Search

Content

0 comments

ခြင်္သေ့ထီးနှစ်ကောင် မိတ်လိုက်နေချိန်ကို ဓာတ်ပုံရယူမိလိုက်

အာဖရိကတိုက် ဘော့ဆွာနာ နိုင်ငံမှာ ခြင်္သေ့ထီးနှစ်ကောင် ခြင်္သေ့မတွေကို အမှုမထားပဲ နှစ်ကောင်
သား ကြည်နှုးမိတ်လိုက် နေပုံကို ဘယ်လ်ဂျီယမ် ဓာတ်ပုံဆရာမ Nicole Cambre ဟာ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးလိုက်ရပါတယ်။ သူ ဆာဖာရီ ဥယျာဉ်ထဲမှာ သွားနေတုန်း အမှတ်မထင်ပဲ တွေ့လိုက်တာကို ရိုက်ယူလိုက်တာပါ။

တိရိစ္ဆာန်များတွင် လိင်တူချစ်ခြင်းနှင့် ပက်သက်ပြီး ကျွမ်းကျင်သူများက ဆွေးနွေးလေ့လာမှု အများအပြား ပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။ ၂၀၁၂ ခုနှစ်က Yale သိပ္ပံတက္ကသိုလ်က ထုတ်တဲ့ ဆောင်းပါးမှာ တိရိစ္ဆာန်များမှာ လိင်တူချစ်ခြင်းဟာ ထင်ထားတာထက်ပိုများ နိုင်ပြီး ကမ္ဘာတစ်ဝှမ်းရှိ မျိုးစိတ်အားလုံးရဲ့ ၁၀ ရာခိုင်နှုန်း အထက် ပါဝင်နိုင်တယ်လို့ ထုတ်ဝေခဲ့ပါတယ်။

တောထဲမှာဆိုရင် ခြင်္သေ့ထီးတွေဟာ တစ်ကောင်နှင့်တစ်ကောင် လိင်တူချစ်ခြင်း အပြုအမှုများ ပြုလုပ်ပြီး အနှောင်အဖွဲ့နှင့် သစ္စာစောင့်သိခြင်းတို့ကို ခိုင်မြဲအောင် ပြလုပ်လေ့ရှိကြပါတယ်။



0 comments

မြန်မာ လိင်တူချစ်သူများ အလုပ်ခွင်မှာ ဘယ်လိုအခက်အခဲများ ကြုံတွေ့ရပါသလဲ။

လူတစ်ယောက် အရည်အချင်းဆိုတာ သူ၏ လိင်စိတ်ဝင်စားမှုနှင့် ဘာမှ မဆိုင်ဘူးဆိုတာ အထင်အရှားပါ။ ဒါပေမဲ့ လူမှုပတ်ဝန်းကျင်၏ ဖိအားပေးမှုများ၊ အယူမှားမှုများ၊ အစွဲမှားမှုများကြောင့် လိင်တူချစ်သူများ အထူးသဖြင့် ကျားမပြောင်းသူများဟာ အလုပ်ရှင်များမှ ခွဲခြားဆက်ဆံပြီး အလုပ်မပေးတာတွေ၊ အခွင့်အရေးတန်းတူမပေးတာတွေ၊ အလုပ်ခွင်မှာ ဖိနှိပ်တာတွေ၊ လုပ်ဖော်ကိုင်ဖက်များက နှောင့်ယှက်တာတွေကို ကြုံတွေ့ကြရပါတယ်။ ဒါတွေကြောင့် လိင်တူချစ်သူများဟာ သူတို့ရဲ့စွမ်းရည်ကို တန်းတူ အသုံးမချနိုင်သောကြောင့် ပတ်ဝန်းကျင်နှင့် တိုင်းပြည်ကို အပြည့်အဝ အကျိုးမပြုနိုင်ပဲ ဖြစ်ကြရပါမယ်။ လိင်တူချစ်သူများ အလုပ်ခွင်မှာ တွေ့ရတဲ့ အခက်အခဲ၊ အတွေ့အကြုံများနှင့် ပက်သက်လို့ လင်းလက်ကြယ်စင် ရေဒီယို podcast လေးက မေးမြန်းထားတာလေးကို နားဆင်ကြည့်ပါ။

0 comments

ဗြိတိသျှ စစ်တပ်ဟာ လိင်ပြောင်းသူများကိုလည်း တန်းတူ တာဝန်ထမ်းဆောင်ခွင့်ပြု

ဖွံ့ဖြိုးအတိုးတက်ဆုံး  ကမ္ဘာ့ ခေါင်းဆောင်နိုင်ငံ တစ်ခု၏ စစ်တပ်ကို တစေ့တစောင်း ကြည့်မည်ဆိုပါက ရဲရင့်မှု၊ ထူးချွန်မှု နှင့် ထက်မြက်မှုဆိုတာမျိုးဟာ ယောက်ျားဖြစ်မှ၊ ကြမ်းတမ်းခက်ထန်မှ၊ ဗလအားကောင်း မောင်းသန်မှ ဆိုတာမျိုးလို့ ယူဆပြီး တာဝန်ထမ်းဆောင်ခွင့်ပေးတယ် လို့ မသတ်မှတ်ပါဘူး။ သူတို့အတွက် လူတိုင်းဟာ တန်းတူအရည်အသွေးရှိနိုင်တာကို အသိအမှတ်ပြုတဲ့အတွက် သင့်တော်ရာနေရာမှာ တာဝန်ထမ်းနိုင်ဖို့ ယောက်ျားမိန်းမ မခွဲခြားပဲ နိုင်ငံကိုကာကွယ်တဲ့ တာဝန်ကို ထမ်းဆောင်ခွင့်ပြုတဲ့ အထဲမှာ ကျားမပြောင်းသူ လိင်ပြောင်းလဲသူများကိုလည်း အကာအကွယ်ပေးပြီး တန်းတူအခွင့်အရေး ပေးပါတယ်။ သူတို့အတွက်တော့ လုပ်နိုင်စွမ်း နှင့် အရည်အချင်းဆိုတာ ဇီဝခန္ဓာဖွဲ့စည်းပုံ နှင့် ဘာမှ မဆိုင်ပါဘူး။ လူတိုင်းရဲ့ ကျိုးစားနိုင်မှုနှင့်သာ ဆိုင်တာပါ။

ဗြိတိသျှ မီဒီယာ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ All About Trans မှ ပြုလုပ်ထားသော လိင်ပြောင်းသူများ၏ ဘဝ အကြောင်းကို လူအများ နားလည်းသဘောပေါက်အောင် ပြုလုပ်ထားတဲ့ အောက်က ဗီဒီယိုထဲတွင် စစ်တပ်ထဲက လိင်ပြောင်း စစ်သားများ အကြောင်းကို လေ့လာနိုင်ပါတယ်။


တပ်ကြပ် Hannah Winterbourne ဟာ ဗြိတိသျှ စစ်တပ်မှာ ရာထူးအမြင့်ဆုံး လိင်ပြောင်း အမျိုးသမီး တာဝန်ထမ်းဆောင်သူ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဟန်နာဟာ ယခင်က ယောက်ျားစစ်သားအနေနှင့် အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်က လိင်ပြောင်းခဲ့ပါတယ်။ သူအဲ့လို ပြောင်းလဲဖို့လည်း စစ်တပ် အထောက်အပံတွေ ပေးခဲ့ပါတယ်။ သူအသက် ၂၃ အရွယ် တုန်းက သူဟာ မိန်းမတစ်ယောက်ဖြစ်တယ်ဆိုတာကို သဘောပေါက်ပြီး ပြောင်းလဲဖို့ စတင်ခဲ့ပါတယ်။ သူ့ကိုသူ ကျားမပြောင်းသူ မိန်ခလေးတစ်ယောက်ပါလို့ ဖွင့်ပြောနိုင်ဖို့ သတ္တိတွေအများကြီးလိုအပ်ခဲ့ပြီး အခက်အခဲများလည်း ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ဖွင့်ပြောပြီးကတည်းက စစ်တပ်က သူ့အတွက် အကောင်းဆုံး အလုပ်ခွင်တစ်ခုလို ဆက်ဆံခဲ့ပါတယ်ဟု ပြောပါတယ်။

သူ့ကို စစ်တပ်က လေးစားပါတယ် ဘာကြောင့်လဲဆိုတော့ စစ်တပ်ထဲမှာက စွမ်းဆောင်ရည်နဲ့ ရလာဒ်တွေကိုသာကြည့်လို့ပါဟု သူကပြောပါတယ်။ ထို့အပြင် စစ်တပ်က သူ့ရဲ့ တက္ကသိုလ်ပညာရေးကို ပြီးမြောက်အောင်ပါ ပံ့ပိုးပေး ခဲ့ပါသေးတယ်။ ဗြိတိသျှ စစ်တပ်ဟာ ၁၉၉၉ ခုနှစ်ကတည်းက ကျားမပြောင်းသူများကို တာဝန်ထမ်းဆောင်ခွင့်ရှိတဲ့ မူဝါဒတွေ ချမှတ်ပေးထားတာပါ။

ယခုတော့ ဟန်နာ က  ဗြိတိသျှ စစ်တပ်၏ ကျားမပြောင်းသူ တာဝန်းဆောင်သူများ၏ ကိုယ်စားလှယ်တစ်ဦး ဖြစ်ပြီး စစ်တပ်ထဲမှ ကျားမပြောင်းသူများ၏ အခက်အခဲ ဖြေရှင်းပေးဖို့နှင့် ကောင်းကျိုးအတွက်လည်း တာဝန်ယူနေပါတယ်။

ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်းမှာလည်း အမျိုးသမီးအခွင့်အရေးနှင့် တန်းတူညီမျှမှုကို ရရှိအောင် ပြုလုပ်မည်ဆိုပါက ကျားမပြောင်းသူများ (အရပ်အခေါ် ယောက်ျားလျှာ မိန်းမလျှာ) တို့၏ အခွင့်အရေးကို လှစ်လျှူရှုလို့ မရပါဘူး။ ဘာကြောင်လဲဆိုတော့ မိန်းမလျှာတစ်ယောက်ကို ပင်ကို ယောက်ျာလိုမနေပဲ ကျားကျားယားယားမရှိတာ မိန်းမဖြစ်ချင်တာ မကောင်းဘူးဆိုတဲ့ အမြင်နဲ့ ကြည့်နေသေးသရွေ့ လူတွေရဲ့စိတ်ထဲမှာ မိန်းမဆိုတာ မကောင်းဘူးဆိုတဲ့ အတွေးတွေ ရှိနေသေးလို့ပါပဲ။ ထို့အတူပဲ ယောက်ျားလျှာတစ်ဦးကို မိန်းမဆန်ဘူး မသိမ်မွေ့ဘူးလို့ မြင်နေသရွေ့ မိန်းမဆိုတာ ဘယ်လိုပုံစံမျိုး ဖြစ်ရမယ်ဆိုပြီး ဖိနှိပ်နေလို့ပါပဲ။ ထို့ကြောင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ယောက်ျားကမှ ဘုန်းကြီးတယ် ဘယ်သူကမှ ပိုမြင့်မြတ်တယ် အစရှိတဲ့ အယူမှားတွေအားလုံးကို ဖယ်ရှားပြီး အားလုံးဟာ တန်းတူဖြစ်တယ်ဆိုတဲ့ လွတ်လပ်တဲ့ အတွေးအခေါ်ကို လက်ခံနိုင်ပါမှ နိုင်ငံကို တိုးတက်အောင် ချီလှမ်းနိုင်မှာပါ။ အမျိုးသမီးတွေကို တန်းတူအခွင့်အရေး မပေးပဲ ခွဲခြားဆက်ဆံနေပါက သူတို့ယူဆောင်လာနိုင်တဲ့ အရည်အချင်းတွေကို နိုင်ငံတော်အနေနဲ့ အများကြီး ဆုံးရှုံးနေတာပဲ။ ထို့အတူပင် LGBT/လိင်တူချစ်သူ နှင့် ကျားမပြောင်းသူများ၏ တန်းတူအခွင့်အရေးအတွက် မလုပ်ဆောင်ပဲ ခွဲခြားဆက်ဆံပြီး လူ့အဖွဲ့အစည်းမှ ပစ်ပယ်နေခြင်းဟာ သူတို့မှ ပေးစွမ်းနိုင်မယ့် လူ့စွမ်းအားအရင်းအမြစ်တွေကို နိုင်ငံအတွက် ကြီးမားသော ဆုံးရှုံးမှု တစ်ခုပါပဲ။

0 comments

ဇာတ်လမ်းတို THE LANGUAGE OF LOVE (မြန်မာစာတမ်းထိုး)



ရန်ကုန်မှာ ရှားရှားပါးပါး အခုမှ ကျင်းပခွင့်ရတဲ့ &PROUD ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ THE LANGUAGE OF LOVE ဇာတ်လမ်းတိုကို မြန်မာစာတန်းထိုးနှင့် ကြည့်ရှုနိုင်ပါတယ်။ ဒီဇာတ်လမ်းတိုလေးဟာ လူငယ်ယောက်ျားလေးတစ်ယောက်ဟာ သဘာဝအလျောက် သူရဲ့ သူငယ်ချင်းကို မေတ္တာရှိနေတာကို သဘောပေါက်သွားရာကနေ မိမိကိုယ်ကိုယ် လိင်တူချစ်သူတစ်ယောက်အဖြစ် အသိမှတ်ပြုလိုက်တဲ့ အကြောင်းကို ၉ မိနစ်စာ ရိုက်ကူးထားပါတယ်။

Youtube စာမျက်နှာပေါ်မှာ ရုပ်ရှင်တိုလေးကို ဒီလို ဖော်ပြထားပါတယ်။
ပြင်သစ်ဘာသာ စာမေးပွဲဖြေနေတုန်း သူ့ကိုယ်သူ ဝန်ခံဖို့ နဲ့ အခင်ရဆုံးသူငယ်ချင်း ကို ဖွင့်ပြောဖို့ အသက် ၁၇ နှစ် အရွယ် ချာလီ Charlie တစ်ယောက် စကားလုံးများ ရှာမရပေ။

THE LANGUAGE OF LOVE ဇာတ်လမ်းကို Sydney မြို့မှ ၁၇ နှစ် အရွယ် ကင်မ်ဟို က ဇာတ်ညွန်းရေးဖွဲ့ ခဲ့ပြီး သူကိုယ်တိုင် သရုပ်ဆောင်ထားသည်။

ဒီရုပ်ရှင်ကို ၂၀၁၆ ဇန်နဝါရီလ တွင် ကျင်းပ ဆင်နွှဲသွားခဲ့ သော Yangon &PROUD LGBT ရုပ်ရှင်ပွဲ တော်မှာ ပြသခဲ့သည်။ ဒါရိုက်တာ Laura Scrivano ရိုက်ကူးထားပြီး Dan Prichard မှ ထုတ်လုပ်ထားသည်။

ရန်ကုန် &PROUD မှာ ပြသခွင့်ရတဲ့အတွက်၊ တန်းတူညီမျှမှု နဲ့ ဒီမိုကရေစီ
လျှောက်လမ်း အတွက် တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရတာကို ကျွန်တော် အရမ်းပဲ
ဂုဏ်ယူဝင့်ကြွားဖြစ်ရပါတယ်။ မြန်မာနိုင်ငံမှာ ဒီဇာတ်ကားကို ပြသဖို့
ကိုက်မှန်တဲ့ အချိန်ပါပဲ။
ကင်မ်ဟို
စာရေးဆရာ/သရုပ်ဆောင်

0 comments

International LGBT music (2016 January-February)

နိုင်ငံတကာသီချင်းများကို နှစ်သက်သူ ဝါသနာရှင်တို့အတွက် ၂၀၁၆ ဇန်နဝါရီ နှင့် ဖေဖော်ဝါရီလ အတွင်းမှာ ထွက်ရှိထားသည့် ကမ္ဘာအရပ်အရပ်မှာ ဒေသအလိုက် လတ်တလော ရေပန်းစားနေတဲ့ လိင်တူချစ်သူ အဆိုတော်တွေရဲ့ သို့မဟုတ် လိင်တူချစ်သူတွေနဲ့ ပက်သက်တဲ့  အကြောင်းအရာပါတဲ့ သီချင်း အသစ်တွေ  နားထောင်ကြည့်ဖို့ အချိန်ရောက်လာပါပြီ။


ဒီတစ်ခေါက် အတွက်တော့

Favourite Artist  - HUSH (Hong Kong)

အကြိုက်ဆုံး အဆိုတော် အဖြစ် ဟောင်ကောင်မှ ယောက်ျားချင်းချစ်သူ အဆိုတော် HUSH ...
HUSH - My Material Life



ဂျာမနီမှ ရော့ခ် ဂီတအဖွဲ့က ဂေးမဟုတ်ပေမဲ့ လိင်တူချစ်သူများကို မုန်းတီးမှုကို တိုက်ဖျက်အတွက် ရိုက်ကူးထားတဲ့ သီချင်းဗီဒီယို ... 

XIROW - Surround the Echo
Country - Germany



အင်ဒိုနီးရှားမှ ဂေးဇာတ်လမ်းနဲ့ ပြုလုပ်ထားတဲ့ သီချင်းဗီဒီယို ...
Wai Rejected - Take Me Now
Country - Indonesia



အန်ဂိုလာမှ ကျော်ကြားတဲ့ လိင်ပြောင်းအဆိုတော် တီတီကာရဲ့ သီချင်းသစ် ...
Titica - Zongá
Country - Angola



ထိုင်းက လိင်တူချစ်သူ လူငယ်ရုပ်ရှင်ရဲ့ ဇာတ်ဝင်သီချင်း ...
เหงา - เมื่อฝนหยดลงบนหัว [OST. The Rain Stories]
Country - Thailand



အစ္စရေးရဲ့ လိင်တူချစ်သူ အဆိုကျော် Harel Skaat ရဲ့ နောက်ဆုံးထွက်သီချင်း ... 

Harel Skaat - Sheiyavou Aleinu
Country - Israel



တရုတ်နိုင်ငံက ကျေကွဲစရာ ယောက်ျားချင်းချစ်သူ နှစ်ယောက်ရဲ့ ဇာတ်လမ်းနဲ့ ရိုက်ကူးထားတဲ့ အဆွေးသီချင်း ...
胡齡萌 - 從現在到以前
Country - China



ဆွီဒင်က ဂုဏ်ယူချီတန်းလှည့်လည်ပွဲ အတွက် ရိုက်ကူးထားတဲ့ သီချင်း ...
Mariette - My Revolution
Country - Sweden



ဗြိတိသျှမှ Elton John၏ သီချင်းသစ် ...
Elton John - Blue Wonderful
Country - UK



အိုင်ယာလန်မှ ယောက်ျားချင်းချစ်သူ Jack O' Rourke ရဲ့ သီချင်းအေးအေး ...
Jack O' Rourke - I'll forget you in the morning
Country - Ireland



အမေရိကန် ဂေးအဆိုတော် Parson James ရဲ့ ပွဲဦးထွက် သီချင်းဗီဒီယို ...
Parson James - A Sinner Like You
Country - US



အင်ဒိုနီးရှားမှ အဆိုတော်အများ ပါဝင်သီဆိုထားတဲ့ အမုန်းတရားများနဲ့ ဖိနှိပ်မှုများကို ဆန့်ကျင်ဖို့ သီဆိုထားတဲ့ သီချင်း ... 
Various Artists - Generasi Tanpa Hati
Country - Indonesia


အစတဲ့ သီချင်းကောင်းများ အပါအဝင် 


Featured Song of the Month

ဒီလအတွက် အကြိုက်ဆုံး သီချင်းအနေနှင့်တော့ မနှစ်က ထွက်ရှိခဲ့တဲ့ တောင်အာဖရိကမှ မိန်းမချင်းချစ်သူ Toya Delazy ရဲ့ တစ်ယောင်နဲ့ တစ်ယောက် မတူကွဲပြားမှုများကို အခြေခံပြီး ဘာ့ကြောင့် မုန်းတီးစရာ လိုမှာလဲလို့ မေးထားတဲ့ သီချင်းကောင်းကို စုစည်းပေးလိုက်ပါတယ်။
Toya Delazy - Why Hate
Country - South Africa

0 comments

မြန်မာ့ လူအသိုင်းအဝန်းနှင့် လိင်တူချစ်သူ အပေါ်အတွေးအမြင်များ (၂)

ဤ ဆောင်းပါးစုစဉ်းမှုသည် မြန်မာနိုင်ငံရှိ လိင်တူချစ်သူ LGBT အသိုင်းအဝိုင်း အတွက် အကျိုးရှိစေမည့် ပြည်သူများ၏ အတွေးအမြင်များကို စုစဉ်း တင်ပြခြင်းဖြစ်ပါသည်။ 

ရေးသားပေးပို့ရန် စိတ်ဝင်စားပါ heinhtutsoe@gmail.com သို့ရေးသားနိုင်ပါသည်။ အကယ်၍ သင်သည် မူရင်းရေးသားသူဖြစ်ပြီး ကူးယူဖော်ပြမှုကို မနှစ်သက်ပါကလည်း ပယ်ဖျက်ပေးရန် ဆက်သွယ်နိုင်ပါသည်။


ယခု အမြင်ကတော့ Facebook အသုံးပြုသူတစ်ဦးမှ ဝေမျှထားသော အတွေးအမြင်ကို တိုက်ရိုက် ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။ (မူရင်းရေးသားသူကို မရှာဖွေနိုင်တော့သဖြင့် အသိအမှတ်မပြုပေးနိုင်သည်ကို တောင်းပန်ပါသည်။ မူရင်းရေးသားသူကို အထူး အသိအမှတ်ပြုပါသည်။)
မနက်က ဆွမ်းခံအိမ်က ဟင်းမကျက်တကျက် ဖြစ်နေတာကြောင့် ငါးမိနစ်လောက် စောင့်ပေးပါဘုရားဆိုလို့ စောင့်နေတုန်းမှာ ဘေးအိမ်က ဖခင်ဖြစ်သူက ၁၆/၁၇အရွယ်လောက်ရှိဦးမယ့် သားဖြစ်သူကို သားရေခါးပတ်နဲ့ ပယ်ပယ်နယ်နယ် ဆော်နေတာကို မြင်လိုက်ရပါတယ်။ ကလေးကလည်း ထွက်မပြေးပါဘူး ပေခံနေပါတယ်။ နောက်မအေလုပ်သူက သားဖြစ်သူကို သူ့ကိုယ်နဲ့ ဝင်ကွယ်ပေးတော့မှပဲ ဖအေလုပ်သူက ရိုက်တာကို ရပ်လိုက်ပါတယ်။ စိတ်မကောင်းစရာပါပဲ။ ကိုယ်စိတ်ဝင်စားတာကို ရိပ်မိလို့ထင်ပါတယ် ဆွမ်းခံအိမ်က ဒကာမကြီးက ဆွမ်းလောင်းရင်းနဲ့ "ကလေးက ခပ်ခြောက်ခြောက်လေး ဖြစ်နေလို့ ဖအေလုပ်သူက ရိုက်တာဘုရား။ တပည့်တော်တို့လည်း အိမ်ချင်းကကပ်နေတော့ စိတ်မချမ်းသာဘူး" လို့ လျှောက်ပါတယ်။ အကြောင်းစုံသိရတော့ ကိုယ်လဲ စိတ်မကောင်းဖြစ်မိပါတယ်။ တကယ်တော့ ဒီပြဿနာက ရိုက်ရုံနဲ့ ဖြေရှင်းလို့ရတဲ့ ပြဿနာလည်း မဟုတ်ပါဘူး။ "ယောက်ျားချင်းချစ်ကြိုက်တဲ့သူ မိန်းမချင်းချစ်ကြိုက်တဲ့သူတွေဟာ ကမ္ဘာဦးကာလ လူ့အသက်တမ်းငါးရာရှည် စဉ်တုန်းက စတင်ပေါ်ပေါက်ခဲ့တယ်" လို့ ဘုရားရှင်က ပါထိကဝဂ္ဂပါဠိတော် အဂ္ဂညသုတ်မှာ ဟောကြားခဲ့ပါတယ်။ ကမ္ဘာဦးကတည်းက ရှိလာခဲ့တဲ့အရာကို အခုချိန်ထိ လက်မခံနိုင်သေးတာဟာ လူအတ္တကြောင့် ဖြစ်တယ်လို့ ထင်မြင်မိပါတယ်။ လက်ခံချင်သည်ဖြစ်စေ လက်မခံချင်သည်ဖြစ်စေ တချို့သောအရာက မဖြစ်မနေကို လက်ခံပေးရမှာပါ။ ဒီလိုမှမဟုတ်ရင် ငြိမ်းချမ်းနိုင်မှာ မဟုတ်ပါဘူး။
ကာမေသုမိစ္ဆာရကံ အားကြီးသောသူ၌ ၁) မလိုမုန်းထားသူ ပေါများခြင်း၊ ၂) မုန်းရုံမက ရန်သူလည်းများခြင်း၊ ၃) လာဘ်ပစ္စည်းများ ရှားပါးတိတ်ဆိတ်ခြင်း။ ၄) ချမ်းသာမှကင်းဆိတ်ခြင်း၊ ၅) မိန်းမဖြစ်ရခြင်း၊ ၆) မိန်းမမဟုတ် ယောက်ျားမဟုတ် ပဏ္ဍုတ်ဖြစ်ရခြင်း၊ ၈) ယောကျာ်းဖြစ်လျှင်လည်း အမျိုးယုတ်၌ ဖြစ်ရခြင်း၊ ၉) မျက်နှာပျက်၍ အရှက်ကွဲရတတ်ခြင်း၊ ၁၀) အင်္ဂါလက္ခဏာ ဣန္ဒြေတို့ ယွင်းသွေချို့သေးသိမ်ခြင်း၊ ၁၁) စိုးရိမ်ကြောင့်ကြ အားကြီးရခြင်း၊ ၁၂) ချစ်သူနှင့် ကွေကွင်းရခြင်း ဆိုတဲ့ ဆိုးကျိုးတွေကို ကာမေသုမိစ္ဆာစာရကံ ကျူးလွန်သူများဟာ ၀ဋ်အနေနဲ့ ခံစားရတယ်လို့ ရှင်တော်မြတ်ဘုရားက ဟောကြားတော်မူခဲ့တယ်။ ဒီဟောကြားချက်ကြောင့် မိန်းမဖြစ်သူတိုင်း Gayဖြစ်နေသူတိုင်းဟာ ကာမေသုမိစ္ဆာရကံ ကျူးလွန်ခဲ့သူတွေ ဖြစ်တယ်လို့ တစ်ထစ်ချထင်မှတ်နေကြကာ ယုတ်ညံ့သူများအဖြစ် သတ်မှတ်ထားကြပါတယ်။ တကယ်တော့ ဘုရားရှင်က ကာမေသုမိစ္ဆာစာရကံ ကျူးလွန်ကြများ ဒီအကျိုးဆက်တွေကို ၀ဋ်အနေနဲ့ ခံစားရတတ်တယ်လို့သာ ဟောကြားလိုရင်း ဖြစ်ပါတယ်။ မိန်းမဖြစ်နေသူတိုင်း Gayဖြစ်နေသူတိုင်းဟာ ကာမေသုမိစ္ဆာစာရကံကြောင့်သာ ဖြစ်နေကြရတယ်လို့ ဟောကြားလိုရင်း မဟုတ်ပါဘူး။ အကြင်မိန်းမသည် မိမိ၏ မိန်းမဣန္ဒြေ၊ မိန်းမအမူအရာ၊ မိန်းမအသွင်အပြင်၊ မိန်းမမာန်၊ မိန်းမဆန္ဒ၊ မိန်းမအသံ၊ မိန်းမအဝတ်တန်ဆာတို့ကို နှလုံးသွင်း၏။ ထိုမိန်းမဣန္ဒြေစသည်တို့၌ တပ်မက်မွေ့လျော်၏။ ယောက်ျား၏ ယောက်ျားဣန္ဒြေတို့၌လည်း တပ်မက်မွေ့လျော်၏။ ယောက်ျားနှင့် ပေါင်းဖော်ရန်အလိုရှိ၏။ ထိုမိန်းမသည် မိန်းမအဖြစ်(မိန်းမဘဝ)ကို မလွန်မြောက်သေး။ အကြင်မိန်းမသည်ကား မိမိ၏ မိန်းမဣန္ဒြေစသည်တို့ကို နှလုံးမသွင်း၊ မိန်းမဣန္ဒြေစသည်တို့၌ တပ်မက်မွေ့လျော်ခြင်းမရှိ၊ ယောက်ျား၏ ယောက်ျားဣန္ဒြေစသည်တို့ကိုလည်း နှလုံးမသွင်း တပ်မက်နှစ်သက်ခြင်း မရှိ၊ ယောက်ျားနှင့်ပေါင်းဖော်ရန်လည်း အလိုမရှိ၊ ထိုမိန်းမသည်ကား မိန်းမအဖြစ်ကို လွန်မြောက်၏။ (မိန်းမဘဝမှ ယောက်ျားဘဝသို့ ပြန်လည်ရရှိ၏) အကြင်ယောက်ျားသည် မိမိ၏ ယောက်ျားဣန္ဒြေ၊ ယောက်ျားအမူအရာ စသည်တို့ကို နှလုံးသွင်း၏။ ထိုယောက်ျားဣန္ဒြေ စသည်တို့၌ တပ်မက်မွေ့လျော်၏။ ထိုမိန်းမဣန္ဒြေစသည်တို့ကိုလည်း တပ်မက်မွေ့လျော်၏။ မိန်းမနှင့်ပေါင်းဖော်ရန်လည်း အလိုရှိ၏။ ထိုယောက်ျားသည် ယောက်ျားအဖြစ်ကို မလွန်မြောက်ချေ။ အကြင်ယောက်ျားသည် မိမိ၏ ယောက်ျားဣန္ဒြေ စသည်တို့ကို နှလုံးမသွင်း၊ အကြင်ယောက်ျားသည် မိမိ၏ ယောက်ျားဣန္ဒြေ စသည်တို့၌ တပ်မက်မွေ့လျော်ခြင်းမရှိ။ ထိုမိန်းမဣန္ဒြေ စသည်တို့ကိုလည်း နှလုံးမသွင်း၊ ထိုမိန်းမဣန္ဒြေ စသည်တို့၌လည်း တက်မက်မွေ့လျော်ခြင်းမရှိ။ မိန်းမနှင့် ပေါင်းဖော်ရန်လည်း အလိုမရှိ။ ထိုယောက်ျားသည်ကား ယောကျာ်းအဖြစ်ကို လွန်မြောက်၏ လို့ အင်္ဂုတ္ထိုရ်ပါဠိတော် သံယောဂသုတ်တော်မှာ ဟောကြားတော်မူခဲ့ပါတယ်။ (နောင်ဘဝ ယောက်ျားမဖြစ်တော့ပဲ သူ့နှစ်သက်ရာ မိန်းမ Gayစသည်ဖြစ်သွား၏-ဟူလို) ဒီဟောကြားချက်နှစ်ခုကို နှိုင်းယှဉ်သုံးသပ်ကြည့်လိုက်ရင် မိန်းမတိုင်းဟာ Gayတိုင်းဟာ ကာမေသုကံကြောင့် ဖြစ်နေရတာ မဟုတ်ဘူး။ အချို့က ကာမေသုကံကြောင့်၊ အချို့က မိန်းမဖြစ်ရတာ (သို့) Gayဖြစ်ရတာကို ကြိုက်နှစ်သက်တပ်မက်တဲ့ စိတ်ဆန္ဒကြောင့်၊ မိန်းမဖြစ်နေရတယ် Gayဖြစ်နေရတယ်ဆိုတာ ထင်ရှားပါတယ်။ ယသော်ဓရာဟာ လေးအသချေင်္နဲ့ ကမ္ဘာတစ်သိန်းကာလပတ်လုံး မိန်းမချည်းပဲဖြစ်ခဲ့ရတာ ကာမေသုမိစ္ဆာစာရကံကြောင့် မဟုတ်ပါဘူး။ ဘုရားအလောင်းကို ချစ်တဲ့ အချစ်စိတ်ကြောင့် မိန်းမဖြစ်ရတာပါ။ ဘုရားအလောင်းတော်ဟာ လေးအသေချင်္နဲ့ ကမ္ဘာတစ်သိန်းကာလပတ်လုံး ယောက်ျားပဲဖြစ်တော့မှာပါ။ ဒီတော့ ဘုရားအလောင်းတော်ကို ချစ်မိသွားပြီး ဘဝဆက်တိုင်း ဘုရားအလောင်းတော်နဲ့အတူ လက်တွဲနေထိုင်လိုတဲ့ ယသော်ဓရာအဖို့ မိန်းမဘဝတစ်ပါး ရွေးချယ်စရာနည်းလမ်းမရှိတော့ပါဘူး။ Gayတွေလည်း ဒီသဘောတရားအတိုင်းပဲ ဖြစ်နိုင်ပါတယ်။ မယ်တော်မာယာ၊ မိထွေးတော်ဂေါတမီ၊ ယသော်ဓရာ၊ ခေမာထေရီ၊ ဥပ္ပလဝဏ်ထေရီ၊ ဓမ္မဒိန္နာထေရီ၊ ၀ိသာခါ စတဲ့ အကျော်အမော် ပညာရှိသူတော်ကောင်း အမျိုးသမီးကြီးများဟာ ယောက်ျားဖြစ်ခဲ့တယ်လို့ ကျမ်းဂန်များ မတွေ့ရှိရပါဘူး။ သူတို့လို ပညာရှိသူတော်ကောင်း အမျိုးသမီးကြီးတွေ မိန်းမဘဝချည်းပဲ ဖြစ်နေကြတာ ကာမေသုကံကြောင့် မိန်းမဖြစ်နေကြရတာမဟုတ်ပဲ မိန်းမဘဝကို သူတို့ကိုယ်တိုင်က ကြိုက်နှစ်သက်လို့ မိန်းမဖြစ်နေကြရတယ်ဆိုတာ ထင်ရှားပါတယ်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဟာ ကာမေသုကံကြောင့် မိန်းမဖြစ်တယ် Gayဖြစ်တယ်ဆိုပါစို့။ သူဟာ အထက်မှာ ဘုရားရှင်ဟောခဲ့သလို မိန်းမဖြစ်ရတာကို မကြိုက်ဘူး မနှစ်သက်ဘူး။ Gayဖြစ်ရတာကို မကြိုက်ဘူး မနှစ်သက်ဘူးဆိုရင် ကာမေသုကံအကျိုးဆက်ကုန်တာနဲ့ သူအလိုရှိတဲ့ ဘဝကို ပြန်ရရှိမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ မိန်းမဖြစ်ရတာ ကြိုက်တယ် နှစ်သက်တယ်။ Gayဖြစ်ရတာ ကြိုက်တယ်နှစ်သက်တယ်ဆိုရင်တော့ ကာမေသုမိစ္ဆာစာရကံရဲ့ အကျိုးဆက်ကုန်သွားပေမယ့်လည်း သူ့စိတ်ဆန္ဒအရ သူ့ကြိုက်နှစ်သက်ရာ ဘဝကို ဆက်ဖြစ်နေဦးမယ်ဆိုတဲ့ သဘောပါပဲ။
သတ္တာ နာမ ၀ဋ္ဋေ ၀ိစရန္တာ နိစ္စကာလံ အပ္ပမတ္တော ဟုတွာ ပုညကမ္မမေဝ န ကရောန္တိ၊ ပမာဒိနော ဟုတွာ ပါပကမ္မမ္ပိ ကရောန္တိ။ သံသရာဝဋ်၌ ကျင်လည်ကျက်စားနေကြကုန်သော သတ္တဝါတို့သည် အမြဲတစေ မမေ့မလျော့သော သတိတရားဖြင့် ကောင်းမှုချည်းပဲ ပြုလုပ်နေကြကုန်သည် မဟုတ်။ တစ်ရံတစ်ခါ မေ့လျော့သည်ဖြစ်၍ မကောင်းမှုကိုလည်း ပြုမိတတ်ကြကုန်၏ လို့ ရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့တဲ့ အတိုင်း အရှင်အာနန္ဒာ မထေရ်အလောင်းလျာဟာလည်း တစ်ခုသော ရွှေကုန်သည် သူဌေးသားဖြစ်စဉ်မှာ ကာမေသုမိစ္ဆာရကံအမှုကို မက်မက်စက်စက် ကျူးလွန် ပြုကျင့်ခဲ့ပါတယ်။ အဲဒီကျူးလွန်ခြင်းရဲ့ အကျိုးဆက်အနေနဲ့ ငရဲရောက်ပါတယ်။ ငရဲလွတ်တော့ ဆိတ် နွား မျောက်ဖြစ်ပြီး ဝှေ့စေ့ထုတ်ခံရ သင်းကွပ်ရစတဲ့ အကျိုးဆက်ကို ခံစားရတယ်။ ပြီးတော့ Gay ဖြစ်ပြန်တယ်။ ပြီးတော့ သိကြားမင်းရဲ့ မိဖုရား ငါးဘဝဆက်ဖြစ်တယ်။ ပြီးတော့ နတ်သားတစ်ယောက်ရဲ့ မိဖုရားဖြစ်ပြန်တယ်။ ပြီးတော့ အင်္ဂတိမင်းကြီးရဲ့သမီးတော် ရုစာမင်းသမီးဖြစ်ပြန်တယ်။ ရုစာမင်းသမီးဘဝပြီးတော့ ယောက်ျားပြန်ဖြစ်တယ်။ အရှင် အာနန္ဒာအလောင်းလျာဟာ ကာမေသုကံကြောင့် မိန်းမဖြစ်တယ် Gayဖြစ်တယ်။ ဒါပေမယ့် အဲဒီဘဝတွေကို သူမသာယာ မနှစ်သက်ဘူး။ ဒါကြောင့် ကံရဲ့အကျိုးဆက်ကုန်တာနဲ့ ယောက်ျားပြန်ဖြစ်တယ်။ အကယ်၍ အဲဒီဘဝတွေကို နှစ်သက်တပ်မက်သွားမယ်ဆိုရင် သူဟာ ကာမေသုကံရဲ့ အကျိုးဆက်ကုန်သော်လည်း သူနှစ်သက်တဲ့ အဲဒီဘဝတွေကို သူ့စိတ်ဆန္ဒအရ ဆက်ဖြစ်နေဦးမှာပါပဲ။ တကယ်တော့ ကာမေသုကံဆိုတာ မိန်းမဖြစ်ရခြင်း Gayဖြစ်ရခြင်း အကြောင်းရင်းများစွာထဲက တစ်ခုသာဖြစ်တယ်။ မိန်းမတိုင်း Gayတိုင်းဟာ ကာမေသုကံကြောင့်ချည်း ဖြစ်နေရတာ မဟုတ်ပါဘူး။ နောက်ပြီးတော့ ဘဝသံသရာ ခရီးရှည်ကြီးကို လျှောက်လှမ်းနေစဉ်မှာ လိင်မပြန်တော့တဲ့သူဆိုလို့ သေချာပေါက် သဗ္ဗညုဘုရားဖြစ်လိမ့်မယ်လို့ သက်တော်ထင်ရှား သဗ္ဗညုဘုရားရှင်ဆီကနေ နိယတဗျာဒိတ်တော်ရပြီးထားတဲ့ ဘုရားအလောင်းတော်များကလွဲရင် သတ္တဝါတိုင်းဟာ လိင်ပြန်နိုင်ပါသေးတယ်။ ဒါကြောင့် လက်ရှိ ပစ္စက္ခအခြေအနေလေးကိုပဲ ကြည့်ပြီး ငါယောကျာ်းပဲဆိုပြီး လိင်အပေါ်မှာ အမှီပြုပြီး မာန်တက်နေစရာ မလိုပါဘူး။ ဒီဘဝယောက်ျား၊ နောက်ဘဝ မိန်းမ၊ Gay ဖြစ်သွားနိုင်ပါတယ်။
ဘုရားရှင်ကလည်း Gayတွေကို ကိုယ့် ကိလေသာကိုယ်ထိန်းနိုင်တဲ့ Gayဆိုရင် ရဟန်းဝတ်ခွင့်ပြုခဲ့ပါတယ်။ ဒါဟာ Gayတွေကို ဘုရားရှင်ကိုယ်တော်တိုင်က နားလည်လက်ခံပြီး အသိအမှတ်ပြုတဲ့သဘော၊ လူတစ်ယောက်အတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ပေးတဲ့သဘောဖြစ်ပါတယ်။ သိမ်ထဲမှာ "သင်ဟာ ယောက်ျားစင်စစ် ဧကန်ဖြစ်ရဲ့လား"ဆိုတဲ့ မေးခွန်းကြောင့် အချို့က Gayတွေကို လုံးဝ ရဟန်းပြုခွင့်မရှိလို့ ထင်မှတ်နေတတ်ကြတယ်။ ဒါနဲ့ပတ်သက်လို့ ၀ိနယပိဋက မဟာဝါပါဠိတော်ကနေ ထုတ်နှုတ်ပြီး ရှင်းပြလိုပါတယ်။ ဘုရားရှင်လက်တော်က ပဏ္ဍုတ်တစ်ယောက်ဟာ ရဟန်းပြုတယ်။ ရဟန်းပြုပြီး သူရာဂစိတ်ကို သူမထိန်းနိုင်တော့ ညအခါမှာ ရဟန်းငယ်တွေဆီသွားပြီး သူ့ကို လိင်မှုကိစ္စပြုလပ်ပေးဖို့ တောင်းဆိုတယ်။ ရဟန်းငယ်တွေက နှင်ထုတ်လိုက်တယ်။ ဒီတော့ ကိုရင်ကြီးတွေဆီသွားပြီး တောင်းဆိုပြန်တယ်။ ကိုရင်ကြီးတွေကလည်း မလိုက်လျောဘူး။ ဒါနဲ့သူဟာ ကြံရာမရတဲ့အဆုံး မြင်းထိန်းတွေဆီသွားပြီး တောင်းဆိုတယ်။ မြင်းထိန်းတွေက သူ့ဆန္ဒဖြည့်ဆည်းပေးလိုက်တယ်။ မြင်းထိန်းတွေဟာ နောက်နေ့ကြတော့ ဘုရားသား ရဟန်းသာမဏေဆိုသူတွေဟာ ယောက်ျားမဟုတ်ကြဘူး အခြောက်တွေပဲဆိုပြီး ကဲ့ရဲ့ကြတယ်။ ဒါကြောင့် ဘုရားရှင်က Gayတွေကို ရဟန်းခံမပေးနဲ့လို့ တားမြစ်ခဲ့တာ ဖြစ်တယ်။ ပြီးတော့ ရဟန်းခံခါနီးမှာ ယောက်ျားစင်စစ် ဧကန်ဖြစ်ရဲ့လားလို့လည်း မေးခိုင်းခဲ့တာ ဖြစ်တယ်။ ပဏ္ဍုတ်ငါးမျိုးရှိတယ်။ ဘုရားရှင်ရဲ့ တားမြစ်ချက်ဟာ ငါးမျိုးလုံးကို တားမြစ်ခဲ့တာမဟုတ်ဘူး။ ၁) အာသိတ္ထပဏ္ဍုတ်=သူတစ်ပါးရဲ့ အင်္ဂါဇာတ်ကို ပါးစပ်ဖြင့် သုတ်သွေးအား စုတ်ယူရမှ ကိလောသာပူပန်မှု ငြိမ်းအေးသောသူ၊ ၂) ဥဿုယပဏ္ဍုတ်=သူတစ်ပါး မှီဝဲပေါင်းဖော်နေတာကို ချောင်းမြောင်းကြည့်ရမှ ကိလေသာပူပန်းမှု ငြိမ်းအေးသောသူ၊ ၃) သြပက္ကမိကပဏ္ဍုတ်=ဝှေးစေ့ကို သင်းကွပ်ထုတ်ပစ်ထားသောသူ၊ ၄) ပက္ခပဏ္ဍုတ်=အကုသိုလ် ၀ိပါက်အာနုဘော်ကြောင့် လဆုတ်ပက္ခမှာ ကိလေသာထကြွသောင်းကျန်း၍ လဆန်းပက္ခမှာ ငြိမ်းအေးတဲ့သူ၊ လဆန်းပက္ခမှာ ကိလေသာထကြွသောင်းကျန်း၍ လဆုတ်ပက္ခမှာ ငြိမ်းအေးသူ၊ ၅) နပုံသကပဏ္ဍုတ်=မိန်းမအင်္ဂါဇာတ် ယောက်ျားအင်္ဂါဇာတ် နှစ်ပါးလုံး ထင်ထင်ရှားရှား မပါသောသူ၊ လို့ ပဏ္ဍုတ်ငါးမျိုးရှိတယ်။ ဒီငါးမျိုးမှာ နံပါတ် (တစ်) (နှစ်) ဖြစ်တဲ့ အာသိတ္ထပဏ္ဍုတ်နဲ့ ဥဿုယပဏ္ဍုတ်ကို ရဟန်းပြုပေးကောင်းတယ်။ ရဟန်းဝတ်လိုက ၀တ်နိုင်တယ်။ နံပါတ် (သုံး) (ငါး) ဖြစ်တဲ့ သြပက္ကမိကပဏ္ဍုတ်နဲ့ နပုံသကပဏ္ဍုတ်က လုံးဝ ရဟန်းမဝတ်ကောင်းဘူး။ ရဟန်းလဲ ပြုမပေးကောင်းဘူး။ အကယ်၍ မသိလို့ ရဟန်းပြုပေးမိခဲ့တယ် ဆိုရင်တောင် သိတဲ့အချိန်မှာ ချက်ခြင်းပဲ လူထွက်စေရမယ်။ နံပါတ် (လေး) ဖြစ်တဲ့ ပက္ခပဏ္ဍုတ်ကတော့ သူကိလေသာငြိမ်အေးတဲ့ ပက္ခမှာ ရဟန်းပြုပေးကောင်းတယ်။ ၀တ်ကောင်းတယ်။ ရဟန်းမပြုကောင်းတဲ့ ပဏ္ဍုတ်နှစ်မျိုးကတော့ ရဟန်းမှမဟုတ်ဘူး ကိုရင်ခေါ်သာမဏေလဲ မပြုကောင်းဘူး။ ပဏ္ဍုတ်တွေကို ဘာလို့ ရဟန်းမပြုစေတာလဲဆိုတော့ ကိလေသာကို မထိန်းသိမ်းနိုင်လို့ ဖြစ်တယ်။ ကိလေသာကို ထိန်းနိုင်ရင် ရဟန်းဝတ်နိုင်ပါတယ်။ ယောက်ျားစင်စစ်ဧကန်ဖြစ်ရဲ့လားဆိုတဲ့ မေးခွန်းက သြပက္ကမိကပဏ္ဍုတ်=ဝှေးစေ့ကို သင်းကွပ်ထုတ်ပစ်ထားသောသူနဲ့ နပုံသကပဏ္ဍုတ်=မိန်းမအင်္ဂါဇာတ် ယောက်ျားအင်္ဂါဇာတ် နှစ်ပါးလုံး ထင်ထင်ရှားရှား မပါသောသူနှစ်ဦးကိုသာ ရည်ရွယ်ပြီး မေးရင်းဖြစ်တယ်။
တကယ်တော့ ဗုဒ္ဓဘာသာအလိုအရ ယောက်ျားဖြစ်နေသူတိုင်းဟာ မမြင့်မြတ်သလို မိန်းမဖြစ်နေသူတိုင်း လိင်ပြန်နေသူတိုင်းဟာလည်း ယုတ်ညံ့သူများ မဟုတ်ကြပါဘူး။ မြင့်မြတ်ခြင်း ယုတ်ညံ့ခြင်းဟာ လိင်နဲ့ အသွင်သဏ္ဍာန်နဲ့ မဆိုင်ပါဘူး။ အပြုအမူအပြောအဆို စိတ်နေသဘောထားနဲ့သာ သက်ဆိုင်ပါတယ်။ ဒါကြောင့် ယောက်ျားချင်း ချစ်ကြိုက်နေသူ မိန်းမချင်း ချစ်ကြိုက်နေသူတိုင်းဟာ ယုတ်ညံ့သူတွေလို့ ထင်နေရင် အဲဒီထင်မြင်မှုဟာ မှားယွင်းသော ထင်မြင်မှု သက်သက်သာ ဖြစ်ပါတယ်။ မဃဒေဝလင်္ကာသစ် ကျမ်းပြုအကျော် ကျေးဇူးတော်ရှင် မန်လည်ဆရာတော်ဘုရားကြီးကတော့ "အနှစ်ပညာ မရှိပါက အင်္ဂါခြေလက် ယောကျ်ားလျက်လည်း မိန်းမထက်သာ ယုတ်မာဆိုးရွား မိုက်လုံးထွားသည်။ နွားနှင့်ကျားနှင့် အတူတူတည်း။" လို့ စပ်ဆိုတော်မူခဲ့ပါတယ်။
ဒီနေ့ဒီအချိန်အခါဟာ လိင်ခွဲခြားဆက်ဆံပြုမူရမယ့် အချိန်အခါ မဟုတ်တော့ဘူး။ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ Gayဖြစ်စေ သူတော်ကောင်းပညာရှိမှန်ရင် နိုင်ငံတော်တိုးတက်ဖို့အတွက် နေရာပေးပြီး အလေးထား ဆက်ဆံရတော့မယ့် အချိန်အခါပါ။ ပြီးခဲ့တဲ့ ဆီးဂိမ်းပွဲတော်ကြီးဟာ ယောက်ျား မိန်းမ Gayတို့ စည်းလုံးညီညွတ်စွာနဲ့ လက်တွဲပြီး လုပ်ကိုင်ဆောင်ရွက်ခဲ့ကြတာကြောင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး နိုင်ငံသူနိုင်ငံသားများ ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝံ့ကြွား နိုင်ခဲ့ကြတယ်ဆိုတာကို မေ့မထားသင့်ပါဘူး။ လူသားအားလုံးက တန်ဖိုးရှိတဲ့သူတွေချည်းပါပဲ။ ဒါကြောင့် ကိုယ့်မိသားစုထဲမှာ လိင်တူချင်း ချစ်ကြိုက်သူပါလာခဲ့ရင် ဖိနှိပ်ဖုံးကွယ်မထားပဲ နားလည်လက်ခံပေးပြီး သူ့ကို တန်ဖိုးရှိတဲ့ သူတော်ကောင်းပညာရှိ လူကောင်းသူကောင်းဖြစ်အောင် ပြုစုပျိုးထောင်ပေးကပြီး လူတစ်ယောက်ရသင့်ရထိုက် တဲ့ အခွင့်အရေးတွေကို ပေးကြရပါမယ်။ အတ္တကို လျှော့ချလိုက်ပါ။ ဒါဆိုရင် သေချာပေါက်နားလည်လက်ခံနိုင်မှာပါ။
0 comments

လိင်တူချစ်သူများကို ရာဇဝတ် မပြုသော မူစလင်နိုင်ငံ ၅ နိုင်ငံ

This post is translated into Burmese from the blog LGBT Muslim.

ဤဆောင်းပါသည် LGBT Muslim ဘလော့မှ ရေးသားထားသော ဆောင်းပါးကို တိုက်ရိုက်ဘာသာ ပြန်ဆိုထားသော စာပုဒ် ဖြစ်ပါသည်။

စာရေးသူမှာ Afdhere Jama ဖြစ်ပါသည်။ 
တူရကီနိုင်ငံ လိင်တူချစ်သူ ဂုဏ်ယူချီတန်းလှည့်လည်ပွဲ
လိင်တူချစ်သူများကို ရာဇဝတ်မှု မပြုသော မွတ်စလင်နိုင်ငံ ငါးနိုင်ငံ ရှိပါသည်။ သူတို့အားလုံးမှာ တူညီသည့် ဘုံအချက်တစ်ခု ရှိပါသည်။ ထိုနိုင်ငံထဲမှ မည်သည့်နိုင်ငံကမှ ဗြိတိသျှအင်ပါယာ ကိုလိုနီခဲ့ထွင်မှုကို မခံခဲ့ကြရပါ။ မူဆလင်နိုင်ငံဖြစ်စေ သို့မဟုတ် တခြားနိုင်ငံပဲဖြစ်စေ ကမ္ဘာ့တောင်ပိုင်း နိုင်ငံအများအပြားဟာ ယေဘုယျအားဖြင့် သူတို့ရဲ့ ကိုယ်ပိုင်ရှေးဟောင်း ဥပဒေကြမ်းတွေ မဟုတ်တဲ့ ကိုလိုနီခေတ်မှ ဥပဒေများကို သုံးပြီး အရွယ်ရောက် ကိုယ်တိုင် ဆုံးဖြစ်နိုင်ခွင့်ရှိသူများ အကြား လိင်တူချင်း ချစ်ခြင်းမေတ္တာရှိခြင်းကို ရာဇဝတ်မှု ပြုနေကြခြင်း ဖြစ်ပါသည်။ အနောက်အာဖရိက ပဲဖြစ်ဖြစ် သို့မဟုတ် အရှေ့တောင် အာရှ ပဲဖြစ်ဖြစ် ဥရောပ သို့မဟုတ် အရှေ့အလယ်ပိုင်းဒေသပဲ ပဲဖြစ်ဖြစ် လိင်တူချစ်သူများအပေါ် တယူသန်စွဲခြင်းဟာ အများထင်သလို ဒေသယဥ်ကျေးမှုကြောင့် မဟုတ်ပါ။

မာလီနိုင်ငံ

ဤအာဖရိက နိုင်ငံမှ လိင်တူချစ်သူများဟာ မုန်းတီးခြင်းကို ရင်ဆိုင်နိုင်ရကောင်း ရင်ဆိုင်ရမည်။ သို့ပေမဲ့ တရားဥပဒေသည် ၄င်းတို့ဘက်မှာ ရပ်တည်နေပါသည်။ မာလီ ပြစ်မှုဆိုင်ရာ အပိုဒ် ၁၇၉ က လိင်ကွဲချစ်သူ/လိင်တူချစ်သူ လိင်ပိုင်းဆိုင်ရာ အကြောင်းကိစ္စများကို ခွဲခြား သတ်မှတ်ထားခြင်း မရှိပဲ လူအများမြင်ဖွယ်ရာနေရာများတွင် မဖွယ်မရာ ပြုမှုကိုသာ တားမြစ်ထားပါသည်။ အာဖရိကတွင် ရှိသော နိုင်ငံပေါင်း ၃၈ နိုင်ငံဟာ လိင်တူဆက်ဆံခြင်းကို သေဒဏ် အပါအဝင် ပြင်းထန်သော အပြစ်ပေးမှုများ ပေးနိုင်သည့် ဥပဒေများကို ထားရှိပါသည်။

ဂျော်ဒန်

ဂျော်ဒန်သည် အော်တိုမန် အင်ပါယာ၏ လက်အောက်ခံ နိုင်ငံဖြစ်ခဲ့ပြီး အင်ပါယာဟာ အခြားနိုင်ငံများထက် ၇၅ နှစ်စောပြီး လိင်တူချစ်သူများကို ဥပဒေပြုခဲ့ပါသည်။ သို့သော် ၁၉၅၁ တွင် လွတ်လပ်ရေးရတဲ့သည် ဂျော်ဒန် နိုင်ငံသစ်ဟာ လိင်တူချစ်ခြင်းကို တရားဝင်စေခဲ့ပါသည်။ အခြား လူ့အသိုင်းအဝန်းတွေနဲ့ ယှဉ်သောအခါ ဂျော်ဒန်မှ လူများသည် စိတ်ဓာတ်ပွင့်လင်းကြပြီး သည်းခံလက်ခံစိတ်ပိုမို မြင့်မားပါသည်။ အစ္စလာမ် တိုင်းပြည်တစ်ခု ဖြစ်တဲ့ အလျောက် ယဉ်ကျေးမှုမှ  ဖိအားတွေပေးနိုင်ပေမဲ့ လိင်တူချစ်သူများကို ထိခိုက်တာမျိုး မရှိပါ။

အင်ဒိုနီးရှား

အင်ဒိုနီးရှားသည် လိင်တူချစ်သူများကို ဘယ်တုန်းကမှ ရာဇဝတ် မပြုခဲ့ပါ။ ထို့အပြင် အာရှမှ အရှည်ကြာဆုံး လိင်တူချစ်သူအဖွဲ့အစည်းများလည်း ရှိပါသည်။ မွတ်စလင်လူဦးရေ အကြီးဆုံးရှိသည့် နိုင်ငံတစ်ခုဖြစ်နေသော်လည်း အင်ဒိုနီးရှားဟာ ဘာသာရေးနှင့် နိုင်ငံရေး ခွဲခြားမှု၏ အရေးပါမှုကို ပြသသော စံနမူနာကောင်း တစ်ခုအနေနှင့် ရပ်တည်နေပါသည်။ အခြားတစ်ဖက်တွင်မှု ၄င်း၏ အိမ်နီးချင်းများ ဖြစ်ကြသော စင်္ကာပူ (မူဆလင်နိုင်ငံမဟုတ်) နှင့်မလေးရှား (မူဆလင်နိုင်ငံ) တို့မှာ လိင်တူချစ်သူများကို တားမြစ်သော ဥပဒေများရှိပြီး အဆိုပါ နိုင်ငံ ၂ ခုစလုံးမှာ ဗြိတိသျှအင်ပါယာ၏ ကိုလိုနီများ ဖြစ်ခဲ့ကြသည်။

တူရကီ

၁၈၅၈ ခုနှစ်ကတည်းက အော်တိုမန် အင်ပါဟာ၏ အစ္စလမ် ဘုရင်ကြီးမှ လိင်တူချစ်သူများကို ရာဇဝတ်ပြုခြင်းကို ပယ်ဖျက်ခဲ့သည်။ ဤသို့ပြုလုပ်ခြင်းသည် တိုက် ၃တိုက် အတွင်းရှိ နိုင်ငံအများအပြားအပေါ် အကျိုးသက်ရောက်ခဲ့သည်။ ၁၉၂၀ တွင် တူရကီ သီးသန့် နိုင်ငံ ဖြစ်လာသောအခါ ဥပဒေကို ပြောင်းလဲပစ်ရန် မလိုအပ်ခဲ့ပါ။ တူရကီတွင်ရှိသော အကြီးဆုံး လိင်တူချစ်သူအဖွဲ့အစည်းသည်လည်း ဘယ်သောအခါမှ တားဆီးခြင်း မခံရပါ။

အယ်လ်ဘေးနီးယား

အယ်လ်ဘေးနီးယားသည် လိင်တူချစ်ခြင်းကို ၁၉၉၅ ခုနှစ်ကတည်းက ရာဇဝတ်မှုပြုခြင်းကို ပယ်ဖျက်ခဲ့သည်။ မူစလင် အများစုနေနိုင်သော ဤနိုင်ငံသည် ဘော်ကန်ဒေအတွင်းတွင် လိင်တူချစ်သူများအပေါ် လက်ခံမှုအကောင်းဆုံးဖြစ်ပြီး ဒေသတွင်းတွင် လိင်တူချစ်သူ အခွင့်အရေးကို ရှေ့တန်းမှ တောင်းဆိုခဲ့သော နိုင်ငံဖြစ်သည်။ အစိုးရဘက်မှလည်း လိုလိုလားလားရှိကာ ခွဲခြားဆက်ဆံမှုများကို ဆန့်ကျင်သော ဥပဒေများလည်း ရှိပါသည်။

ခွဲခြားဆက်ဆံမှုများကို ဆန့်ကျင်သော ဥပဒေသည် အလွန်အရေးကြီးပါသည် အဘယ့်ကြောင့်ဆိုသော် လူတစ်ဦးအား လိင်စိတ်ကွဲပြားမှုကို အခြေခံ၍ အသိုင်းအဝန်းမှ ခွဲခြားဖိနှိပ်ခြင်း ပြုလုပ်ခဲ့သည်ရှိသော် ဥပဒေမှ အကာအကွယ်ပေးနိုင်ခြင်းကြောင့် ဖြစ်ပါသည်။

မွတ်ဆလင်လူဦးရေ အများအပြားရှိပြီး လိင်တူချစ်ခြင်း တရားဝင်သော အခြားနိုင်ငံအချို့မှာ အဇာဘိုင်ဂျန်၊ ဘာရိန်း၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၊ ဘာကီနာ ဖာဆို၊ ချဒ်၊ ဂျီဘူတီနိုင်ငံ၊ အီရတ်၊ ကာဇက်စတန်၊ ကိုဆိုဗို၊ ကာဂျစ္စတန်၊ နိုင်ဂျာ၊ မြောက်ပိုင်း ဆိုက်ပရပ်စ်၊ ပါလက်စတိုင်းနှင့် တာဂျီကစ္စတန် တို့ဖြစ်ကြပါသည်။

အထက်ဖော်ပြပါနိုင်ငံများသည် ကမ္ဘာပေါ်မှ အခြားနိုင်ငံများကဲ့သို့ပင် လိင်တူချစ်သူများအတွက် အမျိုးမျိုးသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။ သို့သော် တရားဥပဒေသည် ၄င်းတို့ဘက်မှ ရပ်တည်နေသည် ဆိုသည့်အချက်သည် ထိုနိုင်ငံများတွင် နေထိုင်ရခြင်းမှာ မိမိတို့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရန် အင်အားတစ်ရပ် ပေးနေသလို ဖြစ်ကာ တနေ့နေ့တွင် လွတ်လပ်မှုအတွက် မျော်လင့်ချက်တစ်ခုဖြစ်နေပြီး တစ်ချိန်တွင် အများလိင်ကွဲချစ်သူများနှင့် တန်းတူ ကွဲပြားမခြားနားပဲ နေထိုင်နိုင်ရန် အိပ်မက်မက်ဖို့ မျှော်မှန်းနိုင်ခြင်းပင် ဖြစ်ပါသည်။

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ