Search

Content

0 comments

၂၁ ရာစုနှစ် အာရှတိုက်မှ LGBTI သူရဲကောင်းများ

အနောက်တိုင်းနိုင်ငံများမှ အခွင့်အရေး လှုပ်ရှားသူများဟာ လိင်တူချစ်သူများ၏ တန်းတူအခွင့်အရေးများကိုရရှိဖို့ ကြိုးပမ်းနေချိန်မှာ ကျွန်တော်တို့၏ အာရှတိုက်တွင်လည်း လိင်တူချစ်သူများအပေါ် အာဏာပိုင်၊ ရဲ၊ တရားစီရင်ရေးစနစ်၊ အလုပ်ခွင်နှင့် ပတ်ဝန်းကျင် စသည်တို့မှ လိင်ကွဲပြားမှုကြောင့် သော်လည်းကောင်း၊ ကျားမကွဲပြားမှု အပေါ်မူတည်၍ သော်လည်းကောင်း၊ လိင်စိတ်ကိုင်းညွတ်မှု မတူကွဲပြားမှုကြောင့် သော်လည်းကောင်း ဖိနှိပ်မှုများ၊ ဖမ်းစီးမှုများ၊ တရားမျှတမှု မရှိခြင်းများ၊ ခွဲခြားဆက်ဆံခြင်းများမှ ကာကွယ်စောင့်ရှောက်မှုပေးရန် အခွင့်အရေးတောင်းဆိုမှုများကို ပြုလုပ်နေတဲ့ သူရဲကောင်းများရှိပါတယ်။ အီရန်အစ ဂျပန်အဆုံး ဒီနိုင်ငံတွေက လိင်တူချစ်သူများဟာ စာအုပ်ရေးခြင်း၊ ရုပ်ရှင် ထုတ်လုပ်ခြင်း၊ တရားရုံးတွင် တိုက်ပွဲဝင်ခြင်း၊ အဖွဲ့အစည်း ထူထောင်ခြင်း၊ စီးပွားရေးစွမ်းဆောင်မှု လုပ်ဆောင်ခြင်း စသည်တို့ကို ပြုလုပ်ခြင်းဖြင့် ကျွန်တော်တို့ လိင်တူချစ်သူများအတွက် ရှေ့တန်းကနေ တိုက်ပွဲနေသူကြသူများ ဖြစ်ပါတယ်။

Nisha Ayub /  နီရှာ အာယု - မလေးရှား 

မလေးရှားမှ Justice for Sisters ခေါ် ကျားမပြောင်း (transgender) အမျိုးသမီးများအဖွဲ့ရဲ့ ခေါင်းဆောင် နီရှာ အာယု ဟာ ရှေ့နေ အက်စတွန် ပိုင်ဗာ (Aston Paiva) နှင့် အခြား ကျားမပြောင်းအမျိုးသမီး သုံးဦးနှင့်အတူ မလေးရှားတရားရုံးတွင် ကျားမပြောင်းသူများကို ခွဲခြားဆက်ဆံတဲ့ ၀တ်စားဆင်မှု ဥပဒေတစ်ခုကို ပယ်ဖျက်ဖို့ ကြိုးပမ်းခဲ့ရာမှာ အောင်မြင်ခဲ့ပါတယ်။

Pinki Pramanik / ပင်ကီး ပရာမာနစ် - အိန္ဒိယ

နိုင်ငံတကာ ရွေတံဆိပ်ဆုရှင် အိန္ဒိယ အပြေးသမား ပင်ကီးဟာ မုဒိန်းမှုနှင့် ယောက်ျားဖြစ်နေသည်ကို ဖုံးကွယ်ဟန်ဆောင်မှုတို့ဖြင့် ၂၀၁၂ ခုနှစ်မှာ မတရား တရားစွဲဆိုခြင်း ခံခဲ့ရပါတယ်။ ၂ နှစ်လောက်ကြာတဲ့ အမှုအတွင်းမှာ သူမကို ရဲများက ခန္ဓာကိုယ်ကို မတရား စစ်ဆေးမှုများပြုလုပ်ခြင်းများပြုလုပ်ပြီး စစ်ဆေးမှုများကို သူမ၏ ဆန္ဒမပါဘဲ လူသိရှင်ကြား ဖော်ထုတ်ခဲ့ပါတယ်။ မီဒီယာမှ သူ့ကို ဆိုးရွားစွာရေးသားခဲ့ပါတယ်။ ဒါပေမဲ့ သူသည် ရဲ့ရင့်စွာ ကြံခံခဲ့ပြီး သူကဲ့သို့ ကျာမ-မထင်ရှားသူများအတွက် ကိုယ်စားပြုအသံဖြစ်လာခဲ့ပါတယ်။ ၂၀၁၄ မှာတော့ သူ့ကို အပြစ်မရှိကြောင်း အတည်ပြုခဲ့ပါတယ်။ နောက်ဆုံးတွင် သူမဟာ မိန်းမဖြစ်ကြောင်း ကြောညာခဲ့ပါတယ်။

Wei TingTing / ဝေ တင်တင် - တရုတ် ပြည်သူ့ သမ္မတနိုင်ငံ

ဝေတင်တင်ဟာ တရုတ်နိုင်ငံမှာ လိင်တူလိင်ကွဲနှစ်မျိုးစလုံး ချစ်သူတွေရဲ့ အခြေအနေကို လူသိအောင်ပြုလုပ်ပေးခဲ့ပါတယ်။ သူဟာ LGBTI အခက်အခဲတွေ နှင့် အမျိုးသမီး အခွင့်တူဝါဒ တို့နှင့်ပက်သက်ပြီး လူမှုရေးမျှတမှုအတွက်တိုက်ပွဲ ၀င်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ အသက် ၂၆ အရွယ် ဝေတင်တင်ဟာ ၂၀၁၅ မှာ တရုတ်အစိုးရ၏ တစ်လတာ ဖမ်းစီးခြင်းခံခဲ့ရပါတယ်။

Julian and Weeny - ဗီယက်နမ်


ဗီယက်နမ်မှ အမျိုးသမီးချင်းချစ်သူ စုံတွဲဖြစ်သူ Julian နှင့် Weeny တို့လက်တွဲခဲ့သည်မှာ ၁၀ ကျော်ကြာပြီဖြစ်ပြီး သူတို့ရဲ့ လူသိရှင်ကြား လက်ထက်ပွဲက နိုင်ငံအတွင်းမှာရှိတဲ့ လိင်တူချစ်သူများကို ကျေနပ်အားရစေပြီး စိတ်ဓာတ်တက်ကြွစေပါတယ်။

Vicent Huang / ဗင်းဆန့် ဟွူန် - ထိုင်ဝမ်

Disabled Queer ဆိုတဲ့ ထိုင်ဝမ်ရဲ့ ပထမဆုံး မသန်စွမ်း လိင်တူချစ်သူများ အဖွဲ့ ရဲ့ခေါင်းဆောင်ဖြစ်ပြီး မသန်စွမ်းသူများအား လူမှုရေးနှင့် လိင်ပိုင်းဆိုင်ရဲလိုအပ်ချက်များကို ဖြည့်ဆည်းပေးသော Hand Job Taiwan အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။

သူကိုယ်တိုင်ကလည်း မသန်စွမ်းသူတစ်ဦးဖြစ်ပြီး မသန်စွမ်း LGBTIတို့ရဲ့ လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာ နှင့် လိင်ပိုင်းဆိုင်ရာ အခွင့်အရေးများ၏ လိုအပ်ချက်များအတွက် လှုပ်ရှားနေသူတစ်ဦးဖြစ်ပါတယ်။

Amanda Lee Koe / အမန်ဒါ လီကိုး - စင်ကာပူ

Ministry of Moral Panic ဆိုတဲ့ စာအုပ်ကို ရေးတဲ့ စာရေးဆရာမ အမန်ဒါလီကိုး ဟာ စင်ကာပူရဲ့ အသက်ငယ်ဆုံး စာပေဆုကို ရရှိသူဖြစ်ပါတယ်။ သူရဲ့ ပုံပြင်ငယ်များကို စုဆည်းထားတဲ့ စာအုပ်ဟာ LGBTI များအကြောင်းကို လူတွေ ပိုမိုနားလည်ဖို့ လမ်းကြောင်းဖွင့်ပေးပါတယ်။

Geena Rocero / ဂျီနာ ရိုစီရို - ဖိလစ်ပိုင်

ဖိလစ်ပိုင် ကျားမပြောင်း မော်ဒယ် ဂျီနာ ရိုစီရို ဟာ Gender Proud ဆိုတဲ့ အဖွဲ့အစည်းကို တည်ထောင်သူလည်းဖြစ်ပါတယ်။ ကျားမပြောင်းသူများ၏ ဒုက္ခ အခက်အခဲများအကြောင်းကို လူတွေသိအောင် TedX ဟောပြောပွဲတွေမှာ လိုက်ပြောပြီးတော့ တကမ္ဘာလုံးမှာ ရှိတဲ့ ကျားမပြောင်းသူများ၏ အခွင့်အရေးအတွက် တက်တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်ပါတယ်။
 
Fan Po Po / ဖန် ပိုပို - တရုတ် ပြည်သူ့ သမ္မတနိုင်ငံ

တရုတ်နိုင်ငံက အသက် ၂၀ကျော် ရုပ်ရှင်ပြုလုပ်သူ ဖန် ပိုပို ၏ ရုပ်ရှင် Mama Rainbow ဟာ လိင်တူချစ်သူများနှင့် သူတို့အမေတွေအကြောင်းကို ရိုက်ထားပြီး တရုတ်နိုင်ငံမှာ သက်ရောက်မှုတွေ ရှိခဲ့ပြီး နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာလည်း နာမည်ရခဲ့ပါတယ်။ သူဟာ လိင်တူချစ်သူများနှင့် ပက်သက်သော မှတ်တမ်းရုပ်ရှင်များလည်း ပြုလုပ်ပါတယ်။

Sridhar Rangayan / ရှရီဒါး ရန်ဂါယမ် - အိန္ဒိယ


ရုပ်ရှင် ဒါရိုက်တာ၊ စာရေးဆရာ၊ အခွင့်အရေးလှုပ်ရှားသူ ရှရီဒါး ရန်ဂါယမ် ဟာ အိန္ဒိယတွင် လိင်တူချစ်သူများ၏ အသံကို လူအများသိအောင် ရုပ်ရှင်များမှ တဆင့် ဖွင့်ပြပေးသူဖြစ်ပါတယ်။ သူ၏ ရုပ်ရှင်အမြောက်အများဟာ ဆုများ ဆွတ်ခူးခဲ့ပါတယ်။

Abbey Lee and Betty Grisoni - ဟောင်ကောင်

အမြဲတတွဲတွဲ အလုပ်အတူလုပ်တဲ့ Abbey Lee နှင့် Betty Grisoni (ဓာတ်ပုံညာဘက်) တို့ဟာ ဟောင်ကောင် အမျိုးသမီးချင်းချစ်သူ လူမှု ကွန်ယက်ကို စတင် တည်ထောင်ခဲ့တဲ့ စုံတွဲဖြစ်ပါတယ်။ Double Happiness ဆိုတဲ့ အဖွဲ့အစည်းမှ တဆင့် လိင်တူချစ်သူများ လက်ထက်ဖို့ အခွင့်အရေးကိုလည်း ဟောင်ကောင်တွင် လှုပ်ရှား တောင်းဆိုသူများဖြစ်ပါတယ်။ ဟောင်ကောင်မှာ အမျိုးသမီးချင်းချစ်သူများနှင့် ပက်သက်လို့ အရေးကိစ္စများတွင် ကိုယ်စားပြုသူတွေ ဖြစ်ပါတယ်။

Candy Darim Yun / ကန်ဒီ ဒါရင် ယွန် - ကိုးရီးယား

ကိုရီးယား ကျားမပြောင်းသူများ အတွက် ဥပဒေမှ ကာကွယ်ပေးရန် အတွက် အခွင့်အရေးများကို လှုပ်ရှားသူဖြစ်ပါသည်။ ကျားမပြောင်းသူများ၏ အခက်အခဲများနှင့် ပြဿနာများကို အသိပညာပေးများကို ပြုလုပ်ခဲ့သည်။

ကန်ဒီ ဒါရင် ယွန်သည် Transgender Patchwork Project ခေါ် စီမံကိန်းမှတဆင့် အင်တာနက်ပေါ်တွင် ကျားမပြောင်းသူများနှင့်ပက်သက်သော အကြောင်းများကို အသိပညာပေးခြင်း၊ မီဒီယာ လမ်းညွှန်ချက်များပြုလုပ်ခြင်း၊ မှတ်တမ်းတင်ခြင်းများကို ပြုလုပ်နေပါသည်။

William Shen / ဝီလီယမ် ရှန် - ထိုင်ဝမ်

၁၉၉၀ ခုနှစ်ကတည်းက ထိုင်ဝမ်ရှိ LGBTI အခွင့်အရေးများအတွက် လှုပ်ရှားနေသူဖြစ်ပါသည်။ သူ၏ကျိုးပမ်းမှုများကြောင့် ထိုင်ဝမ်တွင် HIV ကူးစက်နေသူ ပြည်ဝင်သူများအပေါ် တာမြစ်ထားခြင်းများကို ပယ်ဖျက်ခြင်းများနှင့် HIV ကုသမှုအား ရယူမှုများကို တိုးတက်လာအောင်စွမ်းဆောင်ပေးခဲ့သည်။

Geng Le / ဂန်းလီ - တရုတ် ပြည်သူ့ သမ္မတနိုင်ငံ


တရုတ်နိုင်ငံ၏ လိင်တူချစ်သူများအတွက် dating app နှင့် website တစ်ခု ဖြစ်တဲ့ Danlan & Blued ဟာ အသုံးပြုသူ ၁၅ သန်းရှိပြီး တည်ထောင်သူကတော့ အောင်မြင်တဲ့ စီးပွားရေး စွန့်စားသူ ဂန်းလီဟု အများသိတဲ့ မာဘောင်လီ ဖြစ်ပါတယ်။ အာဏာရှင်တွေရဲ့ အတားအဆီးတွေနှင့် လူမှုရေး အမြင်စောင်းမှုများကို ကျော်လွားပြီး ဤအောင်မြင်မှုကို ရရှိခဲ့ကာ တရုတ်နိုင်ငံတွင် လိင်တူချစ်သူများနှင့်ပက်သက်သော ကုမ္ပဏီတွင် အကြီးဆုံးဖြစ်သည်။

Koyuki Higashi နှင့် Hiroko Masuhara - ဂျပန်


အမျိုးသမီးချင်းချစ်သူ စုံတွဲ ကိုယူကီ ဟီဂါရှီ နှင့် ဟီရိုကို မာဆူဟာရာ တို့ဟာ ဂျပန်မှ Trois Couleurs ဆိုတဲ့ ကုမ္ပဏီကို ဦးဆောင်ပါတယ်။ ၂၀၁၂ ခုနှစ်လက်ထပ်ခဲ့ကြပြီး ဂျပန်တွင် အမျိုးသမီးချင်းချစ်သူ အခွင့်အရေးတွက် လှုပ်ရှားသူများဖြစ်ကြပါတယ်။

Sungjung Park / ဆွန်ဂျွန်း ပက် - ကိုရီးယား

ဆွန်ဂျွန်းပက်ဟာ ကိုရီးယားရဲ့ အကြီးဆုံး လိင်တူချစ်သူများ၏ အင်တာနက်အသိုင်းအဝန်း ဖြစ်သော Ivancity ၀က်ဆိုဒ်၏ အမှုဆောင် ဥက္ကဌဖြစ်ပါတယ်။ ကိုရီးယားမှာ ရှိတဲ့ လိင်တူချစ်သူ ယဉ်ကျေးမှုပွဲတော်များ ကိုဖြစ်မြောက်တောင် ငွေကြေး ကမကထပြုသူလည်း ဖြစ်ပါတယ်။ AIDS တိုက်ဖျက်ဖို့ Red Party လို့ခေါ်တဲ့ ရန်ပုံငွေကောက်ခံပွဲ တစ်ခုကို လည်းပြုလုပ်ခဲ့ပါသေးတယ်။

Aung Myo Min / အောင်မျိုးမင်း - မြန်မာ

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ပညာပေးလုပ်ငန်းများ လုပ်ဆောင်နေတဲ့ Equality Network၏ ဒါရိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနှံ တန်းတူညီမှု အခွင့်အရေးကိုရရှိဖို့ ပထမဆုံးခြေလှမ်းဟာ လူ့အခွင့်အရေး အကြောင်းများကို လူနည်းစု အုပ်စုများကို ပညာပေးခြင်းနှင့် အရင်စတင်ရမည်လို့ ယုံကြည်သူဖြစ်ပါတယ်။ IDAHO (International Day Against Homophobia and Transphobia) ဆိုတဲ့ နိုင်ငံတကာ လိင်တူချစ်သူများ နှင့် ကျားမပြောင်းသူများအား မုန်းတီးမှုပပြောက်ရေးနေ့ များကို မြန်မာနိုင်ငံတွင် စတင်ကျင်းပခဲ့ရာတွင် ဦးဆောင်ပါဝင်ခဲ့ပါတယ်။

Georges Azzi – ဂျော်ဂျက်စ် အာဇီ - လက်ဘနွန်
လက်ဘနွန် နိုင်ငံ၏ အရေးပါသော လိင်တူချစ်သူ အခွင့်အရေးလှုပ်ရှားသူ ဖြစ်ပြီး လက်ဘနွန် LGBTIများ၏ ဥပဒေနှင့် လူမှုရေး အဆင့်အတန်းများ တိုးပွားလာအောင် ပြုလုပ်သော Helem ခေါ် အဖွဲ့အစည်းကို စတင်တည်ထောင်ခဲ့ပြီး Arab Foundation for Freedoms and Equality (လွတ်လပ်မှု နှင့် တန်းတူညီမှုအတွက် အာရပ် ဖောင်းဒေရှင်း) ၏ ဒါရိုက်တာလည်းဖြစ်ပါတယ်။

Asham Parsi - အာရှမ်း ပါစီ - အီရန်

ကနေဒါတွင် တိန်းရှောင်နေရသော အီရန်လူမျိုး အာရှမ်း ပါစီဟာ လိင်တူချစ်သူအခွင့်အရေးများ ကို လှုပ်ရှားသူတစ်ဦးဖြစ်ပြီး Iranian Railroad for Queer Refugees (IRQR)ခေါ် အီရန်လိင်တူချစ်သူ ဒုက္ခသည်များအတွက် အဖွဲ့အစည်းကို တည်ထောင်သူဖြစ်ပါတယ်။
0 comments

Disney ကာတွန်းထဲက သူရဲကောင်းများ တကယ့် အပြင်မှာဆိုရင် ဘယ်လိုပုံ ရှိမလဲ

Disney ကာတွန်းထဲက သရုပ်ကောင်များကို ပုံဆွဲရာမှာ လူသိများတဲ့ သြစတြေးလျမှ ပန်းချီပညရှင် Jirka Väätäinen က ကျွန်တော်တို့ ငယ်ငယ်ကကြည့်ရတဲ့ သရုပ်ကောင်တွေဖြစ်ကြတဲ့ အာလာဒင်တို့  တာဇန်တို့ စသဖြင့်တို့ကို ယခုအခါ ကာတွန်းရုပ်ကနေ တကယ်လူရုပ်နဲ့ ပုံပေါ်အောင်ရေးစွဲခဲ့ပါတယ်။ ကျွန်တော့်အိမ်မက်ထဲက သူရဲကောင်းမင်းသားတွေရဲ့ စွဲမက်စရာ ပုံများကို ရှုစားကြည့်ကြပါဦး။

အာလာဒင်
အိမ်ရှေ့မင်းသား အဒမ်
အိမ်ရှေ့မင်းသား အဲရစ်
ဟာကြူလီ
ဂျွန်စမစ်
အိမ်ရှေ့မင်းသား ဖိလစ်
Prince Charming
တာဇန်


0 comments

ငယ်ပါကြီးအောင် လုပ်ချင်သူများ ဖတ်ဖို့

ဒီခေတ်မှာ (အမှန်တကယ်ကတော့ ခေတ်အဆက်ဆက်မှာပါပဲ) ယောက်ျားတော်တော်များ စိတ်ဝင်စားတာ တခုရှိပါတယ်။ အဲ့ဒါကတော့ သူတို့ရဲ့ညီဘွားကို ကြီးလာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို အမြဲတမ်းပဲ နည်းလမ်းရှာဖွေနေကြတာပါ။ Google က သူတို့ရဲ့ ဆန်းစစ်လေ့လာချက်တစ်ခုမှာ penis ဆိုတဲ့ စာလုံးနဲ့ ပက်သက်လို့ google မှာ ရှာဖွေတဲ့အထဲမှာ အများဆုံးက သူတို့ ညီဖွားကို ဘယ်လိုကြီးအောင် လုပ်ရမလဲဆိုတာတွေတဲ့။


ဒါဆို အင်တာနက်ပေါ်မှာ တကယ်ပဲ နည်းလမ်းကောင်းတွေရှိလား။

ကဲ… အရင်ဆုံး ကြီးစေရမယ်လို့ ကတိပေးနေတဲ့ လိမ်းဆေးတွေ၊ သောက်ဆေးတွေ၊ တိုင်းရင်းဆေးတွေ၊ ကုသမှုတွေ နှင့် ခွဲစိတ်တာတွေက ဘယ်လောက်စွမ်းလဲ စဉ်းစားကြည့်မယ်။


ဘယ်သူ့စီးပွားရေးကိုမှ ရည်ရွယ်ပြီးပြောတာတော့ မဟုတ်ပါဘူးနော်။ ဒါက လူတစ်ဦးချင်းစီရဲ့ စဉ်းစား ဆင်ခြင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ပါ။ ဒါပေမယ့် သိပ္ပံနည်းကျကျပြောရမယ်ဆိုရင်တော့ လူ့ ဇီဝဖွဲ့စည်းပုံအရ ဒီနည်းလမ်းတွေ တစ်ခုမှ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ကိုယ့် အင်္ဂါအရွယ်အစားက သဘာဝ မွေးရာပါ အကြီးဆုံး ရောက်နိုင်တဲ့အဆင့်ထိ ကျော်လွန်ပြီး ကြီးအောင်လုပ်လို့ မရပါဘူးလို့ The New Naked ဆိုတဲ့ စာအုပ်ရေးတဲ့ Weill Cornell Medical College က Dr. Harry Fisch ပြောပါတယ်။

နောက်ပြီးတော့ သူတို့ပြောတဲ့ လိင်တံကို ဆွဲဆန့်တဲ့ စက် (penile extenders and stretchers) တွေကလည်း ကြီးမယ်ဆိုရင် ပျော့နေစဉ် အရွယ်အစားကိုသာ ကြီးအောင်လုပ်နိုင်တာပါ။ တောင့်တင်းလာတဲ့အခါ ဘယ်လောက်မှ ပိုကြီးလာတာ မဟုတ်ပါဘူး။ အဲ့တော့ အချိန်ကုန်ခံ ငွေကုန်ခံပြီး သူတို့ပြောတာတွေ လိုက်မလုပ်ပါနဲ့လို့ ဆရာဝန်ကြီးက ပြောပါတယ်။

အဲ့တော့ တကယ်ကြီးလာအောင်လုပ်လို့ ရတဲ့နည်းကဘာလဲ။


ကောင်းတဲ့နည်းလမ်းတစ်ခုကတော့ အမြင်ပိုင်းမှာ ကြီးလာအောင်လုပ်လို့ ရပါတယ်။ ခန္ဓာကိုယ် အလေးချိန်ချခြင်းဖြင့် စတင်ရမှာပါ။

နောက်တာတော့မဟုတ်ပါဘူး။ ဗိုက်နဲ့ ဆီးစပ်နေရာမှာ အဆီတွေစုနေတော့ အဲ့ဒီဖောင်းနေတာတွေက ကိုယ့်ရဲ့ ငယ်ပါလေးကို ကွင်းကွင်းထင်းထင်း မမြင်စေနိုင်ဘူးပေါ့။ တကယ်လို့ အဆီတွေကျပြီး အဲ့ဒီနေရာတွေက ချပ်နေရင် ကိုယ့်ငယ်ပါ တောင့်တင်းလာတဲ့အခါ ပိုကြီးလာတယ်လို့ ထင်ရမှာပါ။

နောက်တနည်း ကြီးအောင်လုပ်ဖို့က ခြုံ ရှင်းပစ်ဖို့ပါ။ အမွေးတွေက ကိုယ့်အချောင်းနားမှာ လာရှုပ်နေတော့ အမြင်မှာ သိပ်မကြီးတော့ဘူး ထင်ရတာပေါ့။ ဆီးစပ်ကအမွှေးတွေကို ဘယ်လိုထားမယ်ဆိုတာက ယောကျ်ားတွေ တစ်ဦးချင်းစီမှာ ကိုယ့်အကြိုက်နဲ့ကိုယ်ပါ။ ဒါပေမယ့် ငွေကုန်ကြေးကျမယ့် နည်းလမ်းတွေ သုံးမယ့်အစား ကိုယ့်ကိုယ်ပေါ်မှာ ရှိတဲ့ တောကိုရှင်းလိုက်တာကတော့ အန္တရာယ်ကင်းတာပေါ့။

နောက်တစ်နည်းကတော့ ကိုယ့်လိင်တံကို အပြည့်အဝ တင်းတောင့် အောင်လုပ်ဖို့ပါ။


ကိုယ်အကြီးနိုင်ဆုံး အရှည်နဲ့ လုံးပတ် အရွယ်ရောက်တဲ့အခါ အဲ့ဒီထက်ပို မကြီးနိုင်တော့ပါဘူး၊ ဒါပေမဲ့ ယောကျ်ားတော်တော်များများက အဲဒီအဆင့်ကို ရောက်တဲ့အထိ မတောင့်တင်းသေးတာရှိပါတယ် လို့ Dr. Harry Fisch ကဆက်ပြောပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သွေးက ငယ်ပါထဲကို လုံလောက်အောင် မရောက်နိုင်ဘူးဖြစ်နေပါတယ်။ အဲ့တော့ ရှင်းရှင်းလေးပါ - ကိုယ့်ငယ်ပါ ကြီးချင်ရင် ကျန်းမာအောင် နေထိုင်ရပါမယ်။ အထူးသဖြင့် နှလုံးနဲ့ သွေးလည်ပတ်မှု ကောင်းမွန်ဖို့ပါ။ ကိုယ့်ကျန်းမာရေးကောင်းတော့ ကိုယ့်ငယ်ပါလည်း သန်စွမ်းတာပေါ့။

ဒီဟာအတွက်တော့ ဆေးရှိတယ်။

ဥပမာ Viagra တို့ Cialis တို့ကို မှီဝဲရင်တော့ရတယ်။ ဒါပေမဲ့ သူတို့က အရွယ်ကြီးလာ အောင်လုပ်တာတော့မဟုတ်ဘူး။ သွေးစီးဝင်တာကောင်းလုပ်ပြီးတော့ ကြာကြာတောင့်တင်းအောင်ပဲ လုပ်တာပါ။ အဲ့တော့ အပြည့်အဝ မတောင့်တင်းနိုင်လို့ အကြီးဆုံးအရွယ်မရောက်နိုင်ရင် ဒီဆေးတွေရဲ့ အကူအညီယူလို့ရပါတယ်။ ဆရာဝန်နဲ့တော့ အရင်ဆွေးနွေးပေါ့။

သွေးအားကောင်းစေမယ့် အစားအသောက်တွေ စားသုံးတာကတော့ အကောင်းဆုံးပေါ့။

တစ်ခု သတိထားသင့်တာက ကိုယ်အရင်တုန်းကလို မတောင့်တင်းနိုင်တော့ဘူးဆိုရင် တခြား ကျန်းမာရေးနဲ့ ပက်သက်တဲ့ ပြသနာကြီးကြီးတွေရဲ့ အစဦး လက္ခဏာပါပဲ။ ဒီအတိုင်းပစ်မထားပဲ ဆရာဝန်နှင့် ဆေးစစ်မှုတွေ ပြုလုပ်သင့်ပါတယ်။

ကဲ… အဲ့တော့ နည်းလမ်းတွေတော့ ပြောလိုက်ပြီ။ ဒါပေမဲ့ ဒီထက်ပိုကြီးတဲ့ ညီငယ်ကို မရနိုင်တဲ့ ဘာဖြစ်လဲ။ မွေးရာပါ အရွယ်အစားနဲ့ပက်သက်လို့ ဘာမှာ အားငယ်စရမရှိပါဘူး၊ ပြသနာလည်းမရှိဘူး။

တကယ်ပါ၊ ဘာမှပူစရာမရှိဘူး။

အရင်ဆုံးအနေနှင့် လိင်ရုပ်ရှင်တွေထဲက မင်းသားတွေရဲ့ တံဆာအကြီးကြီးတွေကို ကြည့်ပြီး ကိုယ့်ဟာကိုယ်အားမရ ဖြစ်နေလား။ သုတေသနတွေက ပြောတာက ကမ္ဘာပေါ်မှာ ယောက်ျားအင်္ဂါ ပျဉ်းမျှ အရွယ်အစားက ၅.၄လက်မ ပါ။ အဲ့တော့ အကိုတို့ ညီတို့ အရွယ်တွေကလည်း အဲ့ဒီ ၀န်းကျင်ပါပဲ။

(စိတ်ဝင်စားစရာ အချက် - အဲ့ဒီ သုတေသနက ပြောတာမှာ ခြေမ အရွယ်အစားနှင့် လိင်အင်္ဂါအရွယ်အစား ဘာမှ ဆက်စပ်မှုမရှိပါဘူးတဲ့)။

ကိုယ်ရထားတဲ့ ဘယ်အရွယ်အစား အစုံအလင်မဆို ကိုယ့်ချစ်သူကို သုခ အပြည့်အဝ ပေးနိုင်ပါတယ်။ အရွယ်အစားကြီးမှ ပိုကောင်းအောင် စွမ်းဆောင်နိုင်ဆိုတာ မမှန်ပါဘူး။ အရမ်းကြီးနေရင် ချစ်သူကို နာကျင်စေတာပဲ ပိုမှာပါ။ ပြီးတော့ ယောက်ျားချင်းချစ်သူတိုင်းကလဲ စအိုကနေ ထိုးသွင်းဆက်ဆံတဲ့ နည်းလမ်းကို ကြိုက်တာ မဟုတ်ပါ။ တခြားနည်းတွေနှင့်လည်း အချင်းချင်း ကြင်နာလို့ ရပါတယ်။

အဲ့တော့ တကယ်ကို ပျဉ်းမျှထက်ငယ်နေတဲ့ အကိုတွေအတွက်ဆိုရင်ကော်… တချို့တလေကတော့ အရွယ်ငယ်လို့ ရင်မခုန်ဘူးလို့ပြောချင်ပြောမယ် ဒါပေမဲ့ တကယ်ပဲ အရွယ်အစားကို ဘယ်လောက်ဖြစ်ဖြစ် ဂရုမစိုက်တဲ့ ယောကျ်ားတွေလည်း ရှိပါတယ်။ အဓိက ကတော့ ကိုယ်နဲ့ လိုက်ဖက်မဲ့ လက်တွဲဖော်ကိုရှာဖို့ပါ။ မှန်ကန်တဲ့သူနဲ့ လက်တွဲတဲ့အခါ ပျော်ရွင်တဲ့ လိင်မှုဘဝကို ရရှိနိုင်ပါတယ်။ သူနှင့်ဆို စဉ်းစားနိုင်သလောက် အမျိုးမျိုး စမ်းသပ်ပြီး အချင်းချင်း ပျော်အောင်လုပ်လို့ရပါတယ်။ စိတ်ဝင်စားရင် လိင်အရုပ်တွေ ထည့်သုံးတာ ပြီးတော့ နှစ်ဦးစလုံး အဆင်ပြေမယ့် ပုံစံကိုစမ်းသပ်ပြီး အတူတူသွားလာလို့လည်း ရပါတယ်။ နောက်တစ်ခုက ယောက်ျားနှစ်ယောက်ရဲ့ တွယ်တာမှုတွေဟာ လိင်ဆက်ဆံတာတစ်ခုတည်းနဲ့သာ တည်ဆောက်ရတာ မဟုတ်ပါဘူး။

အဲ့တော့ နောက်ဆုံးပြောချင်တာက ကိုယ့် လိင်အင်္ဂါကို တန်ခိုးနှင့် ကြီးလာအောင်လုပ်လို့ မရသလို အဲ့ဒါက ပြဿနာတစ်ခုလည်းမဟုတ်ပါဘူး။

ရအောင်လုပ်ပေးမယ်လို့ ပြောပြောနေတဲ့ နည်းလမ်းတွေကို ကိုယ့်ရဲ့ တွေးတောဆင်ချင်မှု နှင့် ရွေးချယ်မှုအရတော့ လုပ်မယ်ဆိုရင်တော့ ဒါကလူတစ်ဦးချင်းစီရဲ့ ဆုံးဖြတ်ပိုင်ခွင့်ပါ။ ဒါပေမဲ့ ကိုယ့်အတွက် တကယ် ရေရှည် အကျိုးရှိစေမှာကတော့ ကိုယ့် သဘာဝအရွယ်အစားနှင့် ကိုယ့်ကိုကိုယ် ကျေနပ်စွာ လက်ခံပေးဖို့ပါပဲ။ ပြီးတော့ ကိုယ့်ကို အမှန်တကယ်လက်ခံတဲ့ ချစ်သူ လက်တွဲဖော်ကို ရှာဖို့ပါပဲ။

0 comments

လိင်တူချစ်သူများအတွက် HIV အမေးအဖြေများ



၁) HIV ဘယ်လိုကူးလဲ။ 

ဒီမေးခွန်းကတော့ လူတိုင်းမေးတဲ့ မေးခွန်းပေါ့။ အသေးစိတ် ဖြေရမယ်ဆိုလည်း အများကြီးပါပဲ။ အခြေခံပြောရမယ် ဆိုရင်တော့ ကူးစက်နိုင်တဲ့ အဓိက အန္တရာယ်ကြီးတွေက အကာအကွယ်မဲ့ စအိုကနေ လိင်ဆက်ဆံတာ၊ ပိုးရှိသူနှင့် ဆေးထိုးအပ် ဝေမျှသုံးစွဲတာပါ။ ပါးစပ်နှင့် လိင်ဆက်ဆံတာက ကူးဆက်ဖို့ အခြေအနေ အရမ်းနည်းပေမဲ့ ကူးစက်ဖို့ ဖြစ်နိုင်ပါတယ်။ ရောဂါပိုးရှိတဲ့သွေးနှင့် ထိတွေ့ခြင်းကတော့ ပိုးရှိတဲ့သွေးဟာ ခန္ဓာကိုယ်ထဲကို တိုက်ရိုက်ဝင်သွားမှ ကူးနိုင်တာပါ။ အခြားကူးနိုင်နည်းလမ်းတွေဖြစ်တဲ့ ပိုးရှိသော သွေးသွင်းခြင်း နှင့် ကိုယ်အင်္ဂအစိတ်အပိုင်း အစားထိုးခြင်းတို့ကြောင့် ကူးနိုင်တယ် ဆိုပေမဲ့ ဒါတွေက ဆေးရုံတွေမှာ စနစ်တကျ နှင့် သေသေချာချာ စစ်ဆေးမှုတွေ ပြုလုပ်တဲ့ အတွက်ကြောင့် ကူးနိုင်တဲ့ နည်းလမ်းထဲမှာ အနည်းဆုံးဖြစ်သွားပါပြီ။

ဤစာမျက်နှာကိုလည်း ဖတ်ပါ။ - ယောက်ျားချင်းချစ်သူများ နှင့် လိင်ကျန်းမာရေး

၂) Tops ဖြစ်ရင် ပိုးမကူးနိုင်ဘူးဆို?

အမှန်တော့ ယောက်ျားချင်း လိင်ဆက်ဆံရာမှ တစ်ယောက်က top အဖြစ် (ထိုးသွင်းသူ) ကဏ္ဍကို ယူထားရင် ကူးစက်နိုင်ခြေ လျော့နည်းသွားတာတော့ ဟုတ်ပါတယ်။ ၂၀၁၂ ခုနှစ်က ပြုလုပ်ခဲ့ လေ့လာမှုတစ်ခုမှာ topဖြစ်သူတွေအတွက် ကူးစက်နိုင်ခြေက ၈၈ရာခိုင်နှုန်း နည်းပါးတယ်လို့ ပြောပါတယ်။ ဆိုလိုချင်တာက topဖြစ်လည်း ပိုးရှိသူနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံလျှင် ၂၂% ရောဂါကူးနိုင်ခြေရှိတယ် ဆိုတာပါ။

၃) HIV ပိုးရှိရင် AIDS ဖြစ်မှာလား။

မဖြစ်ပါဘူး။ HIV ပိုးကို စောစောသိလို့ ဆေးနှင့် ထိမ်းထားနိုင်ရင် HIVရဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့ ကိုယ်ခံအားစနစ်ကျဆင်းတဲ့ အဆင့် AIDS အဆင့်ကို မရောက်နိုင်ပါဘူး။ မှန်ကန်သော ဆေးကုသမှုခံယူခြင်း၊ ပုံမှန်ဆေးစစ်ခြင်း၊ ကျန်းမာရေးလိုက်စားပြီး ကိုယ်ခံအားစနစ်ကောင်းမွန်အောင် နေထိုင်ပါက AIDSရဲ့ လက္ခဏာတွေ ပေါ်လာမယ့် အဆင့်ကို မရောက်အောင် ကာကွယ်နိုင်ပါတယ်။ HIV positive ဖြစ်တယ်ဆိုတာ HIV ပိုးရှိတာ တစ်ခုတည်းကိုပဲပြောတာပါ။

၄) ကျွန်တော် သေတော့မှာလား။

မသေပါဘူး။ သင့်ဘဝမှာ ဆင်ခြင်ရမယ့် အရာတွေရှိလာတာပေါ့။ အခြား နာတာရှည် အခြေအနေ (ဥပမာ ဆီးချို) လိုပါပဲ ဆေးပုံမှန်မှီဝဲကာ နေထိုင်မှုပုံစုံပြောင်းပြီး နေထိုင်သွားရင် လူတိုင်းလိုပင် သက်စေ့နေထိုင်သွားနိုင်ပါတယ်။ အခြားလူတွေလိုပဲ ကိုယ့်ကျန်းမာရေးကို အသက်ကြီးလာတာနှင့် အမျှ ဂရုစိုက်သွားရပါမယ်။

၅) HIV ဘယ်လို မကူးဘူးလဲ။

HIV ကူးတယ်လို့ထင်တဲ့ အယူအဆမှားတွေကို ပြောကြည့်ရရင် အိမ်သာထိုင်ခုံတို့၊ ရေခွက်စတဲ့ မီးဖိုခန်းအသုံးအဆောင်တွေကို ဝေမျှခြင်းဖြင့် မကူးနိုင်ပါဘူး။ နှုတ်ခမ်းချင်းစုတ်နမ်းခြင်းမှ မကူးနိုင်ပဲ တံတွေးမှာလည်း ပိုးမရှိပါဘူး။ ချွေး နှင့် ဆီးမှာလည်း ပိုးမရှိပါဘူး။ ရေကူးကန်၊ ရေနွေးစိမ်ကန်မှလည်း မကူးပါ။ အကောင်ကိုက်ခြင်း ခြင်ကိုက်ခြင်းမှလည်း မကူးနိုင်ပါ။ HIV ပိုးရှိနိုင်တဲ့ အရည်တွေက သွေး၊ သုတ်ရည်၊ အမျိုးသမီးကိုယ်တွင်းမှ အရည်များ၊ နို့ရည်များသာ ဖြစ်ပါတယ်။ ထိုအရည်တွေအထဲမှာ ပိုးကူးစေလောက်တဲ့ ပိုးအရေအတွက်ရှိတဲ့အခါ ထိုအရည်တွေက ခန္ဓာကိုယ်ရဲ့ အပေါက်အပြဲများ၊ အမှေးပါးများကတဆင့့် သွေးစီးကြောင်းထဲကို တိုက်ရိုက်ထိတွေ့မှသာ ကူးစက်မှု ဖြစ်ပေါ်နိုင်တာပါ။

၆) ဘယ်သူတွေ ပိုးကူးဖို့ ဖြစ်နိုင်ပါသလဲ။

ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ အသက်အရွယ်၊ အသားအရောင်၊ အဆင့်အတန်း၊ လိင်တူချစ်သူ၊ လိင်ကွဲချစ်သူ နှင့် ကျားမ မရွေး မည်သူမဆို ဘေးကင်းတဲ့ လိင်ဆက်ဆံမှုကို မကျင့်သုံးပဲ ပိုးရှိသူနှင့် အကာအကွယ်မဲ့ ဆက်ဆံရင် ပိုးကူးနိုင်ပါတယ်။

၇) ဒါဆို HIVပိုး ကူးမှာကြောက်ရင် လိင်မဆက်ဆံပဲ နေရတော့မှာလား။ 

အဲ့လိုလည်း မဆိုလိုပါဘူး (သင်က မဆက်ဆံချင်တော့ဘူး ဆိုရင်တော့လည်း သဘောပဲပေါ့)။ လိင်ဆက်ဆံမှုမှ ရရှိတဲ့ (orgasm) ပြီးမြောက်မှုဟာ သင့်အတွက် ဆေးတပါးလည်း ဖြစ်ပါတယ်။ လိင်ဆက်ဆံခြင်းမှ ထွက်လာတဲ့ ဟောမုန်းဖြစ်တဲ့ immunoglobulin ဟာ ရောဂါကူးစက်ခြင်းများကို တိုက်ဖျက်ပါတယ်။ လိင်ဆက်ဆံခြင်းကြောင့် ကောင်းမွန်စွာ အိပ်ပျော်ပြီး၊ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှု နှင့် အထီးကျန်မှုတို့မှ ကင်းဝေးစေပါတယ်။ HIV ပိုးရှိတဲ့ ကိုယ့်ရဲ့ လက်တွဲဖော်နှင့် ဆက်လက် သွားလာမယ်ဆိုရင်တောင် မှန်ကန်စွာ ကွန်ဒုံးအသုံးပြုခြင်း၊ ပိုးရှိသူသည် ဆေးကုသမှု ခံယူကာ ပိုးကောင်ရေ မတွေ့နိုင်သည့် အဆင့်ထိအောင် လျှော့ချခြင်းတို့ဖြင့် ဆက်လက်ပေါင်းသင်းသွားလို့ ရပါတယ်။

ဤစာမျက်နှာကိုလည်း ဖတ်ပါ။ - HIV ရှိသူ လက်တွဲဖော် နှင့် အသက်ထက်ဆုံးပါင်းသင်းသွားဖို့ ဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်း

၈) Oral sex ဆိုရင်ကော်။

ပါးစပ်နှင့် လိင်ဆက်ဆံခြင်းက ကူးစက်ဖို့ဆိုတာ ဖြစ်လေ့ဖြစ်ထမရှိပါဘူး။ ဒါပေမယ့် သီအိုရီအရ ကူးနိုင်ခြေရှိပါတယ်။ အထူးသဖြင့် HIV ရှိသူကို သင်ပါးစပ်နှင့် ဆက်ဆံပြီး သင့်ရဲ့ခံတွင်းထဲမှာ သူသုတ်လွှတ်ခဲ့ရင် ကူးစက်နိုင်ပါတယ်။ အကယ်၍ အပြင်ဘက်မှာ သုတ်လွှတ်ရင်တော့ ကူးစက်ဖို့ ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။ ဒါကြောင့် သူ့ကို အပြင်မှာ သုတ်လွှတ်ခိုင်းရင် သင့်အတွက် အန္တရာယ်နည်းပါတယ်။

၉) “Treatment as Prevention” – “ကုသခြင်းဖြင့် ကာကွယ်မှု” ဆိုတာ ဘာပါလဲ။

တစ်ဦးတွင် HIV ပိုးရှိပြီး နောက်တစ်ဦးမှာ HIV ပိုးမရှိတဲ့ စုံတွေနဲ့ ပြုလုပ်ခဲ့တဲ့ သုတေသန အကြီးစားနှစ်ခုလောက်မှ ရလာဒ်များရဲ့ ညွန်ပြချက်အရ ပိုးရှိသူက ဆေးကုသမှုခံယူနေပြီး သူရဲ့ ပိုးကောင်ရေ အရေအတွက် “viral load” ကို မရှိသလောက်လျှော့ချထားတဲ့ အချိန်မှာ ကွန်ဒုံးမသုံးပဲ လိင်ဆက်ဆံတာတောင်မှ ၄ ရာခိုင်နှုန်းသာ ကူးနိုင်ခြေ ရှိပါတယ်။ HIV positive (ပိုးရှိသူ) တစ်ယောက်ဟာ သူ HIV positive ဖြစ်တယ်ဆိုတာကို ပြောပြတာဟာ သူများတွေကို ကူးစက်မှာကို စိုးရိမ်စိတ် စေတနာနှင့် ပြောပြတာပါ။ အကယ်၍ ပိုးရှိသူက ကျန်းမာစွာနေထိုင်ပြီး သူရဲ့ပိုးကောင်ရေကို မရှိသလောက် ထိန်းထားမယ်ဆိုလျှင် ပိုးမရှိတဲ့ သင့်ရဲ့လက်တွဲဖော်နှင့် ဆေးမကုပဲ ကွန်ဒုံးနှင့် လိင်ဆက်ဆံတာထက် အများကြီး ပို၍ အန္တရာယ်ကင်းပါတယ်။ ဒါကြောင့် ဆေးကုသခြင်းဖြင့် ကူးစက်ခြင်းကို ကာကွယ်မှု ပြုလုပ်တာလို့ ခေါ်တာပါ။

၁၀) PrEP ဆိုတာဘာလဲ။

PrEP (Pre-Exposure Prophylaxis) ဆိုတာ Truvada လို့ခေါ်တဲ့ တံဆိပ်ကထုတ်တဲ့ ပေါင်းသောက်ရတဲ့ ဆေးနှစ်မျိုးပါ။ ဒီဆေးတွေကို ရောဂါပိုးကူးစက်ဖို့ အန္တရာယ်များတဲ့ အခြေအနေနှင့် ထိတွေ့နေရတဲ့ သူတွေအတွက် အသုံးပြုတဲ့ ကာကွယ်နည်းတစ်မျိုးပါ (ဥပမာ လိင်လုပ်သားများ၊ တစ်ဦးတွင် ပိုးရှိပြီး နောက်တစ်ဦးတွင် ပိုးမရှိသော စုံတွဲများ)။ ဒီဆေးတွေကို နေ့စဉ် ပှံမှန်နှင့် မထိတွေ့ခင် ကြိုတင်သောက်သုံးရင် အလွန်ထိရောက်ပါတယ်တဲ့။ ဒီဆေးတွေက ပိုးခန္ဓာကိုယ်ထဲ ၀င်ရောက်လာရင် အခြေမချနိုင်အောင် တားထားတဲ့ ပုံစံမျိုးနှင့် အလုပ်လုပ်တာပါ။ ဘေးထွက်ဆိုးကျိုးတွေတော့ရှိနိုင်ပါတယ်။ ဆရာဝန်တွေက ဒီကာကွယ်နည်းသုံးမယ်ဆိုရင်တောင်မှ ပိုမို လုံခြုံမှုရရှိအောင် ကွန်ဒုံးကိုလည်း သုံးဖို့တိုက်တွန်းကြပါတယ်။

ကျန်းမာပျော်ရွင် ကြပါစေ။ 
0 comments

LGBT အားကစားသမားတွေ ပြောတဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်

ကျွန်တော်တို့ ယောက်ျားချင်းချစ်သူများထဲက အလှကြိုက်သူတွေဟာ လူတွေပြောကြတဲ့ လှပတယ်ဆိုတဲ့ ခန္ဓာကိုယ်မျိုးကို ရရှိဖို့ကို တမ်းတကြပါတယ်။ အတော်အများဟာ gym အားကစားရုံတွေမှာ အချိန်တွေ သုံးပြီးတော့ လေ့ကျင့်ခန်းတွေလုပ်ကာ တောင့်တင်းလှပတဲ့ ခန္ဓာကိုယ်ကို ရရှိအောင် ကြိုးပမ်းကြပါတယ်။

မီဒီယာတွေမှာ အများဆုံး ဖော်ပြလေ့ရှိတဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ် (perfect body) ဆိုတဲ့ ပုံစံက လူဖြူယောက်ျားတွေရဲ့ အားကစားလုပ်ထားတဲ့ ရင်အုံဖြိုးမောက်ကာ လက်မောင်းတုတ်ခိုင်ပြီး ဗိုက်သားအဖုအထစ်များနှင့် တင်ပါးများ ပြည့်တင်းနေသော ခန္ဓာကို ဖော်ပြလေ့ရှိပါတယ်။ 
 
ဒါပေမဲ့ ကျွန်တော်တို့ လူတွေဟာ တစ်ဦးနှင့် တစ်ဦး မတူကြပါဘူး။ မျိုးရိုးဗီဇကွာသလို ခန္ဓာကိုယ်ဖွဲ့စည်းပုံ နှင့် ဇီဝဖြစ်ပျက်မှုတွေ လဲကွာခြားကြပါတယ်။ ဒါပေမဲ့ မီဒီယာတွေက ပုံသေဆွဲပြီး ဖော်ပြတာကြောင့် ကျွန်တော်တို့ လှတယ်ဆိုတဲ့ အမြင်ဟာ ဒီလိုဖြစ်မှပဲ လှတယ်လို့ မြင်လာပြီး အဲ့လိုပုံ မရရှိပါက မိမိကိုယ်မိမိ ယုံကြည်မှုကို သံသယရှိလာနိုင်ပါတယ်။

ဒါပေမဲ့ လှပတဲ့ ခန္ဓာကိုယ်ဆိုတာကို မြင်တဲ့ အမြင်တွေကို မတူကွဲပြားကြပါတယ်။

Buzzfeed ကပြုလုပ်တဲ့ ဒီဗီဒီယိုလေးက LGBT အားကစားသမားတွေကို ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ဟာ ဘယ်လိုပုံစံလို့ ထင်ပါသလဲဆိုပြီး မေးထားပါတယ်။ ဗီဒီယိုထဲက သူတို့ ဖြေထားတာကို ဘာသာပြန်ပြီး ဒီ ဘလော့မှာ ဖော်ပြလိုက်ပါတယ် ခင်ဗျာ။




“ဒီဟာက ခက်ခဲတဲ့ မေးခွန်းတစ်ခုပါပဲ။ အထူးသဖြင့် အားကစားပိုင်းမှာပေါ့”

Pat Manuel - လက်ဝေ့ကစားသမား

"ကျွန်တော့် အနေနှင့် ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ် ဆိုတာကို ကြားရင် ကျွန်တော့် ခေါင်းထဲဝင်လာတာက ဖိနှိပ်မှုရှိတယ်ဆိုတဲ့ အတွေးတစ်ခုပဲ။ ကျွန်တော်တို့ လူအသိုင်းအဝန်းမှာ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ဆိုတာနှင့် ပက်သတ်တဲ့ စံနှုန်းတွေ သတ်မှတ်ထားတာရှိပြီး အဲ့ဒါတွေက အရမ်း သေးသိမ်ပါတယ်။"

"ကိုယ့်ရဲ့ ကျားမဖြစ်ပုံနှင့် စိတ်မချမ်းမြေ့ရုံတင်မက လူမဲယောကျ်ားတစ်ဦးအဖြစ် ခန္ဓာကိုယ်ဆိုင်ရာ အခက်အခဲတွေနဲ့ပက်သက်ပြီး ရုန်းကန်နေရတဲ့ လူတစ်ယောက်အနေနှင့်ပေါ့… ဘယ်လိုပြောမလဲ… ငယ်ငယ်တုန်းကဆို ရေးကူးသမားတစ်ယောက်ရဲ့ ခန္ဓာကိုယ်လိုမျိုး အရပ်ရှည်ပြီး ကျစ်လစ်တဲ့ ခန္ဓာမျိုးကို လိုချင်ခဲ့မိတာ… ဒါပေမဲ့ အဲ့ဒါက ကျွန်တော့် ခန္ဓာကိုယ် အမျိုးအစားမဟုတ်ဘူး။ "

"အထူးသဖြင့် အားကစားနည်းပြ တစ်ဦးအနေနှင့် (ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ဆိုတဲအရာက) အလွန်မွန်းကျပ်စေပါတယ်။"

Robbie Rogers - ဘောလုံးသမား

"ကျွန်တော် စပြီးတွေးမိတာက ကျွန်တော်အားကစားလုပ်တဲ့ အချိန် အသင့်ဆုံး ကိုယ်အလေးချိန်၊ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အဆီ၊ ကြွက်သား သိပ်သည်းမှုတွေ စသဖြင့်ပေါ့။"

"အဲ့တော့ ကျွန်တော်ကတော့ လူအတော်များ တွေးခေါ်ပုံနှင့် မတူတဲ့ အမြင်ရှိတာပေါ့။
လူတွေအတော်အများက ဗိုက်က အဖု၆လုံး (6 packs) နဲ့တို့ ဘာတို့ဘာတို့ပေါ့။ ကျွန်တော်ကတော့ အားကစားအတွက် လိုအပ်တဲ့ ၈ မိုင် ၉ မိုင်လောက်ကို ပြေးနိုင်နေသရွေ့တော့ ကိုယ့်ကိုယ်ကို ရေကူးဝတ်စုံဝတ်လိုက်လို့ ဘယ်လိုမျိုးပုံစံ ပေါ်လဲဆိုတာကို သိပ်ဂရုမစိုက်ဘူး။"

"အားကစား မလုပ်တဲ့ ရာသီမှာဆိုရင် ကျွန်တော့်အတွက် ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ဆိုတာ မနာကျင်တဲ့ ခန္ဓာကိုယ်။ သက်တောင့်သက်သာရှိပြီး အနားယူနေတဲ့ ခန္ဓာကိုယ်ပါ။ ဒါပေမဲ့ ကျွန်တော် လျှောက်လည်ထားသမျှကြောင့် ဖြစ်နေတဲ့ နေလှုံထားတဲ့အရောင် (ကြေးနီရောင်)လေးလဲ ပါမှာပေါ့။" 

Julie Shaw - ဘက်စကတ်ဘော နည်းပြ

"ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ဆိုတာ သင် ကိုယ့်ကိုကိုယ် သက်တောင့်သက်သာ ရှိတဲ့ ခန္ဓာပါ။ နောက်ထပ်ဖြည့်ချင်တာက ကျန်းမာတာ။ သင့်အတွက် ကျန်းမာတဲ့ ခန္ဓာကိုယ် ပေါ့။"

"ပြီးပြည့်စုံတယ်ဆိုတာ ကျွန်မ အမြင်မှာတော့ အချိန်နှင့်အချိန် မရနိုင်ပါဘူး။ အထူးသဖြင့် သင်ရဲ့ ကျန်းမာရေး နှင့် ခန္ဓာ အကြောင်းကို ပြောမယ်ဆိုရင် ပြီးတော့ အမျိုးသမီးနှင့် အားကစားနှင့်ပက်သက်ပြီး လုပ်ရမယ်ဆိုရင် အဲ့လို (ပြီးပြည့်စုံတယ်ဆိုတာကို) ပြောတာက ဖိစီးမှုတွေ အများကြီး ဖြစ်နိုင်ပါတယ်။" 

"ဘာလို့လဲဆိုတော့ ကျွန်မအမြင်က ကျွန်မတို့အားလုံးက ကိုယ့်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရပါမယ် ပြီးတော့ ကိုယ့်အတွက် ဘာက ကောင်းတယ်၊ ဘာက ကျန်းမာစေတယ်ဆိုကို သိရပါမယ်။ ကျန်းမာရမယ် ဆိုတဲ့အပိုင်းက အရမ်းရမ်းကို အရေးကြီးတယ်လို့ ထင်ပါတယ်။" 

Lypheng Kim – USC Dragon Boat

"ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ဆိုတာ လူမျိုးစွဲကြီးနဲ့ လာတာလည်း ပါပါတယ်။ ဘာလို့ ကမ္ဘာကြီးက လူဖြူတွေရဲ့ ပြီးပြည့်စုံတဲ့ ရုပ်သွင်ကို မြတ်နိုးကိုးကွယ်နေရတာလဲပေါ့။"

"ကျွန်တော့် တဘဝလုံး ပိန်ပြီးတော့ပဲ ကြီးပြင်းလာခဲ့တယ်။ တကယ့်စိတ်ထဲမှာတော့ အဲ့လောက် မပိန်ရင်ကောင်းမှာပဲလို့ ဆုတောင်းခဲ့မိတယ်။ အဲ့လောက်မြန်တဲ့ ဇီဝတွင်းဖြစ်ပျက်မှု (metabolism) မရှိရင်ကောင်းမှာပဲပေါ့။ "

"ဒါပေါ့… ကျွန်တော်ကိုယ့်ကိုယ်ကို ကျွန်တော့် ခန္ဓာ၊ ပြီးတော့ ကျွန်တော့် ဘယ်သူလဲဆိုတာနှင့် ပက်သက်လို့ အကောင်းဆုံးလို့ မထင်ခဲ့တဲ့ အချိန်တွေလည်းရှိခဲတာပေါ့။ ဒါပေမဲ့ ကျွန်တော်ကိုယ့်ကိုယ်ကို ဒီဟာက ကျွန်တော်ရရှိထားတဲ့ အရာတွေပဲဆိုတာကို လက်ခံပေးရဖို့ပါ။ အဲဒီတော့ ကျွန်တော်အနေနှင့် ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ဆိုတာက ကျွန်တော့် အရှိ အရှိအတိုင်းပါ။ ကျွန်တော်ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်ပြီး ဒီလိုပုံစံကိုပဲ မြတ်နိုးမယ် ဆိုတဲ့ပုံစံမျိုးပဲ ဖြစ်သင့်တာပါ
0 comments

သင့်တင်ပါးနှင့် ပက်သက်ပြီး သိထားရမယ့် အချက်တွေ

ကျွန်တော်တို့ ဂေးယောက်ျားများအဖို့ တင်ပါးက ခန္ဓာကိုယ်ရဲ့ အကြိုက်ဆုံး အပိုင်းထဲကတစ်ခုလို့ဆိုရင် မမှားနိုင်ပါဘူးနော်။ ဘာ့ကြောင့် လဲဆိုတာတော့ အထူးရှင်းပြစရာတော့ မလိုတော့ဘူးပေါ့။

ဒီတော့ ကိုယ့်ခန္ဓာရဲ့ အကြိုက်ဆုံး အပိုင်းလေးရဲ့ အကြောင်းကို ကောင်းကောင်းသိထားတော့ ကိုယ့်ကျန်းမာရေးအတွက် မလိုလားအပ်တဲ့အဖြစ်တွေကို ရှောင်ရှားလို့ရပြီး ကျန်းမာပျော်ရွင်တဲ့ တင်ပါးလေး ရတာပေါ့။


အဲတော့ တင်ပါးကြိုက်တဲ့ အမောင်တို့အားလုံး ဂရုပြုရမယ့် အချက်တွေကို မှတ်သားထားပါလော့။ ဟုတ်တယ်… ဟို top only ဆိုတဲ့ အကိုတော်တွေ - ခင်ဗျားတို့ကို ရည်ရွယ်ပြီး ပြောနေတာ။ အသေအချာ ဖတ်ပါ။


ကျွန်တော်တို့ ယောက်ျားချင်းချစ်သူတွေအဖို့ စအိုနှင့် လိင်ဆက်ဆံခြင်းဟာ မှန်ကန်စွာပြုလုပ်လျှင် နှစ်လို့ဖွယ်ရာ ခံစားမှုတွေ ပေးနိုင်ပါတယ်။ အဲ့လိုကောင်းမွန်တဲ့ အတွေ့အကြုံတွေရရှိဖို့ ကိုယ့်ရဲ့တင်ပါးက ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို သိထားဖို့တော့ လိုပါမယ်။

သင့် စအိုဝမှာရှိတဲ့ (sphincter) ရှုံ့ဆန့် ကြွက်သားတွေဟာ ခန္ဓာကိုယ်ထဲက အရာတွေရဲ့ အထွက်ကို ထိန်းချုပ်ပါတယ်။ ပြီးတော့ ခန္ဓာကိုယ်ထဲအဝင်လည်း ပါတာပေါ့။ ဒီရှုံ့ဆန့် ကြွက်သားတွေဟာ အာရုံကြောတွေ အများကြီးရှိပြီး သူတို့ဟာ သာယာမှုနှင့်နာကျင်မှု နှစ်မျိုးစလုံးရဲ့ အရင်းမြစ် ဖြစ်ပါတယ်။

လိင်ဆက်ဆံရာမှာ စတင်ထိုးသွင်းတဲ့အချိန် နာကျင်တယ်ဆိုတာ ရှုံ့ဆန့် ကြွက်သားတွေအပေါ် ပွတ်တိုက်မှုနှင့် နှိပ်ဖိမှုတို့ကြောင့် ဖြစ်ပါတယ်။ အကယ်၍ မိမိ ကြွက်သားတွေကို တင်းမထားပဲ ဘယ်လို လျှော့ချရမယ်ဆိုတာကို သိနိုင်ရင် လွယ်ကူတဲ့ ခံစားမှု ဖြစ်လာမှာပါ။ သင့်ဦးနှောက်က ခန္ဓကိုယ်ထဲကို ပြင်ပအရာတစ်ခုဝင်လာတဲ့အခါ ကြွက်သားတွေကို ကျုံ့ပြီး ငြင်းပယ်တယ်ဆိုတာက သဘာဝပါ။ ဒါကို တဖြည်းဖြည်းနှင့် အလိုက်သင့်ဖြစ်အောင် အလေ့အကျင့်ရယူပြီး သင့်ဦးနှောက်ကို ဝင်လာတာဟာ လက်ခံလို့ရတယ်လို့ ပြောနိုင်ရင် တင်းကြပ်မှုတွေ တဖြည်းဖြည်း လျော့ကျသွားမှာပါ။

အဲ့လိုမျိုးရနိုင်ဖို့ ဒီနေရာမှာ စိတ်ရှည်သီးခံမှုက အလွန်အရေးကြီးတဲ့ အရာပါ။ အထူးသဖြင့် ပထမဦးဆုံး အကြိမ်ဆိုရင် တစ်ဦးနဲ့တစ်ဦး နားလည်မှု တည်ဆောက်ပြီး စိတ်ရှည်စွာ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲကို စဝင်လာတဲ့ အရာနဲ့ ၄င်းက ပေးတဲ့ ဖိအားကို အသားကျအောင် ပထမခံစားကြည့်ရပါမယ်။ နာနေသေးရင် ရှေ့ဆက်မတိုးပဲ အဲ့နားမှာ ခဏစောင့်ပြီး ကြွက်သားတွေ သက်တောင့်သက်သာဖြစ်အောင် လေ့ကျင့်ယူရပါမယ်။ အဲ့လိုနဲ့ တဖြေးဖြေး ရှေ့ဆက်တိုးနိုင်ပါတယ်။ ဒီအချိန်မှာ ကြမ်းတမ်းစွာ ဖိမယ်၊ ပွတ်မယ်၊ အတင်းထိုးသွင်းမယ် ဆိုရင် နာကျင်မှုပဲ ဖြစ်ပါလိမ့်မယ်။ စိတ်ရှည်ရှည်နဲ့ စအိုကြွက်သားတွေက သက်တောင့်သက်သာရှိရှိ လက်ခံလာနိုင်ပြီဆိုမှသာ လှုပ်ရှားသင့်ပါတယ်။ အဲ့ဒါမှ လိင်ဆက်ဆံမှုကနေ နာကျင်မှု မဖြစ်ပေါ်ပဲ နှစ်လို့ဖွယ်ရာ ခံစားမှုကို ရနိုင်ပါမယ်။ တစ်ဦးက သက်သောင့်သက်သာ မဖြစ်သေးသရွေ့ အတင်းအကြပ် ရှေ့ဆက်တိုးရင် နှစ်ဦးနှစ်ဖက်လုံးအတွက် ကောင်းမွန်တဲ့ အတွေ့အကြုံကို မရနိုင်ပါဘူး။ နာကြင်မှုပဲ ဖြစ်လာမှာပါ။

အထူးသဖြင့် ပထမအကြိမ်မှာ မအောင်မြင်ဘူးဆိုရင် ခဏရပ်နားပြီး နောက်တစ်ကြိမ် ပြန်ကျိုးစားပြီး တဖြည်းဖြည်း လေ့ကျင့်ယူနိုင်ပါတယ်။ အတွေ့အကြုံရှိပြီးသားသူတွေတောင်မှ ထိုးသွင်းသူဟာ ကိုယ်အသားကျပြီးသားသူ မဟုတ်ပဲ အရွယ်အစားပိုကြီးပြီး ပုံသဏ္ဍာန်မတူတော့ရင် ပြန်ကျင့်သားရယူဖို့ အချိန်အနည်းငယ်တော့ ပေးရပါမယ်။

အဲ့လိုမှ မဟုတ်ပဲ၊ စိတ်မရှည်ပဲ အတင်းအကြပ် ထိုးသွင်းမယ်ဆိုရင် ကြွက်သားတွေ ကွဲပြဲတာတွေ ဖြစ်နိုင်ပါတယ်။ အဲ့ဒီအနာတွေဖြစ်ပြီး သွေးထွက်ရာကနေ ရောဂါပိုးတွေဟာ အလွယ်တကူ ဝင်လာနိုင်ပါတယ်။ အထူးသဖြင့် အဲ့ဒီအနာဖြစ်သွေးထွက်ခဲ့ရင် HIV ပိုးတွေ လွယ်လွယ်လေးဝင်နိုင်လို့ အန္တရာယ်အရမ်းများပါတယ်။

အဲ့တော့ အတင်းအကြပ်လုပ်မယ့် သူဆိုရင်တော့ သင့်ကို မထိုက်တန်တဲ့သူဖြစ်တဲ့အတွက် သူ့ကို taxi ငှားပေးပြီး အိမ်ပြန်ခိုင်းလိုက်ပါတော့။


နောက်တစ်ခု အရေးကြီးဆုံးက စအိုဆိုတာ သဘာဝအလျောက် ချောမွေ့စေတဲ့ အဆီတွေ မထွက်ပါဘူး။ ဒါကြောင့် လိင်ဆက်ဆံတဲ့အခါ ပွတ်တိုက်မှုတွေ လျှော့ချဖို့ ချောဆီ (lube) လုံလုံလောက်လောက် သုံးကိုသုံးဖို့ အရေးကြီးပါတယ်။ တံတွေးနဲ့ဆိုတာ မလုံလောက်ပါဘူး။ အထူးသဖြင့် ကွန်ဒုံးနဲ့ တံတွေးပွတ်တိုက်မှုကြောင့် ကွန်ဒုံးပေါက်ပြဲနိုင်ပါတယ်။ ကွန်ဒုံးနဲ့ ဆီလျော်တဲ့ ချောဆီကို အသုံးပြုရပါမယ်။

အဲ့တော့ လိင်ရုပ်ရှင်ထဲက မင်းသားတွေကိုကြည့်ရတာ သူတို့အတွက် အလွယ်တကူဆိုပေမဲ့ သင်အဲ့ဒီလို လိုက်လုပ်နိုင်ရမယ်လို့ မဆိုလိုပါ။ လူတစ်ဦးနှင့်တစ်ဦး မတူသလို သူတို့ဟာ သရုပ်ဆောင်တွေပါ။ အဲ့ဒီ ရုပ်ရှင်မရိုက်ခင်မှာ သူတို့ ဘယ်နှနာရီလောက် လေ့ကျင့်ခဲ့ရတယ်ဆိုတာ သင်သိမှာ မဟုတ်ပါဘူး။

အဓိကကတော့ သင့်ရဲ့  ရှုံ့ဆန့် ကြွက်သား(sphincter)တွေကို အလေးထားပါ။

နာကျင်တယ်ဆိုတာ ခန္ဓာကိုယ်က တစ်ခုခုမှားနေပြီဆိုတာကို အချက်ပြနေတာ ဖြစ်ပါတယ်။ စအိုနှင့် လိင်ဆက်ဆံတဲ့ အစပိုင်းမှာ ဘယ်လိုလျှော့ထားရမလဲဆိုတာကို အလေ့အကျင့် မဖြစ်သေးခင်မှာ နာနိုင်ပေမဲ့၊ အဲ့ဒီအနာ ပျောက်မသွားဘူးဆိုရင် လစ်လျူရှုထားလို့ မရပါဘူး။ သင်ချစ်ရတဲ့ ကိုကိုက ဆက်လုပ်ချင်တယ်လို့ ဘယ်လောက်ပြောပြော နာကျင်နေတာကို ဂရုမစိုက်လို့ မရပါဘူး။ ချစ်သူက တစ်ရက်ရက် ထားခဲ့ရင်ထားခဲ့မယ် သင့်တင်ပါးက သင်နဲ့ တစ်သက်လုံး စခန်းသွားမယ့် ငယ်ချင်းဆွေပါ။ သူ အနာတရ ဖြစ်သွားရင် သင် ဒုက္ခများပါလိမ့်မယ်။

နောက်ဆုံးတစ်ခုက ဆော့ကစားရင်းနဲ့ အထဲကို အရုပ်တွေဝင်သွားရင် ဆေးရုံကိုသာ အမြန်ပြေးပါတော့။ (မထင်နဲ့နော် အခုခေတ် အချို့ဂေးကောင်လေးတွေ လက်ကမြင်းပုံများ ဖြစ်တတ်တယ် ဟိဟိ)။ ကိုယ့်ဟာကိုယ် ကြိတ်မှိတ်ထုတ်လို့ ဒါဏ်ရာရပြီး တစ်သက်လုံး နောင်တရမယ့်အစား ဆရာဝန်ဆီကို အရှက်တကွဲ အကြိုးနည်းခံပြီး ပြေးလိုက်တာက ပိုတန်ပါတယ်။ ဖြစ်နိုင်ရင် ဆရာဝန်ကို အိမ်ခေါ်လိုက်ပေါ့။


Bottom တိုင်းက bottom ဖြစ်ဖို့ မရည်ရွယ်ပါဘူး။

လူတစ်ယောက်နှင့် တစ်ယောက်မတူနိုင်ပါဘူးလို့ ပြောရင် ခန္ဓာအတွင်းပိုင်း တည်ဆောက်မှုတွေ မတူဘူးဆိုတာလည်း ပါပါတယ်။ လူတစ်ယောက်နှင့်တစ်ယောက်စီမှာ ရှုံ့ဆန့် ကြွက်သားတွေရဲ့ ကျန်းခံ့သန်စွမ်းမှုတွေ မတူပါဘူး။ ကျွန်တော်တို့ထဲက တစ်ယောက်တစ်လေဟာ ဘယ်လောက်ပဲ စိတ်အားထက်သန်ပစေ သေးငယ်တဲ့ အရာလေးတွေကအစ သက်တောင့်သက်သာနဲ့ ဆန့်ဝင်ဖို့ လက်ခံလို့ မရနိုင်တာရှိပါတယ်။ ထိုးသွင်းတဲ့အခါ အဆက်မပြတ်နာတာမျိုးရှိနေပြီးတော့ အဲ့ဒါတွေက အာရုံကြောကြောင့်မဟုတ်ပဲ ကြွက်သားကြောင့်ဖြစ်နေရင် သင် bottom (လက်ခံသူ) ဘဝကနေ ပင်ဆင်ယူဖို့ စဉ်းစားသင့်ပါပြီ။

ရှုံ့ဆန့် ကြွက်သားတွေကို စမ်းသပ်ကြည့်ချင်တယ်ဆိုရင် လိင်တံရုပ်သေးသေးတစ်ခု ထည့်ပြီး စမ်းကြည့်ပြီးမှ တဖြည်းဖြည်း အရွယ်အစား ထပ်ကြီးထည့်ကြည့်ပါ။ အားကစားလုပ် သလိုပါပဲ။ ၂၅ ပေါင်အလေးတုံးကို မ မခင် ၁၀ ပေါင်အလေးတုံးနှင့် စပြီး မသလိုပေါ့။ ထပ်ပြီးမသေချာသေးရင်တော့ သင်ရဲ့ အချစ်လှိုင်ခေါင်းကို ပျက်ဆီးအောင် တစ်ခုခုမလုပ်မိခင်မှာ နားလည်ပေးနိုင်မယ့် ဆရာဝန်နဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပါ။

တစ်ခုထပ်မှာချင်တာက တကယ်လို့ အလေ့အကျင့်ရအောင် လက်ချောင်းလေးတွေထည့်ပြီး ပြင်ဆင်မယ်ဆိုရင် ထည့်မယ့်လက်ချောင်းတွေ လက်သည်းညှပ်ထားဖို့လိုပါမယ်။ ကိုယ်ကိုယ်တိုင်ပဲထည့်ထည့် ချစ်သူကပဲ သူမထိုးသွင်းခင်ပဲ လက်နဲ့ ပြင်ဆင်ပေးတာမျိုးလုပ်လုပ် လက်သည်းတွေဟာ နူးညံ့တဲ့ စအိုအတွင်းသားတွေကို ပေါက်ပြဲစေနိုင်တာမို့ ရောဂါများဝင်လာနိုင်ရန် အန္တရာယ်ရှိပါတယ်။ ဖြစ်နိုင်ရင် လက်မှာ ကွန်ဒုံးစွတ်ပါက အကောင်းဆုံးပါ။ နာကျင်မှု မရှိစေဖို့ ချောဆီသုံးရန်လည်း တိုက်တွန်းပါတယ်။

အမျှင် (fibre) က သင့်ရဲ့ အချစ်ဆုံး သူငယ်ချင်းပါ။

အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေတဲ့ Fibre က ဝမ်းမမှန်တော့တဲ့ အသက်ကြီး ပုဂ္ဂိုလ်တွေနှင့်ပဲ ဆိုင်တာမဟုတ်ပါဘူး။ Fibre ရဲ့အကျိုးကျေးဇူးက အူလမ်းကြောင်း ကင်ဆာကို ကာကွယ်ပေးတာ တစ်ခုတည်းတင် မဟုတ်ပါဘူး။ Fibre က စအိုထဲမှာ ရောဂါကူးစေမယ့် အကြွင်းအကျန်တွေ နှင့် အခြား အညစ်အကြေးတွေကို ရှင်းလင်းပေးပါတယ်။ အမြဲတမ်း အဆင်သင့်ဖြစ်နေချင်တဲ့ bottomတွေအတွက် Fibre ရဲ့ ဝမ်းမှန်စေတဲ့ ကောင်းကျိုးတွေကိုတော့ အထူးပြောစရာ မလိုတော့ဘူးပေါ့။ သင့်ရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းက ကျန်းမာနေသရွေ့ သင်အတွက် တင်ပါးနဲ့ လိင်ဆက်ဆံမှုကို ကောင်းမွန်မှာပါ။ ဝမ်းမကောင်းနဲ့နေ့ ဝမ်းအခြေအနေ မသာယာတဲ့နေ့တွေမှာ နှစ်ယောက်လုံး စိတ်ပျက်စရာတွေ မဖြစ်အောင် ကိုကိုနဲ့ အချစ်လှိုင်ခေါင်းထဲ နှစ်ပါးသွားတာ ရှောင်သင့်ပါတယ်။ အဓိကကတော့ သင့်အနေနဲ့ ပျော်ရွင်ကျန်းမာတဲ့ ဘော်တွမ် ကောင်းကောင်းဖြစ်ချင်ရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် အသီးအနှံကို စားသုံးပြီး သင့်တင်ပါးလေးကို အကောင်းမွန်အောင် ထိမ်းသိမ်းပေးဖို့ပါပဲ။ အဲ့ဒါမှသာ မျက်နှာပျက်စရာ ကိစ္စတွေ နဲနိုင်သမျှနဲအောင် ပြုလုပ်နိုင်မှာပါ။

ဒါနဲ့ စကားမစပ် အားကစားရုံမှာ မတော်မတရား အလေးတုံးတွေနဲ့ ထ၊ထိုင်လုပ်ပြီး လိပ်ခေါင်းထွက်ကုန်တဲ့ ကိုကိုတွေအတွက်လည်း Fibre က လိပ်ခေါင်းကို သက်သာစေပါတယ်နော် ဟိဟိ။

အသီးအရွက်တွေ နှင့် သစ်သီးတွေမှာ Fibre ကောင်းကောင်း ပါ ပါတယ်။ ဂျုံကြမ်း ဆန်ကြမ်းတွေနှင့် အစေ့အစံတွေကို စားပေးပါကလည်း ပိုကောင်းပါတယ်။

စအိုကင်ဆာက ကျွန်တော်တို့ ဂေးယောက်ျားတွေအတွက် ရန်သူကြီးပါ။

ဂေးယောက်ျားတွေမှာ စအိုကင်ဆာဖြစ်ဖို့ အန္တရာယ်များပါတယ်။ အကယ်၍ HIV ပိုးရှိခဲ့ရင် အဆ ၁၀၀ ပို အန္တရာယ်များပါတယ်။ စအိုမှာ တစ်ခါတစ်ရံ ယားယံတာ၊ အဖုပေါက်တာ၊ အောင့်နာတာတွေ နှင့် သွေးအနည်းငယ်ပါတာက သိပ်စိုးရိမ်စရာ မရှိပဲ ဆေးလိမ်းဆေးသောက်လိုက်လို့ ပျောက်သွားရင် ပျေက်သွားပါမယ်။ ဒါပေမဲ့ မသက်သာပဲ ဆက်ကြာရှည်နေရင်တော့ ဆေးစစ်သင့်ပါပြီ။ ကင်ဆာဆိုတာ တစ်ခါတည်း အကြီးကြီးကစဖြစ်တာမျိုး မဟုတ်ပါဘူး။ သေးသေးလေးကနေစတဲ့ အတွက် အသိစောခဲ့လျှင် ဆေးမှီနိုင်ပါတယ်။ အဲ့လိုမဟုတ်ပဲ လစ်လျှူရှုထားမှာသာ ဆိုးရွားလာတာပါ။

စအိုကင်ဆင်ဖြစ်စေတဲ့ အဓိက တရားခံကတော့ Human Papilloma Virus (HPV) ဆိုတဲ့ ပိုးပါ။ လိင်မှတဆင်းကူးဆက်တဲ့ ရောဂါတွေထဲမှာ အကူးလွယ်ဆုံး ပိုးပါ။ လူတွေ အတော်အများမှာ ရှိနေပြီး ရောဂါ လက္ခဏာတွေလည်း မပြလို့ ရှိလို့ရှိမှန်းလည်း မသိကြပါဘူး။ HPV ပိုးအုပ်စုတွေဟာ အရေပြားချင်း ထိရုံနှင့် ကူးစက်နိုင်ပါတယ်။ အချို့ ပိုးအမျိုးအစားများကတော့ ရှိလို့ရှိမှန်းမသိလိုက်ပဲ သူ့ဘာသာ ကိုယ်ခံအားစနစ်ကြောင့် ပြန်ပျောက်သွားပေမယ့် အချို့ အမျိုးအစားတွေက ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံဖော်အရမ်းများတဲ့ ဂေးယောက်ျားတွေအဖို့ ဆေးပုံမှန် စစ်သင့်သလို အနည်းဆုံး ၃ နှစ် ၁ခါ စအိုကင်ဆာကိုလည်း အမြဲသတိထား စစ်သင့်ပါတယ်။

သင်အသက်၅၀ကျော်ပါက သင့် တင်ပါး နယ်မြေအကုန်လုံးကို ဆေးစစ်သင့်ပါတယ်။ အထူးသဖြင့် HIV ပိုးရှိလျှင် အသက်၄၀ ကတည်းက စစ်သင့်ပါတယ်။

0 comments

သင့် ငယ်ပါက ပြောပြသော သင့်ကျန်းမာရေးအကြောင်း

နေ့စဉ်နေ့တိုင်းမှာ ကျွန်တော်တို့ဟာ ကိုယ့်လိင်တံရဲ့စွမ်းဆောင်ရည်ကို ချစ်သူနှင့် ကာမချမ်းသာမှု ဘယ်လောက်ပေးတယ်ဆိုအပေါ်ကိုသာ ကြည့်ပြီး ဆုံးဖြတ်ကြပါတယ်။ အမှန်တော့ လိင်တံကလည်း ကျွန်တော်ရဲ့ ကျန်းမာရေးအကြောင်းကို အများကြီးပြောပြနိုင်ပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ အခြေအနေတွေကို ငယ်ပေါင်းဖော်ကနေ အချက်ပြနေတာတွေ ရှိပါတယ်။ ကျန်းမာသော လိင်အင်္ဂါဆိုတာက ကောင်းမွန်သော ကျန်းမာရေးကို ညွန်ပြတာပါ။


၁) တောင့်တင်းမှု ကျဆင်းခြင်း

ငယ်ပါတောင့်တင်းတယ်ဆိုတာလိင်တံကြွက်သားတွေထဲကို သွေးဝင်လာလို့ တောင့်တင်းလာတာဖြစ်ပါတယ်။ တောင့်တင်းဖို့ အခက်အခဲရှိလျှင် နှလုံးမှာ ပြသနာရှိနေနိုင်တယ်ဆိုတာကို ပြနေတာပါ။ Erectile Dysfunction (လိင်တံ တောင့်တင်းရန်ခက်ခဲခြင်း) ဖြစ်နေသော ယောက်ျားများတွင် နောင်နှစ်များ ကြာလာသောအခါ နှလုံးရောဂါဖြစ်လာဖို့ ၆၅%ပိုများတယ်လို့ သြစတြေးယ နိုင်ငံမှ လေ့လာမှုတစ်ခုမှ ပြောပါတယ်။ ပြီးတော့ လိင်တံရဲ့ သွေးကြောတွေ ကျဉ်းနေတာ သေးနေတာကြောင့် မတောင့်တင်းနိုင်ရင်လည်း နှလုံးရောဂါဖြစ်ဖို့ အလားအလာတွေပါ။ ဆရာဝန် ပြသင့်ပြီလို့ သင့်ငယ်ပါက ပြောပြနေတာပါ။

၂) အနီရောင် အရည်များ

သင့်ရဲ့ဆီးက အဝါရောင်ကနေ အနီရောင်ကို ပြောင်းသွားတယ်ဆိုရင် စိုးရိမ်ရတဲ့ အချက်ပါ။ ချက်ချင်း ဆရာဝန်ဆီပြေးပါတော့။ သင့်ရဲ့ ဆီးကြိတ်၊ ဆီးအိမ်၊ ဒါမှမဟုတ် ကျောက်ကပ်မှာ ရောဂါရှိပြီဆိုတာကို ပြနေပါတယ်။ သင့်သုတ်ရည်က ပန်းရောင် (သို့) သွေးရောင် သန်းလာတယ်ဆိုရင်တော့ သေလောက်အောင်မဆိုးသေးပေမဲ့ ဆရာဝန်ကို ပြပါ။ ဆီးကြိတ်ထဲ ပိုးဝင်နေတယ်ဆိုတဲ့ သဘောပါ။

၃) ကာမရာဂ ဆန္ဒတွေ ပျောက်ကုန်ခြင်း

ချစ်သူနှင့် သွားလာချင်စိတ်တွေ ကုန်နေပါလား။ အဲ့ဒါ သူမကောင်းလို့ မဟုတ်ပါဘူး။ သင်ဟောက်နေတာနှင့် သက်ဆိုင်နိုင်ပါတယ်။ ဒီလိုပါ။ Obstructive sleep apnea လို့ခေါ်တဲ့ အိပ်နေစဉ် အသက်ရှုလမ်းကြောင်းပိတ်ကာ အသက်ရှုကြပ်ခြင်းကြောင့် သင့်ရဲ့ သွေးထဲမှာ အောက်စီဂျင် နည်းပါးစေကာ လိင်ဆက်ဆံလိုစိတ်တွေ ကျဆင်းလာစေနိုင်ပါတယ်။ ဂျာမနီနိုင်ငံက သုတေသနက ညဘက်အောက်စီဂျင်နည်းခြင်းဟာ testosterone ယောက်ျားဟော်မုန်း ထုတ်လုပ်မှု လျှော့ချစေကာ လိင်စိတ်ကို ၁၁% လျော့နည်းစေပါတယ်။ ဒါ့ကြောင့် သင်အရမ်းဟောက်တာ၊ အိပ်ပျော်နေစဉ် မောပြီးနှိုးလာတာ (သို့) နေ့ပိုင်းမှာ ပင်ပန်းနွမ်းနယ်တာ ရှိလျှင် ဆရာဆီကိုသာ ဒိုးပါတော့။

၄) သင့် ငယ်ပါ ဖောယောင်နေခြင်း

အရေးပြား နဲ့ ကွမ်းသီးက ဖောရောင်ပြီး ယားယံပါသလား။ Balantitis လို့ခေါ်တဲ့ လိင်တံထိပ်မှာ ဘက်တီးရီးယား၊ မှိုတွေနှင့် ဗိုင်းရပ်ပိုးတွေ တစ်ကိုယ်ရေ သန့်ရှင့်မှု နည်းပါးတာကြောင့် ဖြစ်နေတာပါ။ ဆရာပြောပြီး ဆေးလိမ်းလိုက်ရင်တော့ရပါတယ်။ ဒါပေမဲ့ တစ်ခါတည်း ကိုယ့်မှာ ဆီးချိုသွေးချိုရှိမရှိ စစ်လိုက်တာ ပိုအကျိုးရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဆီးချိုသွေးချိုရှိတဲ့လူတွေက balantitis ဖြစ်ဖို့ ၃ဆ ပိုများတယ်လို့ သုတေသနတစ်ခုက ပြောပါတယ်။

၅) အာရုံခံစားမှု နည်းလာခြင်း

အထိအတွေ့ ခံစားမှု နည်းလာတယ်ဆိုတာ အဟာရချို့တဲ့တယ်ဆိုတာကို ပြတာပါ။ အထူးသဖြင့် အာရုံကြောတွေက ဦးနှောက်ကို သတင်းအချက်အလက်တွေပို့ဖို့ လိုအပ်တဲ့ Vitamin B12 နှင့် fotale ကို ရဖို့ နွားနို့နှင့် အသားအတွေ၊ အစိမ်းရောင်အရွက်တွေကို စားသုံးဖို့လိုနေပါပြီ။ ဆီးချိုသွေးချိုကြောင့်လဲဖြစ်နိုင်တာရှိပါတယ်။ ငယ်ပါကြီး အာရုံခံစားမှုကောင်းမှ သုခကောင်ကောင်းရနိုင်မယ် မဟုတ်လား။

၆) ခဏခဏ ဆီးသွားလိုခြင်း

Benign prostatic hyperplasia (သို့) BPHလို့ခေါ်တဲ့ အခြေအနေကြောင့် ခဏခဏ ဆီးသွားလိုစိတ်ဖြစ်တာပါ။ အသက် ၄၀ မကျော်ခင်ထိ ဖြစ်လေ့မရှိပါဘူး။ အသက် ရ၀ ကျော်ရင်တော့ ယောက်ျား ၉၀% လောက်မှာ ဖြစ်လေ့ရှိပါတယ်။ ဆီးကျိတ်ကြီးလာတဲ့ အတွက် ဆီးပြွန်ကိုဖိတာကြောင့် ခဏခဏ ဆီးသွားလိုစိတ်ဖြစ်တာပါ။ ဆရာဝန်က ဆေးပေးပါလိမ့်မယ်။

ရ) သုတ်လွတ်နည်းပြီး အထိတ်အထိပ်ကို မရဘူး။

ခန္ဓာကိုယ်မှာ testosterone ယောက်ျားဟော်မုန်း နည်းပါးနေလို့ဖြစ်တာပါ။ သုတ်ရည်နည်းလျှင် ပန်းထွက်တဲ့အားလည်းနည်းပါတယ်။ အဲ့ဒီတော့ orgasm ဆိုတဲ့ အထိတ်အထိပ် ခံစာမှုမျိုးမရောက်နိုင်ဖြစ်ရတာပေါ့။ အဖြစ်နိုင်ဆုံးကတော့ သင် စိတ်ဓာတ်ကျမှုကို တိုက်တဲ့ဆေးတွေ သုံးနေတာကြောင့်ပါ။ ဒါဆိုရင် ဆရာဝန်ကို အခြားအစားထိုးစရာ စဉ်းစားခိုင်းပါ။

ကျန်းမာပျော်ရွင်ကြပါစေ။

Menshealth မှ ကိုးကား ရေးသားထားပါသည်။

မှတ်ချက်။ ။ကျွန်တော်ဆရာဝန်တစ်ယောက်မဟုတ်ပါ။ မှားနေခဲ့ရင် ထောက်ပြနိုင်ပါတယ်။ ဒါပေမဲ့ ဘာပဲပြောပြော ကျန်းမာရေးနှင့် ပက်သက်လာရင် နောက်ဆုံအဆင့်ထိမရောက်စေပဲ ကြိုတင် စစ်ဆေးမှုတွေပြုလုပ်တာကာ အကောင်းဆုံးပင် ဖြစ်ပါတယ် မဟုတ်ပါလား။

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ