Search

Content

Showing posts with label History. Show all posts
Showing posts with label History. Show all posts
0 comments

စိတ်အားတက်ဖွယ်ရာ လိင်တူချစ်သူ ထူးချွန်သူများ၏ အဆိုအမိန့်များ

ကဲ လုလင် မဂ္ဂဇင်း စာဖတ်သူ ချစ်ပရိသတ်ပေါင်းတို့ရေ မအားလပ်တဲ့အတွက် မရေးတာလည်း ကြာသွားပြီဖြစ်တဲ့အတွက် အရင်းဆုံး တောင်းပန်ပါရစေ။ ဒီတစ်ခေါက်တော့ အနောက်တိုင်းက ထူးချွန်တဲ့ လိင်တူချစ်သူ ခေါင်းဆောင်တွေ၊ သိပ္ပံပညာရှင်၊ ပြည်သူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ စာရေးဆရာတွေပြောခဲ့တဲ့ စိတ်အားတက်ဖွယ်ရာ သူတို့ရဲ့ အဆိုအမိန့်တွေကို စုဆောင်းပေးလိုက်ပါတယ်။ ပြန်ဝေမျှရတာ လွယ်ကူအောင်လို့လည်း ဓာတ်ပုံလေးတွေနဲ့ တစ်ပုံချင်းစီ လှလှလေးတွေ လုပ်ပေးထားလို့ ကိုယ်ကြိုက်နှစ်သက်တဲ့ အဆိုအမိန့်ကို ကိုယ့်သူချင်းတွေအတွက် နှလုံးသားအဟာရကြွေးဖို့ ပြန်ဝေမျှပေးလိုက်နော်။










0 comments

လိင်တူချစ်သူကို တခြားဘာသာစကားတွေမှာ ဘယ်လိုခေါ်ဆိုပါသလဲ။


ကျနော်တို့လို ကိုယ်နဲ့လိင်တူတဲ့သူကိုမှ စွဲလမ်းတဲ့သူတွေကို ခေါ်ဝေါ်သတ်မှတ်တဲ့ စကားလုံးများဟာ ဘာသာစကားတိုင်းမှာရှိပါတယ်။ အင်္ဂလိပ်လို 'ဂေး'ဆိုပြီး ယောက်ျားချင်းချစ်သူတွေကိုခေါ်ဆိုကြပါတယ်။ မြန်မာစကားမှာလည်း ဂေးကို မွေးစားစကားအဖြစ်သုံးသလို အင်္ဂလိပ်စာလုံး homosexual ကို အဓိပ္ပါယ်ကောက်ပြီး လိင်တူချစ်သူဆိုပြီး စကားလုံးတီထွင်ထားကြပါတယ်။ အရင်တုန်းကတော့ ကျနော်တို့ ယောက်ျားချင်းချစ်သူတွေကို 'အခြောက်'လို့ခေါ်ဝေါ်ရာကနေ နှိမ့်ချတဲ့အနက်ဆောင်တာကြောင့် လိင်တူချစ်သူလို့သုံးဖို့ ပိုအားသန်လာပါတယ်။ အဲ့လိုပဲ အင်္ဂလိပ်လိုမှာလဲ နှိမ့်ချစော်ကားသော စကာလုံးများရှိနေပါတယ်။ ဒါပေမဲ့ အချိန်နဲ့အမျှ ကျွန်ုပ်တို့ပြောသော ဘာသာစကားတွေကလဲ လိုက်ပြောင်းလဲတာမို့လို့ အရင်တုန်းက သုံးတဲ့အခေါ်အဝေါ်နဲ့ အခုအခေါ်အဝေါ် အနက်ပြောင်းတာတွေ အသုံးနှုံးပြောင်းတာတွေရှိပါတယ်။ ဥပမာ ထူဆန်းသည်လို့ အဓိပ္ပါယ်ရှိတဲ့ အင်္ဂလိပ်စကားလုံး queer ဟာ အရင်းတုံးက 'အခြောက်'လို့ဆိုတဲ့ပုံစံမျိုး နှိမ့်ချခေါ်ဆိုပေမယ့် အခုခေတ်မှာတော့ queer ကို တမူထူခြားသူဆိုတဲ့ပုံစံမျိုးနဲ့ လိင်တူချစ်သူတွေကို ဂုဏ်ယူခေါ်ဆိုတာဖြစ်သွားပါတယ်။ Homosexual ဆိုတဲ့စာလုံးကလည်း ၁၉ ရာစု လောက်ကမှ စတီထွင်လိုက်တဲ့ စကားလုံးပါ။ အဲ့လိုဆိုလိုက်ပေမဲ့ လိင်တူချစ်ခြင်းဆိုတာ ၁၉ ရာစုလောက်မှ ပေါ်လာတဲ့ ဖြစ်စဉ်တစ်ခုမဟုတ်ပါဘူး။ လူသားမျိုးနွယ်ရှိကတည်း လိင်တူချစ်ခြင်းဆိုတာ သဘာဝနှင့် ဒွန်တွဲတည်ရှိနေတာပါ။ အဲ့ဒါကြောင့်လည်း ဘာသာစကားတိုင်မှာ ကျနော်တို့အတွက် စကားလုံးတွေရှိနေတာပေါ့။ ကျနော်တို့ လိင်တူချစ်သူတွေကို လေးစားလက်ခံတဲ့ လူ့အသိုင်းအဝိုင်းရှိသလို၊ နှိမ့်ချဖိနှိပ်တဲ့ လူ့အသိုင်းအဝိုင်းတွေလည်းရှိပြီး၊ လိင်တူချစ်သူများကိုယ်တိုင် ထူးချွန်မှုကိုရယူကာ လူ့အသိုင်းအဝိုင်းမှာ ဂုဏ်သိက္ခာကို ရယူနိုင်တာလည်းရှိပါတယ်။ အဲ့တော့ ဘာသာစကားတစ်မျိုးစီမှာ အနက်မတူတဲ့ စကားလုံးတွေလည်းရှိနေတာပေ့ါ။

အခုခေတ်မှာ အနောက်တိုင်း အနုပညာနဲ့ အင်္ဂလိပ်စကားရဲ့ လွှမ်းမိုးမှုအားကောင်းတာကြောင့် ဘာသာစကားအများအပြားမှာ ဂေးဆိုသော စကားလုံးကို တိုက်ရိုက်မွေးစားတာများသလို လိင်တူချစ်သူ (homosexual) ကို ဘာသာပြန်တာလည်းများပါတယ်။ တချို့ဘာသာတွေမှာ ဟိုမိုလို့ခေါ်တာရှိပါတယ်။ မြန်မာစကားလည်း ထို့အတူပဲ တစ်ခုအပါအဝင်ပေါ့။ ကဲအဲ့အထဲမှာမှ တချို့ဘာသာစကားတွေရဲ့ စကားလုံးတွေထဲက နှိမ်တာမဟုတ်ပဲ ကောင်းမွန်တဲ့အနက်ဆောင်တဲ့ ကိုယ်ပိုင်စကားလုံးများကို ဗဟုသုတတိုးပွားအောင် လေ့လာကြည့်ရအောင်။ (အသံထွက်ကို မြန်မာအက္ခရာဖြင့်အနီးဆက်ဆုံးသာ ကျိုးစားပေါင်းထားလို့ အသံထွက် တိကျမှန်ကန်မည်မဟုတ်ပါ။)

အင်္ဂလိပ်
gay - ဂေး
ပျော်ရွင်သည်၊ ရွင်မြသည်ဟု တိုက်ရိုက်အဓိပ္ပါယ်ရှိသော စာလုံးမှ ဆင်းသက်လာသည်။

အာရဗီ
مثلي  - မသ္သလီ
တူညီသည်ဟုအဓိပ္ပါယ်ရှိသည်။

ဂျာမန်
schwul - ရှဗူး
နွေးထွေးသည်ဟူသော စကားလုံးမှ ဆင်းသက်လာသည်။

ဂရိ
ομοφυλόφιλους - Omofylófilos - အိုမိုဖီလို့ဖီလောစ်
လိင်တူမိတ်ဆွေဟု အဓိပ္ပါယ်ရှိသည်။

ဂျပန်
同性愛者 - dōseiaisha - ဒိုးဆေးအိုင်းရှာ
လိင်တူချစ်သူဟု အဓိပ္ပါယ်ရှိသည်။ (မှတ်ချက် ကိုရီးယားတွင်လည်း ဂျပန်စာလုံးကို မွေးစားပြီး 동성애자 (Dongseong-aeja) ဒုန်ဆေရုံးအိုင်ဂျာ ဟုခေါ်သည်။)

ဆွာဟီလီ
shoga - ရှိုဂါ
လိင်တူချစ်သူယောက်ျားများကို ခေါ်ဆိုရာတွင်သုံးပြီး မိန်းခလးအချင်းချင်းကြားခေါ်ဆိုရာတွင် သူငယ်ချင်းဟူ၍လည်း သုံးသည်။

နော်ဝေး
skeiv - စကိ
မဖြောင့်ဘူး/ကောက်သည်ဟု အဓိပ္ပါယ်ရှိသည်။

တရုတ်
同性恋 - tóngxìnglián - တုံရှင်းလျန်
လိင်တူချစ်သူကို ဘာသာပြန်ထားခြင်းဖြစ်သည်။

同志 - tóngzhì - တုန်းကျိ
ရဲဘော်ဟု အဓိပ္ပါယ်ရှိသည်။

ပိုလန်
kochający inaczej
မတူသောအချစ်ကိုချစ်တတ်သောသူဟု အဓိပ္ပါယ်ရှိသည်။

မာအိုရီ (နယူးဇီလန်)
takatāpui - တကတာပွီး
လိင်တူမိတ်ဆွေဟု အဓိပ္ပါယ်ရှိသည်။ ရိုးရာ ဒန္တာရီမှာ နာမည်ကို အခြေခံပြီးဆင်းသက်လာသည်။

ဟီဘရူး
גאה - ge'e - ဂေအေး
ဂုဏ်ယူသည်ဟု အဓိပ္ပါယ်ရှိသည်။

עליז - aliz - အာလိဇ်
ပျော်ရွင်သည်ဟု အဓိပ္ပါယ်ရှိသည်။

ဟန်ဂေရီ
meleg - မေလေဂ့်
နွေးထွေးသည်ဟု အဓိပ္ပါယ်ရှိသည်။

ဟင်ဒီ
समलैंगिक - samalingakami
လိင်တူချစ်သူဟု အဓိပ္ပါယ်ရှိသည်။
ကဲမြန်မာစကားမှာလည်း ဘယ်လိုခေါ်ကြရင်ကောင်းမလဲ။
0 comments

လိင်တူချစ်သူတို့၏ ဂုဏ်ယူသက်တံအလံ ကောင်းကင်သို့ လွှင့်တင်ခြင်း


Planting Peace ဆိုတဲ့ လူမှုရေးအဖွဲ့အစည်းဟာ အာကာသကောင်းကင်ကို လိင်တူချစ်သူများကို ဖော်ရွေသော ဒေသတစ်ခုအဖြစ် ကြေညာလိုက်ပါတယ်။ ထိုအဖွဲ့အစည်းဟာ အမြင့်ပျံသန်းနိုင်တဲ့ လေဘောလုံးပေါ်မှာ လိင်တူချစ်သူများကို ကိုယ်စားပြုတဲ့ ဂုဏ်ယူသက်တံအလံကို ကောင်းကင်သို့ လွှင့်တင်တာကို ဗီဒီယိုရိုက်ကူးခဲ့ပါတယ်။ ဒီအလံဟာ ကမ္ဘာမြေပြင်မှ ၂၁.၁ မိုင်အမြင့်သို့ ပျံတက်ခဲ့ပြီး ကောင်းကင်ပေါ်တွင် ၃နာရီတိကြာကြာနေခဲ့ပြီးမှ မြေပေါ်သို့ ပြန်လည်ဆင်းသက်ခဲ့ပါတယ်။ ဤကဲ့သို့ပြုလုပ်ခြင်းဖြင့် အာကာသကောင်းကင်ဟာလည်း လိင်တူချစ်သူများကို မခွဲခြားပဲ ဖော်ရွေသော နယ်ပယ်တစ်ခုအဖြစ် သင်္ကေတတစ်ခု ထူနိုင်ခဲ့ပါတယ်။

Planting Peace ရဲ့ အဖွဲ့ခေါင်းဆောင် Aaron Jackson က "ဒီအလံကိုလွှင့်တင်ခြင်းဟာ ကမ္ဘာအရပ်ရပ်မှာ လူနည်းစု လိင်တူချစ်သူများ လူတန်းစေ့ တန်းတူ ဂုဏ်သိက္ခာအပြည့်နှင့် ဆက်ဆံခံရတဲ့အထိ လိင်တူချစ်သူအခွင့်အရေးအတွက် တိုက်ပွဲဝင်တာ ရပ်မှာမဟုတ်ဘူးဆိုတာကို ပြသဖို့အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်" ဟု ပြောပါတယ်။

0 comments

လိင်တူချစ်သူများကို ရာဇဝတ် မပြုသော မူစလင်နိုင်ငံ ၅ နိုင်ငံ

This post is translated into Burmese from the blog LGBT Muslim.

ဤဆောင်းပါသည် LGBT Muslim ဘလော့မှ ရေးသားထားသော ဆောင်းပါးကို တိုက်ရိုက်ဘာသာ ပြန်ဆိုထားသော စာပုဒ် ဖြစ်ပါသည်။

စာရေးသူမှာ Afdhere Jama ဖြစ်ပါသည်။ 
တူရကီနိုင်ငံ လိင်တူချစ်သူ ဂုဏ်ယူချီတန်းလှည့်လည်ပွဲ
လိင်တူချစ်သူများကို ရာဇဝတ်မှု မပြုသော မွတ်စလင်နိုင်ငံ ငါးနိုင်ငံ ရှိပါသည်။ သူတို့အားလုံးမှာ တူညီသည့် ဘုံအချက်တစ်ခု ရှိပါသည်။ ထိုနိုင်ငံထဲမှ မည်သည့်နိုင်ငံကမှ ဗြိတိသျှအင်ပါယာ ကိုလိုနီခဲ့ထွင်မှုကို မခံခဲ့ကြရပါ။ မူဆလင်နိုင်ငံဖြစ်စေ သို့မဟုတ် တခြားနိုင်ငံပဲဖြစ်စေ ကမ္ဘာ့တောင်ပိုင်း နိုင်ငံအများအပြားဟာ ယေဘုယျအားဖြင့် သူတို့ရဲ့ ကိုယ်ပိုင်ရှေးဟောင်း ဥပဒေကြမ်းတွေ မဟုတ်တဲ့ ကိုလိုနီခေတ်မှ ဥပဒေများကို သုံးပြီး အရွယ်ရောက် ကိုယ်တိုင် ဆုံးဖြစ်နိုင်ခွင့်ရှိသူများ အကြား လိင်တူချင်း ချစ်ခြင်းမေတ္တာရှိခြင်းကို ရာဇဝတ်မှု ပြုနေကြခြင်း ဖြစ်ပါသည်။ အနောက်အာဖရိက ပဲဖြစ်ဖြစ် သို့မဟုတ် အရှေ့တောင် အာရှ ပဲဖြစ်ဖြစ် ဥရောပ သို့မဟုတ် အရှေ့အလယ်ပိုင်းဒေသပဲ ပဲဖြစ်ဖြစ် လိင်တူချစ်သူများအပေါ် တယူသန်စွဲခြင်းဟာ အများထင်သလို ဒေသယဥ်ကျေးမှုကြောင့် မဟုတ်ပါ။

မာလီနိုင်ငံ

ဤအာဖရိက နိုင်ငံမှ လိင်တူချစ်သူများဟာ မုန်းတီးခြင်းကို ရင်ဆိုင်နိုင်ရကောင်း ရင်ဆိုင်ရမည်။ သို့ပေမဲ့ တရားဥပဒေသည် ၄င်းတို့ဘက်မှာ ရပ်တည်နေပါသည်။ မာလီ ပြစ်မှုဆိုင်ရာ အပိုဒ် ၁၇၉ က လိင်ကွဲချစ်သူ/လိင်တူချစ်သူ လိင်ပိုင်းဆိုင်ရာ အကြောင်းကိစ္စများကို ခွဲခြား သတ်မှတ်ထားခြင်း မရှိပဲ လူအများမြင်ဖွယ်ရာနေရာများတွင် မဖွယ်မရာ ပြုမှုကိုသာ တားမြစ်ထားပါသည်။ အာဖရိကတွင် ရှိသော နိုင်ငံပေါင်း ၃၈ နိုင်ငံဟာ လိင်တူဆက်ဆံခြင်းကို သေဒဏ် အပါအဝင် ပြင်းထန်သော အပြစ်ပေးမှုများ ပေးနိုင်သည့် ဥပဒေများကို ထားရှိပါသည်။

ဂျော်ဒန်

ဂျော်ဒန်သည် အော်တိုမန် အင်ပါယာ၏ လက်အောက်ခံ နိုင်ငံဖြစ်ခဲ့ပြီး အင်ပါယာဟာ အခြားနိုင်ငံများထက် ၇၅ နှစ်စောပြီး လိင်တူချစ်သူများကို ဥပဒေပြုခဲ့ပါသည်။ သို့သော် ၁၉၅၁ တွင် လွတ်လပ်ရေးရတဲ့သည် ဂျော်ဒန် နိုင်ငံသစ်ဟာ လိင်တူချစ်ခြင်းကို တရားဝင်စေခဲ့ပါသည်။ အခြား လူ့အသိုင်းအဝန်းတွေနဲ့ ယှဉ်သောအခါ ဂျော်ဒန်မှ လူများသည် စိတ်ဓာတ်ပွင့်လင်းကြပြီး သည်းခံလက်ခံစိတ်ပိုမို မြင့်မားပါသည်။ အစ္စလာမ် တိုင်းပြည်တစ်ခု ဖြစ်တဲ့ အလျောက် ယဉ်ကျေးမှုမှ  ဖိအားတွေပေးနိုင်ပေမဲ့ လိင်တူချစ်သူများကို ထိခိုက်တာမျိုး မရှိပါ။

အင်ဒိုနီးရှား

အင်ဒိုနီးရှားသည် လိင်တူချစ်သူများကို ဘယ်တုန်းကမှ ရာဇဝတ် မပြုခဲ့ပါ။ ထို့အပြင် အာရှမှ အရှည်ကြာဆုံး လိင်တူချစ်သူအဖွဲ့အစည်းများလည်း ရှိပါသည်။ မွတ်စလင်လူဦးရေ အကြီးဆုံးရှိသည့် နိုင်ငံတစ်ခုဖြစ်နေသော်လည်း အင်ဒိုနီးရှားဟာ ဘာသာရေးနှင့် နိုင်ငံရေး ခွဲခြားမှု၏ အရေးပါမှုကို ပြသသော စံနမူနာကောင်း တစ်ခုအနေနှင့် ရပ်တည်နေပါသည်။ အခြားတစ်ဖက်တွင်မှု ၄င်း၏ အိမ်နီးချင်းများ ဖြစ်ကြသော စင်္ကာပူ (မူဆလင်နိုင်ငံမဟုတ်) နှင့်မလေးရှား (မူဆလင်နိုင်ငံ) တို့မှာ လိင်တူချစ်သူများကို တားမြစ်သော ဥပဒေများရှိပြီး အဆိုပါ နိုင်ငံ ၂ ခုစလုံးမှာ ဗြိတိသျှအင်ပါယာ၏ ကိုလိုနီများ ဖြစ်ခဲ့ကြသည်။

တူရကီ

၁၈၅၈ ခုနှစ်ကတည်းက အော်တိုမန် အင်ပါဟာ၏ အစ္စလမ် ဘုရင်ကြီးမှ လိင်တူချစ်သူများကို ရာဇဝတ်ပြုခြင်းကို ပယ်ဖျက်ခဲ့သည်။ ဤသို့ပြုလုပ်ခြင်းသည် တိုက် ၃တိုက် အတွင်းရှိ နိုင်ငံအများအပြားအပေါ် အကျိုးသက်ရောက်ခဲ့သည်။ ၁၉၂၀ တွင် တူရကီ သီးသန့် နိုင်ငံ ဖြစ်လာသောအခါ ဥပဒေကို ပြောင်းလဲပစ်ရန် မလိုအပ်ခဲ့ပါ။ တူရကီတွင်ရှိသော အကြီးဆုံး လိင်တူချစ်သူအဖွဲ့အစည်းသည်လည်း ဘယ်သောအခါမှ တားဆီးခြင်း မခံရပါ။

အယ်လ်ဘေးနီးယား

အယ်လ်ဘေးနီးယားသည် လိင်တူချစ်ခြင်းကို ၁၉၉၅ ခုနှစ်ကတည်းက ရာဇဝတ်မှုပြုခြင်းကို ပယ်ဖျက်ခဲ့သည်။ မူစလင် အများစုနေနိုင်သော ဤနိုင်ငံသည် ဘော်ကန်ဒေအတွင်းတွင် လိင်တူချစ်သူများအပေါ် လက်ခံမှုအကောင်းဆုံးဖြစ်ပြီး ဒေသတွင်းတွင် လိင်တူချစ်သူ အခွင့်အရေးကို ရှေ့တန်းမှ တောင်းဆိုခဲ့သော နိုင်ငံဖြစ်သည်။ အစိုးရဘက်မှလည်း လိုလိုလားလားရှိကာ ခွဲခြားဆက်ဆံမှုများကို ဆန့်ကျင်သော ဥပဒေများလည်း ရှိပါသည်။

ခွဲခြားဆက်ဆံမှုများကို ဆန့်ကျင်သော ဥပဒေသည် အလွန်အရေးကြီးပါသည် အဘယ့်ကြောင့်ဆိုသော် လူတစ်ဦးအား လိင်စိတ်ကွဲပြားမှုကို အခြေခံ၍ အသိုင်းအဝန်းမှ ခွဲခြားဖိနှိပ်ခြင်း ပြုလုပ်ခဲ့သည်ရှိသော် ဥပဒေမှ အကာအကွယ်ပေးနိုင်ခြင်းကြောင့် ဖြစ်ပါသည်။

မွတ်ဆလင်လူဦးရေ အများအပြားရှိပြီး လိင်တူချစ်ခြင်း တရားဝင်သော အခြားနိုင်ငံအချို့မှာ အဇာဘိုင်ဂျန်၊ ဘာရိန်း၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၊ ဘာကီနာ ဖာဆို၊ ချဒ်၊ ဂျီဘူတီနိုင်ငံ၊ အီရတ်၊ ကာဇက်စတန်၊ ကိုဆိုဗို၊ ကာဂျစ္စတန်၊ နိုင်ဂျာ၊ မြောက်ပိုင်း ဆိုက်ပရပ်စ်၊ ပါလက်စတိုင်းနှင့် တာဂျီကစ္စတန် တို့ဖြစ်ကြပါသည်။

အထက်ဖော်ပြပါနိုင်ငံများသည် ကမ္ဘာပေါ်မှ အခြားနိုင်ငံများကဲ့သို့ပင် လိင်တူချစ်သူများအတွက် အမျိုးမျိုးသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။ သို့သော် တရားဥပဒေသည် ၄င်းတို့ဘက်မှ ရပ်တည်နေသည် ဆိုသည့်အချက်သည် ထိုနိုင်ငံများတွင် နေထိုင်ရခြင်းမှာ မိမိတို့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရန် အင်အားတစ်ရပ် ပေးနေသလို ဖြစ်ကာ တနေ့နေ့တွင် လွတ်လပ်မှုအတွက် မျော်လင့်ချက်တစ်ခုဖြစ်နေပြီး တစ်ချိန်တွင် အများလိင်ကွဲချစ်သူများနှင့် တန်းတူ ကွဲပြားမခြားနားပဲ နေထိုင်နိုင်ရန် အိပ်မက်မက်ဖို့ မျှော်မှန်းနိုင်ခြင်းပင် ဖြစ်ပါသည်။
0 comments

၂၀၁၅ ခုနှစ်သည် လိင်စိတ်တိမ်းညွတ်မှုဆိုင်ရာ ထွေပြားစုံလင်မှုအတွက် အောင်ပွဲခံသော နှစ်တစ်နှစ် ဖြစ်ခဲ့သည်

ဤဆောင်းပါးကို မူရင်း စာမျက်နှာ ကမ္ဘာ့အသံမြန်မာ (Global Voices) မှ တိုက်ရိုက် ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။
ရေးသားသူမှာ Jaime Vidal Melero ဖြစ်ပြီး
Thant Sin မှ ဘာသာပြန် ထားပါသည်။

LGBT parade in front of La Moneda, Santiago de Chile in 2009. In 2015 Chile became the seventh South American country to recognise same-sex unions. PHOTO: By CiudadanoGay (Picasa) [CC BY 3.0) via Wikimedia Commons
၂၀၀၉ ခုနှစ် ချီလီ နိုင်ငံ La Moneda အရှေ့ရှိ LGBT စီတန်းလှည့်လည်ပွဲ။ ၂၀၁၅ တွင် ချီလီနိုင်ငံသည် တောင်အမေရိက နိုင်ငံများထဲမှ လိင်တူချင်း တရားဝင် ပေါင်းစဉ်းမှုကို အသိအမှတ်ပြုသော ၇ နိုင်ငံမြောက် ဖြစ်လာသည်။ PHOTO: By CiudadanoGay (Picasa) [CC BY 3.0) via Wikimedia Commons
၂၀၁၅ ခုနှစ်သည် လိင်တူချစ်သူ (LGBTI) အခွင့်အရေးများနှင့် ကမ္ဘာတစ်ဝှမ်းတွင် လိင်စိတ်တိမ်းညွတ်မှုဆိုင်ရာ ထွေပြားစုံလင်မှု (Sexual Diversity) နယ်ပယ်တွင် (အထူးသဖြင့် တန်းတူ ထိမ်းမြားလက်ထပ်ခွင့် နှင့် လိင်တူချစ်သူများ တရားဝင် ပေါင်းစည်းနိုင်ခွင့် တို့တွင်) အောင်မြင်သော နှစ်တစ်နှစ် ဖြစ်ခဲ့သည်။

ပထမဆုံး သတင်းကောင်းမှာ ကက်သလစ်ဘာသာဝင် အများစုနေထိုင်နေသော၊ ၁၉၉၃ ခုနှစ်ကမှ လိင်တူချစ်ခြင်းကို ပြစ်မှုစာရင်းမှ ထုတ်ပယ်ခဲ့သော အိုင်ယာလန်တွင် မေလ ၂၂ ရက်နေ့၌ နိုင်ငံသားများအား ထိမ်းမြားလက်ထပ်ခြင်းကို ဥပဒေအရ လိင်ပေါ်အခြေခံကာ ခွဲခြားသတ်မှတ်ထားခြင်း ရှိသင့်မရှိသင့် မဲခွဲဆုံးဖြတ်ဖို့ ခေါ်ယူခြင်းဖြင့် စတင်ရောက်ရှိလာပါသည်။ အိုင်ယာလန်၏ မဲပေးသူများသည် ၆၂ ရာခိုင်နှုန်း မဲအသာဖြင့် တန်းတူညီမျှထိမ်းမြားလက်ထပ်ခွင့်ကို အသိအမှတ်ပြုဖို့ ထောက်ခံခဲ့ကြရာ အိုင်ယာလန်သည် လိင်တူချစ်သူများ ထိမ်းမြားလက်ထပ်ခွင့်ကို လူအများစုမဲနှင့် ပထမဆုံး အသိအမှတ်ပြုသော နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။

နောက်တစ်လအကြာ ဇွန်လ ၂၆ ရက်တွင် အိုဘာဂီဖဲလ် နှင့် ဟော့ဂျ် တို့၏ အမှုအပေါ် အမေရိကန်ပြည်ထောင်စု တရားလွှတ်တော်က အဆုံးအဖြတ်ကို ရည်ညွှန်းသော ချစ်ခြင်းမေတ္တာ အောင်နိုင်ပြီ ဟု အဓိပ္ပါယ်ရသည့် #LoveWins hashtag များဖြင့် ကမ္ဘာတစ်ဝန်း လူမှုကွန်ရက်များ၌ တောက်ပလာခဲ့သည်။ ထိုအမှုတွင် အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၁၄ အရ လိင်တူချစ်သူစုံတွဲများကို ပြည်နယ်တိုင်းမှ ထိမ်းမြားလက်ထပ်ခွင့် ပေးရမည်ဟု ဆုံးဖြတ်ခဲ့သည်။ တရားသူကြီး အန်ထော်နီအမ်ကနေဒီသည် သမိုင်းဝင်ဆုံးဖြတ်ချက်နှင့် ပက်သက်၍ အောက်ပါအတိုင်း ဆိုခဲ့သည်။
No union is more profound than marriage, for it embodies the highest ideals of love, fidelity, devotion, sacrifice, and family. In forming a marital union, two people become something greater than once they were. As some of the petitioners in these cases demonstrate, marriage embodies a love that may endure even past death. (…) Their hope is not to be condemned to live in loneliness, excluded from one of civilization's oldest institutions. They ask for equal dignity in the eyes of the law. The Constitution grants them that right.
လက်ထပ်ခြင်းထက် ကြီးမြတ်တဲ့ ပေါင်းစည်းမှုဆိုတာ မရှိပါဘူး။ အကြောင်းကတော့ လက်ထပ်ခြင်းဟာ ချစ်ခြင်းမေတ္တာ၊ သစ္စာတရား၊ တစ်ဦးပေါ်တစ်ဦး ပေးအပ်မြှုပ်နှံခြင်း၊ ကိုယ်ကျိုးစွန့် အနစ်နာခံခြင်း နဲ့ မိသားစု တို့ရဲ့ အမြင့်မားဆုံးစံနှုန်းတွေကို ဖော်ကျူးလို့ပါပဲ။ လက်ထပ်ထိမ်းမြားတဲ့အခါမှာ လူနှစ်ယောက်ဟာ အရင်ကထက် ပိုမိုကြီးမြတ်လာပါတယ်။ လက်ထပ်ခြင်းဟာ သေလွန်ပြီးတဲ့နောက် ဆက်လက်တည်တံ့တဲ့အချစ်ကို ဖော်ကျူးတယ်ဆိုတာ ဒီဖြစ်စဉ်တွေမှာ လက်မှတ်ထိုးတောင်းဆိုသူတွေက သက်သေပြခဲ့ပါပြီ။ (…) သူတို့ကို လူ့ဘောင် ယဉ်ကျေးမှု၏ အဓွန့်အရှည်ကြာဆုံး ထုံးတမ်းဓလေ့မှ ဖယ်ကျဉ်မထားကာ သူတို့ရဲ့ မျှော်လင့်ချက်တွေကို အထီးကျန်မှုထဲမှာ ကျန်မနေရအောင် ရှုတ်ချမှု မပြုအပ်ပါ။ သူတို့ဟာ တရားဥပဒေရဲ့အောက်မှာ တန်းတူညီမျှစွာ သိက္ခာရှိရှိ နေနိုင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက အဲဒီ့အခွင့်အရေးကို အပ်နှင်းပေးလိုက်တာပါပဲ။
ဇွန်လ ၂၁ ရက်တွင် အီတလီနိုင်ငံသည် လိင်တူချစ်သူစုံတွဲများကို အသိအမှတ်ပြုရန်နှင့် အကာအကွယ်ပေးရန် တရားဥပဒေ မူဘောင်ကို ထောက်ပံ့ပေးဖို့ ပယ်ချခြင်းမှာ လူ့အခွင့်အရေးဆိုင်ရာ ဥရောပကွန်ဗင်းရှင်း အပိုဒ်ခွဲ ၈ ကို ချိုးဖောက်ရာကျသည်ဟု လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးက ဆုံးဖြတ်ခဲ့သည်။ ထိုအပိုဒ်ခွဲ ၈ အရ လူတိုင်း၏ တစ်ကိုယ်ရည် လွတ်လပ်ခွင့်ဘဝနှင့် မိသားစုဘဝကို လေးစား အသိအမှတ်ပြုပေးရမည် ဖြစ်သည်။ ထိုဆုံးဖြတ်ချက်မှာ တူးနန်နှင့် သြစတြေးလျပြည် အမှုမှ လိင်တူဆက်ဆံခြင်းကို တားမြစ်ထားသော သြစတြေးလျ ဥပဒေကို ပယ်ဖျက်စေခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာ လိင်တူချစ်သူ အခွင့်အရေးနယ်ပယ်၌ ဥပဒေဆိုင်ရာ အောင်မြင်မှုကြီး တစ်ခုဖြစ်ကောင်း ဖြစ်နိုင်သည်။ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီ၏ ၁၉၉၄ ဆုံးဖြတ်ချက်အရလည်း အရွယ်ရောက်ပြီးသူများကြား လိင်ဆက်ဆံမှုကို နိုင်ငံတကာနိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများ သဘောတူညီမှု အပိုဒ်ခွဲ ၁၇ အရ တစ်ကိုယ်ရည် လွတ်လပ်ခွင့်ဘဝဟူသော ခေါင်းစဉ်အောက်၌ အကာအကွယ်ပေးထားပြီး ဖြစ်သည်။

SCOTUS Marriage Equality 2015: Supreme Court of the United States ends marriage discrimination. PHOTO: Ted Eytan (CC BY-SA 2.0)
SCOTUS ၂၀၁၅ တန်းတူ လက်ထပ်ထိမ်းမြားခွင့်။ ။အမေရိကန်ပြည်ထောင်စု နိုင်ငံတော် တရားရုံးချုပ်သည် လက်ထပ် ထိမ်းမြားခွင့် ခွဲခြားထားခြင်းကို အဆုံးသတ်သည်။ PHOTO: Ted Eytan (CC BY-SA 2.0)
၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် ချီလီကလည်း လိင်တူစုံတွဲများ ထိမ်းမြားလက်ထပ်ခွင့်ရရှိခြင်းအတွက် အောင်ပွဲဆင်နိုင်ခဲ့ရာ ၄င်းသည် လိင်တူချင်း ထိမ်းမြားမှုကို တရားဥပဒေအရ အသိအမှတ်ပြုသော သတ္တမမြောက် တောင်အမေရိကနိုင်ငံ ဖြစ်လာခဲ့သည်။ လိင်တူချစ်သူများကို လူရာမဝင်သူများဟုဆိုတာ ဖမ်းဆီးပြီး အကျဉ်သား စခန်းများတွင် နှိပ်စက်ခဲ့သော သမ္မတ အီဘန်ညက်ဇ် ဒယ် ကမ်ပို (Ibañez del Campo) ၏ ဆိုးရွားသော နေ့ရက်များမှာ ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ ဆာလဗာဒေါလ် အာလန်ဒီ (Salvador Allende) ၏ လူအများစုပေါင်းစည်းညီညွတ်ရေးပါတီ နှင့်အတူ လိင်တူချစ်သူမုန်းတီးရေးများကို ဖြန့်ဝေခဲ့သည့် လက်ဝဲယိမ်းသတင်းစာ ကလာရင် (Clarin) သည်လည်း အတိတ်တွင် ကျန်ရစ်ခဲ့ပြီဖြစ်သည်။

ကိုလံဘီယာ၏ တရားလွှတ်တော်တရားရုံးက လိင်တူစုံတွဲများ ကလေးမွေးစားခွင့်ကို ခွင့်ပြုပေးခဲ့
တန်းတူညီမျှအခွင့်အရေးများကို အသိအမှတ်ပြုခြင်းမှာ လိင်တူစုံတွဲများ ကလေးမွေးခွင့် ရရှိခြင်းလည်း ပါဝင်သည်။ နိုဝင်ဘာလ ၄ ရက်တွင် ကိုလံဘီယာတရားရုံးက ကလေးမွေးစားခြင်း ဝန်ဆောင်မှုအေဂျင်စီများကို လိင်တူစုံတွဲများအား ခွဲခြားခြင်းမပြုရန် ညွှန်ကြားခဲ့သည်။ ၉ နာရီကြာ အပြန်အလှန်ငြင်းခုန်အပြီး လိင်တူစုံတွဲများ ကလေးမွေးစားခွင့်ပေးရန် တရားရုံးမှ ဆုံးဖြတ်ခဲ့သည်။ လူတစ်ယောက်၏ လိင်စိတ်ကိုင်းညွတ်မှု သပ်သပ်ဟာ ကလေးမွေးစားဖို့ ကျင့်ဝတ်ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ သင့်တော်မှု ချို့တဲ့ခြင်းကို မညွှန်းဆိုနိုင်ပါဘူး ဟု တရားသူကြီး မာရီယာ ဗစ်တိုးရီးယား ကာရေး ကောရေးယား (Maria Victoria Calle Correa) က ဆိုသည်။ လိင်တူလက်ထပ်ခွင့်ကို လွန်ခဲ့သောငါးနှစ်က ခွင့်ပြုခဲ့သော ပေါ်တူဂီကလည်း လိင်တူစုံတွဲများ ကလေးမွေးစားခွင့်ကို ခွင့်ပြုခဲ့ပြန်သည်။ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၃ ရက်တွင် လွှတ်တော်ရှိ လက်ဝဲဝါဒီများသည် လိင်တူစုံတွဲများ ကလေးမွေးစားခွင့်ရရှိရေးနှင့် intro-vitro fertilisation ကို လက်လှမ်းမှီ ရရှိရေးအတွက် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။ ထိုတောင်းဆိုမှုများကို နိုဝင်ဘာ ၂၀ ရက်နေ့က ခွင့်ပြုပေးခဲ့ပြီး သမ္မတမှ လက်မှတ်ထိုးရန်သာ ကျန်တော့သည်။

ထိုသို့ ၂၀၁၅ သည် လူအများအတွက် အောင်မြင်သော နှစ်တစ်နှစ် ဖြစ်ခဲ့သော်လည်း LBGTI အသိုင်းအဝန်းရှိ transgender နှင့် intersex လူဦးရေ အတွက်တော့ သက်ရောက်မှု အနည်းငယ်သာ ရှိခဲ့သည်။ ကျားမကူပြောင်းထားသူ (Transgender) နှင့် လိင်လက္ခဏာထင်ထင်ရှားရှားမကွဲသူ (Intersex) တို့၏ အသိုင်းအဝန်းများသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ပြီး အချို့နေရာများတွင် ဘဝ ကောင်းကောင်း တိုးတက်လာသည် မရှိသေးပါ။ ယခုလက်ရှိတွင် ထိုသူများမှာ အခြားသူများနှင့် ယှဉ်လျင် တန်းတူနေရာ မရနိုင်သေးပဲနှင့် အလုပ်အကိုင်အခွင့်အလမ်း နှင့် ကျန်းမာရေးစောင့်ရှောက်မှုများတွင် ခွဲခြားဆက်ဆံမှုများကို ခံနေရပြီး လွန်ကဲသော လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်းနှင့် အကြမ်းဖက်ခံရခြင်းများလည်း တွေကြုံနေရသေးသည်။
(လိင်စိတ်ကိုင်းညွတ်မှုနှင့် လိင်ရုပ်ဝိသေသ) #SOGI အပေါ် အခြေခံ၍ ခွဲခြားဆက်ဆံမှုများ။ #EU တွင် လိင်လက္ခဏာထင်ထင်ရှားရှားမကွဲသူများ အပေါ် ဆိုးရွားသော နည်းလည်မှု
လိင်လက္ခဏာထင်ထင်ရှားရှားမကွဲသူများ အဖို့အတွက်မူ ဝမ်းနည်းစရာကောင်းသည်မှာ လိင်လက္ခဏာထင်ထင်ရှားရှားမကွဲသူ ကလေးများကို မလိုအပ်သော ခွဲစိတ်ကုသမှုများနှင့် အခြားကုထုံးများကို အသုံးပြုကာ ကျား သို့မဟုတ် မ ဟူသော ပုံသေစွဲထားသည့် နှစ်မျိုးထဲမှ တစ်မျိုးကို ဆန့်ဝင်ရန် ပြုလုပ်ခြင်းမှာ ပုံမှန်လုပ်လေ့လုပ်ထရှိသော အလေ့အကျင့်တစ်ခုလို ဖြစ်နေသည်။ နောက်ပြန်ဆုတ်၍ မရသော ထို ခွဲစိတ်မှုအဆင့်ဆင့်ကြောင့် သေရာပါထိ သားသမီးမရနိုင်ခြင်း၊ နာကျင်မှု၊ ဆီးမထိန်းနိုင်ခြင်း၊ ကာမ ထိတွေ့မှု မခံစားနိုင်တော့ခြင်း နှင့် တသက်လုံး စိတ်ကျန်းမာရေးထိခိုက်ခြင်း အစရှိသည့် ဆိုးကျိုးများ ဖြစ်လာနိုင်သည်။ ထို့အပြင် ထိုခွဲစိတ်မှုများကို ကာယကံရှင်၏ ခွင့်ပြုချက်နှင့် ဆန္ဒလိုက်လျောက်ခြင်း မပါပဲ ပြုလုပ်နေကြခြင်း ဖြစ်သည်။

၂၀၀၉ ခုနှစ် ဧပြီလတွင် Transgender Europe အမည်ရှိ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းသည် ဘာသာစကားစုံ အွန်လိုင်းဂျာနယ် လီမီနယ်လစ်နှင့် ပူးပေါင်း၍ ကျားမကူပြောင်းထားသူ အသတ်ခံရမှုများနှင့် ပက်သက်သော အချက်အလက်စုဆောင်းခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ စိစစ်ခြင်းများပြုလုပ်သော သုတေသန စီမံကိန်းတစ်ခုကို စတင်ခဲ့သည်။ ၂၀၀၈ ခုနှစ်အစပိုင်းကတည်းက ကျားမကူပြောင်းထားသူများသည် ပျမ်းမျှအားဖြင့် သုံးရက်လျှင် တစ်ယောက် အသတ်ခံနေရသည်။ ထို စီမံကိန်း (Transgender EuropeTrans Murder Monitoring project) အရ ၂၀၁၄ ခုနှစ် အောက်တိုဘာလမှ ၂၀၁၅ ခုနှစ် စက်တင်ဘာလအထိ လူသတ်မှု အနည်းဆုံ ၂၇၁ မှုရှိခဲ့ရာ သုံးဆယ့်ခြောက်နာရီတွင် တစ်ယောက်မျှ အသတ်ခံနေရခြင်းပင် ဖြစ်သည်။
ဒီနေ့ဟာ အရေးကြီးတဲ့နေ့ပါ။ ဒီနေ့ဟာ ကျားမကူပြောင်းထားသူများအတွက် အမှတ်တရနေ့ #TDOR ပါ။ ဒါကို ငါတို့အားလုံး အမှတ်ရနေကြပါတယ်။
ယခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဆယ့်ခြောက်ကြိမ်မြောက် နှစ်စဉ် ကျားမကူပြောင်းထားသူများအတွက် အမှတ်တရနေ့ကို ကျင်းပခဲ့ ကြသည်။ ၁၉၉၈ ခုနှစ်တွင် မက်ဆာချူးဆက်၌ ကျားမပြောင်းလဲထားသူ အမျိုးသမီး ရီတာ ဟက်စတာ အသတ်ခံရပြီးနောက် ၄င်းကို တုန့်ပြန်သည့် အနေဖြင့် ၁၉၉၉ ခုနှစ်မှစ၍ စတင်ကျင်းပခဲ့သည်။ ထိုမှစ၍ ကျားမပြောင်းလဲထားသူများအား မှန်းတီးမှုဖြင့် အကြမ်းဖက်မှုကြောင့် သေဆုံးသွားရရှာသော ဘဝများကို အမှတ်ရ ဂုဏ်ပြုသည့် အနေဖြင့် နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ရာ တဖြည်းဖြည်း ကျယ်ပြန့်လာသည်။ ထိုကဲ့သို့ များပြားလှသော ထိခိုက်ခံနေရသည့် အရေအတွက်များကြောင့် အချို့ ကျားမကူပြောင်းသူ အခွင့်လှုပ်ရှားသူများနှင့် မဟာမိတ်များသည် အမှတ်တရနေ့အစား ကျားမပြောင်းလဲထားသူများ ကြံကြံခံ ရှင်သန်နိုင်သောနေ့ (Transgender Day of Resilience) ဟု ပြောင်းလဲကျင်းပရန် အဆိုပြုခဲ့ကြသည်။ ကျားမပြောင်းလဲထားသူ ဂျာနယ်လစ် Claire-Renee Kohner က Bustle တွင် အောက်ပါအတိုင်း ရေးသားခဲ့သည်။
Transwomen are the most visible on the trans-spectrum and it’s easy to forget that transmen exist and experience a greater level of erasure than us women. Transman Michael Hughes, who brought the recent influx of bathroom bill legislation into perspective by posting selfies of himself in a women’s restroom, told Bustle, “I'm glad there's a 'day' that people new to the table, new to these conversations, can get involved. But like you, I feel every day is a day of visibility for us; It's 24/7/365 for trans people.”
ကျားမကူးပြောင်းသူ အမျိုးသမီးများဟာ ကျားမကူးပြောင်းသူ နယ်တစ်ဝန်းတစ်လျားမှာ လူအများ သိမြင်တာ ရှိပါတယ်။ ဒါပေမဲ့ ကျားမကူးပြောင်းသူ အမျိုးသားများလည်း ရှိသေးပြီး အမျိုးသမီးတွေလောက်ကိုပဲ ပစ်ပယ်ခံနေရတယ် ဆိုတာကိုတော့ မေ့လွယ်ပါတယ်။ အမျိုးသမီး သန့်စင်ခန်းတွေထဲမှာ ကိုယ့်ကိုယ်ကိုဓာတ်ပုံတွေရိုက်ပြီး အများသုံး သန့်စင်ခန်း ဥပဒေ ပြဌာန်းဖို့ လူအများ သဘောပေါက် လာအောင် ပြုလုပ်ခဲ့တဲ့ ကျားမကူးပြောင်းသူ အမျိုးသားများ မိုက်ကယ် ဟုဂျက်စ် က Bustle ကို ဒီလိုပြောပါတယ် "အသစ်အဆန်း ဖြစ်နေတဲ့ လူတွေနဲ့ ဒီအကြောင်းကို ဆွေးနွေးဖို့ ဆန်းနေတဲ့ လူတွေအတွက် ပါဝင်လာဖို့ ဒီလိုမျိုး 'ရက်တစ်ရက်' ရှိနေတာကို ကျွန်တော် ဝမ်းသာပါတယ်။ ဒါပေမဲ့ ခင်ဗျားလိုပါပဲ ကျွန်တော်အတွက်တော့ နေ့စဉ်နေ့တိုင်းဟာ ကျွန်တော်တို့ ထင်ရှားမြင်သာစေရမယ့် နေ့တွေပါပဲ။ ကျားမပြောင်းသူတွေ အတွက်ကတော့ ဒီဟာက ၂၄/၇/၃၆၅ ပါပဲ။
လှပပါတယ်။ လိင်လက္ခဏာထင်ထင်ရှားရှားမကွဲသူ အခွင့်အရေးလှုပ်ရှားသူများနှင့် ဟီဂျရာ (ကျားမပြောင်းလဲထားသူ အမျိုးသမီး) တွေ အိန္ဒိယမှာ ခွဲခြားဆက်ခံမှုကို ဆန္ဒပြဖို့ စုရုံးနေကြပါတယ်။
0 comments

ရုပ်ရှင် မိတ်ဆက် (The Imitation Game)


အင်္ဂလိပ် ရုပ်ရှင် The Imitation Game ဟာ သင်္ချာပညာရှင် အလန်တူရင်း၏ ဘဝ တပိုင်းတစကို အခြေခံပြီး ရိုက်ကူးထားသော ဇာတ်ကားဖြစ်ပါသည်။ အင်္ဂလိပ် သင်္ချာပညာရှင် အလန်တူရင်းသည် ကမ္ဘာသမိုင်းတွင် ဒုတိယ ကမ္ဘာစစ်အတွင်း၌ နာဇီဂျာမာန်တို့၏ လျှို့ဝက်သတင်းအချက်အလက်များအား ဖော်ထုတ်နိုင်သူ တစ်ဦးအဖြစ်ကျော်ကြားသည်။ သူ၏ ကျိုးပန်းမှုကြောင့် မဟာမိတ် စစ်တပ်တွေဟာ နာဇီတပ်တွေကို ပိုမို လျှင်မြန်စွာ အနိုင်ယူနိုင်ခဲ့ပြီး ကမ္ဘာစစ်ကြီးကို ၂ ကျော် တိုတောင်းသွားစေကာ လူ့အသက်ပေါင်း သန်းနှင့််ချီကာ ကယ်တင်နိုင်ခဲ့သည်။ ထို့အပြင် ကျွှန်ုပ်တို့ ယနေ့အသုံးပြုနေသော ကွန်ပြူတာဟုခေါ်သော အခြေခံအယူအဆကို စတင်သော တူရင်းစက်များကို တီထွင်ခဲ့ သူတစ်ဦးအဖြစ် မော်ကွန်းတင်ကြသည်။ ဤစွမ်းဆောင်မှုများအပါအဝင် အခြားအရေးပါသော ရှာဖွေမှုများပြုလုပ်ခဲ့သော ပရော်ဖက်ဆာ အလန် တူရင်းသည် လိင်တူချစ်သူ အမျိုးသားတစ်ဦး ဖြစ်သည်။

ဒုတိယ ကမ္ဘာစစ်ပြီးနောက် အင်္ဂလန်တွင် လိင်တူချစ်သူများ တရားမဝင်ဟု သတ်မှတ်ထားချိန်တွင် အလန် တူရင်းအား အပြစ်ဒါဏ်ချမှတ်ခဲ့သည်။ တရားရုံးမှ ထောင်ဒါဏ် သို့မဟုတ် ဟော်မုန်းအစားထိုးခြင်းအားခံယူရန် ရွေးချယ်စေရာ သူသည် အစားထိုးမှုခံယူရန် ဆုံးဖြတ်ခဲ့သည်။ ဟော်မုန်းအစားထိုးခံယူပြီးနောက် ၁ နှစ်ကျော်အကြာ ၁၉၅၄ ခုနှစ်၌ အသက်၄၁နှစ်တွင် မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်ဟု သမိုင်း ပညာရှင်များက သတ်မှတ်ကြသည်။ သေဆုံးပြီးနောက်ပိုင်းတွင် ၂၀၀၉ ခုနှစ်တွင် ဗြိတိသျှ ၀န်ကြီးချုုပ်မှ လည်းကောင်း ၂၀၁၃ ခုနှစ်တွင် ဘုရင်မကြီးမှ လည်းကောင်း သူ့အား အပြစ်ဒါဏ် ချမှတ်ခဲ့ခြင်းအပေါ် နိုင်ငံတော်မှ တောင်းပန်ခြင်းကို ပြုလုပ်ခဲ့ပြီး သူ၏ အောင်မြင်မှုကို ဂုဏ်ပြုခဲ့သည်။


တူရင်းသည် ငယ်ရွယ်စဉ်ကပင် ထူးချွန်သူတစ်ဦးဖြစ်သည်။ သိပ္ပံနှင့် သင်္ချာဘာသာကို အထူးစိတ်ဝင်စားသူ ဖြစ်သည်။ သူသည် ကျောင်းတက်နေစဉ် သူ၏ ကျောင်းနေဖက် ခရစ္စတိုဖာ မော်ကွမ်း (Christopher Morcom) နှင့် အလွန်နီးကပ်ခဲ့ပြီး မေတ္တာသက်ဝင်ခဲ့သည်။ သို့သော် မော်ကွမ်းသည် တီဘီရောဂါကြောင့် သိပ်မကြာခင်တွင် သေဆုံးသွားခဲ့သည်။ မော်ကွမ်းသေဆုံးမှုကြောင့် တူရင်းသည် သူနှင့် အတူတူလေ့လာခဲ့သော သိပ္ပံနှင့် သင်္ချာဘာသာကိုသာ အာရုံပိုစိုက်လာခဲ့သည်။ ထို့နောက် ကိန်းဘရစ် တက္ကသိုလ်တွင် ဂုဏ်ထူးဖြင့် ဘွဲ့ရခဲ့သည်။

ဒုတိယ ကမ္ဘာစစ်အတွင်း တူရင်းသည် ဗြိတိသျှ အစိုးရအတွက် ဂျာမာန်တို့၏ Enigma ခေါ် လျှို့ဝက် သတင်းအချက်အလက်များကို ဖော်ထုတ်သော အဖွဲ့တွင်ပါ၀င်ပြီး စစ်ပွဲ အနိုင်ရရှိနိုင်ရန် ကူညီခဲ့သည်။ သူသည် Bombe ဟုခေါ်သော စက်ကို တီထွင်ပြီး လျှို့ဝှက်သတင်းများကို နားလည်ဖော်ထုတ်နိုင်ရန် ကြိုးစားခဲ့သည်။ ၎င်းအဖွဲ့တွင် တူရင်းသည် အရေးပါသော ကဏ္ဍမှ ပါ၀င်ခဲ့ပြီး မဟာမိတ်တပ်များကို အထောက်အကူပြုခဲ့သည်။ စစ်ပြီးနောက်တွင် ယနေ့ ကွန်ပြူတာများ၏ အစပိုင်းဖြစ်သော Universal Turing Machine ခေါ် တွက်ချက်သည့် စက်များကို ဆက်လက်တီထွင်နေခဲ့သည်။ ထို့အပြင်သူသည် အရေးပါသော တက္ကသိုလ်စာတမ်းများလည်း ရေးသားခဲ့သည်။

ထိုခေတ်အခါ၌ အင်္ဂလန်တွင် လိင်တူချစ်ခြင်းကို ဖမ်းဆီးနိုင်သည်ဟု သတ်မှတ်ထားသော်လည်း တူရင်းသည် သူ၏ လိင်တူချစ်ခြင်းကို ဖုံးကွယ်ထားခြင်းမရှိပါ။ ၁၉၅၂ ခုနှစ်တွင် ယောက်ျားတစ်ဦးနှင့် တွဲသောကြောင့် အဖမ်းခံရပြီးနောက် သူ၏ လိင်တူချစ်ခြင်းကို ဖုံးကွယ်မထားပဲ ၀န်ခံခဲ့သည်။ သူသည် လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်လိုသောကြောင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခြင်းကို လက်မခံပဲ ဟော်မုန်းအစားထိုးခြင်းကိုသာ ခံယူခဲ့သည်။ ဤကဲ့သို့ ပြုလုပ်ခြင်းသည် သူ၏ ကျန်းမားရေးကို များစွာထိခိုက်နေသော်လည်း မရပ်နားပဲ သူတီထွင်နေသော စက်များနှင့် ဆက်လက် အလုပ်လုပ်ကိုင်ခဲ့သည်။ သို့သော် ထိုကဲ့သို့ အပြစ်ဒဏ်ချမှတ်ခြင်းသည် သူ၏ လုပ်ငန်းများအပေါ် အကြီးမားဆုံး ထိခိုက်ခဲ့သည်။

တူရင်းသည် သင်္ချာပညာ လောကတွင် အမြင့်မားဆုံး ဂုဏ်ထူးဆောင်တစ်ဦးဖြစ်သည်။ သူ့အားဂုဏ်ပြုသောအားဖြင့် တူရင်းဆုကို Association for Computing Machinery (ACM) မှ ၁၉၆၆ ခုနှစ်မှစ၍ နှစ်စဉ်နှစ်တိုင်း ကွန်ပြူတာ ဘာသာရပ်တွင် ထူးချွန်စွာ တီထွင်သူများအား ပေးအပ်လေ့ရှိသည်။ တူရင်းသည် ၂၀ ရာစုနှစ်၏ အရေးပါသော လူတစ်ဦးအဖြစ်လည်း သတ်မှတ်ခြင်းခံရသည်။ လိင်တူချစ်သူ တစ်ဦးနေဖြင့် အလန်တူရင်းသည် ခေတ်သစ် လူ့သမိုင်းအား တန်ဖိုးမဖြတ်နိုင်သော ဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့သူ လူစွမ်းကောင်းတစ်ဦးပင် ဖြစ်ပါသည်။

၂၀၁၄ ခုနှစ်တွင် ရိုက်ကူးသော The Imitation Game ဇာတ်ကားသည် အလန်တူရင်း၏ ဘဝ တပိုင်းတစကို ပုံဖော်ပေးဖို့ ရိုက်ကူးထားပါသည်။ အင်္ဂလိပ် သရုပ်ဆောင် Benedict Cumberbatch သည် အလန်တူရင်းအဖြစ် သရုပ်ဆောင်ထားသည်။ ၎င်းရုပ်ရှင်အား လိင်တူချစ်သူ၏ အခွင့်အရေးများနှင့် အလန်တူရင်း၏ အောင်မြင်မှုကို လူအများအသိအမှတ်ပြုနိုင်စေရန် ပြုလုပ်သည်ဟု ချီးကျူးကြပြီး အကယ်ဒမီ ဆုများရရှိခဲ့သည်။


0 comments

လွန်ခဲ့သော နှစ်၁၀၀အတွင်း ယောက်ျား ၀တ်စားဆင်ယင်ပုံ

ဒီ ၃ မိနစ်စာ Youtube ဗီဒီယိုလေးက လွန်ခဲ့တဲ့ နှစ်၁၀၀အတွင်း အနောက်တိုင်းက ယောက်ျားတွေရဲ့ ဝတ်စားဆင်ယုံပုံကို အကျဉ်းချုံးလေး ဖော်ပြသွားပါတယ်။ ကဲ ဘယ်ခေတ်က ၀တ်စားဆင်ယင်ပုံကို သင်ကြိုက်နှစ်သက်ပါသလဲ။

0 comments

သမိုင်း ဒဏ္ဍာရီထဲက လိင်တူချစ်သူစုံတွဲများအား ပြန်လည်အသက်သွင်းခြင်း

အမေရိကန် ကာတွန်းပန်းချီဆရာ Ryan Grant Long သည် သူ၏ ပြက္ခဒိန် အစီအစဉ်အတွက် သမိုင်းတလျှောက် လူစွမ်းကောင်းများနှင့် ၎င်းတို့၏ အချစ်ဇာတ်လမ်းတွေ ရုပ်ပုံရေးဆွဲခဲ့ပြီး ပြခန်းဖွင့်လစ်ခဲ့ပါသည်။ သူဆွဲခဲ့သည့် စုံတွဲများသည် သာမာန်စုံတွဲပုံများမဟုတ်ပါ။ ၎င်းတို့သည် သမိုင်းတလျှောက်၊ ခေတ်အဆက်ဆက်၊ ကမ္ဘာအနှံ့မှ လိင်တူချစ်သူ လူစွမ်းကောင်းများနှင့် ၎င်းတို့၏ လက်တွဲဖော်များဖြစ်သည်။ သူတို့တွေသည် သမိုင်းမှာ အမှန်အကယ်ရှိခဲ့သော သူရဲကောင်းတွေသာ ဖြစ်ပါသည်။
 
ပန်းချီဆရာ Ryan Grant Long က ဤသို့ရေးပါသည်။
ကျွန်တော့်ရဲ့ projectက သမိုင်းမှာရှိခဲ့တဲ့ တချို့လူတွေရဲ့ လိင်စွဲမက်မှုက ဂေးဟုတ်မဟုတ်ဆိုတာကို သက်သေပြဖို့ ရည်ရွယ်တာထက် လက်ဝယ်ရှိတဲ့အထောက်အထားတွေက ပြတာကို ကြည့်ခြင်းအားဖြင့် သူတို့တွေအကြားမှာ ဖြစ်နိုင်တဲ့ လိင်တူချင်း ချစ်ခင်မှုတွေကို ဂုဏ်ပြုတဲ့အနေနှင့် ပြုလုပ်ထားတာပါ။ တချို့ ပညာရှင်တွေက သမိုင်းက ယောကျ်ားနှစ်ဦးကြားမှာရှိတဲ့ နီးကပ်မှုဟာ ချစ်ခြင်းမဟုတ်ပဲ သာမာန် ၅၂၅ မေတ္တာနှင့် ခင်မင်မှုပါလို့ ငြင်းပယ်ချင်ကြပါတယ်။ ဒါပေမဲ့ တကယ်စဉ်းစားကြည့်ပါ။ သမိုင်းမှာ ယောကျ်ား နှင့် မိန်းမ ချစ်တဲ့ အချစ်ကို မက်မက်မောမော ဖော်ပြခဲ့တယ်ဆိုရင် ယောကျ်ားချင်းချစ်တဲ့အချစ်ကို ဖော်ကျူးဖို့လည်း ဖြစ်နိုင်ပါတယ်
ကျွန်တော်အားလုံးကို ဖိတ်ခေါ်ချင်ပါတယ်။ လူသားတွေရဲ့ တစ်ဦးအပေါ် တစ်ဦးထားတဲ့ ချစ်ခြင်းမေတ္တာရဲ့ နက်နဲမှုနှင့် ကျယ်ပြန့်မှုကို ခံစား အသိမှတ်ပြုစေဖို့ပါ။ လိင်တူချစ်ခြင်းဟာ လူ့သမိုင်းတစ်လျှောက်မှ တည်ရှိခဲ့သလို လူ့ဖွံ့ဖြိုးတိုးတက်မှုကို အကြီးမားဆုံး ပံ့ပိုးမှုကို ပြုလုပ်ခဲ့သူတွေအထဲမှာ ယောကျ်ားချင်းချစ်သူတွေ ပါ၀င်ခဲ့ပါတယ်။


၁) နီအန်းခခနွမ် (Niankhkhnum) နှင့် ခနွမ်ဟိုတပ် (Khnumhotep)


နီအန်းခခနွမ် နှင့် ခနွမ်ဟိုတပ်သည် ရှေးအီဂျစ်၏ ဘုရင်မင်းမြတ် တော်ဝင်နန်းတော်တွင် လက်သည်းထိုးသူတွေအား စီမံသူများဟူသော ဘွဲ့ကိုခံယူထားသည်။ ၎င်းတို့ကို အတူမြှပ်နှံထားသော အုတ်ဂူထဲတွင် ၎င်းတို့နှစ်ဦး မျက်နှာချင်းဆိုင်ကာ နှာခေါင်းချင်းထိနေသော ပန်းချီအား ရေးဆွဲထားသည်ကို တွေ့ရသည်။ နီအန်းခခနွမ် ဆိုသည်မှာ အီဂျစ်လို အသက်ထက်ဆုံး ပေါင်းဆုံသည်ဟု အဓိပ္ပာယ်ရသည်။ ခနွမ်ဟိုတပ်မှာတော့ တမလွန်၏ အေးချမ်းရာဘဝတွင် ပေါင်းဆုံသည်ဟု အဓိပ္ပာယ်ရသည်။ သူတို့နှစ်ဦး၏ နာမည်ကိုပေါင်းလိုက်သောအခါ ကမ္ပည်းစာတွင် “သက်ရှိစဉ်ကလည်း ပေါင်းဆုံသည်၊ သေသည့်နောက်တွင်လည်း ပေါင်းဆုံသည်”ဟု ရေးသားထားပါတယ်။ ဘီစီ ၂၄၀၀ ၀န်းကျင်တွင် နေထိုင်ခဲ့သည့် သူတို့အား ကမ္ဘာ့ သက်တမ်းအကြာဆုံး မှတ်တမ်းတင်ထားသည့် ယောက်ျားချင်းချစ်သူ စုံတွဲအဖြစ် သတ်မှတ်နိုင်ပါသည်။ 

၂) ဒေးဗစ် (David) နှင့် ဂျော်နသန် (Jonathan)


ဒေးဗစ် နှင့် ဂျော်နသန် သည် သမ္မာကျမ်းဟောင်းလာ ပုံပြင်ထဲမှ သူရဲကောင်းနှစ်ဦးဖြစ်သည်။ သူတို့ အမှန်တကယ်ရှိခဲ့ မရှိခဲ့ကိုတော့ မပြောနိုင်ပါ။ သမိုင်းပညာရှင်များနှင့် သမ္မာကျမ်းဆရာများက သူတို့ကို သာမာန်သူရဲကောင်း အဖော်များဟုသာ သတ်မှတ်ပါသည်။ 

လူရိုင်း ဘီလူးကြီး ဂိုလိုင်းယာ(သ်) (Goliath) ကို သတ်ပြီးနောက် ငယ်ရွယ်သော သူရဲကောင်း ဒေးဗစ် ကို အစ္စရေး၏ ပထမဦးဆုံး ဘုရင် စော (Saul) ရှေ့မှောက်သို့ ခေါ်ဆောင်လာသောအခါ ဘုရင်၏ အကြီးဆုံးသားတော် ဂျော်နသန် သည် ချောမောလှပတဲ့ သူရဲကောင်းငယ်ကို မြင်မြင်ချင်း မေတ္တာသက်ဝင်သွားပြီး သူ၏ ၀တ်ရုံနှင့် ချပ်ဝတ်တန်ဆာကို ချွတ်ကာ ဒေးဗစ်အား ၀တ်ပေးသည်။ နောက်ဆုံး ဂျော်နသန်သည် ဂျီလ်ဘိုအာ (Gilboa) တောင်ပေါ်တွင် လူရိုင်းများ သတ်ခြင့်ခံလိုက်သာအခါ ဒေးဗစ်သည် ငိုကျွေးကာ “ကျွှန်ုပ်၏ ချစ်လှစွာသော သခင်၊ ကျွှန်ုပ်အပေါ်ထားသော အသင်၏ အချစ်မေတ္တာသည် အံသြဖွယ်ကောင်းလှသည်။ မိန်းမများအပေါ်ထားသော အချစ်ထက် ကျော်လွန်သည်” ဟုပြောသည်။  ဒေးဗစ် နှင့် ဂျော်နသန်တို့၏ ဤပုံပြင်ကို သမ္မာကျမ်းဟောင်း၏ Samuel စာအုပ် ၁ နှင့် ၂ တွင် ပြောပြထားပါသည်။ 

၃) ဟန်မင်းဆက်မှ ဧကရာဇ် အိုင်း (Emperor Ai) နှင့် ဒုန်ရှင်း (Dong Xian)


တရုတ် ဟန်မင်းဆက်မှ ဧကရာဇ် အိုင်းသည် ဒုန်ရှင်းဟုအမည်ရသော နန်းရေးဝန်ကြီးငယ် ယောကျ်ားတစ်ဦးနှင့် မေတ္တာသက်ဝင်ခဲ့ပြီး သူ့ကို နိုင်ငံရေး သြဇအပြည့်အဝနှင့် ခမ်းနားသော နန်းတော်ကြီးကို နှင်းအပ်ထားပါသည်။ ဒဏ္ဍာရီအဆိုအရ တစ်နေ့တွင် ၎င်းတို့နှစ်ဦး အတူအိပ်စက်နေစဉ် ဧကရာဇ်ဘုရင်ကြီးသည် အရေးကြီး အလုပ်အတွက် ထရန် လိုအပ်လာသည်။ မိမိ၏ဝတ်ရုံအပေါ်တွင် ငြိမ်းချမ်းစွာ အိပ်စက်နေသော ချစ်သူကို မနှိုးလိုသောကြောင့် ၀တ်ရုံ၏ လက်စကိုဖြတ်၍ ထားခဲ့သည်။ ထို့ကြောင့် တရုတ်ယဉ်ကျေးမှုတွင် လိင်တူချစ်ခြင်းကို ၀တ်ရုံလက်ပြတ်မေတ္တာဟု ခိုင်းနှိုင်းခေါ်ဆိုကြသည်။

၄) ဧကရာဇ် ဟေဒရီယန် (Hadrian) နှင့် အန်တီနက်(စ်) (Antinous)


ဟေဒရီယန်သည် ရောမ အင်ပါယာကြီးတစ်ခုလုံးတွင် အန်တီနက်(စ်)သည် အချောမော အလှပဆုံး လူငယ်ဟု သက်မြင်ပြီး အတူပေါင်းသင်းခဲ့သည်။ ၀မ်းနည်းစရာပင် အန်တီနက်(စ်)သည် ငယ်ငယ်ရွယ်ရွယ်နှင့် နိုင်းမြစ်ထဲတွင် ထူးဆန်းစွာ ရေနစ် သေဆုံးခဲ့သည်။ ယူကြုံးမရ ဖြစ်သောဘုရင်ကြီးသည် လူငယ်လေးအား နတ်အဖြစ်ကိုးကွယ်စေရန် ပြုလုပ်ခဲ့သည်။ သူ၏ နာမည်ဖြင့် ခေါ်တွင်စေ၍ မြို့ကြီးများကို တည်ဆောက်ခဲ့သည်။ ရုပ်ထုများကို သူ၏ မျက်နှာပုံစံဖြင့် ထုလုပ်စေခဲ့သည်။ ဟေဒရီယန်နေထိုင်ရာ ဂရိပုံစံနန်းတော်ကြီးအနီးတွင် အန်တီနက်(စ်)ကို မြှုပ်နှံထားသည်ဟု ယုံကြည်ရသော အုတ်ဂူရှိသည်။ 
 
၅) သူတော်စင် ဆာဂျီယက်(စ်) (Sergius) နှင့် သူတော်စင် ဘားခက်(စ်) (Bacchus)


ဆာဂျီယက်(စ်) နှင့် ဘားခက်(စ်)တို့သည် အာဇာနည်များအဖြစ် ဂုဏ်ပြုခံရသော ရောမ စစ်သားနှစ်ဦး ဖြစ်သည်။ သူတို့သည် ရောမနတ် ဂျူပီတာကို ကိုးကွယ်ဖို့ ငြင်းဆန်ခဲ့သော ခရစ်ယာန် နှစ်ဦးဖြစ်သည်။ ဘားခက်(စ်)သည် အရင် ရိုက်သတ်ခြင်းခံခဲ့ရသည်။ သို့သော် ဒဏ္ဍာရီအဆိုအရ နောက်တစ်နေ့တွင် အဖမ်းခံထားရသော ဆာဂျီယက်(စ်)ရှေ့သို့ပေါ်လာပြီး “ရုပ်ခန္ဓာအရ ကျွန်ုပ်ကို သင့်ဆီမှ ခေါ်ဆောင်သွားခြင်းခံရသော်လည်း ကျွန်ုပ်သည် သင်နှင့်အတူ ကျွန်ုပ်တို့၏ ပေါင်းစည်းမှု၏ အနှောင်အဖွဲ့တွင် ဆက်လက် အတူရှိနေပါမည်”ဟု ကတိပေးလေသည်။ ဆာဂျီယက်(စ်)သည်လည်း ရက်များမကြာမှီတွင် နှိပ်စက်၍ အသတ်ခံခဲ့ရလေသည်။ ၎င်းတို့နှစ်ဦးကို အောက်မေ့ဂုဏ်ပြုသော အနေနှင့် အဒယ်ဖိုပိုအီးစစ် (adelphopoiesis) ဟုခေါ်သော ရိုးရာကျင်းပမှုတစ်ခုတွင် ပေါင်းစည်းခြင်းများပြုလုပ်ကြသည်။ ဂရိစာလုံးတွင် ညီနှောင်များ ပေါင်းစည်းသည်ဟု အဓိပ္ပာယ်ရသော အဒယ်ဖိုပိုအီးစစ် ဓလေ့ကို အချို့သမိုင်းပညာရှင်များသည် ခရစ်ယာန် ဘာသာတွင် လိင်တူယောက်ျားများကို ပေါင်းစည်းပေးသော ဓလေ့ဟု ယုံကြည်ကြသည်။


၆) အမည်မသိ မာယာ (Maya) စုံတွဲ 


အမေရိကတိုက်တွင် လိင်တူ စုံတွဲများနှင့် ပက်သက်သော အထောက်အထားများရှိသည်။ မူလ အမေရိကန် တိုင်းရင်းသားအုပ်စု အမြောက်အများသည် လိင်စွဲမက်မှုပုံစံကွဲပြားမှုကို လက်ခံထားရုံတင်မက ကြည်ညိုသည်အထိ ပြုလုပ်မှုများရှိခဲ့သည်။ သို့သော်လည်း အမေရိကတိုက်တွင် နေထိုင်သောသူများ၏ လိင်တူချစ်ခြင်း အလေ့အကျင့်နှင့် ပက်သက်သောအရာများကို တွင်တွင်ကျယ်ကျယ်မသိရပါ။ အမေရိကတိုက်သို့ ဥရောပတိုက်သားများရောက်ရှိလာသောအခါ ၎င်းတို့တန်ဖိုးထားသော အရာများကို ဒေသခံတိုင်းရင်းသားများအပေါ် အတင်းအကျပ် သွတ်သွင်းကာ ထိုတိုင်းရင်းသားများ၏ လိင်တူချစ်ခြင်းနှင့် ပက်သက်သော မှတ်တမ်းများကို မိစ္စာ ဒိဋ္ဌိများ၏ ဒုစရိုက်ဟု စွတ်စွဲကာ ဖျက်ဆီးခဲ့သည်။ ထို့ကြောင့် ဒေသခံများ၏ မေတ္တာ နှင့် ဘဝများ ကြောင်း ဗဟုသုတများ ပျောက်ဆုံးခဲ့ရသည်။

၇) အဘူ နူဝ(စ်) (Abu-Nuwas)


အာရပ် ကဗျာဆရာထဲမှာ အတော်ဆုံး ကဗျာစာဆိုဟု ဆိုနိုင်သော အဘူ နူဝ(စ်)သည် ပြဿနာရှာရာတွင် နာမည်ကျော်သူလည်း ဖြစ်သည်။ သူ၏ ကဗျာစာပေတွေအထဲမှာ သရော်စာတွေလည်းပါသလို တခါတစ်ရံ အစ္စလမ်ဘာသာက တားမြစ်ထားတဲ့ အကြောင်းအရာတွေကို ရေးသားထားတဲ့အတွက် သူ၏ ပရိသတ်များ တုန်လှုပ်ရသည်။ ထိုအတွက် သူသည် ခဏခဏလည်း အဖမ်းခံရသည်။ သူ၏ လိင်တူချင်း စွဲလမ်းတဲ့ အကြောင်းရေးတဲ့ ကဗျာများက ချိုမိန် ချစ်ကြည်နူးဖွယ်ရာမျိုးပါ၀င်သလို ပေါ်တင် တဏှာစိတ်ပြင်းပြင်းနှင့် ဤကဲ့သို့ ရေးသားထားတာမျိုးလည်းရှိသေးသည် - “ရေချိုးအိမ်အတွင်း၊ ဘောင်းဘီက ဖုံးအုပ်ထားသော လျိှု့ဝှက်မှုများ လှစ်ဟလေသည်။ သင်မျက်လုံးများကို ချုပ်တည်းခြင်းမရှိပဲ အာရုံစံစားလေလော့။” တစ်ထောင့်တစ်ည ပုံပြင်များတွင် အဘူ နူဝ(စ်)ကို မော်ကွန်းတင်ထားသည်။ 

၈) မာမွတ် ဂါဇနီ (Mahmud of Ghazni) နှင့် မာလိခ် အာယက်(ဇ) (Malik Ayaz)


မာမွတ် ဂါဇနီသည် ဂါဇနာဗစ် အင်ပါယာကို ထူထောင်ကာ ဆူလတန်ဘူရင်အဖြစ် မင်းမူခဲ့သည်။ သူသည် မာလိခ် အာယက်(ဇ)ခေါ် တူရကီ ကျေးကျွန်တစ်ဦး နှင့် မေတ္တာသက်ဝင်ခဲ့ပြီး သူတို့၏ အချစ်သံယောဇဉ်သည် အစ္စလမ် ဒဏ္ဍာရီ နှင့် ဆူဖီ ရသစာပေတွင် စံနမူထားလောက်သော အချစ်ဇာတ်လမ်းဖြစ်လာသည်။ ပုံပြင်ထဲတွင် မာလိခ်သည် မာမွတ်ဘူရင်ကြီးကို နိုင်ငံတော်ကြီးအတွင်းတွင် မည်သူက အင်အားအကြီးမားဆုံးလဲဟုမေးလေရာ ဆူလတန်ဘုရင်ကြီးက သူဟာ အင်အားအကြီးမားဆုံး ဖြစ်ကြောင်းပြောသည်။ ထိုအခါ မာလိခ်သည် ဘုရင်ကြီးအား မှားကြောင်း နှင့် သူသာလျှင် အင်အားအကြီးဆုံးဖြစ်ကြောင်း ပြန်ပြောလေသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရင်ကြီးက သူ၏ ကျေးကျွန်ဖြစ်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ပါရှား စာပေတွင် ကျေးကျွန်တစ်ဦး၏ ကျေးကျွန်ဆိုသော စကားသည် တင်စားလောက်သော အသုံးအနှုန်းဖြစ်လာသည်။ 

၉) လီယိုနာဒို ဒါဗင်ချီ (Leonardo Da Vinci)  နှင့် ဆလိုင်း (Salai)


ရီနေဆင့် (Renaissance) ရှေးဂရိ အနုပညာ နှင့် စာပေ ပြန်လည် ထွန်းကားလာသည့် ခေတ်တွင် အနုပညာရှင်၊ ပန်းချီကျော် နှင့် တီထွင်သူ ပါရမီရှင် လီယိုနာဒို ဒါဗင်ချီသည် သူ၏ လက်ထောက်ဖြစ်သူ Gian Giancomo Caprotti da Oreno (နာမည်ပြောင် ဆလိုင်း) နှင့် အချစ်ဇာတ်လမ်းရှိခဲ့တာ သေချာသည်။ လူဆိုးလေး (ဆလိုင်း)ဟု ပြောင်ခေါ်ဆိုခံရသောသူ၏ ဆိုးသွမ်းမှုတွေအား ဒါဗင်ချီသည် ခိုးသည်၊ လိမ်သည်၊ ခေါင်းမာသည်၊ အစားကြူးသည်ဟု မည်သို့ပင်ပြောသော်လည်း သူနှင့် အတူ အနှစ်၃၀ကျော် အတူခေါ်ထားခဲ့ပြီး ဒါဗင်ချီ၏ ပုံတွေနှင့် ပန်းချီကား အမြောက်အများတွင် ဆလိုင်းအား ထည့်သွင်းရေးဆွဲထားသည်ကို တွေ့ရသည်။

၁၀) ဆူနေတိုမို (Tsunetomo) နှင့် မစ်ဆူရှီဂေ (Mitsushige)


ဂျပန် ဆာမူရိုင်းများသည် ရှုဒို (Shudo) ဟုခေါ်သော လိင်တူချစ်ခြင်းကို ခေတ်အဆက်ဆက် ကျင့်သုံး ကြသည်။ အသက်ကြီးပြီး အတွေ့အကြံုရှိသော ဆာမူရိုင်း သူရဲကောင်းများသည် အသက်ငယ် အတွေ့အကြုံနုသေးသော ဆာမူရိုင်းများကို (တခါတရံ ချစ်သူအဖြစ်) လက်ခံကာ ပညာသင်ကြားပေးသော ဓလေ့ဖြစ်သည်။ ပုံမှန်ဆိုလျှင် ဆာမူရိုင်းတစ်ဦးသည် ဒေမျှို ဟုခေါ်သော သူ၏ သခင်အား ဂုဏ်သိက္ခာနှင့် ပြုစုရမည်ဖြစ်ပြီး သေသည့်အခါတွင်လည်း အတူလိုက်သေရမည် ဖြစ်သည်။ သို့သော် သခင်ဖြစ်သူ မစ်ဆူရှီဂေသည် ထိုဓလေ့အား မနှစ်မျှို့သည်ဖြစ်ရာ သူ၏ ချစ်လှစွာသော ဆာမူရိုင်း ဆူနေတိုမိုအား သူသေသောအခါ ထိုဓလေ့ကို မကျင့်သုံးဖို့ပြောလေသည်။ ထိုကဲ့သို့ ဓလေ့ကို ဖောက်ဖျက်ခဲ့သည့် အတွက် ဆာမူရိုင်း ကျင့်ဝတ်တွေ စတင်ရေးသားမှုကို စတင်စေခဲ့သည်။ ဆူနေတိုမိုသည် တောင်ပေါ်နေရာလေးတစ်ခုဆီသို့ အနားယူသွားခဲ့သည်။ သူ၏ ရှင်းလင်းချက်မှတ်စုများသည် ဟာဂါကူရေ ဟုခေါ်သော အရေးပါသည့် ဆာမူရိုင်း ယဉ်ကျေးမှု ဦးဆောင်လမ်းပြတစ်ခု ဖြစ်လာခဲ့သည်။

၁၁) ဝေါ့(တ်) ိုက်မန်း (Walt Whitman) နှင့် ပီတာ ဒှိုင်း (Peter Doyle)


ဝေါ့(တ်) ှိုက်မန်းသည် အမေရိကန်၏ သမိုင်းတွင် ချီးကျူးဂုဏ်ပြုခံရဆုံး ကဗျာဆရာများတွင် တစ်ဦး အပါအဝင် ဖြစ်သည်။ သူတစ်သက်လုံး ရေးသားခဲ့သော Leaves of Grass ဟူသော ခေါင်းစနှင့် ကဗျာ စာစုများသည် အမေရိကန်၏ ဂန္ဒဝင်စာပေများဖြစ်သည်။ တချို့ကထို စာအုပ်ထဲမှ လိင်တူချင်းစွဲမက်မှုကြောင်းရေးထားတာကို ရိုင်းတယ်လို့ပြောပေမယ့် အခြားသူတွေအတွက်တော့ လူသားဆန်တယ် လို့ပြောပါတယ်။ သူသည် ကားမောင်းသူ ပီတာ ဒှိုင်းနှင့် လက်တွဲခဲ့ပါတယ်။

၁၂) ဘေးယာ့(ဒ်) ရူစတင် (Bayard Rustin) နှင့် ေါလ်တာ နေဂယ် (Walter Naegle)


ဘေးယာ့(ဒ်) ရူစတင်သည် အမေရိကန် လူမဲပြည်သူများရပိုင်ခွင့် လှုပ်ရှားမှုတွင် ရှေ့တန်းမှပါ၀င်ခဲ့သူဖြစ်သည်။ သူသည် မာတင်လူသာကင်း၏ လှုပ်ရှားမှုများကို စီစဉ်သူလည်းဖြစ်ပြီး အကြမ်းမဖက် လှုပ်ရှားမှု၏ ရှေ့ဆောင်သူ တစ်ဦးဖြစ်သည်။ မာတင်လူသာကင်း၏ ကမ္ဘာကျော် မိန့်ခွန်းစကား ဖြစ်သော "I Have a Dream" မိန့်ခွန်းပြောခဲ့သော ချီတက်ပွဲ၏ နောက်ကွယ်မှ သူတစ်ဦးဖြစ်သည်။ ရူစတင်သည် သူ၏ လိင်တူချစ်ခြင်းကို ပွင့်လင်းစွာ ပြောပြသူဖြစ်တဲ့အတွက် လူမုန်းခံခဲ့ရပြီး ယနေ့တိုင် အမေရိကန်နိုင်ငံရေး ပြောင်းလဲမှုတွင် သူ၏ အရေးပါပုံ နှင့် သက်ရောက်မှုကို လျစ်လျူရှုခံရလေ့ရှိသည်။ ရူစတင် သေသည့်အထိ လက်တွဲခဲ့သော ဝေါလ်တာ နေဂယ်သည် သူ၏ ပိုင်ဆိုင်မှုကို ထိမ်းသိမ်းသူဖြစ်သည်။
 

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ