦးချင်းစီရဲ့ စဉ်းစား ဆင်ခြင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ပါ။ ဒါပေမယ့် သိပ္ပံနည်းကျကျပြောရမယ်ဆိုရင်တော့ လူ့ ဇီဝဖွဲ့စည်းပုံအရ ဒီနည်းလမ်းတွေ တစ်ခုမှ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ကိုယ့် အင်္ဂါအရွယ်အစားက သဘာဝ မွေးရာပါ အကြီးဆုံး ရောက်နိုင်တဲ့အဆင့်ထိ ကျော်လွန်ပြီး ကြီးအောင်လုပ်လို့ မရပါဘူးလို့ The New Naked ဆိုတဲ့ စာအုပ်ရေးတဲ့ Weill Cornell Medical College က Dr. Harry Fisch ပြောပါတယ်။

နောက်ပြီးတော့ သူတို့ပြောတဲ့ လိင်တံကို ဆွဲဆန့်တဲ့ စက် (penile extenders and stretchers) တွေကလည်း ကြီးမယ်ဆိုရင် ပျော့နေစဉ် အရွယ်အစားကိုသာ ကြီးအောင်လုပ်နိုင်တာပါ။ တောင့်တင်းလာတဲ့အခါ ဘယ်လောက်မှ ပိုကြီးလာတာ မဟုတ်ပါဘူး။ အဲ့တော့ အချိန်ကုန်ခံ ငွေကုန်ခံပြီး သူတို့ပြောတာတွေ လိုက်မလုပ်ပါနဲ့လို့ ဆရာဝန်ကြီးက ပြောပါတယ်။

အဲ့တော့ တကယ်ကြီးလာအောင်လုပ်လို့ ရတဲ့နည်းကဘာလဲ။


ကောင်းတဲ့နည်းလမ်းတစ်ခုကတော့ အမြင်ပိုင်းမှာ ကြီးလာအောင်လုပ်လို့ ရပါတယ်။ ခန္ဓာကိုယ် အလေးချိန်ချခြင်းဖြင့် စတင်ရမှာပါ။

နောက်တာတော့မဟုတ်ပါဘူး။ ဗိုက်နဲ့ ဆီးစပ်နေရာမှာ အဆီတွေစုနေတော့ အဲ့ဒီဖောင်းနေတာတွေက ကိုယ့်ရဲ့ ငယ်ပါလေးကို ကွင်းကွင်းထင်းထင်း မမြင်စေနိုင်ဘူးပေါ့။ တကယ်လို့ အဆီတွေကျပြီး အဲ့ဒီနေရာတွေက ချပ်နေရင် ကိုယ့်ငယ်ပါ တောင့်တင်းလာတဲ့အခါ ပိုကြီးလာတယ်လို့ ထင်ရမှာပါ။

နောက်တနည်း ကြီးအောင်လုပ်ဖို့က ခြုံ ရှင်းပစ်ဖို့ပါ။ အမွေးတွေက ကိုယ့်အချောင်းနားမှာ လာရှုပ်နေတော့ အမြင်မှာ သိပ်မကြီးတော့ဘူး ထင်ရတာပေါ့။ ဆီးစပ်ကအမွှေးတွေကို ဘယ်လိုထားမယ်ဆိုတာက ယောကျ်ားတွေ တစ်ဦးချင်းစီမှာ ကိုယ့်အကြိုက်နဲ့ကိုယ်ပါ။ ဒါပေမယ့် ငွေကုန်ကြေးကျမယ့် နည်းလမ်းတွေ သုံးမယ့်အစား ကိုယ့်ကိုယ်ပေါ်မှာ ရှိတဲ့ တောကိုရှင်းလိုက်တာကတော့ အန္တရာယ်ကင်းတာပေါ့။

နောက်တစ်နည်းကတော့ ကိုယ့်လိင်တံကို အပြည့်အဝ တင်းတောင့် အောင်လုပ်ဖို့ပါ။


ကိုယ်အကြီးနိုင်ဆုံး အရှည်နဲ့ လုံးပတ် အရွယ်ရောက်တဲ့အခါ အဲ့ဒီထက်ပို မကြီးနိုင်တော့ပါဘူး၊ ဒါပေမဲ့ ယောကျ်ားတော်တော်များများက အဲဒီအဆင့်ကို ရောက်တဲ့အထိ မတောင့်တင်းသေးတာရှိပါတယ် လို့ Dr. Harry Fisch ကဆက်ပြောပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သွေးက ငယ်ပါထဲကို လုံလောက်အောင် မရောက်နိုင်ဘူးဖြစ်နေပါတယ်။ အဲ့တော့ ရှင်းရှင်းလေးပါ - ကိုယ့်ငယ်ပါ ကြီးချင်ရင် ကျန်းမာအောင် နေထိုင်ရပါမယ်။ အထူးသဖြင့် နှလုံးနဲ့ သွေးလည်ပတ်မှု ကောင်းမွန်ဖို့ပါ။ ကိုယ့်ကျန်းမာရေးကောင်းတော့ ကိုယ့်ငယ်ပါလည်း သန်စွမ်းတာပေါ့။

ဒီဟာအတွက်တော့ ဆေးရှိတယ်။

ဥပမာ Viagra တို့ Cialis တို့ကို မှီဝဲရင်တော့ရတယ်။ ဒါပေမဲ့ သူတို့က အရွယ်ကြီးလာ အောင်လုပ်တာတော့မဟုတ်ဘူး။ သွေးစီးဝင်တာကောင်းလုပ်ပြီးတော့ ကြာကြာတောင့်တင်းအောင်ပဲ လုပ်တာပါ။ အဲ့တော့ အပြည့်အဝ မတောင့်တင်းနိုင်လို့ အကြီးဆုံးအရွယ်မရောက်နိုင်ရင် ဒီဆေးတွေရဲ့ အကူအညီယူလို့ရပါတယ်။ ဆရာဝန်နဲ့တော့ အရင်ဆွေးနွေးပေါ့။

သွေးအားကောင်းစေမယ့် အစားအသောက်တွေ စားသုံးတာကတော့ အကောင်းဆုံးပေါ့။

တစ်ခု သတိထားသင့်တာက ကိုယ်အရင်တုန်းကလို မတောင့်တင်းနိုင်တော့ဘူးဆိုရင် တခြား ကျန်းမာရေးနဲ့ ပက်သက်တဲ့ ပြသနာကြီးကြီးတွေရဲ့ အစဦး လက္ခဏာပါပဲ။ ဒီအတိုင်းပစ်မထားပဲ ဆရာဝန်နှင့် ဆေးစစ်မှုတွေ ပြုလုပ်သင့်ပါတယ်။

ကဲ… အဲ့တော့ နည်းလမ်းတွေတော့ ပြောလိုက်ပြီ။ ဒါပေမဲ့ ဒီထက်ပိုကြီးတဲ့ ညီငယ်ကို မရနိုင်တဲ့ ဘာဖြစ်လဲ။ မွေးရာပါ အရွယ်အစားနဲ့ပက်သက်လို့ ဘာမှာ အားငယ်စရမရှိပါဘူး၊ ပြသနာလည်းမရှိဘူး။

တကယ်ပါ၊ ဘာမှပူစရာမရှိဘူး။

အရင်ဆုံးအနေနှင့် လိင်ရုပ်ရှင်တွေထဲက မင်းသားတွေရဲ့ တံဆာအကြီးကြီးတွေကို ကြည့်ပြီး ကိုယ့်ဟာကိုယ်အားမရ ဖြစ်နေလား။ သုတေသနတွေက ပြောတာက ကမ္ဘာပေါ်မှာ ယောက်ျားအင်္ဂါ ပျဉ်းမျှ အရွယ်အစားက ၅.၄လက်မ ပါ။ အဲ့တော့ အကိုတို့ ညီတို့ အရွယ်တွေကလည်း အဲ့ဒီ ၀န်းကျင်ပါပဲ။

(စိတ်ဝင်စားစရာ အချက် - အဲ့ဒီ သုတေသနက ပြောတာမှာ ခြေမ အရွယ်အစားနှင့် လိင်အင်္ဂါအရွယ်အစား ဘာမှ ဆက်စပ်မှုမရှိပါဘူးတဲ့)။

ကိုယ်ရထားတဲ့ ဘယ်အရွယ်အစား အစုံအလင်မဆို ကိုယ့်ချစ်သူကို သုခ အပြည့်အဝ ပေးနိုင်ပါတယ်။ အရွယ်အစားကြီးမှ ပိုကောင်းအောင် စွမ်းဆောင်နိုင်ဆိုတာ မမှန်ပါဘူး။ အရမ်းကြီးနေရင် ချစ်သူကို နာကျင်စေတာပဲ ပိုမှာပါ။ ပြီးတော့ ယောက်ျားချင်းချစ်သူတိုင်းကလဲ စအိုကနေ ထိုးသွင်းဆက်ဆံတဲ့ နည်းလမ်းကို ကြိုက်တာ မဟုတ်ပါ။ တခြားနည်းတွေနှင့်လည်း အချင်းချင်း ကြင်နာလို့ ရပါတယ်။

အဲ့တော့ တကယ်ကို ပျဉ်းမျှထက်ငယ်နေတဲ့ အကိုတွေအတွက်ဆိုရင်ကော်… တချို့တလေကတော့ အရွယ်ငယ်လို့ ရင်မခုန်ဘူးလို့ပြောချင်ပြောမယ် ဒါပေမဲ့ တကယ်ပဲ အရွယ်အစားကို ဘယ်လောက်ဖြစ်ဖြစ် ဂရုမစိုက်တဲ့ ယောကျ်ားတွေလည်း ရှိပါတယ်။ အဓိက ကတော့ ကိုယ်နဲ့ လိုက်ဖက်မဲ့ လက်တွဲဖော်ကိုရှာဖို့ပါ။ မှန်ကန်တဲ့သူနဲ့ လက်တွဲတဲ့အခါ ပျော်ရွင်တဲ့ လိင်မှုဘဝကို ရရှိနိုင်ပါတယ်။ သူနှင့်ဆို စဉ်းစားနိုင်သလောက် အမျိုးမျိုး စမ်းသပ်ပြီး အချင်းချင်း ပျော်အောင်လုပ်လို့ရပါတယ်။ စိတ်ဝင်စားရင် လိင်အရုပ်တွေ ထည့်သုံးတာ ပြီးတော့ နှစ်ဦးစလုံး အဆင်ပြေမယ့် ပုံစံကိုစမ်းသပ်ပြီး အတူတူသွားလာလို့လည်း ရပါတယ်။ နောက်တစ်ခုက ယောက်ျားနှစ်ယောက်ရဲ့ တွယ်တာမှုတွေဟာ လိင်ဆက်ဆံတာတစ်ခုတည်းနဲ့သာ တည်ဆောက်ရတာ မဟုတ်ပါဘူး။

အဲ့တော့ နောက်ဆုံးပြောချင်တာက ကိုယ့် လိင်အင်္ဂါကို တန်ခိုးနှင့် ကြီးလာအောင်လုပ်လို့ မရသလို အဲ့ဒါက ပြဿနာတစ်ခုလည်းမဟုတ်ပါဘူး။

ရအောင်လုပ်ပေးမယ်လို့ ပြောပြောနေတဲ့ နည်းလမ်းတွေကို ကိုယ့်ရဲ့ တွေးတောဆင်ချင်မှု နှင့် ရွေးချယ်မှုအရတော့ လုပ်မယ်ဆိုရင်တော့ ဒါကလူတစ်ဦးချင်းစီရဲ့ ဆုံးဖြတ်ပိုင်ခွင့်ပါ။ ဒါပေမဲ့ ကိုယ့်အတွက် တကယ် ရေရှည် အကျိုးရှိစေမှာကတော့ ကိုယ့် သဘာဝအရွယ်အစားနှင့် ကိုယ့်ကိုကိုယ် ကျေနပ်စွာ လက်ခံပေးဖို့ပါပဲ။ ပြီးတော့ ကိုယ့်ကို အမှန်တကယ်လက်ခံတဲ့ ချစ်သူ လက်တွဲဖော်ကို ရှာဖို့ပါပဲ။

0 comments

သင့် ငယ်ပါက ပြောပြသော သင့်ကျန်းမာရေးအကြောင်း

နေ့စဉ်နေ့တိုင်းမှာ ကျွန်တော်တို့ဟာ ကိုယ့်လိင်တံရဲ့စွမ်းဆောင်ရည်ကို ချစ်သူနှင့် ကာမချမ်းသာမှု ဘယ်လောက်ပေးတယ်ဆိုအပေါ်ကိုသာ ကြည့်ပြီး ဆုံးဖြတ်ကြပါတယ်။ အမှန်တော့ လိင်တံကလည်း ကျွန်တော်ရဲ့ ကျန်းမာရေးအကြောင်းကို အများကြီးပြောပြနိုင်ပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ အခြေအနေတွေကို ငယ်ပေါင်းဖော်ကနေ အချက်ပြနေတာတွေ ရှိပါတယ်။ ကျန်းမာသော လိင်အင်္ဂါဆိုတာက ကောင်းမွန်သော ကျန်းမာရေးကို ညွန်ပြတာပါ။


၁) တောင့်တင်းမှု ကျဆင်းခြင်း

ငယ်ပါတောင့်တင်းတယ်ဆိုတာလိင်တံကြွက်သားတွေထဲကို သွေးဝင်လာလို့ တောင့်တင်းလာတာဖြစ်ပါတယ်။ တောင့်တင်းဖို့ အခက်အခဲရှိလျှင် နှလုံးမှာ ပြသနာရှိနေနိုင်တယ်ဆိုတာကို ပြနေတာပါ။ Erectile Dysfunction (လိင်တံ တောင့်တင်းရန်ခက်ခဲခြင်း) ဖြစ်နေသော ယောက်ျားများတွင် နောင်နှစ်များ ကြာလာသောအခါ နှလုံးရောဂါဖြစ်လာဖို့ ၆၅%ပိုများတယ်လို့ သြစတြေးယ နိုင်ငံမှ လေ့လာမှုတစ်ခုမှ ပြောပါတယ်။ ပြီးတော့ လိင်တံရဲ့ သွေးကြောတွေ ကျဉ်းနေတာ သေးနေတာကြောင့် မတောင့်တင်းနိုင်ရင်လည်း နှလုံးရောဂါဖြစ်ဖို့ အလားအလာတွေပါ။ ဆရာဝန် ပြသင့်ပြီလို့ သင့်ငယ်ပါက ပြောပြနေတာပါ။

၂) အနီရောင် အရည်များ

သင့်ရဲ့ဆီးက အဝါရောင်ကနေ အနီရောင်ကို ပြောင်းသွားတယ်ဆိုရင် စိုးရိမ်ရတဲ့ အချက်ပါ။ ချက်ချင်း ဆရာဝန်ဆီပြေးပါတော့။ သင့်ရဲ့ ဆီးကြိတ်၊ ဆီးအိမ်၊ ဒါမှမဟုတ် ကျောက်ကပ်မှာ ရောဂါရှိပြီဆိုတာကို ပြနေပါတယ်။ သင့်သုတ်ရည်က ပန်းရောင် (သို့) သွေးရောင် သန်းလာတယ်ဆိုရင်တော့ သေလောက်အောင်မဆိုးသေးပေမဲ့ ဆရာဝန်ကို ပြပါ။ ဆီးကြိတ်ထဲ ပိုးဝင်နေတယ်ဆိုတဲ့ သဘောပါ။

၃) ကာမရာဂ ဆန္ဒတွေ ပျောက်ကုန်ခြင်း

ချစ်သူနှင့် သွားလာချင်စိတ်တွေ ကုန်နေပါလား။ အဲ့ဒါ သူမကောင်းလို့ မဟုတ်ပါဘူး။ သင်ဟောက်နေတာနှင့် သက်ဆိုင်နိုင်ပါတယ်။ ဒီလိုပါ။ Obstructive sleep apnea လို့ခေါ်တဲ့ အိပ်နေစဉ် အသက်ရှုလမ်းကြောင်းပိတ်ကာ အသက်ရှုကြပ်ခြင်းကြောင့် သင့်ရဲ့ သွေးထဲမှာ အောက်စီဂျင် နည်းပါးစေကာ လိင်ဆက်ဆံလိုစိတ်တွေ ကျဆင်းလာစေနိုင်ပါတယ်။ ဂျာမနီနိုင်ငံက သုတေသနက ညဘက်အောက်စီဂျင်နည်းခြင်းဟာ testosterone ယောက်ျားဟော်မုန်း ထုတ်လုပ်မှု လျှော့ချစေကာ လိင်စိတ်ကို ၁၁% လျော့နည်းစေပါတယ်။ ဒါ့ကြောင့် သင်အရမ်းဟောက်တာ၊ အိပ်ပျော်နေစဉ် မောပြီးနှိုးလာတာ (သို့) နေ့ပိုင်းမှာ ပင်ပန်းနွမ်းနယ်တာ ရှိလျှင် ဆရာဆီကိုသာ ဒိုးပါတော့။

၄) သင့် ငယ်ပါ ဖောယောင်နေခြင်း

အရေးပြား နဲ့ ကွမ်းသီးက ဖောရောင်ပြီး ယားယံပါသလား။ Balantitis လို့ခေါ်တဲ့ လိင်တံထိပ်မှာ ဘက်တီးရီးယား၊ မှိုတွေနှင့် ဗိုင်းရပ်ပိုးတွေ တစ်ကိုယ်ရေ သန့်ရှင့်မှု နည်းပါးတာကြောင့် ဖြစ်နေတာပါ။ ဆရာပြောပြီး ဆေးလိမ်းလိုက်ရင်တော့ရပါတယ်။ ဒါပေမဲ့ တစ်ခါတည်း ကိုယ့်မှာ ဆီးချိုသွေးချိုရှိမရှိ စစ်လိုက်တာ ပိုအကျိုးရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဆီးချိုသွေးချိုရှိတဲ့လူတွေက balantitis ဖြစ်ဖို့ ၃ဆ ပိုများတယ်လို့ သုတေသနတစ်ခုက ပြောပါတယ်။

၅) အာရုံခံစားမှု နည်းလာခြင်း

အထိအတွေ့ ခံစားမှု နည်းလာတယ်ဆိုတာ အဟာရချို့တဲ့တယ်ဆိုတာကို ပြတာပါ။ အထူးသဖြင့် အာရုံကြောတွေက ဦးနှောက်ကို သတင်းအချက်အလက်တွေပို့ဖို့ လိုအပ်တဲ့ Vitamin B12 နှင့် fotale ကို ရဖို့ နွားနို့နှင့် အသားအတွေ၊ အစိမ်းရောင်အရွက်တွေကို စားသုံးဖို့လိုနေပါပြီ။ ဆီးချိုသွေးချိုကြောင့်လဲဖြစ်နိုင်တာရှိပါတယ်။ ငယ်ပါကြီး အာရုံခံစားမှုကောင်းမှ သုခကောင်ကောင်းရနိုင်မယ် မဟုတ်လား။

၆) ခဏခဏ ဆီးသွားလိုခြင်း

Benign prostatic hyperplasia (သို့) BPHလို့ခေါ်တဲ့ အခြေအနေကြောင့် ခဏခဏ ဆီးသွားလိုစိတ်ဖြစ်တာပါ။ အသက် ၄၀ မကျော်ခင်ထိ ဖြစ်လေ့မရှိပါဘူး။ အသက် ရ၀ ကျော်ရင်တော့ ယောက်ျား ၉၀% လောက်မှာ ဖြစ်လေ့ရှိပါတယ်။ ဆီးကျိတ်ကြီးလာတဲ့ အတွက် ဆီးပြွန်ကိုဖိတာကြောင့် ခဏခဏ ဆီးသွားလိုစိတ်ဖြစ်တာပါ။ ဆရာဝန်က ဆေးပေးပါလိမ့်မယ်။

ရ) သုတ်လွတ်နည်းပြီး အထိတ်အထိပ်ကို မရဘူး။

ခန္ဓာကိုယ်မှာ testosterone ယောက်ျားဟော်မုန်း နည်းပါးနေလို့ဖြစ်တာပါ။ သုတ်ရည်နည်းလျှင် ပန်းထွက်တဲ့အားလည်းနည်းပါတယ်။ အဲ့ဒီတော့ orgasm ဆိုတဲ့ အထိတ်အထိပ် ခံစာမှုမျိုးမရောက်နိုင်ဖြစ်ရတာပေါ့။ အဖြစ်နိုင်ဆုံးကတော့ သင် စိတ်ဓာတ်ကျမှုကို တိုက်တဲ့ဆေးတွေ သုံးနေတာကြောင့်ပါ။ ဒါဆိုရင် ဆရာဝန်ကို အခြားအစားထိုးစရာ စဉ်းစားခိုင်းပါ။

ကျန်းမာပျော်ရွင်ကြပါစေ။

Menshealth မှ ကိုးကား ရေးသားထားပါသည်။

မှတ်ချက်။ ။ကျွန်တော်ဆရာဝန်တစ်ယောက်မဟုတ်ပါ။ မှားနေခဲ့ရင် ထောက်ပြနိုင်ပါတယ်။ ဒါပေမဲ့ ဘာပဲပြောပြော ကျန်းမာရေးနှင့် ပက်သက်လာရင် နောက်ဆုံအဆင့်ထိမရောက်စေပဲ ကြိုတင် စစ်ဆေးမှုတွေပြုလုပ်တာကာ အကောင်းဆုံးပင် ဖြစ်ပါတယ် မဟုတ်ပါလား။

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ