Search

Content

Showing posts with label Health. Show all posts
Showing posts with label Health. Show all posts
0 comments

လိင်တူချစ်သူယောက်ျားများအတွက် တကိုယ်ရည်ကာယ ကျန်းမာရေး (အပိုင်း (၆) ပါးစပ်၊ လည်ချောင်း နှင့် အစာခြေစနစ်)

လိင်တူချစ်သူယောက်ျားများအတွက် တကိုယ်ရည်ကာယ ကျန်းမာရေး

သွား နှင့် ခံတွင်းအကြောင်း (အပိုင်း ၁) ကို ဖတ်ရန်

ခြေသည်းလက်သည်း နှင့် ဆံပင် အကြောင်း (အပိုင်း ၂) ကို ဖတ်ရန်

အရေပြားအကြောင်း (အပိုင်း-၃) ကို ဖတ်ရန်

လိင်အင်္ဂါအကြောင်း (အပိုင်း-၄) ကို ဖတ်ရန်

ဝှေးစေ့ နှင့် နှင့် ဆီးကြိတ် (အပိုင်း-၅) ကို ဖတ်ရန်

 အပိုင်း (၆) - ပါးစပ်၊ လည်ချောင်း နှင့် အစာခြေစနစ်

ပါးစပ် နှင့် လည်ချောင်း

ပါးစပ်သည် ကျွန်ုပ်တို့ ခန္ဓာကိုယ်ရှိ အစာခြေစနစ်၏ အစပိုင်းဖြစ်သည်။ လည်ချောင်းသည် ပါးစပ်၏ အနောက်တွင်ရှိပြီး အစာများကို အစာအိမ်သို့ သယ်ဆောင်ပေးသည့် ပြွန်ချောင်း esophagus နှင့် ချိတ်ဆက်ပေးသည်။ ပါးစပ်သည် ပျော့ပြီး ချွဲသော အမြှေးများနှင့် ဖုံးအုပ်ထားပြီး ချောမွှေ့သော ကြွက်သားများရှိကာ ဘက်တီးရီးယားများနှင့် အခြားကူးစက်မှုများအပေါ် ခံနိုင်ရည်ရှိသည်။ လျှာသည် သန်မာပြီး ဘက်စုံကျွမ်းကျင်သော ကြွက်သားဖြစ်ကာ စကားပြောခြင်း၊ အရသာခံခြင်း၊ ပါးစပ်တွင်း အစာကို နေရာရွှေ့ခြင်းနှင့် မျိုချခြင်း စသည်တို့ကို လုပ်ဆောင်ပေးသည်။ သို့သော် လျှာသည်လည်း အခြားသော ကြွက်သားများကဲ့သို့ပင် ကြာရှည်စွာအသုံးပြုပါက ညောင်းညာပင်ပန်းတတ်သည်။ ထို့ကြောင့် ကြာရှည်စွာ ပါးစပ်နှင့် လိင်ဆက်ဆံခြင်းဖြင့် လျှာညောင်းလာခြင်းဖြစ်သည်။ လျှာသည် ရသာခံများဖြင့် ဖုံးအုပ်ထားပြီး အဓိကအရသာများဖြစ်သော အချဉ်၊ အငံ၊ အခါး နှင့် အချိုတို့ကို ဆုံးဖြတ်ပေးနိုင်သည်။ ၎င်းတို့ကို အပိုင်းသုံးပိုင်းတွင် ခွဲထားသည်၊ အငံနှင့် အချိုကို အရှေ့ဖြားပိုင်း၊ အချဥ်ကို ဘေးနှစ်ဖက်နှင့်၊ အခါးကို အလည်နှင့်နောက်ဖက် ဟူ၍ခွဲထားသည်။

တံတွေး

ပါးစပ်တွင် တံတွေးအကျိတ်သုံးကျိတ်ရှိသည်။ တံတွေးတွင် ၉၉ ရာခိုင်နှုန်းမှာ ရေဖြစ်ပြီး ၁ ရာခိုင်နှုန်းမှာ အစာခြေအင်ဇိုင်းပါဝင်ကာ ဝါးပြီးနောက်သွားများခြေခွဲထားသာ အစာများကို ထိုအင်ဇိုင်းများကခြေဖျက်ပြီး မျိုချရာတွင် ချောမွှေ့အောင်လုပ်ပေးသည်။ တံတွေးသည် ပါးစပ်အတွင်းရှိ အမြှေးပါးများကိုကာကွယ်ရန် ဝင်လာသော ရောဂါပိုးများ၊ ဘက်တီးရီးယားများကိုလည်း ဖျက်စီးနိုင်ပြီး သွားများယို့ယွင်းခြင်းကိုလည်း ကာကွယ်ပေးပါသည်။ ပါးစပ်၊ လျှာ နှင့် နှုတ်ခမ်းများ စိုစွတ်ရန် နှင့် ပါးစပ်တွင်းချောမွှေ့စေရန် တံတွေးကို အဆက်မပြတ် ထုတ်လုပ်ပေးပါသည်။ ခန္ဓာကိုယ်တွင်း ရေနည်းပါးချိန် နှင့် စိတ်ဖိမှုများချိန်တွင် တံတွေးထုတ်လုပ်မှုကို လျှော့ချပြီး ခန္ဓာကိုယ်အတွင်း ရေထိန်းသိမ်းထားသည်။ ထို့ကြောင့် ပါးစပ်/အာခေါင်ခြောက်ခြင်းဖြစ်ပေါ်ကာ ရေဆာခြင်းကို ဖြစ်စေသည်။ ရေသောက်ခြင်းဖြင့် ပါးစပ်ကို ပြန်လည် စိုစွတ်စေရုံသာမက ခန္ဓာကိုယ်အတွင်းလည်း လိုအပ်သောရေ နှင့် ရေမျှတမှုကို ပြန်လည်ရရှိစေသည်။

ပျို့ခြင်း၊ သီးခြင်း၊ နင့်ခြင်း

ပါးစပ်၏ အနောက်ပိုင်းရှိ တုန့်ပြန်လွယ်သော ကြွက်သားများသည် ချွန်တက်သော၊ မာကြောသော၊ ကြီးမားသော အရာများကို အာရုံခံနိုင်သည်။ ထို့ကြောင့် ၎င်းတို့သည် ထိုအရာများ လည်ချောင်းထဲဝင်မလာစေရန် gag reflex ခေါ် ပျို့ခြင်း၊ သီးခြင်း၊ နင့်ခြင်း စသည့် ခံစားမှုတို့ဖြင့် အလိုလျောက်တုံပြန်မှုကိုပြုလုပ်ကာ အထဲဝင်မလာစေရန် ငြင်းဆန်ခြင်းဖြစ်သည်။ ချွန်တက်သောအရာများ၊ ကြီးမားသော အစာတုံးများ၊ ဖုန် နှင့် ဝတ်မှုံစသကဲ့သောအရာများနှင့် ပြင်ပမှမလိုလားသော အရာများကို လည်ချောင်းပြွန်ထဲကို မဝင်စေရန်လည်း သီးခြင်းကို ပြုလုပ်ကာ ငြင်းဆန်ခြင်းဖြစ်သည်။ အကယ်၍ ပါးစပ်ဖြင့်လိင်ဆက်ဆံလျှင် အာခေါင်နားထိ နက်ရှိုင်းစွာ ထိုးသွင်းဆက်ဆံသည့်အခါ ပျို့ခြင်းဖြစ်ပေါ်ခြင်းမှာ ခန္ဓာကိုယ်မှ အလိုလျောက်တုံပြန်မှုပြုလုပ်ခြင်းသာဖြစ်သည်။ သို့သော် အတွေ့အကြုံများလာသောအခါ ကျွန်ုပ်တို့၏ ဦးနှောက်ကို လက်ခံပေးနိုင်အောင် လေ့ကျင့်ပေးနိုင်လျှင် ထိုသို့ပျို့ခြင်းမဖြစ်ပေါ်တော့ပါ။

ကျွန်ုပ်တို့ အစာမျိုချသောအခါ အာခေါင်တွင် epiglottisခေါ် အဖုံးငယ်လေးသည် အဆုတ်သို့သွားသော လေပြွန်ပေါက်ကိုပိတ်ကာ အစာများဝင်ခြင်းကို ကာကွယ်ပေးသည်။ အကယ်၍ အစာမျိုချစဉ် စကားပြောခြင်း စသကဲ့အရာများပြုလုပ်ပါက အဖုံးသည် အချိန်မှီမပိတ်နိုင်ပဲ အစာများ ပြွန်မှားဝင်သွားလျှင် သီးခြင်းဖြစ်ပေါ်ကာ အစာကို ပြွန်မှန်သို့ ပြန်ပို့ပေးသည်။

အသက်ရှူကျပ်ခြင်းဖြစ်ပေါ်ခြင်းမှာ ခန္ဓာကိုယ်မှ လေအလုံအလောက်မရရှိခြင်းကြောင့် အသက်ပိုရှူစေရန် အလိုလျောက်တုံပြန်မှုပြုလုပ်ကာ အသက်ရှူကျပ်ခြင်းခံစားမှုကို ပေးခြင်းဖြစ်သည်။

အစာအိမ်

မျိုချပြီးလျှင် အစာများသည် လည်ပြွန်(esophagus) မှတဆင့် အစာအိမ်သို့သွားသည်။ အစာအိမ်ထဲတွင် ၆ နာရီထိ အစာများကို ထားထားနိုင်ပြီး အက်စစ်နှင့် အင်ဇိုင်းများက အစာများအရည်တစ်ပိုင်းဖြစ်သည်အထိ ခြေဖျက်သည်။ အစာအိမ်ထဲတွင် အစာများ ဘယ်လောက် ကြာကြားထား (သို့) အစာအိမ်မှ ဘယ်လောက်မြန်မြန် အူထဲထို့ပို့သည်မှာ စားထားသောအစာ နှင့် အူလမ်းကြောင်းထဲတွင် ဘာရှိသည်တို့အပေါ် မူတည်သည်။ အစာအိမ်နှင့် စအိုသို့ ချိတ်ဆက်ထားသော အာရုံကြောများသည် အူလမ်းကြောင်းတွင် အစားအစာများ ရွေ့ရှားမှုကို ထိန်းချုပ်သည်။ ဥပမာ သင်ဝမ်းချုပ်နေလျှင် သို့မဟုတ် စအိုနှင့် လိင်ဆက်ဆံနေချိန်တွင် သင့်အစာအိမ်ထဲ၌ မအီမသာဖြစ်ခြင်း၊ နာကျင်ခြင်းစသည်တို့ ဖြစ်တတ်သည်။ တခြားတဖက်တွင် ကျွန်ုပ်တို့အစာစားသောအခါ တခါတရံတွင် အိမ်သာတက်ချင်သလို ခံစားရသည်မှာ ပုံမုန်ဖြစ်သည်။

အူလမ်းကြောင်း

အူလမ်းကြောင်းတစ်လျှောက် ခြေဖျက်ထားသော အစာများသည် ဖြတ်သွားပြီး အူနံရံမှ ရေ၊ ဆား နှင့် အဟာရများကို စုတ်ယူကာ အကျွင်းကျန်များသည် ပို၍ အခဲဖြစ်လာသည်။ အူလမ်းကြောင်းတစ်လျှောက်ဖြတ်သွားပြီး စအိုအရောက်တွင် စွန့်ပြစ်ရန်အဆင်သင့်ဖြစ်သော အကျွင်းအကျန်များကို သိုလှောင်ထားသည်။ အစာခြေလမ်းကြောင်းတစ်ခုလုံးသည် ပါးစပ်မှ စအိုအထိ ပေ၃၀ရှည် (၉ မီတာ) ရှည်သော ရာဘာကဲ့သို့သော ပြွန်ချောင်းရှည်ဖြစ်ပြီး နံရံများတွင် အစာကိုရွေ့ရှားပေးသော ကြွက်သားများရှိကာ အခန်းများနှင့် တခါးပေါက်များဖြင့် စီမံခန့်ခွဲသော စနစ်တစ်ခုဖြစ်သည်။

စအို၊ စအိုပြွန် နှင့် စအိုပေါက်

ကျွန်ုပ်တို့၏ တင်ပါး/စအိုပေါက်သည် ခန္ဓာကိုယ်ရှိ အစာခြေစနစ်၏ အဆုံးပိုင်းဖြစ်သည်။ အစာခြေစနစ်မှ ကိုယ်ခန္ဓာကိုယ်အတွက် အကျိုးရှိသော အဟာရများကို စုတ်ယူပြီးနောက် ပိုနေသော အရာများကို မစင်အဖြစ် ခန္ဓာကိုယ်အပြင်သို့ စအိုပေါက်မှတဆင့် စွန့်ထုတ်သည်။

အူမကြီးအဆုံးနှင့် စအို တွေ့သောနေရာတွင် ကြွက်သားဝိုင်းများက အူမကြီးကို ပိတ်ထားရန် ကူညီပေးသည်။ ထိုရှုံဆန့်၍ရသော ကြွက်သားများသည် စွန့်ပစ်ရန်ပစ္စည်းများကို စအိုအတွင်းသို့ ဝင်ရန်မဝင်ရန် ထိန်းချုပ်ပေးသည်။ သို့မဟုတ်ပါက စအိုအတွင်းတချိန်လုံးပြည့်နေမည်ဖြစ်ပြီး ကျွန်ုပ်တို့ အဆက်မပြတ် အိမ်သာတက်ချင်နေမည် ဖြစ်သည်။

ကျွန်ုပ်တို့၏ စအိုသည် ကျုံဆန့်၍ရသော ၄ လက်မ မှ ၅ လက်မရှည်သော ကြွက်သားပြွန်ဖြစ်ပြီး မစင်များပြည့်နေချိန်တွင် လက်သီးတစ်ဆုတ်စာ ဆန့်၍ရသည်။ စအိုအောက်တွင် စအိုပြွန်ရှိပြီး ၁ လက်မ မှ ၂ လက်မ ရှည်ကာ စအိုပေါက်တွင်ဆုံးသည်။ စအို၏ အတွင်းမျက်နှာပြင်သားနှင့် စအိုပြွန်သည် သသာဝ အချွဲလွှာရှိပြီး ၎င်းသည် မစင်စွန့်ရာတွင် ချောမွှေ့စေရန် နှင့် ရောဂါပိုးဝင်ခြင်းအား တားဆီးရန်တို့ကို ပြုလုပ်ပေးသည်။ အကယ်၍ ထိုမျက်နှာပြင်ကို ပွတ်ပါက ထို အချွဲများကုန်သွားသောကြောင့် အကယ်၍ စအိုတွင်း တစ်ခုခုထည့်မည်ဆိုပါက ချောဆီထပ်သုံးရန် အရေးကြီးသည်။

စအိုပြွန်၏ အဆုံးတွင် စအိုပေါက်ရှိပြီး ကျုံ့ဆန့်၍ရသော အပြန်အလှန်ချိတ်ဆက်နေသည့် ကြွက်သားဝိုင်းနှစ်ခုနှင့် ပြုလုပ်ထားသည်။ ကြွက်သားတစ်ခုသည် ကျွန်ုပ်တို့ စိတ်နှင့်ထိန်းချုပ်၍ မရနိုင်ပဲ ခန္ဓာကိုယ်အတွင်းမှ အချက်ပေးချက်များပေါ်သာ မူတည်သည်။ ထိုကြွက်သား အလုပ်မလုပ်တော့သောအခါ ဝမ်းမထိန်းနိုင်သော အခြေအနေများကိုရောက်သည်။ အခြားကြွက်သားတစ်ခုကိုတော့ ကျွန်ုပ်တို့ စိတ်နှင့်ထိန်းချုပ်နိုင်ပြီး ကျုံခြင်း လျှော့ခြင်းတို့ကို ပြုလုပ်နိုင်သည်။

အိမ်သာတက်ခြင်း

အူမကြီးအဆုံးရှိ စွန့်ထုတ်ရမည့် အရာများ၏ အလေးချိန်သည် အူနံရံကို ဖိနှိပ်သည်နှင့်အမျှ ကျုံ့ဆန့်ကြွက်သားများကို အချက်ပေးလိုက်ပြီး မစင်များကို စအိုအတွင်းသို့ပို့ပေးထားသည်။ သင်သည် အိမ်သာသွားရန် အဆင်သင့်ဖြစ်ပါက စအိုဝရှိ ကျုံ့ဆန့်ကြွက်သားများသည် လျှော့သွားပြီး စအိုပြွန်မှတဆင့် အပြင်သို့ထုတ်ပေးသည်။

အကယ်၍ စအိုနှင့် လိင်ဆက်ဆံသောအခါ ရှည်လျှားကြီးမားသော လိင်တံများသည် သင့်စအိုကို တချက်ချက် အပေါ်သို့ ဆောင့်ထိုးခြင်းမျိုးပြုလုပ်သောအခါ စအိုတွင်းနံရံကို ရိုက်မိပြီး နာကျင်မှုဖြစ်နိုင်သည်။ စအိုသည် ကျုံဆန့်မှုအာရုံကိုသာ ခံစားနိုင်ပြီး စအိုပြွန်သည် အပူချိန်၊ ထိတွေ့နှင့် နာကျင်မှုစသည့် အာရုံများခံစားနိုင်သည်။ ထို့ကြောင့် လိင်ဆက်ဆံရာတွင် စအိုပြွန်သည် ခံစားမှုရှိနိုင်သည်။ စအိုအပေါ်ပိုင်းတွင် နာကျင်မှုနှင့်ထိခိုက်မှုကို အာရုံခံနိုင်သော အကြောများမရှိသည့်အလျှောက် ၎င်းနေရာထိ ထိုးသွင်းလိင်ဆက်ဆံခြင်းသည် အန္တရာယ်များနိုင်သည်။

စအို၏ အပေါ်ဘက် (ဗိုက်ဘက်)တွင် ကြက်သွန်ဥအရွယ်ရှိသော ဆီးကြိတ်ရှိသည်။ ၎င်းကို လှူံဆော်ခြင်း (သို့) ပွတ်သက်ခြင်းသည် ကာမခံစားမှုကိုပေးသောကြောင့် မှန်ကန်သော အနေအထားနှင့် စအိုဖြင့် လိင်ဆက်ပါက နှစ်လို့ဖွယ်ရာကာမစည်းစမ်ရရှိနိုင်ခြင်းဖြစ်သည်။

ချို့ယွင်းမှုများ

အကြောင်းအမျိုးမျိုးတို့ကြောင့် အစာခြေစနစ်နှင့် ပက်သက်သော ကျန်းမာရေးချို့ယွင်းမှုများ ဖြစ်တတ်သည်။ ဥပမာ ကျုံ့ဆန့်ကြွက်သားများ အလုပ်မလုပ်တော့သောအခါ ဝမ်းမထိန်းနိုင်မှုဖြစ်ခြင်း၊ စအိုပြွန်တွင် အနာများ၊ အက်ကွဲမှုများဖြစ်ခြင်းတို့ကြောင့် နာကျင်ခြင်း အိမ်သာတက်ရန် ခက်ခဲခြင်း၊ ဝမ်းနုတ်ဆေးများ အဆက်မပြတ်အသုံးပြုလျှင် စအိုတဝှမ်းရှိ အာရုံကြောများ ပျက်ဆီးစေကာ ဝမ်းချုပ်ခြင်း (သို့) ဝမ်းပျက်ခြင်း စသည်တို့ဖြစ်နိုင်သည်။ အကယ်၍ သင်သည် တခုခုပုံမှန်မဟုတ်သည်ကို ခံစားရပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ ကာကွယ်ခြင်း (သို့) စောစီးစွာကုသခြင်းသည် ရောဂါထိုင်ခံစားနေခြင်း သို့မဟုတ် အခြေနေဆိုးသည်အထိစောင့်နေခြင်းထက် အများကြီးသာပါသည်။

ဝမ်းပျက်ဝမ်းလျှော

ဝမ်းပျက်ဝမ်းလျှောသည် အူလမ်းကြောင်းနံရံများ ရောင်ကိုင်းခြင်းနှင့် ကူးစက်ခြင်းတို့ကြောင့် ဖြစ်ခြင်းဖြစ်သည်။ သဘာဝအလျောက် ခန္ဓာကိုယ်သည် ထိုပြဿနာကို ဖြေရှင်းရန် ထိုအရာများကို အန်ထုတ်၍သော်လည်းကောင်း ဝမ်းမှတဆင့်စွန့်ထုတ်ခြင်းတို့ကို ပြုလုပ်သည်။ အစာများကို အူလမ်းကြောင်းတဆင့် တွန်းထုတ်စဉ်ကြွက်သားများသည် အလွန်အလုပ်လုပ်လာသောကြောင့် ဗိုက်အောင့်ဗိုက်နာခြင်းဖြစ်သည်။ ယေဘူယအားဖြင့် ခန္ဓာကိုယ်သည် အလိုလျောက်သူ့ကိုယ်သူ ကုသခြင်းဖြစ်သည်။ ကျွန်ုပ်တို့အနေနှင့် ဆုံးရှုံးသွားသော ရေနှင့် ဓာတ်သတ္ထုများကို ပြန်လည်ဖြည့်တင်းပေး ရေများများသောက်ပေးခြင်း (သို့) ဓာတ်ဆားရေသောက်ပေးခြင်းတို့ဖြင့် ကုသနိုင်သည်။ အကယ်၍ ရောဂါလက္ခဏာများ မပျောက်ပါက ဆရာဝန်ပြသင့်သည်။

ဝမ်ချုပ်ခြင်း

ဝမ်ချုပ်ခြင်းသည် အစားသောက်ထဲတွင် အမျှင် နှင့် အသီးအရွက်တို့လုံလောက်စွာ မပါဝင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းနှင့် စိတ်ဖိစီးမှုများခြင်းတို့ကြောင့် ဖြစ်နိုင်သည်။ အူမကြီးအတွင်းဖြတ်သွားသော အစာများသည် ကြာရှည်စွာ ရေစုတ်ယူခံရသောအခါ မာကြောလာပြီး ဆက်လက်ထားရှိသည်နှင့်အမျှ ပို၍ခြောက်သွေ့လာသည်။ အိမ်သာတက်သောအချိန်တွင် ထိုမာကြောသော အရာများသည် အူနံရံ၊ စအိုနံရံနှင့် စအိုပြွန်နံရံတို့ကို ပွန်းတိုက်သောကြောင့် နာကျင်မှုဖြစ်ရသည်။

လိပ်ခေါင်း

လပ်ခေါင်းဆိုသည်မှာ စအိုပြွန်အောက်နားအပိုင်းရှိ မျက်နှာပြင်မှ သွေးကြောများရောင်ကိုင်းလာပြီး သွေးအိပ်ကလေးများဖြစ်ပေါ်ခြင်းကိုခေါ်သည်။ အစပိုင်းတွင်၎င်းတို့သည် စအိုပြွန်အတွင်း၌ရှိနေပြီး အချိန်ကြာလာသည်နှင့်အမျှ ဖိအားကြောင့် အောက်သို့ဆင်းလာပြီး စအိုပေါက်အပြင်ဘက်သို့ ရောက်လာသည်။ ဝမ်းချုပ်နေပါက နာကျင်မှုသည် ပိုဆိုးရွားနိုင်သည်။ တခါတရံတွင် ထိုသွေးများသည် အလိုလျောက်ခန္ဓာကိုယ်တွင်းသို့ ပြန်ဝင်သွားပြီး ပျောက်ကင်းသွားနိုင်သော်လည်း တခါတရံတွင် ထိုအိတ်များပေါက်ထွက်သွားပြီး သွေးများထွက်လာသည်။

ကျွန်ုတို့၏ စားသောက်နေထိုင်ပုံ

စိတ်ဖိစီးမှုကို လျှော့ချခြင်း၊ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း၊ မျှတသင့်တင့်သော ကျန်းမာရေးနှင့် ညီညွှတ်သည့် အစားအစာများကို စားသုံးခြင်း၊ ရေလုံလောက်စွာသောက်သုံးခြင်းဖြင့် ကျွန်ုပ်တို့၏ အစာခြေစနစ်ကိုကောင်းမွန်အောင်ထားနိုင်ပြီး ပြသနာကင်းရှင်းအောင်ထားနိုင်ပါသည်။ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ၊ ကျန်းမာရေးနှင့် ညီညွတ်သော ကောက်ပဲသီးနှံ၊ ဆန်ညို၊ ဂျုံကြမ်း၊ ပဲအမျိုးမျိုး စသည်တို့သည် အစာခြေစနစ်တွင် အစာများကိုရွှေ့လျှားစေပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်သော အရာများဖြစ်ကြသည်။ ဝမ်းချုပ်ခြင်းကိုဖြစ်စေသောအရာများမှာ နို့ထွက်ပစ္စည်းများ၊ အဆီများသော အစားအစာ နှင့် အမြှင်မပါသော အစားအစာတို့ဖြစ်ကြသည်။ အကယ်၍ ဝမ်းချုပ်ခြင်းသည် ရေရှည်ပြသနာဖြစ်လာပြီး နာကျင်မှုရှိပါက၊ ဆရာဝန်နှင့် ပြသင့်သည်။ လိင်တူချစ်သူများအနေနှင့် စအိုနှင့် လိင်ဆက်ဆံသူတစ်ဦးဖြစ်ပါက မိမိ၏ စားသောက်နေထိုင်ပုံကို သတိဝရိယထားခြင်းဖြင့် ကျန်းမာသော အစာခြေစနစ်ကို ထိန်းသိမ်းကာပျော်ရွင်သော လိင်မှုဘဝကိုလည်း ရရှိနိုင်မှာပင်ဖြစ်ပါသည်။

တကိုယ်ရည်ကာယကျန်းမာရေးအကြောင်းကိုဖတ်ရှုပြီး မိမိခန္ဓာကိုယ်အကြောင်းကို နားလည်းကာ လိင်တူချစ်သူယောက်ျားများအားလုံးလည်း ကျန်းမာပျော်ရွင်သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

0 comments

လိင်တူချစ်သူယောက်ျားများအတွက် တကိုယ်ရည်ကာယ ကျန်းမာရေး (အပိုင်း (၅) ဝှေးစေ့ နှင့် ဆီးကြိတ်)

လိင်တူချစ်သူယောက်ျားများအတွက် တကိုယ်ရည်ကာယ ကျန်းမာရေး

သွား နှင့် ခံတွင်းအကြောင်း (အပိုင်း ၁) ကို ဖတ်ရန်

ခြေသည်းလက်သည်း နှင့် ဆံပင် အကြောင်း (အပိုင်း ၂) ကို ဖတ်ရန်

အရေပြားအကြောင်း (အပိုင်း-၃) ကို ဖတ်ရန်

လိင်အင်္ဂါအကြောင်း (အပိုင်း-၄) ကို ဖတ်ရန်

အပိုင်း (၅) - ဝှေးစေ့ နှင့် နှင့် ဆီးကြိတ်

ဝှေးစေ့

သင်၏ ဝှေးစေ့များသည် ဆွဲဆန့်ရသော အိတ်ငယ်ကလေးတွင် အတူတကွချိတ်ဆွဲထားပါသည်။ ဝှေးစေ့များ၏ အဓိက လုပ်ဆောင်မှုမှာ သုတ်ကောင်များကို ထုတ်လုပ်ရန်နှင့် testosterone ခေါ် ကျားဟော်မုန်းကို ထုတ်လုပ်ရန်ဖြစ်သည်။ ဝှေးစေ့များကို ခန္ဓာကိုယ်ပြင်ပတွင် ထားရှိရခြင်းမှာ ခန္ဓာကိုယ်အပူချိန်၏ ၅ ဒီဂရီခန့် နည်းအောင်ပြုလုပ်ထားခြင်းဖြစ်ပြီး ၎င်းမှာ သုတ်ကောင်ထုတ်လုပ်မှုကို အကောင်းဆုံးဖြစ်စေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဝှေးစေ့အိတ်သည် ဆွဲဆန့်၍ ရကာ အပူချိန်အေးသောအခါ ကျုံ့သွားလျက် ခန္ဓာကိုယ်နားကပ်၍ နွေးအောင်လုပ်ပြီး ပူသောအခါ ခန္ဓာကိုယ်မှ ဝေးရာသို့ တွဲလောင်းချကာ အေးအောင်ပြုလုပ်ပေးပါသည်။ ၎င်းတို့သည် အထိအတွေ့အပေါ် တုန့်ပြန်မှုလွယ်ပြီး သိမ်မွေ့နူးညံ့သောကြောင့် ထိခိုက်မှုတွင်လည်း အလွန်နာကျင်နိုင်ပါသည်။
ဝှေးစေ့အတွင်းရှိ မီတာ ၅၀၀ ခန့်ရှည်သော ခေါက်လိမ်ထားသော ပြွန်များအတွင်းတွင် တစ်နေ့လျှင် သုတ်ကောင် သန်း ၄၀၀ မှ ၅၀၀ အကြားထုတ်လုပ်ပါသည်။ ၎င်းတို့သည် အဆင်သင့်ဖြစ်သောအခါ အပြင်သို့ထွက်ရန် ဝှေးစေ့အနောက်ဘက်ရှိ epididymis ထဲတွင် သိုလှောင်ထားပါသည်။ ဝှေးစေ့များသည် testosterone ဟော်မုန်းကို ထုတ်လုပ်ပါသည်။ လူပျိုဖြစ်ချိန်တွင် စထွက်လာသော ထိုသဘာဝဟော်မုန်းသည် ကျွန်တော်တို့ကို ယောက်ျားလက္ခဏာများဖြစ်သော အသံအောခြင်း၊ မုန်ဆိတ်မွေးပေါက်ခြင်း အစရှိသည့် လက္ခာဏာများကို ပေးပါသည်။

ဆီးကြိတ်

ဆီကြိတ်ဆိုသည်မှာ စအိုပြွန် rectum ၏ဘေးတွင် ကပ်လျက်ရှိသော သစ်အယ်သီးအရွယ်ရှိ အကျိတ်တစ်ခုဖြစ်ပြီး ၎င်းသည် ဆီးအိတ်သို့ ပြွန်တစ်ခုနှင့် ချိတ်ဆက်ထားပြီး လိင်တံအတွင်းရှိ ဆီးလမ်းကြောင်းသို့ အခြားပြွန်တစ်ခုနှင့် ချိတ်ဆက်ထားသည်။ ၎င်း၏ လုပ်ဆောင်ချက်များထဲတွင် သုတ်ကောင်များ ရှင်သန်ကူးခတ်နိုင်ရန် သုတ်ရည်ထုတ်လုပ်ပေးခြင်း တစ်ခုအပါဝင်ဖြစ်သည်။ ၎င်းသည် ကျွန်ုပ်တို့သုတ်ရည်၏ သုတ်နံ့ကို ဖြစ်စေသော အရာများကိုလည်း ထုတ်လုပ်ပေးပြီး ၎င်းအရာများသည် လိင်တံမှ သုတ်လွှတ်သောအခါ ပန်းထွက်စေနိုင်ရန် သုတ်ရည်သိပ်သည်းမှုကို လုပ်ပေးပါသည်။ ဆီးကြိတ်ထဲတွင် ထိတွေ့လှုံဆော်မှုကို တုန့်ပြန်လွယ်သော အာရုံကြောများစွာ သိပ်ထည့်ထားသောကြောင့် ဆီးကြိတ်ကို လှုံဆော်စေသော စအိုနှင့် လိင်ဆက်ဆံမှုပြုလုပ်ခြင်း (သို့) စအိုတွင်း လက်ချောင်းထည့်ကာ လှုံဆော်ခြင်းတို့သည် ဆက်ဆံခံရသူတို အားရစေသော ကာမခံစားမှုပေးပါသည်။

သုတ်ရည်

သုတ်ရည်ထဲတွင် ဝှေးစေ့မှထုတ်လုပ်လိုက်သောသုတ်ကောင်များ၊ သုတ်ကောင်များကူးခတ်ရန် ဆီးကြိတ်မှ ထုတ်လုပ်သောအရည် နှင့် အခြားအကြိတ်များမှထုတ်လုပ်သော ပြစ်ခဲစေသော အဖြူရောင် အရာများပါဝင်သည်။ သုတ်ရည်တွင် သုတ်ကောင်များ မဥဆီသို့ မျိုးအောင်သည်အထိ ကူးခတ်နိုင်ရန် လုံလောက်သော အဟာရများ ပါဝင်သည်။ ၎င်းတို့တွင် ဇင့်(zinc)၊ ပိုတက်ဆီယံ (potassium)၊ ဂလူးကို့စ် (glucose) နှင့် ဗီတာမင် စီ (vitamin C) တို့ပါဝင်ကာ ၎င်းတို့အချိုးအစားပေါ်မူတည်ပြီး ချိုသော (သို့) ငံသော အရသာ စသဖြင့် လူတစ်နှင့်တစ်ဦး မတူအောင်ပေးသည်။ ပျှဥ်းမျှအားဖြင့် ယောက်ျားတစ်ဦးသုတ်လွှတ်ရတွင် ၂ မီလီလီတာမှ ၅ မီလီလီတာ အကြားရှိလေ့ရှိပြီး သုတ်ကောင်ရေ သန်း ၅၀ မှ ၁၅၀ အကြားပါဝင်သည်။ သုတ်ခဏခဏထုတ်လွှတ်သည်နှင့်အမျှ ကျွန်ုပ်တို့၏ သုတ်ရည်သည် သုတ်ကောင်ရည်နဲကာ အရည်ပိုကြဲလာပြီး အရောင်ကြည်လင်လာသည်။

ဆီး

ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် စွန့်ထုတ်ပစ္စည်းများကို စဥ်ဆက်မပြတ်ထုတ်လုပ်လျက်ရှိပြီး အချို့အရာများကို ဆီးကဲ့သို့ အရည်အဖြစ် စွန့်ထုတ်သည်။ ဆီးကို ကျောက်ကပ်မှတဆင့် ၄၀၀ မှ ၈၀၀ မီလီလီတာခန့်ထိန်းထားနိုင်သော ဆီးအိတ်ထဲသို့ထားကာ တနေ့လျှင် အပြင်သို့ ပျဥ်းမျှ ၁.၅ လီတာခန့် စွန့်ထုတ်သည်။ ဆီအိတ်ပြည့်လျှင် အာရုံကြောများမှတဆင့် ဦးနှောက်သို့ သတင်းပို့ကာ ဆီးသွားရန် ခံစားချက်ကို ပေးသည်။ ဆီးသွားရန် အဆင်သင့်ဖြစ်သောအခါ ဆီးကြိတ်မှတဆင့် ဆီးပြွန်တလျှောက် လိင်တံအဆုံးထိ ဆီး စီးဆင်းမှုကို ထိန်းချုပ်သည့် ကြွက်သားများမှ အပြင်ဘက်သို့ စွန့်ထုတ်သည်။

တကိုယ်ရည်ကျန်းမာရေး စစ်ဆေးမှု - ဝှေးစေ့ နှင့် ဆီးကြိတ်

ခန္ဓာကာယ ကျန်းမာမှုကို လေ့လာလိုက်စားမှု၏ အရေးကြီးသော အချက်နှစ်ခုမှာ ခန္ဓာကိုယ်ပေါ်ရှိ အသွင်အပြင်ကို အလေးထားခြင်း နှင့် ထူးခြားသောပြောင်းလဲမှုများကို ကိုယ်တိုင်စစ်ဆေးခြင်းတို့ဖြစ်သည်။ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ့်ကိုယ်ကို ကြည့်ကောင်းတယ်လို့ မြင်နိုင်လျှင် စိတ်ကျေနပ်မှု ရရှိနိုင်မည်ဖြစ်သည်။ ကျန်းမာရေးလိုက်စားရာတွင် ရေအလုံအလောက်သောက်သုံးခြင်း၊ သန့်ရှင်းလတ်ဆက်ကျန်းမာရေးနှင့် ညီညွှတ်သော အစားအသောက်များကို အချိုးအစားမျှတစွာစားခြင်း နှင့် တကိုယ်ရည်သန့်ရှင်းမှုကို အလေးထားခြင်း စသည်တို့ဖြင့် မိမိ၏ အရေပြား၊ ဆံပင်နှင့် ခြေသည်းလက်သည်းများကို ကောင်းမွန်သော အခြေအနေတွင် ထိန်းသိမ်းနိုင်သော်လည်း မလုံလောက်သော တကိုယ်ရေစောင့်ရှောက်မှုနှင့် ကျန်းမာရေးထိခိုက်နိုင်သော အလေ့အကျင့်များမှတဆင့် အခြားခန္ဓာအစိတ်အပိုင်းများ၏ ကျန်းမာရေကို လျစ်လျှူရှုသည့် အဖြစ်မျိုး မဖြစ်သင့်ပါ။

ဝှေးစေ့ ကင်ဆာ

ကင်ဆာဆိုသည်မှာ သာမာန်မဟုတ်သော ဆဲလ်ကြီးပွားမှု (cell growth)ကြောင့် ဖြစ်ပေါ်ပြီး အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါသည်။ သာမာန်ဆဲလ်များသည် သူတို့၏ ပြန့်ပွားမှုကို ထိန်းသိမ်းနိုင်သော်လည်း ကင်ဆာဆဲလ်များမှ အတားအဆီးမရှိ ဆက်လက်ကြီးပွားပြီး ခန္ဓာကိုယ်ကို ထိခိုက်မှုဖြစ်စေကာ နောက်ဆုံးတွင် အသက်အန္တရာယ်ရှိလာနိုင်ပါသည်။ ကင်ဆာကို အခြားသူတစ်ဦးဆီမှ မကူးနိုင်သလို ၎င်းသည် လိင်မှတဆင့်ကူးဆက်သည့်ရောဂါလည်းမဟုတ်ပါ။ ဝှေးစေ့ကင်ဆာသည် ဖြစ်ပွားမှုနှုန်းတိုးပွားလာနေပြီး သာမာန်အားဖြင့် အသက် ၂၀ နှင့် ၄၀ ကြား ယောက်ျားများတွင် ဖြစ်တတ်လေ့ရှိသည်။ ၎င်းသည် စောစီးစွာသိပြီး လျှင်မြန်စွာကုသလျှင် ကုသရလွယ်ကူသဖြင့် တစ်ကိုယ်ရေ ကိုယ်တိုင်စစ်ဆေးမှုများပြုလုပ်ခြင်းဖြင့် ရောဂါလက္ခဏာများကို စောစောသိနိုင်ပါသည်။

ဝှေးစေ့ကင်ဆာ ရှိမရှိကိုယ့်ကိုယ်ကို စစ်ဆေးနည်း

မိမိ၏ ဝှေးစေ့ကို ကင်ဆာရှိမရှိ တစ်လလျှင် တစ်ခါမျှ ရေချိုးနေစဥ်/ရေချိုးပြီးသောအခါ ဝှေးစေ့အိတ်များ တင်းကြပ်မနေပဲ ဆွဲဆန့်၍ ရသော အခြေအနေတွင် လွယ်ကူစွာစစ်ဆေးနိုင်ပါသည်။
  • အိတ်ကို လက်ဖဝါးထဲထည့်ကာ ဝှေးစေ့များ၏ အလေးချိန်နှင့် အရွယ်အစားကို မှတ်မှတ်ရရရှိအောင် ခံစားကြည့်ပါ။ ပြီးလျှင် လက်မ နှင့် လက်ချောင်းများကိုသုံးပြီး ဝှေးစေ့တစ်လုံးချင်းစီကို စမ်းပါ။ တစ်လုံးသည် နောက်တစ်လုံးထက် အရွယ်ကြီးပြီး အောက်နည်းနည်းပိုကျသည်မှာ ပုံမှန်သဘာဝဖြစ်သည်။
  • တစ်လုံးချင်းစီကို လက်ချောင်းများနှင့်လက်မအကြား ညှင်သာစွာလှိမ့်ကြည့်ပါ။ ဝှေးစေ့အပေါ်ပိုင်းတွင် ၎င်းတို့ကို ချိတ်ဆက်နေသော ပြွန်ချောင်းကို စမ်းမိပါလိမ့်မည်။ ဝှေးစေ့၏ အခြားအပိုင်းများမှာတော့ အခြားအဖုများ ယောင်ကိုင်းနေခြင်းများ မရှိသင့်ပါ။
  • အကယ်၍ သင်သည် မသင်္ကာစရာ တစ်ခုခု ရှိသည်ဟု သံသယရှိပါက ဆရာဝန်ကို ပြပြီး စစ်ဆေးသင့်ပါသည်။
  • သင်ပုံမှန်စစ်ဆေးပြီး အချိန်ကြာလာသည်နှင့်အမျှ သင်သည် သင့် ဝှေးစေ့၏ သဏ္ဍာန်နှင့်အထိအတွေ့ကို ကောင်းကောင်းသိရှိနေပြီးဖြစ်သောကြောင့် တစ်ခုခုမူမမှန်ပြောင်းလဲသည်ကို လျှင်မြန်စွာ သိရှိနိုင်မည်ဖြစ်သည်။ သာမာန်ဆိုလျှင် အဖုအတော်အများဟာ အန္တရာယ်မရှိပေမဲ့ သင်သံသယရှိပါက စစ်ဆေးမှု ပြုလုပ်သင့်သည်။
  • ဝှေးစေ့ကင်ဆာသည် စောစီးစွာသိရှိလေ ကုသရလွယ်လေကို မှတ်ထားသင့်ပါသည်။

ဆီးကြိတ် ပြသနာများ

  • ဆီးကြိတ်သည် ကျွန်ုပ်တို့ အသက်ကြီးလာသည်နှင့်အမျှ အရွယ်အစားကြီးလာပြီး တခါတစ်ရံတွင် ဆီးကိုစွန့်ထုတ်သောပြွန်ကို ဖိခြေပစ်နိုင်သည်အထိ ဖြစ်နိုင်ပါသည်။
  • အများဆုံး အသက် ၂၅ နှင့် ၄၅ နှစ် အရွယ်အကြား ဆီးကြိတ်သည် ပိုးဝင် (သို့) ရောင်ရမ်းမှုဖြစ်နိုင်သည်။
  • မကုသလျှင် အရွယ်အစားသည် သံပုရာသီးငယ်အရွယ်ထိ ကြီးလာတတ်သည်။
  • ဆီးကြိတ်ကင်ဆာသည် အသက်၅၀ကျော်အထက်ဖြစ်လေ့ရှိသော်လည်း အသက်ငယ်စဥ်လည်း ဖြစ်နိုင်ပါသည်။
ဆီးကြိတ်ပြသနာရှိကြောင်းပြသည့် လက္ခဏာများမှာ။ ။
  • ခဏခဏဆီးသွားလိုခြင်း နှင့် ဆီးသွားချင်သည့် ခံစားချက်မပြပဲနှင့် ရုတ်တရက်ဆီးသွားခြင်း၊ ဆီးသွားရန် စတင်ရန်ခက်ခဲခြင်း နှင့် ဆီးသွားနေသည်ကို ရပ်ရန်ခက်ခဲခြင်း၊
  • ဆီးသွားပြီးလျှင် အစက်ယိုခြင်းများပြားခြင်း၊
  • ဆီးအိပ်ထဲမှ ဆီးအကုန်သွားအောင်ပြုလုပ်ရ ခက်ခဲခြင်း၊
  • ဆီးစက်မျာ ယိုခြင်း။
ထိုရောဂါ လက္ခဏာများရှိပါက ဆေးကုမှုခံယူသင့်ပါသည်။

ဆီးကြိတ်ကင်ဆာ

ဆီးကြိတ်ကင်ဆာသည် နုစဥ်တွင် မည်သည့် လက္ခဏာမှ မပြပဲ ရောဂါရင့်မှသာ သိနိုင်သည်။ အရွယ်စားကြီးမားသော ဆီးကြိတ်များကို ကုသသည့် ကုထုံးများရှိသောကြောင့် ဆရာဝန်နှင့် တိုင်ပင်သည့်ပါသည်။ အသက် ၄၀ ကျော် ယောက်ျားများတွင် ဆီကြိတ်ကင်ဆာ အဖြစ်များလေ့ရှိပြီး စောစီးစွာတွေ့ရှိပါက ကုသ၍ရပါသည်။ အထက်တွင်ဖော်ပြထားသော လက္ခဏာများသည် ဆီးကြိတ်နှင့်ပက်သက်သော ပြသနားများ၏ သင်္ကေတဖြစ်ပြီး ဆီးကြိတ်ကင်ဆာရောဂါရှိသော ယောက်ျားများ ခံစားရလေ့ရှိသော်လည်း၊ ကင်ဆာရှိနေသော်လည်း လက္ခဏာမပြသည်လည်း ဖြစ်နိုင်ပါသည်။ သင်အသက် ၅၀ ကျော်လျှင်ဆရာဝန်နှင့် တစ်နှစ်တစ်ခါ ကင်ဆာစစ်ဆေးမှုများကို ပြုလုပ်သင့်ပါသည်။

ပါးစပ်၊ လည်ချောင်း နှင့် အစာခြေစနစ်အကြောင်း (အပိုင်း-၆)ကို ဆက်လက်ဖတ်ရှုရန်

0 comments

လိင်တူချစ်သူယောက်ျားများအတွက် တကိုယ်ရည်ကာယ ကျန်းမာရေး (အပိုင်း (၄) လိင်အင်္ဂါ)



လိင်တူချစ်သူယောက်ျားများအတွက် တကိုယ်ရည်ကာယ ကျန်းမာရေး

သွား နှင့် ခံတွင်းအကြောင်း (အပိုင်း ၁) ကို ဖတ်ရန်

ခြေသည်းလက်သည်း နှင့် ဆံပင် အကြောင်း (အပိုင်း ၂) ကို ဖတ်ရန်

အရေပြားအကြောင်း (အပိုင်း-၃) ကို ဖတ်ရန်

အပိုင်း (၄)  - လိင်အင်္ဂါ

လိင်ဆက်ဆံခြင်းနှင့် ပက်သက်လာလျှင် ကျွန်ုပ်တို့သည် ခန္ဓာကိုယ်ဖွဲ့စည်းပုံ၏ အခြေခံသဘောလောက်ကို အကြမ်းဖြင်းသိကြသော်လည်း ခန္ဓာအတွင်းရှိအရာများကိုတော့ အလွယ်အမှတ်ယူကြတတ်သည်။ ခန္ဓာကိုယ်အတွင်း ဇီဝဖွဲ့စည်းတည်ဆောက်ပုံနှင့်ပက်သက်သော ဗဟုသုတများကို ရရှိထားပါက မိမိ၏ လိင်မှုဘဝကို ကိုယ်တိုင်ကိုင်တွယ်ထိန်းသိမ်းနိုင်ပြီး လိင်မှကူးဆက်သောရောဂါများနှင့် ပက်သက်ပြီး ကိုယ့်ကိုယ်ကို အခြေအနေပေါ်ခြင့်ချိန်ကာ ကာကွယ်စောင့်ရှောက်နိုင်ပါမည်။ ဥပမာ စအိုနှင့် လိင်ဆက်ဆံခံနေချိန် နာကျင်ခြင်းသည် သင့်ကျောရိုးပေါ်ရှိ အာရုံကျောများ သို့မဟုတ် နာကျင်လွယ်သော စအိုအတွင်းသားကြွက်သားများကို လိင်တံမှ ထိုးမိတို့မိသောကြောင့် ဖြစ်ခြင်းဖြစ်သည်။ သင့်ကြွက်သားများကို လျှော့ထားလိုက်ပါက သို့မဟုတ် ဆက်ဆံမှုခန္ဓာနေအထားကို ပြောင်းလိုက်ပါက နာကျင်မှုသည် ပျောက်သွားကို တွေ့ရမည်။ ထို့ကြောင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံ အသေးစိတ်ကို ကျောင်းစာကဲ့သို့ ပြန်လေ့လာလိုက်ပါက အကျိူးရှိပါမည်။ လိင်တူဆက်ဆံရာနှင့် ပက်သက်ပြီး သိထားသင့်သော ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ
  • လိင်တံ နှင့် ဝှေးစိ
  • ပါးစပ် နှင့် လည်ချောင်း
  • အူလမ်းကြောင်း (တင်ပါး နှင့် စအို)

လိင်တံ

ယောက်ျားလိင်အင်္ဂါသည် ရှုံ့ဆန့်၍ရသော စလင်ဒါသဏ္ဍာန် ကြွက်သားများနှင့် ဖွဲ့စည်းထားသည်။ သင့်လိင်တံအတွင်းရှိ သွေးကြောများသည်ထို ကြွက်သားများအတွင်းသို့ သွေးများဖြည့်တင်းပေးလိုက်သော အခါ လိင်တံတောင့်တင်းခြင်းကို ရရှိပါသည်။ လိင်တံ၏ အလယ်အောက်ပိုင်းရှိ ပြွန်ချောင်းကတော့ ဆီးလမ်းကြောင်းဖြစ်ပြီး ဆီး နှင့် သုတ်ရည်ကို ပြင်ပသို့ သွယ်တန်းပေးပါသည်။

လိင်တံထပ်ငုံအရေပြား

လိင်တံ၏အဖြားသည် ဆွဲဆန့်၍ရသော အရေပြားလိပ်ဖြင့် ခြုံထားသည်။ ၎င်းသည် လိင်အင်္ဂါကို ကာကွယ်ပေးပြီး မတောင့်တင်းသော အချိန်တွင် စိုစွတ်အောင်ထားကာ ထိတွေ့ခံစားမှုလွယ်အောင် ထားပေးသည်။ မွေးကင်းစတွင် လိင်တံထပ်ငုံအရေပြားသည် ကပ်နေပြီး ၃-၄ နှစ် အရွယ်ရောက်လာသောအခါ အဖြည်းဖြည်းပွင့်လာပြီး ဆယ်ကျော်သက်အရွယ်ရောက်သည့်အခါ အလွယ်တကူ ဖွင့်ပိတ်နိုင်ပြီ ဖြစ်သည်။

အနံ့နံစေသော အရာများ

ဆီးအကြွင်းအကျန်၊ ဘက်တီးရီးယားများ၊ ရိစ်အမြှုပ်များ နှင့် အရေပြားဆဲအသေများသည် လိင်တံထိပ်အရေပြားအောက်တွင် စုပြုံလာပြီး အနံ့နံစေသော အဖြူရောင် အမြှုပ်ပုံစံအရာများ ဖြစ်ပေါ်လာသည်။ ၎င်းကို အင်္ဂလိပ်လို smegma လို့ခေါ်ပါသည်။ ၎င်းကို သန့်ရှင်းရေးမလုပ်ပဲ စုအောင်းထားလျှင် ယားယံခြင်း ယောင်ယမ်းခြင်းတို့ ဖြစ်တတ်သောကြောင့် တစ်နေ့လျှင်တစ်ကြိမ် အရေပြားအောက်ကို ညှင်ညှင်သာသာ နှင့် သေသေချာချာ သန့်ရှင်းရေးလုပ်သင့်ပါသည်။ ငယ်ရွယ်စဥ်ကလည်း မိဘတွေက ရေချိုးစဥ် အရေပြားအောက်ကို သန့်ရှင်းရေးလုပ်တတ်အောင် သင်ပေးထားပြီးလည်းဖြစ်ပါသည်။

အရေပြား ကြပ်ခြင်း၊ ဖွင့်မရခြင်း

အချို့ ယောက်ျားလေးများသည် သူတို့လိင်တံထိပ်အရေပြားကို အနောက်သို့ အလွယ်တကူဆွဲမဖွင့်နိုင်ပဲ နာကျင်တဲ့ အဖြစ်မျိုးလည်း ဖြစ်တတ်ပါသည်။ ၎င်းအခြေအနေကို phimosis ဟု ခေါ်ပြီး အခြေအနေဆိုးရွားပါက balantitis ခေါ် လိင်တံထိပ်ခေါင်း ယောင်းယမ်း နာကျင်မှုများ ဖြစ်တတ်ပါသည်။ Balantitis ကို ကုသရန် ဆေးများရှိပြီး အချို့အခြေအနေမျိုးတွင် လိင်တံထိပ်အရေပြားဖြတ်ခြင်းဖြင့် ပြသနာဖြေရှင်းနိုင်ပါသည်။

အချို့ ယောက်ျားလေးများတွင် လိင်တံထိပ်အရေပြားကြီးသောအခါ ဆီးများကို အရေပြားထဲတွင် ချန်ထားနိုင်ပြီး ဆီးသွားပြီးသောအခါ အစက်ကျခြင်းကို ဖြစ်ပေါ်စေပါသည်။ ထိုပြသနာကို ဆီးသွားတိုင်း အရေပြားကို နောက်ဘက်ဆွဲကာ ဆီးသွားပြီး၊ ပြီးလျှင် သေချာကုန်စင်အောင်ခါခြင်းဖြင့် ဖြေရှင်းနိုင်သော်လည်း အချို့သူများကတော့ အရေးပြားဖြတ်ရန်လိုအပ်လျှင်လည်း လိုအပ်နိုင်ပါသည်။

လိင်တံထိပ်အရေပြားဖြတ်ခြင်း

လိင်တံထိပ်အရေပြားဖြတ်ခြင်းကို ဘာသာရေးအယူကြောင့်သော်လည်းကောင်း တစ်ကိုယ်ရည်သန့်ရှင်းရေး ကောင်းမွန်စေချင်သောကြောင့်သော်လည်းကောင်း ပြုလုပ်ကြသည်။ အထက်ကဖော်ပြသကဲ့သို့ တခါတရံ အရေပြားသိပ်ရှည်၊ သိပ်ကြပ်နေလွန်းလျှင်လည်း ဖြတ်ခြင်းဖြင့် ကုသ၍ရနိုင်ပါသည်။ အရေပြားဖြတ်ပြီးသောအခါ လိင်တံထိပ်ခေါင်းသည် စိုစွတ်ပြောပြောင်းသော အသားရောင်မှ ပိုအရောင်ရင့်သွားပြီး ပိုရင့်မာခြောက်သွေ့လာကာ သာမာန်အရေပြား အသွင်ဖြစ်သွားသည်။ အရေပြားရှိသောသူများနှင့် ယှဥ်လျှင် ထိတွေ့အာရုံခံထားမှု လျော့သွားပြီး သုတ်လွှတ်ထုတ်ရန် အချိန်ပိုကြာတတ်သော်လည်း ၎င်းသည် ပြဿနာမဟုတ်ပါ။

လိင်တံအရွယ်အစား

ကျွန်တော်တို့အားလုံးသည် လိင်တံအရွယ်အကြီးကို စွဲလမ်းတတ်ကြသော်လည်း ယောက်ျားလိင်အင်္ဂါသည် အရွယ်အစားစား ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ရှိကြသည်။ အရင်းမှ အဖြားသို့ တိုင်းတာပါက ယောက်ျားအားလုံး၏ တောင့်တင်းသောလိင်တံအရှည်၏ ပျမ်းမျှမှာ ၆.၃ လက်မဖြစ်သည်။ သို့သော် ယောက်ျားအများစုသည် ၅.၆ လက်မ နှင့် ၇ လက်မ အကြား အရှည်ရှိတတ်ကြသည်။ သို့သော်လိင်တူဆက်ဆံရာတွင် စအို၏ အစပိုင်း ၂ လက်မ နှင့် ၃ လက်မ ဝန်းကျင်ကသာ ထိတွေ့မှု အာရုံခံစားနိုင်သောကြောင့် တိုသော တုတ်သော လိင်တံများသည်လည်း ရှည်သော လိင်တံများနှင့် ဘာမှ မကွာပဲ အာရုံခံထားမှုကောင်းကောင်းပေးနိုင်သည်။ အထူးသဖြင့် အလွန်ရှည်ပြီးကြီးသော လိင်တံများသည် စအိုလမ်းကြောင်းအတွင်းထဲ နံရံများ နှင့် ရှုံ့ဆန့် ကြွက်သားများပေါ်သို့ အတင်းထိုးနှက်မှု ပြုလုပ်နိုင်သောကြောင့် အောင့်ခြင်းနာကျင်ခြင်းဖြစ်သောကြောင့် သတိထားသင့်ပါသည်။ ထို့ကြောင့် အရွယ်လတ်သော လိင်တံများကို လျစ်လျူရှုစရာ မလိုသလို အရွယ်ကြီးသော်လည်း တကိုယ်ကောင်းဆန်ပြီး မဆင်မခြင်လုပ်သော ယောက်ျားများကိုလည်း သတိထားသင့်သည်။

တောင့်တင်းမှု

လိင်တံတောင့်တင်းမှုသည် ကျွန်ုပ်တို့ လက်ချောင်းခြေချောင်းများကိုတွန့်သလို စိတ်နှင့် ထိန်းချုပ်၍ မရပါ။ ၎င်းသည် စိတ်ခံစားမှု၊ ခန္ဓာအာရုံခံစားမှုနှင့် ဟော်မုန်းများမှ ပေးပို့သော အချက်ပြချက်များမှ လျှပ်စစ်စေ့စော်မှုအဖြစ် ကျောရိုးမှ ဆင်းသွားပြီး အင်္ဂါတောင့်တင်းမှုကို ဖြစ်ပေါ်စေပါသည်။ ကျွန်ုပ်တို့ အသက်ကြီးလာပြီး အတွေ့အကြုံရှိလာသည်နှင့်အမျှ ကျွန်ုပ်တို့၏ လိင်စွဲလမ်းမှုကို ကောင်းစွာ သတိပြုမိလာသောအခါ ကျွန်ုပ်တို့ကို စိတ်လှုပ်ရှားစေသော အရာများကို စိတ်ထဲတွင် စုစောင်းလာကြသည်၊ (ဥပမာ စိတ်လှုပ်ရှားစေသော ရုပ်ရည်၊ ခန္ဓာကိုယ်အနံ့၊ မုတ်ဆိတ်ရှိမရှိ၊ အရပ်၊ ခန္ဓာကိုယ်အချိုးအစား စသည်)။ ကျွန်ုပ်တို့ကို စိတ်လှုပ်ရှားစေမှုသည် တစ်ဦးနှင့်တစ်ဦးမတူကြသလို အခါတရံ ကျွန်ုပ်တို့၏ လိင်မှုဘဝတွင် မမျှော်လင့်သော အရာများသည်ကလည်း ကျွန်ုပ်တို့ကို စိတ်အလွန်လှုပ်ရှားလာအောင် လုပ်စေနိုင်ပြီး လိင်တံတောင့်တင်းစေသော အခြေအနေကို ကြုံဖူးကြမှာပါ။

လိင်တံတောင့်တင်းလာသောအခါ လိင်အင်္ဂါအတွင်းသို့ သွေးများဆီးဝင်လာပြီး မာကြောလာစေသည်။ သေးငယ်သော အဆို့ရှင်များက လိင်အင်္ဂါအတွင်းသို့ သွေးလည်ပတ်မှုကို ထိန်းညှိပေးပြီး တောင့်တင်းချိန်တွင် သွေးများကို ဖမ်းထားပြီး ပုံမှန်အနေအထားတွင် ပြန်လွှတ်ပေးလိုက်သည်။

ကောက်ကွေးသော တောင့်တင်းမှု (Peyronie's disease)

အချို့ယောက်ျားများတွင် တောင့်တင်းသောလိင်တံသည် ကွေးနေတတ်သည်။ ၎င်းသည် လိင်တံ၏ တစ်ဖက်တွင် ပိုနေသော အသားမျှင်များက လိင်တံကို အပြည့်အဝတောင့်တောင်းမှုမှ တားဆီးနေချိန် အခြားတစ်ဖက်မှ တောင့်တင်းမှုသည် လိင်တံကိုကွေးကောက်သွားအောင် ပြုလုပ်လိုက်ခြင်းဖြစ်သည်။ သာမာန်အခြေအနေမျိုးသည် ကောက်ကွေးမှုသည်သိပ်မများပဲ နာကျင်မှု (သို့) ပြဿနာမရှိပါ။ သို့သော်အချို့ ယောက်ျားများတွင် ကောက်ကွေးမှုသည် အလွန်များသောကြောင့် နာကျင်မှုဖြစ်ပေါ်စေပြီး လိင်ဆက်ဆံရန် မဖြစ်နိုင်သည့် အခြေအနေမျိုးကို ရောက်နိုင်သည်။ ထိုအခြေနေမျိုးတွင် ဆေးကုသမှု/ခွဲစိတ်ကုသမှုခံယူရန် လိုအပ်နိုင်သည်။

တောင့်တင်းမှု မရပ်ခြင်း (priapism)

တောင့်တင်းမှု မရပ်ခြင်း (တခါတရံ လိင်ဆက်ဆံမှုနှင့်မဆိုင်ပါ) ကို priapism ဟုခေါ်သည်။ ထိုအခြေအနေမျိုးသည် လိင်တံထဲရှိ ရေမြှုပ်ကြွက်သားများထဲမှ သွေးပြန်မထွက်သွားသည့် အချိန်တွင် ဖြစ်ပေါ်ပြီး အလွန်နာကျင်မှုကို ဖြစ်ပေါ်စေသည်။ အချို့အခြေအနေမျိုးသည် လိင်တံသည် အပြာရောင်ပြောင်းသွားနိုင်သည်။ ဆေးရုံ အရေးပေါ်ဌာနသို့ သွားရောက်ပြသရန် လိုအပ်မည်။

ပန်းသေခြင်း

လိင်တံတောင့်တင့်မှုကို မရှိနိုင်ခြင်းကို ပန်းသေပန်းညှိးခြင်းဟုခေါ်သည်။ အမှန်တကယ်တော့ ယောက်ျားအများစုသည် ဘဝတွင် တချိန်ချိန်တော့ ထိုအခြေအနေမျိုးကို ခဏဖြစ်ဖြစ်ကြုံတတ်ကြရသည်။ ၎င်းသည် ဘဝ၏ တစ်ပိုင်းတစ်စသာဖြစ်ပြီး မထူးဆန်းသလို အများစုမှာ ယာယီသာဖြစ်တတ်သည်။ သို့သော် လိင်တံတောင့်တင်းမှု မရရှိခြင်းမှု ကာယပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အခြေအနေနှစ်မျိုးကြောင့် ဖြစ်တတ်ပြီး ၎င်းကို ခွဲခြင်းသိသင့်သည်။

ကာယပိုင်းဆိုင်ရာ

၎င်းသည် အလွန်မောပန်းနွမ်းနယ်ခြင်း၊ မူးရစ်ဆေး နှင့် အရက်အလွန်အကြွံသောက်သုံးခြင်းတို့ကြောင့် အများဆုံးဖြစ်တတ်သော်လည်း အခြားဖြစ်စေသော အချက်များမှာ -
  • ပုံမှန်သောက်သုံးနေရသော ဆေးအချို့ (ဥပမာ စိတ်ငြိမ်ဆေး၊ စိတ်ဓာတ်ကျပြောက်ဆေးများ)၊
  • သွေးတိုးနေခြင်း၊ ကိုလက်စထရော (cholesterol) များခြင်း နှင့် နှလုံးရောဂါ၊
  • အခြားရောဂါအချို့ (ဥပမာ ဆီးချို၊ ပါကင်ဆန် ရောဂါ (Parkinson's disease) နှင့် multiple sclerosis
  • လိင်တံတွင်း သွေးစီးဝင်မှုထိခိုက်ခြင်း၊ လိင်တံထိခိုက်ခြင်း နှင့် ခွဲစိတ်ကုသမှု
  • ဆေးလိပ်သောက်ခြင်း နှင့် အဝလွန်ခြင်း

စိတ်ပိုင်းဆိုင်ရာ

သင်သည် လိင်တံတောင့်တင်းမှုကို တော့ရရှိနိုင်သည် သို့သော် သင်တောင့်တင်းလိုသော အချိန်တွင် မတောင့်တောင်းလာပါက စိတ်ပိုင်းဆိုင်ရာကြောင့် တောင့်တင်းမှုမရှိနိုင်ခြင်းဖြစ်သည်။ ဖြစ်နိုင်သော အကြောင်းရင်းများမှာ လိင်စိတ်လှုပ်ရှားမှု (သို့) နှိုးဆော်မှုမရှိခြင်း၊ လိင်မှုစွမ်းဆောင်မှုအပေါ်  စိုးရိမ်ပူပန်ခြင်း၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းပါးခြင်း၊ စိတ်ဖိစီးမှု နှင့် စိတ်ဓာတ်ကျခြင်းတို့ဖြစ်ကြသည်။
မိမိ၏ ဆက်ဆံဖော် အပေါ်တွင် စိတ်လှုပ်ရှားမှုမရှိလျှင် တောင့်တင်းမှုမရှိသည်မှာ အသိသာကြီးဖြစ်သည်၊ ဥပမာ ဆက်ဆံဖော်တစ်ဦး၏ရုပ်ရည်အသွင်အပြင်ကို အခြားသူများလောက် စွဲလမ်းမှုမရှိလျှင် (သို့) ကိုယ်အရင်က စိတ်ဝင်စားမှုရှိသော လိင်မှုအပြုအမူကို စိတ်မပါတော့လျှင် စသည့်အဖြစ်မျိုး ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့သည် အသစ်အဆန်းများကို စမ်းသပ်ရှာဖွေခြင်း ဖြစ်ကြသည်။ လိင်မှုစွမ်းဆောင်မှု နှင့် ရုပ်ရည်အသွင်အပြင် ပြည့်စုံမှုအပေါ် အလွန်အရေးထားခြင်းသည် ကိုယ့်ကိုယ်ကိုပေါ်ကော ကိုယ့်ဆက်ဆံဖော်ပေါ်မှာပါ မျှော်လင့်ချက်ကြီးကြီးမားမားထားခြင်းကို ဖြစ်ပေါ်စေပြီး ထိုမျှော်လင့်ချက်များကို ပြည့်မှီစေရန်ဆိုသည်မှာ အမြဲတမ်း မဖြစ်နိုင်ပါ။ ထို့အတွက်ကြောင့် ကိုယ့်ကိုယ်ကို လုံလောက်အောင် မစွမ်းဆောင်နိုင်မည်ကို စိုးရိမ်မှုသည် ကျွန်ုပ်တို့၏ လိင်တံတောင့်တင်းမှုအပေါ် သက်ရောက်နိုင်သော်လည်း ၎င်းသည် ကျနော်တို့လိင်ဆက်ဆံလိုစိတ်မရှိဟုမဆိုလိုပါ။ ရုပ်ရည်အသွင်အပြင်ပိုင်းဆိုင်ရာတွင်လည်း ကျွန်ုပ်တို့၏ ကိုယ့်ခန္ဓာ နှင့် ရုပ် ကို ကိုယ်ယုံကြည်လက်မခံနိုင်လျှင်၊ ကိုယ့်ကိုယ်ကိုအပေါ် စိတ်အေးအေးမထားနိုင်လျှင် လိင်တံတောင့်တင်းမှုရရှိရန် ခက်ခဲနိုင်သည်။ သို့သော်လည်း အလှအပဆိုသည်မှာ ကြည့်ရှုသူနှင့်သာဆိုင်ပြီး ကိုယ့်ကိုယ်ကိုအလိုမကျသောအချက်သည် အခြားတစ်ယောက်ယောက်အတွက်တော့ အလွယ်တကူစိတ်လှုပ်ရှားနိုင်စရာ ဖြစ်သွားနိုင်သည်။

ပန်းသေခြင်းကို ဖြေရှင်းရန် အဆင့်များ

ပြဿနာကို အသိမှတ်ပြုခြင်းသည် ၎င်းကို ဖြေရှင်းနိုင်မည့် ပဏာမ ခြေလှမ်းဖြစ်သည်။ လက်တွဲဖော်၊ သူငယ်ချင်း (သို့) ယုံကြည်ရသူ တစ်ဦးဦးကို ထိုအကြောင်းရင်ဖွင့်ပြောပြခြင်းသည် ခက်ခဲနိုင်သော်လည်း အလွန်အကျိုးပြုနိုင်ပါသည်။ ထို့နောက် လိင်ကျန်းမာရေး ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ခြင်းသည်ကို ပြုလုပ်နိုင်ပါသည်။ ရှက်ကြောက်ခြင်းသည် ယောက်ျားအများစုကို အကူညီရယူခြင်းမှု တားဆီးနိုင်ကာ ၎င်းသည် တစ်ကိုယ်တည်း စိတ်ဆင်းရဲခြင်းကို ဖြစ်ပေါ်စေပြီး ၎င်းသည် မိမိ၏ တကိုယ်ရည်နှင့် လူမှူဘဝများကို ကို ထိခိုက်လာနိုင်ပါသည်။ ပန်းသေခြင်း၏ အကြောင်းရင်းမြစ်ကို ရှာဖွေနိုင်ခြင်းသည် ကုသမှုနည်းလမ်းကို ဆုံးဖြတ်ပေးနိုင်သည် (ဥပမာ လက်ရှိသောက်သုံးနေသော ဆေးကိုပြောင်းလဲခြင်း၊ သောက်ဆေးများပေးခြင်း (ဥပမာ လိင်တံတောင့်တင်းဆေး) နှင့် စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးခြင်း၊ ကုသခြင်း စသည်တို့ကို ပြုလုပ်နိုင်ပါသည်)။

ဝှေးစေ့ နှင့် ဆီးကြိတ် အကြောင်း (အပိုင်း-၅) ကို ဆက်လက်ဖတ်ရှုရန် 

ပါးစပ်၊ လည်ချောင်း နှင့် အစာခြေစနစ်အကြောင်း (အပိုင်း-၆)ကို ဆက်လက်ဖတ်ရှုရန်

 

1 comments

လိင်တူချစ်သူယောက်ျားများအတွက် တကိုယ်ရည်ကာယ ကျန်းမာရေး (အပိုင်း (၃) အရေပြား)


လိင်တူချစ်သူယောက်ျားများအတွက် တကိုယ်ရည်ကာယ ကျန်းမာရေး

သွား နှင့် ခံတွင်းအကြောင်း (အပိုင်း ၁) ကို ဖတ်ရန်

ခြေသည်းလက်သည်း နှင့် ဆံပင် အကြောင်း (အပိုင်း ၂) ကို ဖတ်ရန်

အပိုင်း (၃) - အရေပြား

၄ ကီလိုဂရမ် (၉ ပေါင်) မျှလေးသော အရေပြားသည် ခန္ဓာကိုယ်တစ်ခုလုံး၏ မျက်နှာပြင်ကို ဖုံးအုပ်ထားပြီး ခန္ဓာကိုယ်၏ အကြီးဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်သည်။ ကြံ့ခိုင်သော ပရိုတင်း keratin နှင့် ပြုလုပ်ထားပြီး ၎င်းသည် လူ့ခန္ဓာကိုယ်ကို ပတ်ဝန်းကျင်၊ ဘက်တီးရီးယား နှင့် အခြားပြင်ပမှ ဇီဝရုပ်ကောင်များမှ ကာကွယ်ပေးပါသည်။

အရေပြားသည် အလိုအလျောက် သူ့ဘာသာသူ ပြန်ပြင်ပြီး ပြန်ရှင်သန်လာနိုင်ကာ မပျက်ဆီးမကျိုးပဲ့သော အရေပြားသည် ရေစိမ့်ဝင်မှုတားဆီးပြီး ခန္ဓာကိုယ်ကို အန္တရာယ်ရှိသော နေရောင်ခြည်များမှ ကာကွယ်ပေးသည်။ ၎င်းသည် မယ်လနင် (melanin) ခေါ် အမဲအရောင်အသားရောင်ချယ်ကို ထုတ်လုပ်ပြီး နေရောင်ခြည်တွင်ရှိသော ခရမ်းလွန်ရောင်ခြည်များစုတ်ယူထားကာ အသားရေကို ကာကွယ်ပေးပါသည်။ ထို့ကြောင့် နေပူထဲထွက်ခြင်းကြောင့် အသားညိုရခြင်းဖြစ်သည်။

အရေပြားသည် ခန္ဓာကိုယ်၏ အပူချိန်နှင့်ရေဓာတ်ထိန်းညှိမှုကိုလည်း ပြုလုပ်ပေးပါသည်။ ဥပမာ ကိုယ်ပေါ်ရှိ အမွေးများသည် အေးသောရာသီဥတုတွင် ထောင်မတ်လာကာ နွေးသောလေများကို ခန္ဓာကိုယ်နှင့် နီးအောင် သိမ်းယူထားပေးသည်။ ရာသီဥတုအရမ်းပူသောအခါ ချွေးများထုတ်ပေးကာ ခန္ဓာကိုယ်ကို အေးအောင်လုပ်ပေးသည်။ အာရုံခံစားသော အကြောများသည် အရေပြားပေါ်တွင်အပြည့်ရှိပြီး ပတ်ဝန်းကျင်တွင်ရှိသော ထိတွေ့မှု၊ ဖိအား၊ နာကျင်မှု နှင့် အပူချိန်များကို ဦးနှောက်သို့ နာလည်းနိုင်ရန် ပို့ပေးကာ ပတ်ဝန်းကျင်အခြေအနေကို သိရှိစေပြီး ကိုယ့်ကိုယ်ကို ကာကွယ်နိုင်အောင် ကူညီပေးသည်။ ထို့ကြောင့် အရေပြားသည် ခန္ဓာကိုယ်တွင် အလွန်အရေးပါသော အင်္ဂါအစိတ်အပိုင်းဖြစ်ပါသည်။

အရေပြားသည် collagen (ကိုလာဂျင်) ဟုခေါ်သော ဆန့်ကျုံ့နိုင်သည့် အသားမျှင်ပါသော ခန္ဓာတစ်ရှူးများနှင့် ချိတ်ဆက်ထားသည်။ ကျွန်ုပ်တို့ အသက်ကြီးလာသည်နှင့်အမျှ နေရောင်ခြည် နှင့် သဘာဝဒါဏ်ကို ခံလာရသော ခန္ဓာအစိတ်အပိုင်းများ (ဥပမာ မျက်နှာ၊ လည်ပင်း နှင့် လက် စသည်) တို့သည့် ကိုလာဂျင်များပျက်ဆီးမှုကြောင့် မဆန့်ကျုံ့နိုင်တော့ပဲ အသားရေတွန့်လာခြင်းဖြစ်သည်။

အရေပြား၏ အဓိက တာဝန်မှာ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကို ပတ်ဝန်းကျင်မှ ကာကွယ်ရန် ဖြစ်သည့် အလျောက် အချိန်နှင့်အမျှ အရေပြားပျက်စီးသည်မှာ အံ့သြစရာတော့ မဟုတ်ပါ။ အရေပြားပြသနာများသည် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သော အရာများမဟုတ်ပဲ အလွယ်တကူ ကုသ၍ရနိုင်သော်လည်း ၎င်းတို့၏ ဘေးထွက်ဆိုးကျိုးများ နှင့် အခြားသွယ်ဝိုက်သက်ရောက်မှုများသည် ကျွန်ုပ်တို့ကို ထိခိုက်နိုင်သော အရာများဖြစ်ကြသည်။ အထူးသဖြင့် ထပ်ခါတလဲလဲဖြစ်ပေါ် အရေပြားရောဂါများသည် ကျွန်ုပ်တို့ကို အထူးထိခိုက်နိုင်သည်။

ဖြစ်လေ့များသော အရေပြားပြသနာများမှာ

ဝက်ခြံပေါက်ခြင်း - ဟော်မုန်းကြောင့် အရေပြားအောက်ရှိမွေးညင်းပေါက်များသည် အဆီအပိုထုတ်လုပ်လာသဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ယောက်ျားလေးများကို လူပျိုဖြစ်စအချိန်တွင် အဖြစ်များလေ့ရှိသော်လည်း နောက်ပိုင်း အရွယ်တွင်လည်း ဖြစ်နိုင်သေးသည်။

Eczema/နှင်းခူနာ (သို့) အရေပြား အလွန်ခြောက်သွေ့ခြင်း - ရောင်ရမ်းသော၊ ယားယံသော၊ ခြောက်သွေ့သည့် အလွှာများကွာကျသော အရေပြားအခြေအနေဖြစ်သည့်။ တခါတရံတွင် ဓာတ်မတည့်မှုကြောင့် ဖြစ်ပေါ်သော်လည်း အရေပြားအလွန်ခြောက်သွေ့ခြင်းကြောင့်အပါအဝင် အခြားအကြောင်းအရင်းအမျိုးမျိုးကြောင့်လည်း ဖြစ်ပေါ်ပါသည်။

(ခြေထောက်) သဲဝဲ - ဝဲဆွဲစေသော မှို (သို့မဟုတ်) ဘက်တီးရီးယားကူးစက်မှုကြောင့် ခြေချောင်းများအကြား ယားယံပြီးစပ်သော နာများဖြစ်ခြင်းဖြစ်သည်။ ဘွတ်ဖိနပ်ဝတ်ပြီး ချွေးထွက်သော ခြေထောက်များတွင် အဖြစ်လွယ်သည်။

ကိုယ့်ကိုယ်ကို ထိန်းသိမ်းကုသခြင်း

  • သင့် အရေအပြားအခြေအနေ၏ ရောဂါအကြောင်း နှင့် ကုသနည်းကို ကောင်းကောင်းမသိပါက သင့်ဆရာဝန်၏ အကူအညီကိုယူပါ။
  • ဝက်ခြံကို ကုသ၍ မရသော်လည်း ပိုမဆိုးလာအောင် ထိန်းသိမ်းထားသင့်ပါသည်။ ဝက်ခြံသည် တစ်ကိုယ်ရေညစ်ပတ်ခြင်းအကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ပါ။ ခဏခဏ မျက်နှာသစ်ခြင်းကြောင့် ပျောက်သွားမည်မဟုတ်ပဲ ၎င်းသည် အရေပြားကို ခြောက်သွေ့ယားယံစေပြီး အနာများကိုသာ ပိုဆိုးစေပါသည်။ သင်ဝက်ခြံပေါက်သူဖြစ်ပါက တစ်နေ့ကို နှစ်ကြိမ်ထက်ပိုပြီး မျက်နှာကို မသစ်ပါနှင့်။ အလွန်ပူသော၊အလွန်အေးသောရေသည် ဝက်ခြံကို ပိုဆိုးစေသည်။ ဝက်ခြံရှိ အမဲစက်များကို မြန်မြန်ထွက်အောင် မညှစ်ပစ်ပါနှင့်။ အမာရွတ်များကျန်တတ်သည်။ ဆံပင်ရှည်လျှင် ဆံပင်ပုံမှန် သန့်ရှင်းရေးလုပ်ပါ။ ဆံပင်ကို မျက်နှာပေါ်မကျစေပါနှင့်။ အလွန်အဆီပြန်စေသော မျက်နှာနှင့်ဆံပင်လိမ်းဆေးများကို ရှောင်ပါ။ ၎င်းတို့သည် သင့်အရေပြား၏ လေဝင်လေထွက်ကို ပိတ်ထားနိုင်ပါသည်။ ဝက်ခြံပိုဆိုးလာပါက ဆရာဝန်နှင့် အရင်တိုင်ပင်ကာ ထိရောက်သော ဆေးများကို ရယူပြီး အခြေအနေထိန်းထားနိုင်ပါသည်။
  • နှင်းခူနာ (သို့) အရေပြား အလွန်ခြောက်သွေ့ခြင်းဖြစ်ပေါ်နေပါက moisturizer လိမ်းဆေးများကို အသုံးပြုပြီး အသားရေကို စိုဆွတ်အောင်လုပ်ပါ။ အလွန်ပူသောရေကိုသုံးခြင်း၊ အကြာကြီးရေချိုးခြင်းရှောင်ပါ။ အလွန်ပြင်းသော အမွှေးနံများပြင်းသော ဆပ်ပြာများသည် အသားရေကို ခြောက်သွေ့စေပါသည်။ ဆပ်ပြာအများကြီးသုံးခြင်းရှောင်ပါ။ တခါတရံ ကိုယ်စားသော အစားသောက်အထဲမှအချို့သည် အရေပြားကို ယားယံစေပါသည်။ အချို့အစားအစာကို ပြောင်းလဲခြင်းဖြင့်လည်း ပြသနာကို သက်သာအောင်ပြုလုပ်နိုင်ပါသည်။ ဥပမာ အချို့ နှင်းခူနာဖြစ်သူအချို့သည် နို့ထွက်အစားအစာများကို ရှောင်ခြင်းဖြင့်သက်သာကြသည်။ စိတ်ဖိစီးမှုသည် အရေပြားပြသနာများကို ဖြစ်စေသလို ပို၍လည်းဆိုးရွားစေနိုင်ပါသည်။ သင့်ကို စိတ်ဖိစီးမှု ဖြစ်စေသော အရာများကို ရှောင်ပါ၊ ဖြေရှင်းပါ။ နေရောင်ခြည်ကို ရယူခြင်းဖြင့်လည်း အရေပြားအခြေအနေများ တိုးတက်ကောင်းမွန်လာနိုင်ပါသည်။ သို့သော် နေမလောင်မိစေရန်လည်း အထူးသတိပြုရမည်ဖြစ်သည်။
  • ခြေထောက် သဲဝဲ ပေါက်ပါက အလွယ်တကူပျောက်ကင်းစေသော လိမ်းဆေး၊ အမှုန့်နှင့်၊ ဖြန်းဆေးများ ဆေးဆိုင်တွင် မေးမြန်းဝယ်နိုင်ပါသည်။

အရေပြားကင်ဆင်ကာ ရှိမှရှိ ကိုယ့်ဖာသာ စစ်ဆေးခြင်း

အရေပြားကင်ဆာသည် ကိုယ်ဖာသာ စစ်ဆေးခြင်းဖြင့် စောစီးစွာသိရှိနိုင်ပါသည်။ ဝှေးစိကင်ဆာ ကဲသို့ပင် အရေပြားကင်ဆာသည် စောစီးစွာသိရှိပါက အောင်မြင်ကုသပျောက်ကင်းနိုင်ပါသည်။ အရေပြားကင်ဆာဟု သံသယရှိဖွယ် သင်္ကေတများမှာ -
  • တဖြည်းဖြည်း ကြီးလာသော အဖု (သို့) အကြိတ်
  • အရေပြားအရောင်၊ အသားအရေ ပြောင်းလဲသွားခြင်း
  • ပုံစံ၊ အရွယ်အသားနှင့် အရောင်ပြောင်းလဲသွားပြီး ယား၊ စပ်၊ (သို့) သွေးထွက်လာသော မှဲ့ (သို့) အမဲစက်
  • ရုတ်တရက်ပေါ်လာသော မှဲ့အသစ်
  • သုံးပတ်ကျော်ကြာသည်အထိ မကျက်သော အနာ၊ ဖက်ခွက်နာ၊ ပြည်နာ
သို့သော် အလွန်တရာတော့ သံသယ မကြီးပါနှင့်။ သင်အသက်ကြီးလာသည်နှင့် အမျှ ခန္ဓာကိုယ်ကိုသည် အမြင်ပုံပန်း ပြောင်းလဲတာလည်း ဖြစ်တတ်ပါသည်။

အရေပြား ထိန်းသိမ်းစောင့်ရှောက်မှု အလေ့အကျင့်ကောင်းများ

  • သင်စားသော အစားအသောက်တွင် လတ်ဆတ်သော သစ်သီးများ နှင့် ဟင်းသီးဟင်းရွက်များ များများပါပါစေ။
  • တစ်နေ့လျှင် ရေသန့်ရေရှစ်ခွက်အနည်းဆုံး သောက်ပါ။ လက်ဖက်ရည်၊ ကော်ဖီ နှင့် အခြား အချိုရေများကို မဆိုလိုပါ။
  • ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်ဖြတ်ပါ။ အရွယ်မတိုင်ခင် အသားတွန့်ခြင်းကို ဖြစ်စေပါသည်။
  • ရေပုံမှန်ချိုးကာ မပြင်းထန်သောဆပ်ပြာနှင့် အညစ်အကျေးများနှင့် ဆဲလ်အသေများကို ဆေးချပါ။ ရေချိုးလျှင် ဆပ်ပြာပြောင်အောင်ချိုးပါ။
  • ရေပူရေနွေးနှင့်ချိုးပါက ရေကို အရမ်းမပူစေပါနှင့်၊ ရေပူနှင့် အလွန်အကြာကြီးချိုးခြင်း စိမ်ခြင်းကို ရှောင်ပါ။ ၎င်းသည် အသားရေကိုခြောက်သွေ့သွားစေပါသည်။
  • ကိုယ့်အသားရေနှင့် လိုက်ဖက်သော moisturizer ကို ရှာသုံးပါ။
  • ရေချိုးပြီးလျှင် ခြေချောင်းများ လက်ချောင်းများအကြား ဂရုတစိုက်ခြောက်အောင်သုတ်ပါ။
  • နေပူထဲသို့ထွက်လျှင် နေရောင်ထိသော နေရာများကို နေရောင်ခြည်ကာကွယ်လိမ်းဆေး (သို့) ထီးဆောင်ခြင်း၊ မျက်နှာကို ဦးထုပ်ဆောင်း ကာကွယ်ခြင်း၊ မျက်လုံးများကို မျက်မှန်တပ်ကာကွယ်ခြင်း စသည်တို့ဖြင့် နေလောင်ခြင်းမှ ကာကွယ်ပါ။
  • အေးသော လေပြင်းထန်သော ရာသီများတွင် လုံလုံခြုံခြုံဝတ်ဆင်ပါ။
  • အရေပြားကို ထိခိုက်ပျက်ဆီးစေသော ဆေးများ (ဥပမာ အက်စက်ပါသော အိမ်တွင်းသုံး ကြွေပြားအစွန်းချွတ်ဆေး စသည်)ကို တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကျင်ပါ။ 

လိင်အင်္ဂါအကြောင်း (အပိုင်း-၄) ကို ဆက်လက်ဖတ်ရှုရန်

ဝှေးစေ့ နှင့် ဆီးကြိတ် အကြောင်း (အပိုင်း-၅) ကို ဆက်လက်ဖတ်ရှုရန် 

ပါးစပ်၊ လည်ချောင်း နှင့် အစာခြေစနစ်အကြောင်း (အပိုင်း-၆)ကို ဆက်လက်ဖတ်ရှုရန်

 

0 comments

လိင်တူချစ်သူယောက်ျားများအတွက် တကိုယ်ရည်ကာယ ကျန်းမာရေး (အပိုင်း (၂) ခြေသည်းလက်သည်း နှင့် ဆံပင်)


လိင်တူချစ်သူယောက်ျားများအတွက် တကိုယ်ရည်ကာယ ကျန်းမာရေး

သွား နှင့် ခံတွင်းအကြောင်း (အပိုင်း ၁) ကို ဖတ်ရန်

အပိုင်း (၂) - ခြေသည်းလက်သည်း

အရေပြားကဲ့သို့ ခြေသည်းလက်သည်းများသည် keratin ခေါ် ပရိုတင်းတစ်မျိုးဖြင့်ပြုလုပ်ထားပြီး ကျွန်ုပ်တို့၏ လက်ချောင်းခြေချောင်းများကို ကာကွယ်ပေးသည်။ လက်သည်းများသည် ပုံမှန်အခြေအနေတွင် အောက်ခြေမှနေ ထိပ်ဆုံးထိ ရှည်လာရန် ၅ လ မှ ၆ လအထိကြာသည်။ ခြေသည်းများမှာတော့ လက်သည်းထက် နှစ်ဆမျှ ရှည်ရန်ပိုကြာသဖြင့် လက်သည်းညှပ်သလောက် ခြေသည်းကို ညှပ်စရာ မလိုပါ။

ပျက်ဆီးမှု နှင့် အချက်ပြလက္ခဏာများ

ခြေသည်းလက်သည်းများသည်လည်း ထိခိုက်ဒဏ်ရာရမှု နှင့် ထုခြေခံရမှုတို့ကြောင့် ပျက်ဆီးမှုဖြစ်နိုင်သလို ဘက်တီးရီးယား နှင့် မှို ကူးစက်မှုကို ခံရလည်းလွယ်ပါသည်။ ကြွပ်ပြီးကျိုးလွယ်သော (သို့) ပြော့ကြောင်းထိုးသော ခြေသည်းလက်သည်း၊ လက်သည်းအောက်တွင် အမဲရောင်လှိုင်းအမှတ်များ နှင့် လက်သည်းရောင် အပြာ (သို့) အစိမ်းသို့ ပြောင်းလဲခြင်းတို့သည် ဗီတာမင်ချို့တဲ့မှု နှင့် အခြားရောဂါများ၏ အချက်ပြလက္ခဏာများ ဖြစ်ကြသည်။

လက်သည်းကိုက်ခြင်း

လက်သည်းကိုက်ခြင်းသည် စိတ်လှုပ်ရှားမှုမှ အကျိုးဆက်ဖြစ်လာသော အကျင့်ဖြစ်သည်။ ဆိုးရွားစွာကိုက်ထားသော လက်သည်းသည် နာကျင်မှု၊ သွေးထွက်မှု တို့ဖြစ်လွယ်ပြီး ရောဂါပိုး အလွယ်တကူ ဝင်နိုင်ပါသည်။ သန့်ရှင်းလှပပြီး လက်သည်းများကို ရရှိဖို့ မိမိကိုယ်ကို ထိန်းပြီး လက်သည်းကိုက်သည့် အကျင့်ကို ဖယ်ရှားသင့်ပါသည်။

လက်သည်း ဂရုစိုက်ခြင်း အလေ့ကျင့်ကောင်းများ

  • လက်သည်းများအောက်မှ ဂျီးများ ဖုန်များကို တိုက်ထုတ်ခြင်းဖြင့် သန့်ရှင်းရေးလုပ်ပါ။
  • လက်သည်းမညှပ်ခင် ရေနွေးဖြင့် လက်ဆေးခြင်းဖြင့် လက်သည်းများပြော့အောင်လုပ်ပါက ပိုညှပ်ရလွယ်ပါသည်။
  • လက်သည်းများကို အရမ်းတိုအောင် မညှပ်ပါနှင့်။
  • လက်သည်းကို မကိုက်ပါနှင့်။ ကျန်းမာရေးအတွက် မကောင်းသလို လူကြားမြင်မကောင်းလည်း ဖြစ်ပါသည်။
  • လက်သည်းပိုးဝင်ခြင်းမှ ကာကွယ်ရန် လက်များကို ရေထဲတွင် အကြာကြီး အလုပ်လုပ်ရမည်ဆိုပါက ရာဘာလက်အိပ်ဝတ်ပြီး မှလုပ်ပါ။
  • လက်သည်းများ အရောင်ပြောင်း၊ ပြော့ (သို့) ကြွပ်လာပါက ဆရာဝန်ပြပါ။ မှိုကိုက်သောကြောင့် ဖြစ်ခြင်း ဖြစ်နိုင်ပါသည်။ အလွယ်တကူ ကုသ၍ ရနိုင်ပါသည်။

ခြေဖဝါး နှင့် ခြေသည်း ဂရုစိုက်ခြင်း အလေ့ကျင့်ကောင်းများ

  • ခြေဆွယ်ငုပ်ခြင်းမှ ကာကွယ်ရန် ခြေသည်းများကို ဖြောင့်ဖြောင့်တည့်တည့် ညှပ်ပါ။
  • ရေချိုးတိုင်း ခြေဖဝါး၊ ခြေချောင်းများနှင့် ခြေသည်းများကို သန့်ရှင်းရေးလုပ်ရန် မမေ့ပါနှင့်။ ရေချိုးပြီးတိုင်း ခြေထောက်ကို ခြောက်အောက်သုတ်ပါ။ အထူးသဖြင့် ခြေချောင်းများအကြား ခြောက်သွေ့အောင်သုတ်ဖို့ မမေ့ပါနှင့်။
  • အရေပြားရောဂါများ မှိုများ ကူးစက်လွယ်သူဖြစ်ပါက၊ အနာပေါက်သည့်နေရာတွင် လိမ်းရန် လိမ်းဆေး၊ အမှုန့်ဆေး (သို့) မှုတ်ဆေးများ အမြဲတမ်းဆောင်ထားပါ။ ခြေထောက်ကို သုတ်ရန် တံပတ်သတ်သတ်ထားပါ (အထူးသဖြင့် ခြေထောက်သုတ်ပြီး မျက်နှာကို မသုတ်မည့် တံပတ်ပေါ့)။
  • ဘွတ်ဖိနပ်စီးပါက ခြေထောက်အနံမနံအောင် ခြေအိပ်ကို နေ့တိုင်းလဲပါ။
  • ခြေဖနှေင့်နှင့် ခြေဖဝါးများ မှ ခြေအသားမာများမတက်အောင် ကျောက်ပွ (သို့) ရေမြှပ်ကျောက် ဖြင့် ဆဲလ် အသေများကို အသာအယာ ချွတ်ပါ။
  • အလွန်ဟောင်းနေသော ဖိနပ်များ၊ မတော်တော့သော ဖိနပ်များကို မဝတ်ပါနှင့်။
  • ပူပြင်းသော ရာသီဥတုများတွင် ခြေထောက်ချွေးအရမ်းထွက်စေသော ဖိနပ်များကို ရှောင်ပါ။ သဘာဝ အရာများဖြင့် ပြုလုပ်ထားသော (ဥပမာ) ချည်ထည် ခြေအိပ်၊ လည်သာ ဖိနပ်၊ ကတီပါ ဖိနပ် စသည်တို့ကို ရွေးချယ်ပါ။

ဆံပင် နှင့် အမွေးအမြင်များ

အရေပြားနှင့် ခြေသည်းလက်သည်းကဲ့သို့ပင် ဆံပင်သည်လည်း keratin နှင့် ပြုလုပ်ထားသည်။ ဆံပင် နှင့် အမွေးအမြင်များသည် ခန္ဓာကိုယ်ကို အကာကွယ်ပေးသော အတားအဆီးများ ဖြစ်ကြသည်။ ဥပမာ မျက်တောင်သည် မျက်လုံးများကို ကာကွယ်သည်။ နှာခေါင်း နှင့် နားအတွင်းရှိ အမွေးများသည် အတွင်းသို့ ပြင်ပမှအရာများ ဝင်မလာစေရန် တားဆီးပေးသည်။ မျက်ခုံးသည် မျက်လုံးအတွင်းသို့ ချွေးများမဝင်စေရန် တားဆီးသည်။ အမွေးတစ်ပင်စီ၏ အမြစ်တွင် ကပ်နေသော ကြွက်သားများကို ခန္ဓာကိုယ်၏ အပူချိန်နှင့် စိတ်ခံစား ဖိစီးမှုများမှ နှိုးဆွပေးသည်။ ဥပမာ ခန္ဓာကိုယ်အေးလာသောအခါတွင် ကြွက်သားများ ကျုံ့လာပြီး အမွေးများထောင်လာကာ လေကိုဖမ်းထားပြီး အပူဓာတ်ကို ထိန်းသိမ်းပေးပါသည်။ အမွေးတပင်သည် ၅ နှစ် ကြာသည်ထိ ရှည်လာနိုင်ပြီးနောက် ရှင်သန်မှု ရပ်တံ့သွားပါသည်။ ရှည်လာမှုရပ်တံသွားသောအခါ ဆံပင်သည် ကျွတ်သွားပြီး နောက် ၃ လအကြာတွင် နောက်တပင်ပေါက်ပါသည်။ လူတစ်ဦးနှင့် တစ်ဦး အမွေးအမြင် အရေအတွက် မတူသည်မှာ အသိအသာပင်ဖြစ်သည်။ ဆံပင်အရောင်သည် ဆံပင်တွင် pigment ခေါ် ခန္ဓာအရောင်ချယ်အရာများ မည်မျှ ရှိသလဲပေါ်မူတည်ပါသည်။ အသက်ကြီးလာသည်နှင့် အမျှ pigment ထုတ်လုပ်မှုနည်းသွားသောကြောင့် ဆံပင်များ ဖြူလာရခြင်းဖြစ်သည်။

ဆံပင်ကျွတ်ခြင်း

ဆံပင်ကျွတ်ရခြင်း အကြောင်းအရင်း အမျိုးမျိုးရှိပါသည်။ ဥပမာအချို့မှာ ခန္ဓာကိုယ်ဖျားနာခြင်း၊ အရေပြားရောဂါ၊ ဓာတ်မတည့်မှု ဖြစ်ပေါ်ခြင်း နှင့် စိတ်ဖိစီးမှုတို့ကြောင့် ဖြစ်သည်။ အဖြစ်များသော ဆံပင်ကျွတ်ခြင်းမှာ ထိပ်ပြောင်ခြင်းဖြစ်သည်။ ၎င်းမှာ ကျွန်ုပ်တို့ အသက်ကြီးလာသည်နှင့် အမျှ ခန္ဓာကိုယ်အတွင်း ဟောမုန်းပြောင်းလဲမှုကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ၎င်းသည် ခန္ဓာကိုယ်၏ သဘာဝ ဖြစ်စဥ်ဖြစ်ရပ်တစ်ခုဖြစ်သော်လည်း အချို့ယောက်ျားများအတွက် အထူးသဖြင့်ငယ်ရွယ်စဥ် ထိပ်ပြောင်ခြင်းသည် စိတ်ညစ်စရာ ကိစ္စတစ်ခုဖြစ်နိုင်သည်။ အကယ်၍ ထိပ်ပြောင်ခြင်းသည် သင့်အတွက် စိတ်ဖိစီးစရာ၊ စိတ်ဓာတ်ကျစရာဖြစ်ပါက လိမ်းဆေးများ ဆံပင်စိုက်ကုသမှုများအား ပိုက်ဆံအကုန်ခံပြီး မပြုလုပ်မီ ဆရာဝန်နှင့် အရင်မေးမြန်းဆွေးနွေးသင့်ပါသည်။

ဗောက်

ဗောက်သည် လူတိုင်းတွင် အဖြစ်များသော အခြေအနေတစ်ခုဖြစ်ပြီး သာမာန်တွင် အန္တရာယ်တော့ မရှိပါ။ ဗောက်သည် ဦးရေပြားမှ ဆဲလ်အသေများ ခွာချသောအခါ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ပုံမှန်တွင် ကုသမှုသည် ဗောက်ပြောက်သော ခေါင်းလျှော်ရည်ကိုသုံးပြီး ထိန်းသိမ်း၍ရသော်လည်း အလွန်ခေါင်းယားပြီး ဗောက်များအခြေအနေဆိုးပါက ဆရာဝန်ညွှန်ကြားသော ဆေးများကို အသုံးပြီး ကုသ၍ရနိုင်ပါသည်။

ဆံပင် နှင့် ဦးရေပြား ဂရုစိုက်ခြင်း အလေ့ကျင့်ကောင်းများ

  • ခေါင်းလျှော်ရည်သုံပြီး အဆီနှင့် အညစ်အကြေးများကင်းစင်အောင် ပုံမှန် ဦးခေါင်းကို ဆေးကြောပေးပါ။ ပြင်းပြီးကြမ်းသော ဗောက်ပျောက်ခေါင်းလျှော်ရည် သုံးမည်ဆိုပါက အရင် ဆေးဆိုင် (သို့) ဆရာဝန်နှင့် ဆွေးနွေးပါ။
  • ခေါင်းလျှော်နေစဥ် ဦးရေပြားကို ဖိနှိပ်ပြီး ဦးခေါင်းသို့ သွေးစီးစင်းမှုကောင်းအောင်ပြုလုပ်ပြီး အကြောများလျော့သွားအောင် ပြုလုပ်နိုင်ပါသည်။
  • ခေါင်းလျှော်ရည်ဆပ်ပြာများ ပြောင်အောင် သေချာဆေးချပါ။
  • Hairdryer သုံးပါက အပူကြောင့် ပျက်ဆီးခြင်း မဖြစ်အောင် ခပ်ဝေးဝေးကနေ လေမှုတ်ပါ။
  • ဆံပင်အစိုကို ရေခြောက်ရန် တံပတ်နှင့်သုတ်ရာတွင် အရမ်းကြမ်းတမ်းစွာ မပွတ်ပါနှင့်။ ဆံပင်စိုနေချိန်တွင် ဘီးမဖီးပါနှင့်။ ဆံပင်များသည် ရေစိုနေချိန်တွင် အားပြော့သောကြောင့် ကျိုးတတ်ပါသည်။
  • နှာခေါင်း နှင့် နားတွင်းရှိ အမွေးများသည် ရှည်လာတတ်သဖြင့် ကြည့်ရဆိုးသော ထွက်နေသော အမွေးများကို တိုအောင်ညှပ်ပစ် နိုင်ပါသည်။

အရေပြားအကြောင်း (အပိုင်း-၃) ကို ဆက်လက်ဖတ်ရှုရန်

လိင်အင်္ဂါအကြောင်း (အပိုင်း-၄) ကို ဆက်လက်ဖတ်ရှုရန်

ဝှေးစေ့ နှင့် ဆီးကြိတ် အကြောင်း (အပိုင်း-၅) ကို ဆက်လက်ဖတ်ရှုရန်

ပါးစပ်၊ လည်ချောင်း နှင့် အစာခြေစနစ်အကြောင်း (အပိုင်း-၆)ကို ဆက်လက်ဖတ်ရှုရန်

0 comments

လိင်တူချစ်သူယောက်ျားများအတွက် တကိုယ်ရည်ကာယ ကျန်းမာရေး (အပိုင်း (၁) သွား နှင့် ခံတွင်း)



လိင်တူချစ်သူယောက်ျားများအတွက် တကိုယ်ရည်ကာယ ကျန်းမာရေး

ကျွန်ုပ်တို့သည် မိမိကိုယ်ကို ကျန်းမာရေးစောင့်ရှောက်ရာတွင် ကျွန်ုပ်တို့၏ ခန္ဓာဖွဲ့စည်းပုံ၊ အလုပ်လုပ်ပုံ နှင့် ရောဂါဖြစ်ပွားပုံ စသည်တို့ကို သိထားပါက ဖျားနာရောဂါများကို မဖြစ်ခင်ကတည်းက ကြိုတင်တားဆီး နိုင်မည်ဖြစ်ပါသည်။ ထိုအခါ ကျန်းမာပျော်ရွင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ပါမည်။ ခန္ဓာကျန်းမာမှ စိတ်ကျန်းမာမည်။ စိတ်ကျန်းမာသည့်အခါ မိမိ ပတ်ဝန်းကျင်ရှိ မိသားစု၊ သူငယ်ချင်း၊ လက်တွဲဖော် စသည်တို့နှင့် ပျော်ရွင်သော လူမှုဘဝကိုပိုင်ဆိုင်နိုင်မည်။ နောက်ဆုံး ကျန်းမာသော လူမှုဘဝ မှတဆင့် ဘဝ အောင်မြင်မှုများကို ရရှိနိုင်လာမည်။ ထို့အပြင် ချစ်သူလက်တွဲဖော် နှင့် မိမိအကြား နှစ်ဦးလုံးကျန်းမာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပါက မေတ္တာရေး နှင့် လိင်မှုဘဝတွင်လည်း သာလွန်ကောင်းမွန်သော ဘဝကို ပိုင်ဆိုင်နိုင်မည်။ ထို့ကြောင့် မိမိ ခန္ဓာကိုယ်အကြောင်းနှင့် ဖျားနာမှုရောဂါများအကြောင်း အခြေခံ ဗဟုသုတရှိပါက ဘဝအတွက် အကျိုးရှိပါသည်။ သို့ဖြစ်၍ လုလင်မဂ္ဂဇင်းမှ စာဖတ်သူများအတွက် အကျိုးရှိမည့် လိင်တူချစ်သူယောက်ျားများအတွက် တကိုယ်ရည်ကာယ ကျန်းမာရေးအကြောင်းကို အတွဲလိုက် တင်ပြပေးလိုက်ပါသည်။

အပိုင်း (၁) သွား နှင့် ခံတွင်း

လူကြီးတစ်ယောက်တွင် အံဆုံးသွား ပေါက်မပေါက်ပေါ်မူတည်၍ သွား ၂၈ ချောင်းကနေ ၃၂ ချောင်းထိရှိပါသည်။ အံဆုံးသည် လူတိုင်းတွင် မပေါက်ပါ။ သွား၏ အတွင်းသားထဲတွင် သွေးကြောများနှင့်အာရုံကြောများရှိပြီး အပြင်တွင် dentin ဟု ခေါ်သော နံရံရှိသည်။ ကျွန်ုပ်တို့မြင်နေရသော အပြင်ဆုံးအပိုင်းကို crown ဟုခေါ်ပြီး ၂ မီလီမီတာခန့်ရှိသော ကြွေလွာကဖုံးအုပ်ထားပါသည်။ သွားဖုံး၏ အောက်အတွင်းပိုင်းတွင် သွားအမြစ်ကို cementum နှင့် ပြုလုပ်ထားသည်။ dentin နှင့် cementum နှစ်ခုစလုံးသည် အရိုးကဲ့သို့အလွန်မာကြောသော အရာဝတ္ထုများဖြစ်ကြသည်။ သွားများကို သွားဖုံးထဲတွင် အထူးအမှေးပါးတစ်မျိုးက သွားအအိမ်အတွင်းကို ကပ်နေအောင် ချုပ်ကပ်ထားပါသည်။ ခံတွင်းသန့်ရှင်းမှုမရှိခြင်း၊ သွားပုံမှန်မတိုက်ခြင်း၊ သွားချောင်းများအကြား ကျိုးနှင့်သန့်ရှင်းမှုမပြုလုပ်ခြင်းဖြင့် ခံတွင်းသည် ကူးစက်ရောဂါပိုးများကို တိုက်ဖျက်နိုင်စွမ်းကို ကျဆင်းပြီး သွားများအား သွားဖုံးအတွင်းသို့ ချုပ်ထားသော အမှေးပါးများကို အားလျော့စေပါသည်။ ခံတွင်းအတွင်းရှိ တံတွေးသည် သဘာဝအလျောက် အစွန်းချွတ်ပြီး ပိုးများကိုသေစေနိုင်သော်လည်း ခံတွင်းသန့်ရှင်းရေးကင်းမဲ့ခြင်း၏ အကျိုးဆက်ကြောင့် ပါးစပ်တွင်းအနာပေါက်ခြင်း၊ သွားဖုံးသွေးယိုခြင်းတို့ဖြစ်ပေါ်ကာ နောက်ဆုံး သွားဖုံးရောင်ရောဂါဖြစ်ပြီး အသည်းရောင်အသားဝါပိုး၊ HIV ပိုးများ စသည့် ကူးစက်ရောဂါပိုးများလည်း အလွယ်တကူဝင်ရောက်လာရန် လမ်းကြောင်းကို ဖြစ်ပေါ်စေပါသည်။

ခံတွင်း အနံ့ဆိုးခြင်း

ခံတွင်းအနံ့ဆိုးခြင်းသည် ဘက်တီးရီးယားပိုးများမှ သွားယို့စေယွင်းခြင်း၊ ဆေးလိပ်သောက်ခြင်း နှင့် အစားအသောက်အချို့ကြောင့် ဖြစ်ပေါ်ပါသည်။ အထူးသဖြင့် ညဘက်အရက်သောက်ပြီး နောက်တနေ့နံနက်တွင် ခံတွင်းအနံ့ဆိုးရွားခြင်း ဖြစ်ပေါ်နိုင်ပါသည်။ ညအခါ အိပ်နေစဥ်တွင် သင်၏ခန္ဓာကိုယ်သည် သဘာဝအလျောက် ပါးစပ်ကိုဆေးကြောပေးသည့် တံတွေးကို ထုတ်လုပ်မှုနည်းသောကြောင့် သွား၊ သွာဖုံးနှင့် လျှာပေါ်တွင် ပါးလွားသော အမြုပ်ပုံစံ အလွှာတစ်ခုဖြစ်ပေါ်လာသည်။ ကျန်းမာရေးကို အထောက်အပံ့ပြုသော ဘက်တီးရီးယားများသည် ၎င်းအလွှာကို ဖြိုဖျက်ရာတွင် အနံဆိုး၊အရသာဆိုးသော အဆိပ်အပြော့စားတစ်မျိုးကို စွန့်ထုတ်ခြင်းကြောင့် ခံတွင်းအနံ့ဆိုးခြင်းဖြစ်သည်။ အချို့အခြေအနေမျိုးတွင် ခံတွင်းအနံ့ဆိုးခြင်းသည် မှီဝဲနေရသော ဆေးများကြောင့်သော်လည်းကောင်း အစာအိမ်တွင်အနာဖြစ်နေသောကြောင့်သော်လည်းကောင်း အနံ့ဆိုးတတ်သည်။

သွားချေး

သွားချေးဆိုသည်မှာ တံတွေး၊ ဘက်တီးရီးယား နှင့် အစာအကြွင်းအကျန်များ စုပေါင်းထားသော သွားပေါ်တွင်ဖြစ်ပေါ်လာသည့် ကပ်စည်းစည်းအလွှာတစ်ခုဖြစ်သည်။ ၎င်းသည် သွားယို့ယွင်းခြင်း သွားဖုံးရောင်ခြင်း စသည်တို့၏ အဓိက တရားခံဖြစ်သည်။ သန့်ရှင်းရေးမလုပ်ပဲ ထိုအတိုင်း စုပြုံလာအောင်ထားပါက မာကြောလာပြီး ဖယ်ရှားရခက်ခဲလာသည်။ သွားချေးများသည် သွားတိုက်ပြီး နာရီအနည်းငယ်အတွင်း ပြန်ဖြစ်ပေါ်လာတတ်သည်။ သွားဖုံးများ မကျန်းမာပါက သွားချေးများ ပိုမိုလျှင်မြန်စွာ ပြန့်နှံ့နိုင်သည်။ ထိုအခါ ဘက်တီးရီးယားများသည် သွားကြွေလွှာများကို မြန်မြန် တိုက်စားလာနိုင်ပြီး နောက်ဆုံး သွားအခေါင်းပေါက်များ တခုချင်းစီ ဖြစ်လာမည်။ ထို့ကြောင့် သွားချေးများကို တစ်နေ့လျှင် အနည်းဆုံးနှစ်ခါမျှ သွားတိုက်သန့်ရှင်းခြင်း၊ သွားချောင်းများအကြားကျိုးဖြင့် အစာအကြွင်းအကျန်များကိုရှင်းခြင်း စသည်တို့ကို ပြုလုပ်သင့်ပါသည်။

သွားဖုံးရောင်ခြင်း

သွားဖုံးရောင်ခြင်းသည် သွားချေးများ ချိုးကပ်ခြင်းဆိုးရွားမှုကြောင့် ဖြစ်လေ့ရှိသည်။ သွားချိုးများအတွင်းမှ ဘက်တီးရီးယားများမှ ထုတ်လွှတ်သော အဆိပ်များသည် သွားဖုံးကို ယားယံစေပြီး ပိုးဝင်၍ နာကျင်လာစေကာ ရောက်ကိုင်းလာစေပါသည်။ သွားဖုံးရောင်ခြင်းသည် သွားကြမ်းတမ်းစွာ တိုက်ခြင်းကြောင့်လည်း သွားဖုံးများ ဒါဏ်ရာရခြင်းမှာလည်း ဖြစ်ပေါ်နိုင်ပါသည်။ ကျန်းမာသော သွားဖုံးသည် ပန်းရောင် သို့မဟုတ် အညှိရောင်ရှိပြီး တောင့်တင်းသည်။ မကျန်းမာသော သွားဖုန်းသည် အနီသန်းသောခရမ်းရောင်ရှိပြီး ပျော့ပြဲကာ ဖောရောင်သည်။ သွားတိုက်စဥ် သွားဖုံးသွေးယိုမှုကို လွယ်ကူစွာဖြစ်ပေါ်နိုင်ပြီး သွားဖုံးများနာကျင်မှုကို ဖြစ်ပေါ်သည်။ အစကတည်းက သွားချေးများနှင့် သွားချိုးများ ခံတွင်းအတွင်း မစုပြုံစေခြင်းသည် သွားဖုံးရောင်ရောဂါကို ကာကွယ်ခြင်းဖြစ်သောကြောင့် ခံတွင်းသန့်ရှင်းရေးပုံမှန်ပြုလုပ်ခြင်းသည် သွားဖုံးရောင်ခြင်းကို ကာကွယ်ကုသနိုင်သည့် အဓိကနည်းလမ်းပင် ဖြစ်သည်။

ခံတွင်းကျန်းမာရေး ဂရုစိုက်မှု အလေ့အကျင့်ကောင်းများ
  • သင့်တွင် သွားနှင့်ပက်သက်သော ပြသနာမရှိသည့်တိုင် သင်သည် သွားဆရာဝန်နှင့် ၆ လ (သို့) ၁ နှစ် တစ်ခါ ပုံမုန် သတိရတိုင်း စစ်ဆေးသင့်သည်။ သို့မဟုတ်ပဲ ခံတွင်းအတွင်း တစ်ခုခုနာကျင်သည်အထိ လစ်လျူရှုထားပါက  ပိုမိုးဆိုးရွားသော ပြဿနာများနှင့် ကြုံတွေ့ရနိုင်သည်။
  • တစ်နေ့ နှစ်ကြိမ် ခံတွင်းကို သန့်ရှင်းရေးလုပ်ပါ။ အစာစားပြီးတိုင်း သန့်ရှင်းလုပ်နိုင်ပါက အကောင်းဆုံးဖြစ်သည်။ သွားတစ်ကြိမ်တိုက်လျှင် ၃ - ၄ မိနစ် ထက်မနည်း တိုက်သင့်သည်။
  • သွားတိုက်တံကို နှစ်လတစ်ခါ (သို့မဟုတ်) ညစ်ပတ်မှုပေါ်မူတည်ပြီး အသစ်လဲပါ။
  • တစ်နေ့ အနည်းဆုံးတစ်ကြိမ် သွားချောင်းများအကြားကို ကျိုးဖြင့် အစာအကြွင်းအကျန်များ ဖယ်ရှားသန့်ရှင်းရေးလုပ်ပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် သွားဖုံးများ ဆုတ်ယုတ်ခြင်းမှကာကွယ်ပြီး ရေရှည်တွင် သွားဆုံးရှုံးမှုမှ ကာကွယ်ပေးပါသည်။
  • ပီကေဝါးခြင်းသည် ခံတွင်းတွင် တံတွေးဖြင့်စိုစွတ်စေပြီး ဘက်တီးရီးယားများကို သေစေပါသည်။ သကြားမပါသော ပီကေကို ရှာစားပါ။
  • သကြားသည် သွားများကို ပုပ်စေပါသည်။ သကြားနည်းသော/မပါသော အချိုရည်၊ သရေစာနှင့် အစားအစာများကို ရွေးချယ်ပါ။
  • ပါးစပ်ဆေးရည်များသည် ခံတွင်းအနံ့ဆိုးကို ဖယ်ရှားပေးခြင်းမဟုတ်ပဲ ဖုံးအုပ်ပေးထားခြင်းသာ ဖြစ်သည်။ ခံတွင်းအနံဆိုးခြင်း ပြဿနာကို မဖြေရှင်းနိုင်ပါ။
  • သွားဖြူဆေးများသည် အစွန်းချွတ်ဆေးပါသောကြောင့် သွားကြွေလွှာကို ထိခိုက်နိုင်သည်။ မသုံးခင် သွားဆရာဝန်နှင့် အရင်စစ်ဆေးမှုပြုလုပ်ပါ။

ခြေသည်းလက်သည်း နှင့် ဆံပင် အကြောင်း (အပိုင်း-၂) ကို ဆက်လက်ဖတ်ရှုရန်

အရေပြားအကြောင်း (အပိုင်း-၃) ကို ဆက်လက်ဖတ်ရှုရန်

လိင်အင်္ဂါအကြောင်း (အပိုင်း-၄) ကို ဆက်လက်ဖတ်ရှုရန်

ဝှေးစေ့ နှင့် ဆီးကြိတ် အကြောင်း (အပိုင်း-၅) ကို ဆက်လက်ဖတ်ရှုရန် 

ပါးစပ်၊ လည်ချောင်း နှင့် အစာခြေစနစ်အကြောင်း (အပိုင်း-၆)ကို ဆက်လက်ဖတ်ရှုရန်

 

 

0 comments

Kegel လေ့ကျင့်ခန်းအကြောင်း သိကောင်းစရာ


လိင်တူချစ်သူများ၏ လိင်မှုဘဝကို သာလွန်ကောင်းမွန်စေဖို့ လူတိုင်းပြုလုပ်နိုင်တဲ့ လွယ်ကူတဲ့ လေ့ကျင့်ခန်းတစ်ခုရှိပါတယ်။ အဲ့ဒီလေ့ကျင့်ခန်းကတော့ Kegel လေ့ကျင့်ခန်း လို့ခေါ်ပြီး ဆီးခုံအောက်အတွင်းပိုင်းက pubococcygeus ကြွက်သားခေါ် PC ကြွက်သားများ ကို သန်မာအောင် လေ့ကျင့်တာပါ။ Kegel လေ့ကျင့်ခန်း ကောင်းကျိုးများကတော့ ဆီးကောင်းကောင်းထိန်းနိုင်ခြင်း၊ အသက်ကြီးလာတဲ့အခါ ပန်းသေပန်းညှိးခြင်းကို ကာကွယ်ပေးနိုင်ခြင်း စသည်တို့သာမက လိင်ဆက်ဆံရာမှာ သုတ်ထိန်းကောင်းမွန်ခြင်း နှင့် တောင့်တင်းမှုကောင်းမွန်ခြင်းတို့ကို ရရှိစေပါတယ်။

ဒီလေ့ကျင့်ခန်းရဲ့ သဘောတရားက လိင်တံတောင့်တင်းမှုကို ထောက်ပံ့တဲ့ ကြွက်သားများကို အားကောင်းစေတဲ့ သဘောပါပဲ။ သုတ်လွှတ်မြန်တဲ့ ယောက်ျားတွေ လိုအပ်တဲ့ လေ့ကျင့်ခန်းပါ။ သုတ်လွှတ်ခါနီးရပ်သွားအောင် ညှစ်ပြီး ထိန်းထားပြီး ပြန်စနိုင်အောင် လုပ်ခြင်းပါ။ ဒါ့အပြင် လိင်တူချစ်သူများထဲမှာ top တွေအတွက် ကောင်းတာပင်မကပဲ bottom တွေအတွက်ပါ စအိုကြွက်သားများ သန်မာကြံ့ခိုင်စေပြီး ပိုမိုထိန်းချုပ်နိုင်တဲ့ ကောင်းကျိုးလည်း ရနိုင်သလို လိပ်ခေါင်းကိုလည်း ကာကွယ်နိုင်ပါတယ်။ ဒါတွင်မကပဲ လိင်ဆက်ဆံရာမှာ အထိတ်အထိပ်ရောက်ခြင်းကို ပိုမိုအားကောင်းစေပါတယ်။ ဒါ့ကြောင့် လိင်တူချစ်သူတိုင်းပြုလုပ်သင့်တဲ့ လွယ်ကူတဲ့ လေ့ကျင့်ခန်းတစ်ခုပါပဲ။


ဘယ်လိုပြုလုပ်ရမလဲဆိုတာက လွယ်လွယ်လေးပါ။

ဆီးသွားနေစဥ် ဆီးရပ်သွားအောင်ထိန်းဖို့ညှစ်ရတဲ့ ကြွက်သားကို သိမှာပါ။ ဆီးအောင့်လာတဲ့အခါ ထိန်းဖို့ ညှစ်ရတဲ့ကြွက်သားပါ။ သူ့ကို PC ကြွက်သားလို့ ခေါ်ပါတယ်။ အားတဲ့အချိန်တိုင်း အဲ့ဒီကြွက်သားကို ညှစ်ပြီး ၁ စက္ကန့် ၂ စက္ကန့် ထိန်းထားပြီး ပြန်လွှတ်စသဖြင့် လေ့ကျင့်ရပါမယ်။ တခါလုပ်ရင် ၁၅ ခါလောက် ညှစ်လိုက်လွှတ်လိုက်လုပ်နိုင်ပါတယ်။ ပြီးတော့ တအောင့်နားပြီး နောက်ထပ် ၁၅ ခါ၊ အဲ့လိုမျိုး ၃ ကြိမ်လောက်ဆိုရင်လောက်ပါပြီ။ နောက်ပိုင်းပိုကျွမ်းကျင်လာပါက ညှစ်တာကို ကြာကြာထိန်းထားပြီး ညှစ်ထားစဥ် အသက်ကို ပုံမှန်ရှုနိုင်အောင် လေ့ကျင့်ပါ။ ဒီလေ့ကျင့်ခန်းကို အားတဲ့အချိန်တိုင်း ပြုလုပ်နေနိုင်သလို၊ ဘယ်သူကမှလည်း ကိုယ်လုပ်နေမှန်း မသိပါဘူး။ ဒါ့ကြောင့် လမ်းလျှောက်နေစဥ်ဖြစ်ဖြစ်၊ ထိုင်နေစဥ်၊ အိပ်နေစဥ် ဘယ်နေရာ ဘယ်ချိန်မဆို ပြုလုပ်နိုင်ပါတယ်။ ပုံမှန်ပြုလုပ်ပေးပါက ဆီးခုံမှ စအိုထိ ကျယ်ပြန့်တဲ့ ဆီးခုံကြမ်းပြင် ကြွက်သားများအားလုံး သန်မာလာကာ ကောင်းကျိုးများရနိုင်ပါတယ်။

ကဲ အခုပဲစလိုက်တော့နော်။
0 comments

တစ်ကိုယ်ရည်အာသာဖြေခြင်းနှင့် ပက်သက်သော အယူမှားများ


အရွယ်ရောက်လာတာနဲ့အမျှ တစ်ယောက်တည်းလွတ်လပ်ချိန်မှာ ကိုယ့်ကိုယ်ကို ကျေနပ်အားရအောင် နှိုးဆွပြီး အာသာဖြေတာက ကျွန်တော်တို့ အားလုံးနီးပါးလိုလို လုပ်ကြတဲ့အရာပါ။ ဒါပေမဲ့ အရပ်ထဲက ပြောကြသလို တစ်ကိုယ်ရည်အာသာဖြေရင် ဝက်ခြံပေါက်တယ်တို့ လက်မှာ အမွေးပေါက်တယ်တို့ အမျိုးစုံကြုံတွေ့ဖူးမှာပါ။ အဲ့လို အယူမှားတွေနဲ့ တခါတရံ ကိုယ့်ကိုယ်ကို ယုံယုံမှားမှားတွေဖြစ်ပြီးတော့ လုပ်ရင်ကောင်းမလား မလုပ်ရင်ကောင်းလားဆိုပြီး တွေဝေတတ်ကြတာ အာလုံးဖြစ်ဖူးမယ် မဟုတ်လား။ ကဲအောက်မှာ တစ်ကိုယ်ရည်အာသာဖြေခြင်းနဲ့ ပက်သက်တဲ့ အယူမှားအချို့ကို ဖော်ပြထားပါတယ်။ တခြား ကိုယ်ကြားဖူးတာ ရှိရင်လည်း comment မှာ ဝင်ပြောပြပြီး ဆွေးနွေးလို့ရပါတယ်။

၁။ တစ်ကိုယ်ရည်အာသာဖြေတာများရင် လိင်တံပျက်စီးတတ်တယ်။

ဘာမှာ မဆိုင်ပါဘူး။ ပုံမှန် လက်နဲ့အာသာဖြေလို့ ဘာမှမဖြစ်ပါဘူး။ ကြိမ်ရေများလွန်းလို့ ပွတ်တိုက်တာများပြီး ရှားရှားပါးပါး ပွန်းတာလောက်ဖြစ်ချင်ဖြစ်မယ်၊ အဲ့တော့ အနားပေးလိုက်ပေါ့၊ ဒါမှမဟုတ် ချောဆီတို့ တံတွေးတို့သုံးပြီး ချောမွေ့အောင်လုပ်ပေးပေါ့ဗျာ။ အလွန်များရန် နာကျင်နိုင်တာဆိုတာကလည်း ရိုးရိုးလေးတွေးကြည့်ပေါ့ - လမ်းလျှောက်တာများရင် ခြေထောက်ကြွက်သားတွေ ယောင်းညာကိုက်ခဲလာသလို၊ လှုပ်ရှားမှုများလို့ ကြွက်သားတွေ ပင်ပန်းကုန်တာပါ။ အနားပေးလိုက်ပေါ့။

၂။ တစ်ကိုယ်ရည်အာသာဖြေတာများရင် ပိန်တယ်၊ အားကုန်တယ်၊ ဉာဏ်တုံးတယ်။

ဒါတွေက လူငယ်တွေကြောက်အောင် ပေါက်ပေါက်ရှာရှာ ထွင်ထားတာပါ။ လုပ်ပါများရင် လက်ညောင်းတာပဲရှိမှာပေါ့။ ယောက်ျားတစ်ယောက်ရဲ့ ပျဉ်းမျှ သုတ်တစ်ခါထွက်စာက ၀.၇ ကယ်လိုရီနဲ့ ပရိုတင်း ၁၇၁ မီလီဂရမ်ပဲ ပါတာပါ။ အဲ့ဒါက ဘာမှမပြောပလောက်တဲ့ အရေအတွက်ပါ။ ဆယ်ဆလောက်မှ ကြက်ဥ တစ်လုံးစာသာသာ ရှိမှာပါ။ ကိုယ်ခန္ဓာစွမ်းအား ကျဆင်းစရာလည်း မရှိပါဘူး။ တစ်ခုတော့ရှိတယ် နေ့နေ့ညည မအိပ်မစား လုပ်နေရင်တော့ အစားမစားလို့ အားကုန်ရင် ကုန်မှာပေါ့။ ဒါပေမဲ့ ပုံမှန် တန်ဆေးလွန်ဘေးလို ထိန်းသိမ်းထားရင်တော့ ဘာပြဿနာမှကို မရှိတာ။ ဉာဏ်တုံးစရာလို့လည်း ဘာမှာမဆိုင်ပါသူး။ ပတ်ဝန်းကျင်ကလျှောက်ပြောလို့ ကိုယ့်ကိုယ်ကို တစ်ကိုယ်ရည်အာသာဖြေပြီး အပြစ်ရှိသလို ခံစားနေရတာမျိုး ဖြစ်တတ်ကြတာပဲ ရှိပါမယ်။ တကယ်တော့ ဆေးပညာအရ ဘာအပြစ်မှ မရှိပါဘူး။ လူ့အဖွဲ့အစည်းနဲ့ ဘာသာရေးရှုထောင့်တွေက အယူစွဲတွေထားကြလို့ လူတွေက မကောင်းဘူး ပြောကြတာပါ။ တကယ်တော့ ဒါက သဘာဝ ဖြစ်စဉ်တစ်ခုပါပဲ။

၃။  တစ်ကိုယ်ရည်အာသာဖြေရင် မျက်စိကန်းတယ်။

မှားပါတယ်။ မျက်စိနဲ့ သုတ်လွှတ်တာ ဘာဆိုဘာမှ မဆိုင်တာ။

၄။ တစ်ကိုယ်ရည်အာသာဖြေရင် သုတ်ကုန်သွားနိုင်တယ်။

မကုန်ပါဘူး။ သုတ်ရည်က အမြဲတမ်း ဝှေးစိကနေ ပြန်ထုတ်နေတာလည်း အသိပဲ။ ပိုသိချင်ရင် ၁၀ တန်း ဇီဝဗေဒ စာအုပ်မှာ သွားဖတ်ကြည့်။ မပြောတော့ဘူး မောတယ်။

၅။ တစ်ကိုယ်ရည်အာသာဖြေရင် ဝက်ခြံပေါက်တယ်။

ဘယ်သုတေသနကမှ တစ်ကိုယ်ရည်အာသာဖြေခြင်းနဲ့ ဝက်ခြံပေါက်မှုနဲ့ ဆက်စပ်မှုကို ရှာမတွေ့သေးပါဘူး။ ဒါကလူငယ်တွေ သူတို့ ပျိုဖော်ဝင်ချိန်မှာ ဝက်ခြံပေါက်လာချိန်နဲ့ တိုက်ဆိုင်တာနဲ့ သက်သက်မဲ့ ခြောက်လန့်ချင်လို့ မဆီမဆိုင် တစ်ကိုယ်ရည်အာသာဖြေတာကို လွှဲချတာပါ။ ဝက်ခြံပေါက်တာက တကယ်တော့ ဟော်မုန်းတို့၊ စားတဲ့အစားအစာ၊ တစ်ကိုယ်သန့်ရှင်းမှုတို့နဲ့ တစိတ်တပိုင်း ဆိုင်မှာပါ။ တစ်ကိုယ်ရည်အာသာဖြေခြင်းနဲ့တော့ မဆိုင်ပါဘူး။

၆။ တစ်ကိုယ်ရည်အာသာဖြေတယ်ဆိုတာ စာရိတ္တပျက်ပြားတယ်။

ဒီအချက်နဲ့ ပက်သက်လို့ အမြင်အမျိုးမျိုး ရှိကြပါလိမ့်မယ်။ တစ်ကိုယ်ရည်အာသာဖြေတယ်ဆိုတာ လူတစ်ယောက်၏ ဇီဝသဘာဝဖြစ်စဉ်ကြောင့် တစ်ကိုယ်ရည်လွတ်လပ်မှုမှာ ကိုယ်ပိုင်ဆုံးဖြတ် ပြုလုပ်နိုင်ခွင့်ပါ။ ကိုယ်အနေ့နှင့် ဘယ်သူ့ကိုမှ ထိခိုက်အောင် မပြုလုပ်သရွေ့ ဘယ်လိုမှ ဆိုးတဲ့အရာ မဖြစ်နိုင်ပါဘူး။ ယဉ်ကျေးမှုမျိုးမျိုး၊ လူ့အဖွဲ့အစည်းအမျိုးမျိုး နဲ့ ဘာသာအမျိုးမျိုး တစ်ခုချင်းစီက ရှုထောင့်အစုံအလင်ရှိပါလိမ့်မယ်။ ဒါပေမဲ့ အရပ်ထဲက အယူမှားတွေက စာရိတ္တကို ခုတုံးလုပ်ပြီး မကောင်းဘူးပြောကြတာကြောင့်ပဲ အများက ဆိုးတယ်လို့မြင်ကြတာပေါ။

၇။ အိပ်ပျော်နေစဥ် သုတ်လွတ်ခြင်းဟာ ကျန်းမာရေးကို ထိခိုက်နိုင်တယ်။

အိပ်ပျော်နေတဲ့အချိန် သုတ်လွတ်ထုတ်တာ ဘာဆိုးကျိုးမှ မရှိပါဘူး။ မသိစိတ်က ဟော်မုန်းတွေကြောင့် လိင်စိတ်ရှိလာပြီး၊ ခန္ဓာကိုယ်က စုပြုံလာတဲ့ သုတ်တွေကို အလိုလျောက် အိပ်နေစဉ် အပြင်ကို လွှတ်လိုက်တာ ဖြစ်ပါတယ်။ တချို့က အဖြစ်များပြီး၊ အချို့ကတော့ ဖြစ်ပေါ်တာ နည်းပါတယ်။ ယောက်ျားလေးတွေမှာ လူပျိုဝင်ချိန်မှာ အဖြစ်များပါတယ်။ ကိုယ့်ဘာသာလှုံဆော်ပြီး တကိုယ်ရည်အာသာဖြေရင်း ပုံမှန်သုတ်လွှတ်ရင်တော့ အိပ်ပျော်နေစဉ် ထုတ်လွတ်တာနည်းပါမယ်။ ခန္ဓာကိုယ်က သဘာဝဟော်မုန်းတွေကြောင့် သုတ်ကောင်တွေ အမြဲထုတ်လုပ်နေပြီး ကိုယ်ကိုယ်တိုင် အပြင်မထုတ်ပေးရင် ခန္ဓာကိုယ်က အလိုလျောက်ထုတ်ပေးလိုက်မယ်ဆိုတာမျိုးပါ။ ကျန်းမာရေးနဲ့ဘာမှမဆိုင်ပါဘူး။ သဘာဝဖြစ်စဉ်တစ်ခုပါ။

တကယ်တော့ ဆေးပညာရှုထောင့်က ကြည့်ရင် တစ်ကိုယ်ရည်အာသာဖြေခြင်းက အကျိုးရလာဒ်တွေ အများကြီးပေးနိုင်ပါတယ်။ ပုံမှန်ပြုလုပ်ပေးခြင်းက ဆီးကြိတ်ကင်ဆင်ကိုလည်း ကာကွယ်နိုင်ပါတယ်။ တစ်ကိုယ်ရည်အာသာဖြေပြီး ရရှိလာတဲ့ အထိတ်အထပ်ရောက်မှုကြောင့် ခန္ဓာကိုယ်ထဲမှ ထွက်လာတဲ့ဟောမုန်းတွေက စိတ်ဓာတ်ကျမှုနဲ့ စိတ်ဖိစီးမှုကို လျှော့ချပေးပြီး ကိုယ်ခံအားစနစ်နဲ့ စိတ်ရွှင်လန်းမှုကို မြှင့်တင်ပေးပါ။ ဤအချက်တွေအပြင် တစ်ကိုယ်ရည်အာသာဖြေခြင်းရဲ့ ကောင်းကျိုးတွေနဲ့ ပက်သက်တဲ့ သုတေသနအကြောင်းတွေကို ရှာဖွေဖတ်ရှုကြည့်လို့ရပါတယ်။

နောက်ဆုံးအနေနှင့် တစ်ကိုယ်ရည်ပဲဖြစ်ဖြစ် အဖော်နဲ့ပဲဖြစ်ဖြစ် အာသာဖြေခြင်းဟာ ဘေးကင်းလုံခြုံဆုံး လိင်စိတ်ကျေနပ်မှုကို ရရှိနိုင်သော လိင်မှုကိစ္စတစ်ခုပင်ဖြစ်ပါတယ်။




1 comments

ဘော်တွမ်တို့အတွက် ကျန်းမာတဲ့ ကိုယ်ခန္ဒာ



ကျန်းမာတဲ့ နေထိုင်မှုမျိုးကို ရရှိလိုတဲ့ ဂေးဘော်တွမ်တို့အတွက် ကျန်းမာရေး အလေ့အကျင့် ကောင်းလေးတွေ လိုအပ်ပါတယ်။ အဲ့ဒီအတွက် ဘာမှ ထွေထွေထူးထူးလုပ်စရာ မလိုပါဘူး၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာကို မှီဝဲပြီး နေထိုင်ပုံကို အနည်းငယ်ပြုပြင်လိုက်ရုံနဲ့ ရရှိနိုင်ပါတယ်။ အဲ့ဒါတွေကတော့ -

၁) ရေများများသောက်ပါ - ခန္ဒာကိုယ်ကို ရေဓာတ်လုံလောက်အောင် ဖြည့်တင်းပေးထားခြင်းဖြင့် ခန္ဒာကိုယ် အပြင်ပိုင်းကော အတွင်းသားတွေပါ ပြော့ပြောင်းစိုပြေအောင် ပြုလုပ်နိုင်သလို အစာချေဖျက်မှုကိုလည်း ကူညီပြီး ဝမ်းမှန်စေပါတယ်။
၂) Fibre (အမြှင်) များများစားပါ - အမြှင်များက အူလမ်းကြောင်းအတွက် သဘာဝဆေးတစ်လက်လိုပါပဲ။ အစာချေဖျက်မှုကို အကောင်းကောင်းကူညီပေးသလို စအိုနှင့် အူလမ်ကြောင်း တလျှောက်မှာရှိတဲ့ အကျွင်းအကျန်တွေကို သံလိုက်လို အကုန်ကပ်ယူပြီး သင့်  စအိုကို သန့်ရှင်းနေအောင် ပြုလုပ်ပေးနိုင်ပါတယ်။ အသီးအနှံ နှင့် ဟင်းသီးဟင်းရွက်တွေ၊ ဆန်ကြမ်းနဲ့ ဂျုံကြမ်းတွေ၊ အစေ့အစံအမျိုးမျိုး နှင့် ပဲအမျိုးမျိုး စသည်တို့နဲ့ အသီးအနှံအခွံတွေမှာ Fibre (အမြှင်)ကောင်းကောင်း ပါပါတယ်။
၃) သဘာဝအစားအစာတွေကိုပဲ ရွေးချယ်ပါ - သဘာဝ မဟုတ်တဲ့ ဆိုးဆေး၊ အရောင်တင်မှုံ့နဲ့ ဓာတုဆေးများပါဝင်သော အစားအစာများ၊ fastfood များဖြစ်တဲ့ အသင့်ပြုလုပ်ပြီးသော အစားအစာများ၊ အသင့်စားခေါက်ဆွဲထုတ်များ အပါအဝင် လတ်လတ်ဆတ်ဆတ် ပြုလုပ်မထားတဲ့ အစားအသောက်များကို ရှောင်ပြီး လတ်ဆတ်ပြီး သေချာချက်ထားတဲ့ အစားအသောက်များကို သာရွေးချယ်ပါ။
၄) မနက်စာ မရှောင်ပါနဲ့ - နံနက်ပိုင်း အဟာအရနှင့် စွမ်းအင်အလုံအလောက် ရထားရင် တနေ့လုံး ပန်ပင်းမှုကိုမခံစားရပဲ လန်းဆန်းနေမှာဖြစ်သလို အစာအိမ်ကိုလည်း ကျန်းမာစေပါတယ်။
၅) လိင်ဆက်ဆံခါနီး အစာအများကြီးစားတာရှောင်ပါ - လိင်ဆက်ဆံခါနီး ထမင်းအများကြီးစားထားပြီး ဗိုက်တင်းနေတာမျိုးကို မဖြစ်စေပဲ အတတ်နိုင်ဆုံး ၃-၄ နာရီလောက်ကြိုစားထားပါ။ လိင်ဆက်ဆံခါနီးမှ အိမ်သာသွားတာကိုလည်းရှောင်ပါ။ လိင်ဆက်ဆံဖို့ စီစဉ်ထားရင် ၄-၅ နာရီလောက်ကတည်းက ဝမ်းကိုရှင်းထားပါ။
၆) ဝမ်းနှတ်ဆေး ဘယ်တော့မှမသုံးပါနဲ့ - ဆေးတွေကို အားကိုးတာထက် ကျန်းမာတဲ့ နေထိုင်စားသောက်ပုံကို ကျင့်သုံးခြင်းဖြင့် ကိုယ့်ကိုကိုယ် ပြင်ဆင်နိုင်သလို ဝမ်းမကောင်းရင် စအိုနဲ့ လိင်ဆက်ဆံတာကို ရှောင်လိုက်ပါ။ ဝမ်းနှတ်ဆေးကို လိင်ဆက်ဆံဖို့ ပြင်ဆင်တာမှာ လုံးဝမသုံးဖို့နဲ့ ကျန်းမာရေးအကြောင်းအရင်းကြောင့်သာ သုံးပါ။ မဟုတ်ရင် လိင်ဆက်ဆံနေစဉ် အဆင်မပြေစရာတွေ ဖြစ်လာပါလိမ့်မယ်။
၇) စအိုထဲကို ရေထည့်ပြီး ဆေးမယ်ဆိုရင် အလွန်အကျွန်မလုပ်ပါနဲ့ - အချို့ ဘော်တွန်တွေက လုံးဝကို ပြောင်ရှင်းနေမှ သဘောကျနဲ့အတွက် စအိုထဲကို ဆေးကျောတာလုပ်ချင်လုပ်ချင်တယ်ဆိုရင် အရေးကြီးဆုံးက ရေကိုပဲသုံးပါ။ ခန္ဒာကိုယ် အပူချိန်နဲ့ ကိုက်ညီတဲ့ မရမ်းမပူမအေးတဲ့ ရေအပူချိန်ကို အရင်ရအောင်လုပ်ပါ။ စပ်ပြာနဲ့ အခြားဓာတုတွေ မထည့်ပါနဲ့။ ဆေးခွက်ကိုလည်း အတင်းထိုးမထည့်ပါနဲ့။ ဆေးရင်လဲ ရေအများကြီးနဲ့ အကြိမ်ကြိမ် အလွန်အကျွန်မဆေးပါနဲ့။ စအိုအတွင်းသားရှိ သဘာဝ ချောဆီများ ကုန်သွားပြီး ချောက်သွေ့ကာ ယားယံမှုကို ဖြစ်ပေါ်စေတာမို့ ရောဂါပိုးတွေဝင်နိုင်ပါတယ်။

လိင်ဆက်ဆံတယ်ဆိုတာ လေ့ကျင့်ခန်းတစ်ခုလိုပါပဲ။ ကောင်မွန်တဲ့ လိင်ဆက်ဆံဖို့ ခွန်အား၊ သက်လုံ နှင့် ပျော့ပြောင်းမှုတို့ကို လိုအပ်ပါတယ်။ အဲ့ဒါကြောင့် နောက်ဆုံးအဆစ်အနေနဲ့ အိမ်မှာတစ်ယောက်တည်း ယောဂလေ့ကျင့်ခန်းကောင်းကောင်း လုပ်တတ်ကြတဲ့ ဂေးဘော်တွမ်တို့အတွက် ပျော့ပြောင်းသွက်လက်တဲ့ ခန္ဒာကိုယ်ကို ရရှိစေဖို့ လေ့ကျင့်ခန်းခန္ဒာကိုယ်အနေအထား အချို့ကို ရှာဖွေပေးလိုက်ပါတယ်။ လွယ်ကူအညောင်းပြေပြီး သွေးလည်ပတ်မှု ကောင်းစေတဲ့ လေ့ကျင့်ခန်းတွေကို ဘော်တွမ်တို့ ချစ်သူနဲ့ အချစ်ပွဲဆင်နွဲတဲ့အခါ ကိုယ့်ခန္ဒာကိုယ်ကို ပိုမိုကောင်းမွန်တဲ့ ထန်းချုပ်မှုမျိုးရတာပေါ့။ လေ့ကျင့်ခန်းတွေက ရိုးရိုးရှင်းရှင်းတွေမို့ ဘာမှ အထူးရှင်းပြစရာ မလိုဘူးပေါ့နော်။ အဓိကတော့ အသက်မှန်မှန်ရှူဖို့ မနေ့နော်။ လေ့ကျင်းခန့်စမလုပ်ခင် စိတ်ငြိမ်သက်သွားအောင် အရင်သက်ရှူလေ့ကျင့်ခန်းအဖြစ် ပထမ ၅-၁၀ စက္ကန့်လောက် သက်ကို ပြင်းပြင်းရှူသွင်း၊ ပြီးရင် ၂-၄ စက္ကန့်လောက် အသက်အောင့်ထားပြီးတော့ ဖြည်းဖြည်းချင်း ရှူထုတ်။ အဲ့လိုမျိုး ၁၀ ခါလောက်လုပ်ပြီးတော့ လေ့ကျင့်ခန်းစပါမယ်။ လေ့ကျင့်ခန်းလုပ်နေစဉ် အသက်ပုံမုန်ရှူဖို့လည်း မမေ့နဲ့နော်။ ကဲစမ်းကြည့်လိုက်ပေါ့။







ကဲ ... ဘော်တွမ်တို့ ကိုယ့်ခန္ဒာကိုယ်ကို ဘယ်လို ကျန်းမာအောင် နေထိုင်ရမလဲ ဆိုတာသိပြီနော်...
0 comments

ကျောင်းတုန်းက မရလိုက်တဲ့ လိင်ပညာပေး

မြန်မာနိုင်ငံရှိ ကျွန်တော်တို့တတွေဟာ လိင်မှုကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ဆိုတာ အလွန် ရှက်တတ်ကြတာ အားလုံးအသိပါပဲ။ ဒီလိုကိစ္စတွေကို မိဘတွေနဲ့ မိသားစုအတွင်းမှာဆို ယောင်လို့တောင် ပြောမထွက်ဘူးဆိုတာလည်းဟုတ်။ ကျောင်းမှာလည်း လိင်ပညာပေးဆိုတာ လုပ်သင့်မလုပ်သင့် ငြင်းခုန်နေကြတုန်းပါပဲ။ ဒါကတော့ အခုမှ ပွင့်လင်းလာတဲ့ အဖွဲ့အစည်းတစ်ခုအတွက် မဆန်းပါဘူး။ ဖွံဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာလဲ ၁၉ ရာစုနှစ်တုန်းက လိင်ပညာပေးကို ကျောင်းမှာ စပြုလုပ်တော့ အားလုံး အလန့်လန့်အဖျပ်ဖျပ်တွေ ဖြစ်ကုန်ကျတာပါပဲ။ ထားပါတော့။ ဒါပေမဲ့ ကျွန်တော်တို့ ကျောင်းမှာ လိင်ပညာပေးလုပ်မယ် ဆိုရင်တောင် လိင်တူလိင်ပညာပေးလုပ်ဖို့ဆိုတာ ဝေးလာဝေးသေး။

အဲ့တော့ ကျွန်တော်တို့ရဲ့ လိင်ကိစ္စနဲ့ပက်သက်တဲ့ ဗဟုသုတတွေဟာ ဘယ်က လာသလဲ။ ကိုယ် လက်လှမ်းမှီရာ အသက်ကြီး၊ အတွေ့အကြုံရှိတဲ့လူတွေက သို့မဟုတ် သူငယ်ချင်းတွေဆီက တဆင့်စကား တဆင့်နားကြားပြီး မှန်တဝက် မှားတဝက် သိလာကြတာပေါ့။ ပြီးတော့ အရွယ်လေးနည်းနည်းရလာတော့ ဟိုက ဒီက တိုးတိုးတိတ်တိတ် ခိုးကြည့်လာတဲ့ လိင်ရုပ်ရှင်တွေက ရတာပေါ့။

အဲ့တော့ ကိုယ်ကိုယ်တိုင် အတွေ့အကြုံမရသေးသူအနေနှင့် ကိုယ့်ဆီမှာ အယူမှားတွေ ရထားခဲ့မယ်ဆိုရင်  အကယ်လို့ အဲ့ဒီအယူမှားတွေက ဆိုးဆိုးရွားရွားတွေ ဖြစ်နေပါက ကိုယ့်အနေနှင့် ဆင်ဆင်ချင်ချင် မနေထိုင်တတ်ရင် ကျန်းမာရေးကို ထိခိုက်စေတဲ့ အပြုအမူမျိုးကို ပြုလုပ်မိမှာ စိုးရိမ်ရပါတယ်။ ဗဟုသုတနည်းပါးခြင်းဟာ အန္တရာယ်များပါတယ်။

ဒါ့ကြောင့် လိင်ပညာပေး မရခဲ့ကြတဲ့ ကျွန်တော်တို့ လိင်တူဆက်ဆံသူယောက်ျားများအတွက် လိင်မှုဘဝအခြေခံကို တင်ပြပေးလိုက်ပါတယ်။


ယောက်ျားချင်းလိင်တူဆက်ဆံရာမှ ပုံစံအမျိုးမျိုးရှိနိုင်သလို နှစ်ဦးနှစ်ဖက်နှစ်သက်ရာ အပြုအမူအတွေနဲ့ အားရကျေနပ်အောင် နှစ်ဦးအတူသုခရှာဖွေရာမှာ နှစ်ကိုယ်တူစိတ်ကြိုက် ညှိနှိုင်းကာ ပြုလုပ်နိုင်ပါတယ်။ အရိုးရှင်းဆုံး ကျင်နာစွာတစ်ဦးကိုတစ်ဦး ပွေ့ဖက်ခြင်း၊ ပါးစပ်ချင်းနမ်းခြင်းတို့မှအစ၊ လိင်အင်္ဂါချင်းပိတ်တိုက်ခြင်း၊ တစ်ယောင်နှင့်တစ်ယောက် လက်ဖြင့်ဆန္ဒပြီးစေခြင်း၊ ပါးစပ်နှင့်လိင်အင်္ဂါကို နိုးဆွခြင်း နဲ့ စအိုအတွင်းကိုအင်္ဂါထိုးသွင်းခြင်းအဆုံး အစရှိတဲ့ အပြုအမူတွေကို ပြုလုပ်ကြပါတယ်။ ကိုယ်စိတ်ကူးရှိသမျှရတာမို့ ဘာမဆိုဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် လိင်ဆက်ဆံမှုတိုင်းကို အောက်က အခြေခံသဘောတရားအချက်သုံးချက်ကို အခြေခံပြီး သွားလာပါက နှစ်လိုဖွယ်ရာ အတွေ့အကြုံကိုနှစ်ဦးစလုံး ရရှိမှာဖြစ်ပါတယ်။

တကိုယ်ရေသန့်ရှင်းမှု - လိင်ဆက်ဆံတယ်ဆိုတာ ခန္ဓာကိုယ်နှစ်ခု နီးကပ်စွာ သွားလာနေတာမို့ ကိုယ်ခန္ဓာသန့်ရှင်းမှုပြုလုပ်ခြင်းဖြင့် တစ်ဦးကိုတစ်ဦး ပိုးမွားများ မကူးအောင် ကာကွယ်နိုင်ပါတယ်။ ယောက်ျားချင်းချစ်သူ အများစုက စအိုကိုအသုံးပြုပြီးဆက်ဆံတဲ့ လိင်ဆက်ဆံမှုမျိုးကို ပြုလုပ်လေ့ရှိကြတဲ့အတွက် လိင်အင်္ဂါပိုင်းနေရာတွေကို သန့်ရှင်းအောင်ပြုလုပ်ဖို့ အရေးကြီးပါတယ်။ ရေချိုးတိုင်း ကိုယ့်ရဲ့ လိင်အင်္ဂါပိုင်းတွေကို အထူးဂရုစိုက်ပြီး ဆပ်ပြာကောင်းကောင်းနှင့် ပွတ်တိုက်ဆေးကြောတာ၊ အထူးသဖြင့် ငယ်ပါရဲ့ အရေပြားကို ဖွင့်ပြီး ထိပ်ခေါင်းကို ပြောင်အောင်ဆေးကြောပေးတာ၊ တင်ပါးအတွင်းပိုင်းသေချာဆေးကြောမှုတွေ ပြုလုပ်ပေးပါ။

အထူးသဖြင့် ထိုးသွင်းမှုကိုလက်ခံတဲ့ ဆက်ဆံဖော်အနေနဲ့ ကိုယ့်လှိုင်ခေါင်းကိုလည်း ရှင်းလင်ထားမှ နှစ်ဖက်စလုံး မျက်နှာပူစရာ ကိစ္စတွေ ရှောင်လွဲနိုင်မှာပါ။ လက်ခံတဲ့သူအနေနှင့် ကျန်းမာတဲ့အစားအစာ၊ အမျှင်၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက် တွေကို စားသုံးပြီး ကိုယ့်ရဲ့ အူလမ်းကြောင်းကို ကျန်းမာအောင်ထားပါက ပျော်ရွင်ဖွယ်ရာ အတွေ့အကြုံမျိုးကို ရရှိမှာပါ။ ဝမ်းမမှန် ဝမ်းမကောင်းတဲ့နေ့တွေဆိုရင် ဆက်ဆံတာကို ရှောင်သင့်ပါတယ်။ အကယ်၍ သင့်အနေနှင့် ဝမ်းချူမယ်ဆိုပါက သဘာဝနည်းမဟုတ်ပဲ လှိုင်ခေါင်းထဲကို စပ်ပြာတွေ၊ အခြားဓာတုပစ္စည်းတွေနှင့် အပူချိန်မမှန်ကန်တဲ့ရေကို ထည်းပြီးဆေးတာတွေရှောင်ပါ။ ရေထည့်ပြီးဆေးမယ်ဆိုပါက ရေအပူချိန်က မျှတရပါမယ်။ ရေထည့်ဆေးခြင်းဟာ တခါတရံ လှိုင်ခေါင်းကို ယားယံစေပြီး ရောဂါပိုးဝင်လာရန် လွယ်အောင် ပြုလုပ်နိုင်လို့ မလိုအပ်ရင် ရှောင်သင့်ပါတယ်။ ကျန်းမာတဲ့အစားအစာနှင့် နေထိုင်ပုံကိုသုံးပြီး သဘာဝအတိုင်း ပုံမှန်အိမ်သာတက်တဲ့နည်းက အကောင်းဆုံးပါ။ နောက်ဆုံးအနေနှင့် လုံးဝပြီးပြည့်စုံဖို့ကို မမျှော်လင့်ပါနဲ့။ ဆက်ဆံနေတုန်း တခါတရံ မျက်နှာပူစရာတွေ ထွက်လာတာဟာ သဘာဝပဲမို့ လက်ခံပေးရမယ်။ အမြဲတမ်း အကောင်းဆုံးဖြစ်နေမှာ မဟုတ်သလို တခါတရံ ရှောင်လွဲလို့မရတာမို့ ဒါဟာ ပုံမှန်ပါပဲ။

သင့်တောင့်သက်သာရှိမှု - နှစ်ကိုယ်တူလိင်ဆက်ဆံတယ်ဆိုတာ နှစ်လိုဖွယ်ခံစားမှုကိုသာ ပေးသင့်ပါတယ်။ နာကျင်မှုဆိုတာ မဖြစ်သင့်ပါဘူး။ စအိုက အကျင့်မရသေးခင် ငြင်းပယ်ပြီး တင်းကျပ်လို့ နာကျင်တာမျိုး အစပိုင်းမှာ ရှိနိုင်ပေမဲ့ စိတ်ရှည်သိခံပြီး အကျင့်ရတဲ့အထိ စောင့်မယ်ဆိုရင် တဖြည်းဖြည်း တင်းကျပ်တာတွေလျော့ကျပြီး ကောင်းမွန်တဲ့ အတွေ့အကြုံရမှာပါ။ နာကျင်နေတုန်း အတင်းအကျပ် မလုပ်သင့်ပါဘူး။ ဒါကြောင့် ဆက်ဆံဖော်တစ်ဦးနဲ့ တစ်ဦး လေးစားရပါမယ်။ သင့်တင်ပါးနှင့် ပက်သက်ပြီး သိထားရမည့် အချက်များကိုလည်း လေ့လာထားပါ။ နောက်တစ်ခုက ချောဆီလုံလုံလောက်လောက်သုံးပါ။ ချောဆီက လိင်ဆက်ဆံမှုကို ချောမွေ့စေပြီး စအိုအတွင်းသားကို ပေါက်ပြဲမှုမှ ကာကွယ်ပေးနိုင်ပါတယ်။

နှစ်ဦးနှစ်ဖက် သဘောတူညီမှု - လိင်ဆက်ဆံတယ်ဆိုတာ နှစ်ကိုယ်တူစိတ်ပါမှ ဖြစ်မြောက်ပါတယ်။ တစ်ဖက်က မပြုလိုတဲ့ ကိစ္စကို အတင်းအဓမ္မမပြုဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။ အကယ်၍ ဆက်ဆံနေချိန်အတွင်း ဆက်မလုပ်လိုတော့ပါဟု တစ်ဦးကပြောခဲ့လျှင် နောက်တစ်ဦးကလည်း သူ့ဆန္ဒကို လေးစားပေးဖို့ လိုပါမယ်။ ကိုယ်မလုပ်ချင်တဲ့အရာကို ဘယ်လိုနည်းနဲ့မှ ဖြစ်အောင်ဖိအားပေးခြင်းမျိုး မပြုဖို့လိုသလို ကိုယ်ကိုယ်တိုင်ကလည်း အားမနာပဲ (သို့) မကြောက်ရွံပဲ မလုပ်ဖူးလို့ ပြောပိုင်ခွင့်ရှိပါတယ်။ နောက်ပြီး ကိုယ်လိုချင်တာကို ပြောဖို့ မရှက်ပါနဲ့။ နားလည်မှု ကောင်းကောင်းရနိုင်မှ ပိုမို အဆင်ပြေတဲ့ ဆက်ဆံရေးမျိုးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်မလိုချင်တာကိုလည်း ငြင်းဆိုဖို့ ဝန်မလေးပါနဲ့။ သင့်၏ သဘောတူညီမှု မပါဘဲ သူဘာမှ လုပ်ခွင့်မရှိပါဘူး။

လိင်ဆက်ဆံရာမှ ကူးစက်နိုင်တဲ့ ရောဂါများအကြောင်းကိုလည်း ဤနေရာမှာ အကျယ်တဝင့်လေ့လာပြီး သိရှိထားပါ။

နောက်ဆုံးအနေနှင့် မှာချင်တာက ကျွန်တော်တို့ သိထားပြီးတာတွေနှင့် လက်တွေ့မှာကွာနေမယ် အယူမှားတွေ အချို့ရှိပါတယ်။ 

၁) လက်တွေ့ဘဝမှာ လိင်ဆက်ဆံခြင်းဟာ လိင်ရုပ်ရှင်ထဲကနှင့် ဘာမှမဆိုင်ပါဘူး။ သူတို့က သရုပ်ဆောင်နေတာဖြစ်ပြီး လေ့ကျင့်ထားတာပါ။ ဒါကြောင့် gay အပြာကားတွေ အကြည့်များပြီး သူတို့လို လုပ်တဲ့ အတိုင်း အပြင်မှာလိုက်ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။
၂) ဘယ်သူတွေ ဘာပဲပြောပြော သဘာဝကပေးတဲ့ သင့်ရဲ့ လိင်တံအရွယ်အစားက အမှန်ဆုံးပါပဲ။  ကြီးအောင်လုပ်ဖို့လည်း မလိုပါဘူး။
၃) လိင်ဆက်ဆံနေစဉ်မှာ သင် လိင်တံတောင့်တင်းမှု မရနိုင်လျှင် သင့်အမှားလည်း မဟုတ်ပါဘူး။ သူမကောင်းလို့လည်း မဟုတ်ပါဘူး။ ဒါက လူတိုင်းတွေ့ကြုံရတဲ့ အဖြစ်တစ်ခုပါ။ သဘာဝ ပါပဲ။ ခဏနားပြီးမှာ ပြန်ကျိုးစားပေ့ါ
၄) တခုခုနာကျင်တယ်ဆိုရင် အမှုမဲ့ အမှတ်မဲ့ မထားပါနဲ့။ ဆက်ပြီးနာကျင်နေရင် စစ်ဆေးမှုများ ပြုလုပ်ပါ။

ကဲ... လိင်ပညာပေး အခြေခံကတော့ ဒီလောက်ပါပဲ။ တခြားလိင်မှုဘဝ နှင့် ပက်သက်တဲ့ ဗဟုသုတတွေကိုလည်း ဖတ်ကြည့်ပါဦး။ ကျန်းမာပျော်ရွင်သော ယောက်ျားချင်းချစ်သူများ ဖြစ်ကြပါစေ။


0 comments

HIV တကယ် ကူးစက်စေတဲ့ ဘဝနေထိုင်ပုံမျိုး

ယနေ့ခေတ် လိင်တူချစ်သူများဖို့ တစ်ယောက်နှင့် တစ်ယောက်တွေ့ဖို့ နည်းပညာက လွယ်ကူအောင်ပြုလုပ် ပေးနေပါတယ်။ smart ဖုန်း တွေကနေတဆင့် လိင်တူချစ်သူယောက်ျားတွေပဲ သုံးစွဲတဲ့ နေရာပြ application တွေဖြစ်တဲ့ grindr တို့ jack'd တို့ပဲ ဖြစ်ဖြစ် ဖူးစာရှာဖွေရေး application ဖြစ်တဲ့ tinder ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် Facebook group တွေကနေ အချိတ်အဆက်တွေ ပြုလုပ်ပြီးပဲ ဖြစ်ဖြစ် တွေ့ပြီး လိင်ဆက်ဆံဖို့ ချိန်းတွေ့လို့ရနေတဲ့ ခေတ်ကို ရောက်နေပါတယ်။ ကျွန်တော်တို့ဟာ ယောက်ျားချင်းမို့ ကိုယ်ကြိုက်တဲ့သူနဲ့ တွေ့တိုင်း လိင်ဆက်ဆံဖို့ ဝန်လေးစရာမလိုတဲ့ အခြေအနေပိုင်ဆိုင်တာမို့ လိင်ဆက်ဆံဖော်များတာဟာ ဘာမှ မဆန်းသလိုပါပဲ။ လိင်ဆက်ဆံဖော်များတယ်ဆိုရင် အထူးသဖြင့် ကိုယ့်ရဲ့ ဆက်ဆံဖော်ရဲ့ နောက်ကြောင်းနှင့် ကျန်းမာရေး အခြေအနေကို မသိတဲ့အခါ လိင်မှ တဆင့်ကူးစက်တဲ့ ရောဂါများရရှိဖို့ အခွင့်အလမ်းတွေ များလာတာကို ဆိုလိုတာပါ။ အဲ့ဒီ အထဲမှာမှ အရက်မူးနေတာမျိုးဆိုရင် ဘေးကင်းတဲ့ လိင်ဆက်ဆံမှုကို ကျင့်သုံးဖို့ သတိမရတော့ပဲ ပိုအန္တရာယ် များလာတာပါပဲ။ ကူးနိုင်သမျှ ရောဂါတွေထဲမှာ HIV ပိုးကတော့ ပျောက်ကင်းအောင် ကုသလို့ မရသေး တဲ့အတွက် ဒုက္ခအပေးနိုင်ဆုံးလို့ ဆိုနိုင်ပါတယ်။

အဓိက ကတော့ တစ်လကို ဘယ်နှယောက်နှင့်ပဲ တွေ့နေပစေ ကိုယ့်အတွက် လိင်ဆက်ဆံတဲ့ အခါမှာ အကာအကွယ်သုံးပြီး ဘေးကင်းတဲ့ လိင်ဆက်ဆံမှုကို ကျင့်သုံးဖို့ သတိရှိနေဖို့ အရမ်းအရေးကြီးတာပါ။ ဆိုလိုတာက တစ်လကို ဆယ်ယောက်လောက်ပဲတွေ့တွေ့ တစ်နှစ်လုံးနေမှ တစ်ယောက်လောက်ပဲတွေ့တွေ့ အကာအကွယ်မသုံးဘူးဆိုရင် အဲ့ဒီ တစ်ယောက်ထဲကပဲ ပိုးရှိနေခဲ့ရင် ကိုယ့်ကို ကူးမှာပါပဲ။

လိင်တူချစ်သူတွေ အချို့ဟာ အကာအကွယ် သုံးဖို့ မေ့လျော့တတ်ကြပါတယ်။ အထူးသဖြင့် အရက်မူးနေမယ် မူးယစ်ဆေးသုံးထားမယ်ဆိုရင် အမှန်တရားကို ခွဲခြားဝေဖန်နိုင်စွမ်း ကင်းလွတ်သွားပါပြီ။

အဲ့ဒီအထဲမှာမှ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်က သင့်ကို သူ့မှာ HIV ရှိပါတယ်လို့ ပြောတဲ့ အခါ ငြင်းပယ်မိတာပဲဖြစ်ဖြစ် အကာအကွယ်သုံးပြီး ဆက်ဆံလိုက်တာမျိုးပဲဖြစ်ဖြစ် လုပ်တတ်ကြပေမဲ့ အများလုပ်မိတဲ့ အမှားကြီးက လိင်ဆက်ဆံဖော်က သူ့မှာ HIV မရှိပါဘူးလို့ ပြောတဲ့အခါ အကာအကွယ်ကို သုံးဖို့ ပေါ့လျော့တာပါ။

ဘယ်သူကမှ လိမ်ပြောမှာ မဟုတ်ပါဘူး။ HIV မရှိပါဘူးလို့ ပြောတဲ့သူကလည်း ရှိနေတာကို လိမ်ပြောမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လိင်ဆက်ဆံဖော်က သူ့မှာ HIV ရှိပါတယ် ပြောတဲ့သူအတွက် သေချာတာက သူ့မှာ ကူးစက်ခံထားရတာသိတယ်၊ ကုသမှုခံယူနေပြီး ဆေးပုံမှန်သောက်နေပြီး ပိုးကောင်ရေကို ထိမ်းထာတာမို့ ရှာဖွေ့တွေ့ရှိနိုင်လောက်တဲ့ ပိုးကောင်ရေမရှိတဲ့အတွက် သင့်ကို ကူးစက်နိုင်ခြေ နည်းပါတယ်။ အကာအကွယ်သုံးလိုက်ရင် ကူးစက်စရာ အကြောင်းမရှိပါဘူး။

တကယ့် ပြသနာက...

ကိုယ့်ကို သူ့မှာ HIV မရှိပါဘူးလို့ ပြောတဲ့သူက လိင်ဆက်ဆံဖော်များပြီး အသိသတိမကြီးတဲ့ သူတစ်ယောက်ဆိုရင် လွန်ခဲ့တဲ့ ၆ ပတ်အတွင်းမှာ ဆက်ဆံခဲ့သမျှထဲမှာ တစ်ယောက်ယောက်နဲ့ အကာအကွယ် သုံးဖို့ မမေ့နိုင်ခဲ့ဘူးဖူးလို့ ပြောလို့မရပါဘူး။ သူ မလိမ်ပါဘူး။ အရင် တစ်ပတ်ကမှ HIV စစ်ထားတာ HIV မရှိပါဘူးလို့ ပြနေတာပဲလေ။ ဒါပေမဲ့ အဲ့ဒီ စစ်ဆေးချက်က လွန်ခဲ့တဲ့ ၆ ပတ်အတွင်းမှာ ဖြစ်ခဲ့တာတွေ ပြချင်မှ ပြမှာပါ။ ပိုဆိုးတာက လူတစ်ယောက်က ပိုးကူးကူးပြီးချင်း ပထမ ၁၀ ပတ်အတွင်းမှာ အလွန် ပိုးကူးလွယ်စေတဲ့ အခြေအနေမျိုးမှာ ရှိနေပါတယ်။ သူနဲ့ ဘယ်လိုနည်းနဲ့ ဆက်ဆံဆက်ဆံ ပိုးကူးဖို့ လွယ်ပါတယ်။ အထူးသဖြင့် အရက်မူးနေတာ၊ ဆေးရှိန်တက်နေတာမျိုးဆိုရင် သင့်အတွက် အလွန် အန္တရာယ် များပါတယ်။

အဲ့တော့ ကိုယ်နဲ့ အကာအကွယ် မသုံးပဲ ဆက်ဆံခဲ့တဲ့သူက လွန်ခဲ့တဲ ၆ ပတ်အတွင်းမှာ ဘယ်သူနဲ့မှ အကာအကွယ် မပါပဲ လိင်မဆက်ဆံခဲ့ပါစေနဲ့လို့သာ ထိုင်ဆုတောင်းရုံသာ ရှိတော့မှာပါ။ အထူးသဖြင့် လူတွေများကြီးနဲ့ ပါတီတွေမှာ မူးမူးရူးရူး အကာအကွယ် မသုံး၊ ဘေးကင်းတဲ့ နည်းမသုံးပဲ လိင်ဆက်ဆံမိတိုင်း လူအသစ်တစ်ယောက်ကို ကူးဖို့ အခွင့်သာသွားတဲ့ ပုံစံမျိုးနဲ့ သံသယာလည်နေ သလိုပါပဲ။  အဲ့လိုနဲ့ပဲ HIV ပြန်ပွားနှုန်းက များပြားလာပါမယ်။

အကယ်၍ သင်က အပေါ်က ပြောတဲ့သူတွေထဲမှာ တစ်ယောက် အပါအဝင်ဆိုရင် အကောင်းဆုံးက အမြန်ဆုံး ဆေးကို ခဏခဏ စစ်ဖို့ လိုနေပါပြီ။ အမြဲတမ်း အကာအကွယ် မသုံးပဲ ဆက်ဆံနေရင် တစ်လ တစ်ခါကနေ ၃ လတစ်ခါ အမြဲပုံမှန် စစ်ပေးရပါမယ်။ တကယ်လို့ လွန်ခဲ့တဲ့ ရက်သတ်တပတ် အနည်းငယ်က ပိုးကူးခဲ့ရင် သင်ဟာ လည်ချောင်းနာတာ၊ ဖျားတာ၊ ညဘက်ချွေးထွက်လွန်တာ၊ ပင်ပန်းလွန်းတာ၊ ဝမ်းပျက်တာ၊ တကိုယ်လုံး ယားယံတာ နဲ့ ယောင်ယမ်းတာတွေ စတဲ့ လက္ခဏာတွေကို သင် ခံစားရပါလိမ့်မယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒါတွေကို တွေ့ခဲ့ရရင် လစ်လျူရှုထားလို့ မရတော့ပါဘူး။ သင့်ခန္ဓာကိုယ်က sero-conversion လို့ခေါ်တဲ့ အဆင့်ကို ခံစားနေရတာဖြစ်ပြီး အဲ့ဒီကာလမှာ သင်နဲ့ ဆက်ဆံသမျှ လူတိုင်းကို ပိုးပေးဖို့ အလွယ်ကူဆုံး အခြေအနေကို ရောက်နေပါတယ်။ သင့်အတွက်လည်း အန္တရာယ် အလွန်များပါတယ်။ ဆရာဝန်ဆီ အမြန်သွားပြီး သင့်ရဲ့ အခြေအနေတွေနဲ့ လက္ခဏာတွေကို အစီရင်ခံသင့်ပါတယ်။ ဆေးခန်းက သင်ဘယ်လို ခံစားနေရတယ်ဆိုတာကို သိမှ ဘယ်လို ဆေးစစ်မှုမျိုးကို ပေးရမယ်ဆိုတာကို ပြောလို့ရမှာပါ။ ဆေးခန်းက သင့်ကို အပြစ်တင်မှာလဲ မဟုတ်သလို သင့်ရဲ့ ရေရှည် ကျန်းမာရေးအတွက် အကောင်းဆုံး ဆုံးဖြတ်မှုကို ပြုလုပ်ပေးမှာပါ။ သင့်အတွက် လောလောဆယ်မှာ အသက်အန္တရာယ်ဆိုးရိမ်စရာလို့ မဟုတ်ပေမဲ့ သင့်ပတ်ဝန်းကျင်အတွက် ဒါက တာဝန်သိတတ်တဲ့ လုပ်ရပ်တစ်ခုပါ။

ယခုခေတ်မှာ HIV က လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကလို ဆိုးရွားစွာ သက်ရောက်ပြီး အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ အရာ မဟုတ်တော့ပေမဲ့ HIV ကူးဆက်ပုံကတော့ သိပ်မရိုးရှင်းလှပါဘူး။ အဓိက ကတော့ ကျွန်တော်တို့ အသိုင်းအဝန်းအကြားမှာ HIV ရှိတဲ့သူတွေကို နှိမ့်ချမှုတွေ၊ အမြင်ဆိုးတွေ၊ ပစ်ပယ်မှုတွေနဲ့ မဆက်ဆံပဲ ကြင်နာစွာလက်တွဲခေါ်ပါမှ လူတိုင်းက HIV ကို မကြောက်တော့မှာပါ။ ယနေ့မှာ HIV ကြောင့်ရတဲ့ ကျန်းမာရေးဆိုးကျိုးထက် ပတ်ဝန်းကျင် အသိုင်းအဝန်းကပေးတဲ့ လူမှုရေးဆိုးကျိုးက ပို၍နာကျင်စေပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းနှင့် သတိကင်းမှုတွေက ယနေ့ HIV ပြန့်ပွားမှုကို အကြီးမား ခြိမ်းခြောက်မှု ပါပဲ။ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ ဘဝနေထိုင်ပုံနှင့် ကျန်းမာရေး အခြေအနေကို အမြဲသတိရှိနေပြီး နေထွေးတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ခွင့်ရရင် ဒါတွေအားလုံးကို ကျော်လွားလို့ရမှာပါလို့သာ ပြောချင်ပါတယ်။

ကျန်းမာပျော်ရွင်တဲ့ ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ။
0 comments

ယောက်ျားချင်းချစ်သူများအတွက် ဆီးကျိတ်အကြာင်း သိကောင်းစရာ


ကျွန်တော်တို့ ငယ်ရွယ်စဉ်ကတည်းက ကျွန်တော်တို့ရဲ့ တင်ပါး နှင့် နောက်ဖေးတံခါးဟာ အညစ်အကြေး စွန့်ဖို့အတွက်သာ ဖြစ်တယ်ဆိုပြီး ခန္ဓာကိုယ်ရဲ့ ဒီအင်္ဂါ အစိတ်အပိုင်းကို ရှက်ကြောက်ရွံဖွယ်ရာ တစ်ခုအဖြစ် သင်ကြားလာရပါတယ်။ အမှန်အတကယ်တော့ ဆေးပညာအရကော စိတ်ပညာအရအပါ ကြည့်မယ်ဆိုရင် သဘာဝက ၄င်းအစိတ်အပိုင်းကို အညစ်အကြေး စွန့်ဖို့တစ်ခုတည်းအတွက် ဖန်းတီးပေးထားတာ မဟုတ်ပါဘူး။

အနောက်တိုင်း စိတ်ပညာရှင်ကြီး Sigmund Freud ၏ အဆိုအရ ကျွန်တော်တို့ဟာ ငယ်ရွယ်စဉ်တုန်းက Psychosexual stages လို့ခေါ်တဲ့ လိင်စိတ် အဆင့်၄ဆင့်ကို ဖြတ်ကျော်ခဲ့ပါတယ်။ မွေးကင်းစနေ ၁ နှစ်အထိမှာ ပါးစပ်နှင့် ကျေနပ် ကြည်နှုးမှုကို ရယူလိုတာကြောင့် ကလေးငယ်တွေဟာ ဟိုကိုက်ဒီကိုက်လုပ်ပြီး ပါးစပ်ထဲ အကုန်လိုက်ထည့်တာ ဖြစ်ပါလို့ သူ၏ စိတ်ပညာက ဆိုပါတယ်။ ၁ နှစ်က နေ ၃ နှစ်အထိမှာ ကလေးဟာ သူ့စိတ်ဝင်စားမှုဟာ စအိုကို ရောက်သွားပါတယ်။ ဒီအဆင့်မှာ ကလေးဟာ အိမ်သာတက်ခြင်းမှ ကျေနပ်မှုကို ရယူတယ်လို့ ပြောပါတယ်။ ကလေးရဲ့ စိတ်ကြည်နှုးမှုခံစားလိုတဲ့ အပိုင်းဟာ စအိုဝန်းကျင်တဝိုက်လို့ ဆိုပါတယ်။ စိတ်ဝင်စားစရာ တစ်ခုက ၄င်းအဆင့် တွေမှာ ကလေးဟာ သူ့ရဲ့ အတွေအကြုံတွေ အပေါ်မူတည်ပြီး နောက်ပိုင်း စိတ်နေသဘောထားတွေ တိုးတက်လာတယ်လို့ ဆိုတာပါ (ဥပမာ သန့်ရှင်းတတ်တာ၊ အချိန်တိကျတာ၊ ကပ်သီးကပ်သပ်နိုင်တာ စသဖြင့် အမျိုးမျိုးပေါ့)။ နောက်အဆင့်ကတော့ ၃ နှစ်ကနေ ၅ နှစ် ၆ နှစ် အထိ လိင်တံအဆင့်ဖြစ်ပြီး အဲ့ဒီနောက် ပျိုဖော်ဝင်ချိန်အထိ ဘာကိုမှ စိတ်မဝင်စားတော့ပါဘူးတဲ့။ နောက်ဆုံး အဆင့်ကတော့ ပျိုဖော်ပြီးနောက်ပိုင်း လိင်အင်္ဂါကို စိတ်ဝင်စားတဲ့ အဆင့်ပါ။

Sigmund Freud၏ စိတ်ပညာအဆိုအရ စအိုဟာလည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ သူ့ကို ဇီဝဗေဒ ရှုထောင့်ကနေ အသေအချာ လေ့လာကြည့်မယ်ဆိုရင်လည်း ၄င်းဟာကျွန်တော်တို့ ယောက်ျားချင်းချစ်သူများအဖို့ စွမ်းဆောင်ပေးနိုင်တာ အများကြီးရှိပါတယ်။ ဒါကြောင့် ဒီအင်္ဂါ အစိတ်အပိုင်းကို ရှက်ကြောက်ရွံဖွယ်ရာ အရာတစ်ခုလို့ မမြင်ပဲ သဘာဝကပေးတဲ့ ခန္ဓာ အစိတ်အပိုင်းတစ်ခုလို့သာ တွေးတော သတ်မှတ်လိုက်ပါက ကျွန်တော်တို့အတွက် သာယာဖွယ်ရာ လိင်မှု အတွေ့အကြုံကို ပေးနိုင်မှာ ဖြစ်ပါတယ်။

အဲ့ဒီအထဲမှာမှ စအိုလမ်းကြောင်း တဝိုက်မှာ ရှိတဲ့ ဆီးကျိတ်ဟာတော့ ယောက်ျားချင်း ချစ်သူများအတွက် စွမ်းဆောင်မှုတွေ အများကြီး ပေးနိုင်တဲ့ သဘာဝရဲ့ လက်ဆောင်တစ်ခု ဖြစ်ပါတယ်။ ဆီးကျိတ်ကို ပွတ်တိုက် နှိပ်နှုယ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ လှုံဆော်မှုဟာ သုခကို ဖြစ်ပေါ်စေပါတယ်။ ဒါဆို ဆီးကျိတ်ဆိုတာ ဘာလဲဆိုတာကို လေ့လာကြည့်ရအောင်။


ဆီးကျိတ်ဟာ ယောက်ျားတွေအတွက် လိင်မှုသုခ၏ အရေးပါတဲ့ အရင်းခံတစ်ခုပါ။

၁) ၄င်းဟာ သင့်ရဲ့ သုတ်ရည်ကို ပြုလုပ်ပေးပါတယ်။ သုတ်ကောင်တွေ ရှင်သန်ကူးခတ်နိုင်ဖို့ ဇင့်ပါတဲ့ အရည်တစ်ခုကို ထုတ်ပေးပါတယ်။
၂) ၄င်းဟာ သင့်အတွက် လိင်ဆက်ဆံမှု ပြီးမြောက်မှုအချိန်မှာ အထွတ်အထိပ်ရောက်အောင် ပြုလုပ်ပေးပါတယ်။ ဆီးကျိတ်ဟာ ကျွန်တော်တို့ ယောက်ျားတွေ လိင်မှုပြီးမြောက်ချိန် သို့မဟုတ် သုတ်လွှတ်ချိန်မှာ သုခပြည့်တဲ့ ကြည်နှုးမှုကို ပြုလုပ်ပေးတယ်လို့ ယူဆရပါတယ်။ အကယ်၍ ဆီးကျိတ်ကို နှိပ်နှယ် နှိုးဆွပါက ပိုမို ထပ်ဆောင်း ပြင်းထန်တဲ့ သုခခံစားမှုကို ပေးစွမ်းတယ်လို့ ဆိုပါတယ်။ တချို့ ယောက်ျားများဆို ဆီးကျိတ်တစ်ခုတည်းကို နှိုးဆွရုံဖြင့်သာ သုတ်လွှတ်ခြင်းကို ရရှိနိုင်ပါတယ်။
၃) ဆီးကျိတ်ဟာ သင့် စအို အဝင် လက်တထွာနေရာမှာ ရှိပါတယ်။ အကယ်၍ လက်ထည့်ပြီး (ချောဆီလိမ်းပါ - အမြဲလိမ်းဖို့မမေ့ပါနဲ့) စမ်းကြည့်မယ်ဆိုရင် ၂ လက်မ ၃ လက်မလောက်အတွင်းမှာ ဝမ်းဗိုက်ဖက်မှာ ရှိပါတယ်။


Bottom ကိုကိုတွေအတွက် (Top ကိုကိုတွေလည်း စိတ်ဝင်စားရင်ပေါ့) ဆီးကျိတ်ကို လှုံ့ဆော်တဲ့ စအိုဖြင့် လိင်ဆက်ဆံခြင်း၏ လျို့ဝှက်ချက်ကတော့ စိတ်ရှည်သီးခံခြင်းပါ။ 

ဆီးကျိတ်ကို လှုံ့ဆော်ဖို့ အခက်အခဲဆုံး အဆင့်ကတော့ စအိုရှိ ရှုံ့ဆန့် ကြွက်သားတွေကို ဘယ်လို လျော့ထားရမလဲဆိုတာကို အလေ့အကျင့်ရဖို့ အချိန်လိုပါတယ်။ အတင်းအကြပ်မပြုလုပ်ပဲ ကြွက်သားတွေ သက်တောင့် သက်သာဖြစ်တဲ့ အထိ စိတ်ရှည်စွာ ပြုလုပ်ပါက နာကျင်မှု ကင်းမဲ့ပြီး နှစ်လိုဖွယ်ရာ သုခကို ပေးစွမ်းနိုင်မှာပါ။

သင့်ချစ်သူနှင့် သွားလာတဲ့ အခါ သင့်အတွက် ဘယ်လိုမျိုး အနေအထားမျိုးက အကောင်းဆုံးလှုံ့ဆော်မှုကို ဖြစ်စေသလဲဆိုတာကို စမ်းသပ်ရမှာ ဖြစ်ပါတယ်။ သင့်စအို အနေအထားနှင့် သင့်ချစ်သူ၏ ငယ်ပါ သဏ္ဍာန်ပေါ်မူတည်ပြီး အံဝင်ကွင်ကျဖြစ်အောင် ပြုလုပ်ရမှာ ဖြစ်လို့ တစ်ဦးနှင့် တစ်ဦး မတူနိုင်ပါဘူး။ ချစ်သူနှင့် မှန်ကန်စွာ သွားလာတဲ့အခါ ဆီးကျိတ်ကို ပွတ်တိုက် ဖိနှိပ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားမှု အရသာဟာ အကောင်းဆုံး လိင်မှုသုခကို ပေးပြီး ပြီးမြောက်မှုသုခကို အားပြင်းစေပါတယ်။ ဒါကြောင့် ဆီးကျိတ်ဟာ ကျွန်တော်တို့ ယောက်ျားချင်းချစ်သူတွေအတွက် တော့ သဘာဝက ဖန်စဉ်းပေးထားတဲ့ လက်ဆောင်မွန်ပါ။

နောက်ဆုံးအနေနှင့် ဒီဟာက bottom တွေနဲ့သာ ဆိုင်တဲ့ အရာတစ်ခုမဟုတ်ပါဘူး top တွေကော straight ယောက်ျားတွေပါ စိတ်ကူးရရင်ရသလို အမျိုးမျိုး စမ်းသပ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လူအဖွဲ့အစည်းမှာ လူတွေကို နှိမ့်ချဖို့ အသုံးပြုကြနေတဲ့ -င်ခံ ဆိုတဲ့ စကားလုံးနှင့် ၄င်းဟာ အောက်ကျတယ်ဆိုတဲ့ အတွေးအခေါ်တွေကို ပြင်ဖို့ကောင်းပါပြီ။


0 comments

လိင်မှုကိစ္စနှင့် ပက်သက်သော သဘာဝ ဟော်မုန်းများ

လူသားတွေရဲ့ ခန္ဓာမှာ လိင်တူချစ်သူပဲ ဖြစ်ဖြစ် လိင်ကွဲချစ်သူပဲ ဖြစ်ဖြစ် ကျွန်တော်တို့မှာ တူညီတဲ့ ဇီဝ ဖြစ်တည်မှုတွေ ရှိကြပါတယ်။ ဒါကြောင့် ဘယ်သူနဲ့ပဲဖြစ်ဖြစ် အခြားလူသားတစ်ဦးနှင့် ချစ်တင်းနှီးနှောတဲ့ အခါမှာ ထုတ်လွှတ်တဲ့ ဟော်မုန်းများဟာ အတူတူပင် ဖြစ်ပါတယ်။ ယင်းဟော်မုန်းတွေဟာ လူ့ခန္ဓာကိုယ်ကို ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုများကို ပေးပါတယ်။ လူ့ခန္ဓာကိုယ်ကနေ လိင်ဆက်ဆံခြင်းနှင့် ပက်သက်တဲ့ အခါ ထုတ်လွတ်ပေးတဲ့ ဟော်မုန်း ၆ မျိုးရှိပါတယ်။ ယင်းတို့ဟာ လိင်ဆက်ဆံမှုကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးတာကြောင့် သူတို့ မမျှတတော့ရင် ဘာလုပ်ရမလဲ ဆိုတာ လေ့လာကြည့်ရအောင်။

၁) Testosterone တက်စတိုစတီရုန်း
တက်စတိုစတီရုန်းကို ကျားမ အကုန်လုံးမှာ ထုတ်လွှတ်ပေမဲ့ ယောက်ျားတွေမှာ အများကြီး ထုတ်လွှတ်တဲ့ အတွက် သူ့ကို ကျားဟော်မှန်းလို့လည်း ခေါ်ပါတယ်။ ကြွက်သား အစိုင်အခဲတည်ဆောက်မှုကို အားပေးပြီး ဦးနှောက်ရဲ့ တည်ဆောက်ပုံကို ပြောင်းလဲမှုတွေ ပြုလုပ်ပေးတဲ့အတွက် လိင်ဆက်ဆံခြင်းအား တမ်းတစေတဲ့ စိတ်ကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် သင်တစ်ချိန်လုံး ဟိုအတွေးတွေပဲ ခေါင်းထဲမှာ ပေါ်နေရင် တက်စတိုစတီရုန်းကိုပဲ အပြစ်တင်ရမလိုပါပဲ။


အကယ်၍ သင် လိင်စိတ်ကုန်ဆုံးနေပြီး သင့်မှာ တက်စတိုစတီရုန်း လျော့နည်း နေတယ်လို့ စိတ်ပူနေရင် သူ့ကို ရအောင် လေ့ကျင့်ခန်းလုပ်၊ ခန္ဓာအလေးချိန်ကျအောင်ပြုလုပ်ပြီး အိပ်ရေးဝအောင်အိပ်ပါ။ ချက်ချင်းတော့ ပြန်မတက်လာနိုင်ပေမဲ့ ပုံမှန်ပြုလုပ်သွားရင် ပြန်ကောင်းလာမှာပါ။

၂) Dopamine ဒိုပါမင်း
ဒိုပါမင်း ကတော့ အာရုံ အရသာ ခံစားမှုနှင့် ပက်သက်သော ဟောမုန်းဖြစ်ပါတယ်။ အစားအစာ၊ မူးယစ်ဆေး နှင့် လိင်ဆက်ဆံမှုတွေက ခံစားမှုကောင်းတာဟာ ယင်းကြောင့်ပဲ ဖြစ်ပါတယ်။ ယင်းဟာ ကျွန်တော်တို့ ဘာကိုပဲ အရသာခံခံ ခံစားမှု ကောင်းအောင် ပြုလုပ်ပေးပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ဒိုပါမင်း ရဲ့ ကျေးကျွန်တွေလိုပါပဲ။

ဒါပေမဲ့ ဒိုပါမင်း က သိပ်ကောင်းလွန်းတာကြောင့် လိုချင်တမ်းတတာ များလာတဲ့ အခါ တခါတလေ ကျွန်တော်တို့ကို ဖျက်ဆီးရာ ရောက်နိုင်ပါတယ်။ တန်ဆေး လွန်ဘေး မဟုတ်လား။ ဒိုပါမင်းဟာ မဖြတ်နိုင်ပဲ စွဲနေမှုကို ဖြစ်စေတာမို့ ဖြတ်မရရင် အကူအညီယူပြီး ကုစားသင့်ပါတယ်။



၃) Serotonin စီရိုတိုနင်
လိင်ဆက်ဆံပြီး အထိတ်အထိပ် ရောက်တဲ့အခါမှာ ခန္ဓာကိုယ်က စီရိုတိုနင်ကို ထုတ်လွှတ်လိုက်ပါတယ်။ သူကတော့လိင်စိတ် ပိုတက်ကြွလာအောင် ပြုလုပ်ပေးတာတော့ မဟုတ်ပဲ လိင်စိတ်ကို ခဏ အနားပေးလိုက်သလို ပါပဲ။ ယောက်ျားတွေမှာ အထိတ်အထိပ်ရောက်ပြီးပြီးချင်း အင်္ဂါတောင့်တင်းမှုကို ခဏ တာဆီးထားတာလဲဖြစ်ပါတယ်။ ဒါပေမဲ့သူဟာ လိင်ဆက်ဆံပြီးပြီးချင်းရရှိတဲ့ ပီတိစိတ်၊ တည်ငြိမ်မှု နှင့် စိတ်ရွင်လန်းမှုတို့ကို ရရှိအောင်ပြုလုပ်ပေးတာပါ။ သူဟာ အခြားလူသားတစ်ဦးနှင့် လက်တွဲရာမှနေ စိတ်ခံစား ပျော်ရွင်မှုတွေကို ပြုလုပ်ပေးပါတယ်။

ဒါပေမဲ့ စီရိုတိုနင်ကို မထုတ်တော့တဲ့အခါ စိတ်ဓာတ်ကျမှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ချစ်သူနှင့် လမ်းကွဲတဲ့အခါ ဝမ်းနည်း၊ စိတ်ဆိုး အစရှိတဲ့ အသဲကွဲတဲ့ ခံစားမှုတွေကို ခံစားနေရတာဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ချစ်သူနဲ့ အတူရှိနေစဥ်က စီရိုတိုနင်တွေ ပုံမုန်ထုတ်နေပြီးတော့ ကွဲသွားတဲ့ အခါ ဆက်မထုတ်တော့တာကို ခန္ဓာကိုယ်က အကျင့်မရသေးလို့ပါ။ အဲ့ဒါဆို သင် အသည်းကွဲပြီး ဝမ်းနည်းနေရင် တခြား သဘာဝအလျှောက် စီရိုတိုနင်ကို ရနိုင်တဲ့ နည်းလမ်းကတော့ လေ့ကျင့်ခန်းလုပ်ပါ၊ နေရောင်ခြည်ရရှိလုပ်ပါ၊ tryptophan များတဲ့ အစားအစာ (ဥပမာ အစေ့အစံ၊ ပဲနို့၊ ချိစ်၊ နှင့် အသားများ) ကို စားသုံးပါ။ ဒါဆို စီရိုတိုနင်ကို ပြန်မြှင့်တင်နိုင်မှာပါ။

၄) Oxytocin အောက်စီတိုစင်
အောက်စီတိုစင် ဆိုတဲ့ ဟော်မုန်းကတော့ လူသားချင်း ဆက်နွယ်မှု၊ အချစ် မေတ္တာနှင့် စာရိတ္တတို့ဖြင့် ပက်သက်သော ဇီဝ ဓာတုတစ်မျိုးပါ။ သူ့ကို အခြားလူတစ်နှင့် လွန်စွာရင်းနှီး ထိတွေ့တဲ့ အခါ (ဥပမာ ပြုစုတဲ့အခါ၊ ပွေ့ဖက်တဲ့အခါ၊ လိင်ဆက်ဆံတဲ့အခါ) ထွက်လာတဲ့ ဟော်မုန်းပါ။ ယင်းဟာ စိတ်ပူပန်မှုနှင့် စိတ်ဖိစီးမှုတွေကို လျှော့ချပေးပြီး သင့်ကို ကိုယ်ချင်းစာတတ်သူ၊ ဂရုစိုက်တတ်သူ နှင့် ကျင်နာတတ်သူတစ်ဦးဖြစ်အောင် ပြုလုပ်ပေးပါတယ်။

ဒါ့ကြောင့် သင်နဲ့ လက်တွဲ နေသူနှင့် ချစ်မိသွားတာ ဖြစ်နိုင်ပါတယ်။


၅) Vasopressin ဗက်ဆိုပရက်စင်
ဗက်ဆိုပရက်စင် ကတော့ တစ်လင်တစ်မယား မော်လီကြူးလို့လည်း ခေါ်ပါတယ်။ ယင်းဟာ လိင်ဟော်မုန်းတစ်မျိုးဖြစ်ပြီး တစ်ဦးတစ်ယောက်တည်းနှင့် ရေရှည်လက်တွဲမှုကို ဖြစ်စေတဲ့ ဟော်မုန်းပါ။ တကယ်တော့ ဗက်ဆိုပရက်စင် အလုံအလောက်မထုတ်တဲ့ ယောက်ျား နှင့် မိန်းမတွေဟာ လူတွေနဲ့ လက်တွဲပေါင်းသင်းဖို့အတွက် သူ့တို့ စိတ်ဝင်စားမှု နှင့် အားရကျေနပ်မှု မရှိပါဘူး။
အဲ့ဒါကြောင့် သင်လိင်ဆက်ဆံနေတဲ့သူနဲ့ သင်က အလွန့်အလွန် ချစ်မိနေပြီး သူက သင့်ကို ရေရှည်လက်တွဲဖို့ စိတ်မဝင်စားဘူး ဆိုရင်၊ သင့်မှာတော့ ဘာပြဿနာမှ မရှိပါဘူး။ သူ့မှာ ဗက်ဆိုပရက်စင်နဲ့ ပက်သက်တဲ့ ဗီဇကြောင့် ဖြစ်နိုင်ပါတယ်။

၆) Estrogen အက်စရိုဂျင်
ပုံမုန်ဆိုလျှင် အက်စရိုဂျင်ဟာ မိန်းမဟော်မုန်းလို့ အသိများကြပါတယ်။ ယင်းဟာ အမျိုးသမီးတွေမှာ မခန္ဓာလက္ခဏာတွေ ဖွံဖြိုးလာအောင် ပြုလုပ်ပေးပါတယ်။ ဒါပေမဲ့ သုတေသန အသစ်တွေမှာ သိပ္ပံပညာရှင်တွေက အက်စရိုဂျင်ဟာလည်း လိင်စိတ်ဖြစ်ပေါ်နှင့် အရေးပါသော ဟော်မုန်းတစ်ခုလို့ တွေ့ရှိလာပါတယ်။ လိင်စိတ်နည်းပါးတဲ့ ယောက်ျားတွေကို အရင်တုန်းက တက်စတိုစတီရုန်း တစ်ခုတည်းကို ထိုးပေးရာမှာ သိပ်ထိရောက်မှ မရှိလှပါဘူး။ ဒါပေမဲ့ အက်စရိုဂျင်ကိုပါ မုန်ကန်တဲ့ အချိုးအစ နှင့် ပေါင်းထိုးပေးရင်တော့ ပိုထိရောက်တာကို တွေ့ရှိရပါတယ်။

ကဲ... ကျန်းမာ ပျော်ရွင်ပြီး လက်တွဲဖော်နှင့် ဘဝ သက်ဆုံး ပေါင်းသင်းနိုင်ပါစေ။

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ