၂၀၁၆ ကုန်သွားခဲ့ပါပြီ။ ဒီနှစ်ထဲမှာ ဆက်လက်၍ ကမ္ဘာအရပ်ရပ်ရှိ အနုပညာ အသိုင်းအဝန်းမှ လိင်တူချစ်သူ အဆိုတော်များဟာ ပွင့်ပွင့်လင်းလင်း မိမိကိုယ်ရည် အနုပညာအစွမ်းအား ကမ္ဘာကို ဂုဏ်ယူစွာနှင့် ပြသနိုင်ခဲ့ကြသလို အနုပညာကိုသုံးကာ လိင်တူချစ်သူ အခွင့်အရေးနှင့် တန်းတူညီမျှရေးကို ဆက်လက်ကာ တတပ်တအား တိုက်ပွဲဝင်ပေးနိုင်ခဲ့ကြပြန်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ သီချင်းချစ်သူများအတွက် သီချင်းကောင်းများ နားထောင်နိုင်စေရန်နှင့် ပွင့်လင်းစွာပြောသော လိင်တူချစ်သူအဆိုတော် အနုပညာရှင်များကို ဂုဏ်ပြုသည့်အနေဖြင့် ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ကမ္ဘာအရပ်ရပ်မှ အကောင်းဆုံး သီချင်း အပုဒ် (၃၀) ကို စုစည်းပေးလိုက်ပါသည်။ သောတရှင်များ ပျော်ရွင်ကြည်နှုးနိုင်ကြပါစေ။
30. Harel Skaat - את לי הכל (at li hakol) (For me you are everything) (ISRAEL)
Harel Skaat ဟာ ၂၀၁၀ တုန်းက Milim ဆိုတဲ့ သီချင်းနဲ့ Eurovision သီချင်းဆိုပြိုင်ပွဲကနေစပြီး ဥရောပမှာ လူသိများလာတဲ့ အစ္စရေး အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ အစ္စရေးသူ့နိုင်ငံမှာတော့ သူဟာ လေးနက်တဲ့ အချစ်သီချင်းအေးအေးလေးတွေဆိုပြီး ပရိသတ်အသည်းစွဲအဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်။ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဂေးအဆိုတော် Harel Skaat ဟာ ၂၀၁၆ ခုနှစ်မှာ At Li Hakol ဆိုတဲ့ ဇာတ်ဝင်သီချင်းကို ထုတ်ဝေထားပါတယ်။
VIDEO
29. Bright Light Bright Light feat. Elton John - All In The Name (UNITED KINGDOM)
Bright Light Bright Light နာမည်နဲ့ ဗြိတိသျှ အဆိုတော် Rod Thomas ဟာ ၂၀၁၆ အတွင်း သူ့ရဲ့ အသစ်ထွက်တဲ့ အခွေထဲမှာ ဗြိတိသျှ ပြည်သူချစ်အဆိုတော်ကြီး Elton John နဲ့တွဲဖက်ကာ All In The Name ဆိုတဲ့ သီချင်းကို ထုတ်ဝေထားပါတယ်။
VIDEO
28. Anh Tú - Giấc Mơ Không Nhoà (VIETNAM)
အဆိုတော် Anh Tú သည်ဆိုထားတဲ့ ဗီယက်နမ် ရုပ်ရှင် Thần Tiên Cũng Nỗi Điên ရဲ့ ဇာတ်ဝင်သီချင်း Giấc Mơ Không Nhoà သီချင်းဟာလည်း ၂၀၁၆ ရဲ့ လိင်တူချစ်သူအကြာင်းပါတဲ့ အဆွေးသီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။
VIDEO
27. Toya Delazy - Nu High (SOUTH AFRICA)
တောင်အာဖရိက လိင်တူချစ်သူ အမျိုးသမီးအဆိုတော် Toya Delazy ဟာ သူ့နိုင်ငံမှာ ၂၀၁၃ ခုနှစ်က သူရဲ့ ပထမဆုံး အခွေနဲ့ ဆုတွေအများကြီး ဆွတ်ခူးထားတဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ ၂၀၁၆ မှာလည်း ဆက်လက်ပြီး ဆန်းသစ်တဲ့သီချင်းအမျိုးအစားနဲ့ အနုပညာအလုပ်တွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
VIDEO
26. "เหงา" [OST. The Rain Stories เมื่อฝนหยดลงบนหัว] (THAILAND)
လိင်တူချစ်သူလူငယ်များရဲ့ အချစ်ဇာတ်လမ်းရိုက်ထားတဲ့ တက်သစ်စ ထိုင်းဒါရိုက်တာ Nichaphoom Chaianan ရဲ့ ရုပ်ရှင် The Rain Stories မှ ၂၀၁၆ ခုနှစ်ရဲ့ ထိုင်းဇာတ်ဝင်သီချင်းကောင်းနောက်တစ်ပုဒ်ပါ။
VIDEO
25. A Great Big World - Won't Stop Running (UNITED STATES)
လိင်တူချစ်သူ Chad King ပါဝင်တဲ့ A Great Big World အဖွဲ့ရဲ့ ဆက်လက်ထွက်ရှိနေတဲ့ သီချင်းများထဲက ဘဝကို တိုက်ပွဲဝင်နေတဲ့သူများကို ဂုဏ်ပြုသီဆိုထားတဲ့ Won't Stop Running ဆိုတဲ့သီချင်းကို ၂၀၁၆ ရဲ့ အကောင်းဆုံး သီချင်းများထဲက တစ်ပုဒ်အဖြစ် ရွေးချယ်လိုက်ပါတယ်။
VIDEO
24. Parson James - A Sinner Like You (UNITED STATES)
တက်သစ်စ အမေရိကန် လူငယ် လိင်တူချစ်သူ အဆိုတော် Parson James ဟာ ၂၀၁၆ မှာ သူ့ တကိုယ်တော် သီချင်းများကို စတင် ထုတ်ဝေခဲ့ပါတယ်။ Parson James ဟာ နော်ဝေးနိုင်ငံမှ DJ ဖြစ်သူ Kygo ရဲ့ Stole the Show ဆိုတဲ့ သီချင်းမှာ အသံပါဝင်သီဆိုခဲ့တာကြောင့် ကမ္ဘာကျော်သူတစ်ဦးဖြစ်ပါတယ်။
VIDEO
23. Hương Giang (Idol) - Mùa Để Yêu Thương (VIETNAM)
ဗီယက်နမ် အနုပညာရှင် Hương Giang ဟာ ၂၀၁၂ ခုနစ် က ဗီယက်နမ် Idol မှာဆုရပြီးနောက် ပြည်သူအားပေးတဲ့ အောင်မြင်တဲ့ အဆိုတော်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူ့ကို ဗီယက်နမ် Idol ဝင်သူတွေထဲက အချောဆုံး အဆိုတော်တစ်ယောက်လို့ သတ်မှတ်ကြပါတယ်။ သူဟာ ငယ်ငယ်တုန်းက ယောက်ျားလေးအဖြစ်နှင့် မွေးဖွားခဲ့ပြီး နောက်ပိုင်းမှ မိန်းမအဖြစ် လိင်ပြောင်းထားတဲ့သူတစ်ဦး ဖြစ်ပါတယ်။ ခပ်လန်းလန်း သီချင်းတွေ ဆိုတတ်တဲ့ Hương Giang (Idol) က ၂၀၁၆ မှာ အချစ်သီချင်းအေးအေးလေး တစ်ပုဒ်ထပ်ဆိုထားပြီး ဗီယက်နမ်မှာ လူကြိုက်များပါတယ်။
VIDEO
22. Steve Grand - We Are the Night (UNITED STATES)
အမေရိကန် ဂေးပရိသတ်ရဲ့ အသည်းစွဲ country သီချင်း အဆိုတော် Steve Grand ဟာ သူ့အခွေဟောင်းထဲက သီချင်း We Are the Night ကို DJ ဖြစ်သူ Dave Aude နဲ့ ပြန်လည် ဆန်းသစ်ပြီး ဗီဒီယိုသစ်ရိုက်ထားတာမှာ မြူးကြွတဲ့ သီချင်းကောင်း တစ်ပုဒ်ဖြစ်ပါတယ်။ သူ့သီချင်းက လိင်တူချစ်သူ လူငယ်တွေအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။
VIDEO
21. Markus Feehily - Sanctuary (IRELAND)
ကျွန်တော်တို့ ကလေးဘဝအသည်းစွဲ Westlife အဖွဲ့ရဲ့ အဖွဲ့ဝင် Markus Feehily ဟာလည်း လိင်တူချစ်သူဖြစ်တာ အားလုံးသိကြမှာပါ။ ၂၀၁၅ နဲ့ ၂၀၁၆ မှာ Markus Feehily ဟာ တစ်ကိုယ်တော်သီချင်းတွေကို ပြန်လည်ထုတ်ဝေနေပါတယ်။ ၂၀၁၆ ထဲမှာ ထွက်တဲ့ သီချင်း Sanctuary ကတော့ ယောက်ျားနှစ်ယောက်အကြား အချစ်ဇာတ်လမ်းကို နက်နက်ရှိုင်းရှိုင်းရိုက်ပြထားပါတယ်။
VIDEO
20. MIKA - Hurts (UNITED KINGDOM)
ပြင်သစ်-ဗြိတိသျှ အဆိုတော် MIKA က သူ့နောက်ဆုံး အခွေထဲမှ ၂၀၁၅ တစ်နှစ်လုံး သီချင်းတွေ ဆက်တိုက်ထုတ်ဝေခဲ့ပြီး ၂၀၁၆ အထိ အနောက်ဆုံးအနေနဲ့ Hurts ဆိုတဲ့ သီချင်းကို မြူးမြူးကြွကြွလေး ပြန်လည်ဆန်းသစ် သီဆိုထားပါတယ်။ ဒါ့ကြောင့် ၂၀၁၆ ရဲ့ လိင်တူချစ်သူ အနုပညာရှင်များရဲ့ သီချင်းကောင်းတစ်ပုဒ် အဖြစ်ရွေးချယ်လိုက်ပါတယ်။
VIDEO
19. Mary Lambert - Hang Out With You (UNITED STATES)
အမေရိကန် လိင်တူချစ်သူ မိန်းခလေး အဆိုတော် Mary Lambert က ကမ္ဘာကျော် Hip-Hop သီချင်း Same Love မှာ ပါဝင်သီဆိုထားတာ ကြားဖူးကြမှာပါ။ သူတကိုယ်သီချင်းတွေ စထုတ်ဝေထားတော့လဲ အမေရိကန် LGBT ပရိသတ်ရဲ့ ကျေနပ်အားရမှုကို ရရှိခဲ့ပါတယ်။ ဒါ့ကြောင့် သူရဲ့ ကြည်နူးစရာ Hang Out With You ဆိုတဲ့ သီချင်းကိုလည်း ရွေးချယ်ပေးလိုက်ပါတယ်။
VIDEO
18. Adam Lambert - Welcome to the Show (UNITED STATES)
မြန်မာပရိသတ်အားလုံး ကြိုက်တဲ့ Adam Lambert ရဲ့ ၂၀၁၆ နှစ်မှာထွက်တဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ Welcome to the Show ဆိုတဲ့ သီချင်းကိုလည်း ရွေးချယ်ထားပါတယ်။
VIDEO
17. Eli Lieb & Steve Grand - Look Away (UNITED STATES)
အမေရိကန်ရဲ့ လိင်တူချစ်သူ ပရိသတ်တိုင်း တောင့်တတဲ့ ဂေးအဆိုတော်နှစ်ဦး Eli Lieb နဲ့ Steve Grand ပေါင်းပြီ စုံတွဲသီချင်းဆိုလိုက်တာ သူတို့ရဲ့ ပရိသတ်တွေ အတော်ကို ရင်ခုန်ခဲ့ရပါတယ်။ ဒါ့ကြောင့်သူတို့ရဲ့ စုံတွဲသီချင်းဟာ ၂၀၁၆ ရဲ့ အမှတ်ရစရာ အနုပညာဖန်တီးမှု တစ်ခုပါပဲ။
VIDEO
16. Lyon Hart - Falling for You (UNITED STATES)
နယူးယောက် အခြေစိုက် တပိုင်တနိုင် အဆိုတော် Lyon Hart ဟာ သူဆန်းဆန်းပြားပြားရိုက်ကူးတဲ့ ဗီဒီယိုထဲမှာ ဘဲလေးအက ကသူ ယောက်ျားနှစ်ယောက်ရဲ့ အချစ်ပုံပြင်ကို ရင်ခုန်ဖွယ်ရာရိုက်ပြထားရာ ၂၀၁၆ မှာ လိင်တူချစ်သူများ ကြိုက်နှစ်သက်နေတဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
VIDEO
15. Rayvon Owen - Can't Fight It (UNITED STATES)
အမေရိကန် Idol ရဲ့ စတုတ္ထဆုရ အဆိုတော်သစ် Rayvon Owen ရဲ့ ပွဲဦးထွက်သီချင်း Can't Fight It ဟာ ၂၀၁၆ ခုနှစ်ထဲမှ အဆိုတော်သစ်တွေရဲ့ သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ သီချင်းဗီဒီယိုထဲမှာ အချစ်ဇာတ်လမ်းတစ်ခုနဲ့ သူဟာ လိင်တူချစ်သူဖြစ်ကြောင်း ဖွင့်ပြောပြထားပါတယ်။
VIDEO
14. Jess Glynne - Ain't Got Far To Go (UNITED KINGDOM)
ဗြိတိသျှ လိင်တူချစ်သူအမျိုးသမီ အဆိုတော် Jess Glynne က Rather Be သီချင်းနဲ့ ကမ္ဘာကျော်လာပြီးနောက်မှာ တစ်ကိုယ်တော် သီချင်းတွေ ဆက်လက်ထုတ်ဝေလျှက်ရှိပြီး ၂၀၁၆ မှာလဲ Ain't Got Far To Go သီချင်းက သီချင်းကောင်းတစ်ပုဒ်ပါ။
VIDEO
13. 6 Pack Band - Ae Raju (INDIA)
၂၀၁၆ ခုနှစ်ထဲမှာ အိန္ဒိယ ပရိသတ်တွေကို သီချင်းကောင်းအများကြီး ယူဆောင်လာပေးခဲ့တဲ့ တတိယလိင် Hijra (ဟီဂျရာ) အဆိုတော် ၆ ဦးပါဝင်တဲ့ 6 Pack Band အဖွဲ့ရဲ့ သီချင်းတွေအထဲမှာ Ae Raju သီချင်းဟာလည်း သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီသီချင်းမှာ Bollywood မင်းသားကြီး Hrithik Roshan ပါဝင်သီဆိုသရုပ်ဆောင် ပေးထားပါတယ်။ အရပ်ဖက် လူမှုအဖွဲ့အစည်း အသိုင်းအဝိုင်းရဲ့ အထောက်အပံ့နဲ့ အိန္ဒိယ LGBT အသိုင်းအဝိုင်းရဲ့ ဂုဏ်ဆောင်အဖွဲ့ 6 Pack Band လို အဆိုတော်မျိုးဟာ အခြားအဆိုတော်ကြီးတွေလို စီးပွားဖြစ် ဖြန့်ချီတာမျိုးကို မပြုလုပ်နိုင်ပဲ တစ်ပိုင်တစ်နိုင် အနုပညာပြုလုပ်တာတောင် သူတို့ရဲ့ သီချင်းဟာ Youtube မှာ ကြည့်ရှုကြိမ် ၁ သန်းကျော်ရရှိခဲ့ပါတယ်။
VIDEO
12. Tegan and Sara - Boyfriend (CANADA)
အမွာနှစ်ယောက်ပါဝင်တဲ့ ကနေဒါက အဖွဲ့ Tegan and Sara ဟာ ၂၀၁၆ ခုနှစ်အထိ အခွေ ၈ ခွေထုတ်ဝေပြီးပြီ ဖြစ်ပါတယ်။ ညီအမနှစ်ယောက်လုံး လိင်တူချစ်သူများဖြစ်တဲ့ Tegan and Sara အဖွဲ့ဟာ သူတို့ရဲ့ ခပ်ဆန်းဆန်း ခပ်ငြိမ့်ငြိမ့် သီချင်းတွေနဲ့ လိင်တူချစ်သူ ဂီတပရိသတ်များရဲ့ အားပေးမှုကို ဆက်လက်ပြီး ရယူနေဆဲပါပဲ။ ၂၀၁၆ ခုနှစ်မှာသူတို့ ဟာ ယူကေ၊ ဟောင်ကောင်၊ ထိုင်ဝမ် အပါအဝင် နိုင်ငံအတော်များမှာ လှည့်လည်ပြီး ဂီတပွဲများ သီဆိုခဲ့ကြသလို ကမ္ဘာကျော် Electronic သီချင်းဖန်တီးသူများနှင့်လည်း ပူးပေါင်း သီဆိုခဲ့ကြပါတယ်။ ဒါ့အပြင် သူတို့ဟာ လိင်တူချစ်သူ အခွင့်အရေးအတွက် ရှေ့တန်းမှ ပါဝင်လှုပ်ရှားနေတဲ့ အဆိုတော်များလည်း ဖြစ်ကြပါတယ်။ သူတို့ရဲ့သီချင်း Boyfriend ဟာ ၂၀၁၆ မှာ လိင်တူချစ်သူ ဂီတပရိသတ်များရဲ့ အကြိုက်ဆုံးသီချင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။
VIDEO
11. Wrabel - 11 Blocks (UNITED STATES)
အမေရိကန် တက်သစ်စ အဆိုတော် Wrabel ဟာ တပိုင်တနိုင် သီချင်းရေးသီဆိုကာ ၂၀၁၆ မှာ သူ့ရဲ့ ပွဲဦးထွက် တကိုယ်တော်သီချင်း 11 Blocks ကိုထုတ်ဝေခဲ့ပါတယ်။ မဂ္ဂဇင်းကြီးတွေက သူ့ကို ချီးကျူးသုံးသပ်ချက်တွေပေးကာ တက်သစ်စ အကောင်းဆုံးအဆိုတော်တစ်ဦးအဖြစ် သတ်မှတ်ထားပါတယ်။ သူ့ရဲ့ လေးနက်စူးရှတဲ့အသံနဲ့ DJ Afrojack ရဲ့ Ten Feet Tall သီချင်းမှာ အသံပါဝင်သီဆိုပေးခဲ့ပြီး သူဟာ ကမ္ဘာကျော်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့ကြောင့် လုလင်မဂ္ဂဇင်းကလည်း ၂၀၁၆ ရဲ့ အကောင်းဆုံး သီချင်းတွေမှာ လိင်တူချစ်သူအဆိုတော်သစ် Wrabel ရဲ့ သီချင်းကို ဂုဏ်ပြုထည့်သွင်းလိုက်ပါတယ်။
VIDEO
10. Shura - What's It Gonna Be? (UNITED KINGDOM)
ဗြိတိသျှ အဆိုအတော်သစ် လိင်တူချစ်သူ မိန်းခလေးအဆိုတော် Shura က ၂၀၁၆ ခုနှစ်မှာ သူ့ရဲ့ အနုပညာစွမ်းရည်ကို စတင်ထုတ်ဖော်ပြသလိုက်ပါတယ်။ Electropop သီချင်းအမျိုးအစားဟာ ဗြိတိသျှမှာ ရေပန်းစားလာတဲ့အလျှောက် Shura ရဲ့သီချင်းတွေကတော့ တမူထူးခြားပြီး လူစိတ်ဝင်စားမှုရစေတဲ့အပြင် သူဟာ အနုပညာကိုသုံးကာ လိင်တူချစ်သူများအပေါ် အမြင်စောင်းခြင်းကို တိုက်ဖျက်မယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ကြည်နူးစရာ What's It Gonna Be ဆိုတဲ့သီချင်းကို ၂၀၁၆ ရဲ့ အတက်သစ်စ အဆိုတော်များထဲက သီချင်းကောင်းတစ်ပုဒ်အဖြစ် ရွေးချယ်လိုက်ပါတယ်။
VIDEO
9. Years & Years ft. Tove Lo - Desire (UK - SWEDEN)
Years & Years အဖွဲ့ခေါင်းဆောင် Olly Alexander ဟာ ၂၀၁၅ ခုနှစ်မှာ လိင်တူချစ်သူ အသိုင်းအဝိုင်း နှင့် မီဒီယာ တို့ရဲ့ စိတ်အဝင်စားဆုံး သူတစ်ဦးဖြစ်ခဲ့ပြီး သူတို့အဖွဲ့ရဲ့ သီချင်းတွေဟာ အောင်မြင်မှု အများကြီးရရှိခဲ့တာကို မှတ်မိမှာပါ။ ၂၀၁၆ မှာတော့ ဗြိတိသျှအဆိုတော်က ဆွီဒင်အဆိုတော် Tove Lo နဲ့ ပေါင်းပြီး သူ့ရဲ့ ၂၀၁၄ က သီချင်းဟောင်း Desire ဆိုတဲ့ သီချင်းကို ပြန်လည် သီဆိုကာ လိင်တူချစ်သူ အသိုင်းအဝန်းအတွက် ဗီဒီယိုအသစ် ထုတ်ဝေထားပါတယ်။ Years & Years အဖွဲ့ဟာ ၂၀၁၆ ခုနှစ်မှာလည်း လူကြိုက်များတဲ့ သီချင်းတွေကို ဆက်လက်ပြီး ထုတ်ဝေနိုင်ခဲ့ပါတယ်။
VIDEO
8. Gun Achi (กันอชิ) - I Believe True Love Exists (เชื่อว่ารักแท้มีจริง) (THAILAND)
၂၀၁၆ ခုနှစ်ဟာ ထိုင်းနိုင်ငံမှာ လိင်တူချစ်သူ လူငယ်များရဲ့ အချစ်ဇာတ်လမ်းတွဲများကို ထူးထူခြားခြား ထုတ်ဝေခဲ့တဲ့ နှစ်ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ ၂၀၁၆ မှာ ထုတ်ဝေတဲ့ လူငယ်တွေရဲ့ ကျောင်းသားဘဝ အချစ်ရေးအကြောင်းကို အခြေခံရိုက်ကူးထားတဲ့ Make it Right (รักออกเดิน) ရုပ်သံဇာတ်လမ်းတွဲဟာ ထိုင်းပရိသတ်သာမက အရှေ့တောင်အာရှ ပရိသတ်များရဲ့ အသဲစွဲဖြစ်ရတဲ့ ဇာတ်လမ်းတွဲတစ်တွဲပါပဲ။ Gun Achi သီဆိုထားတဲ့ အဲ့ဒီဇာတ်လမ်းတွဲရဲ့ အဖွင့်ဇာတ်ဝင်သီချင်း I Believe True Love Exists (เชื่อว่ารักแท้มีจริง) ဆိုတဲ့သီချင်းဟာလည်း ထိုင်းပရိသတ်ရဲ့ အားပေးမှုနဲ့ Youtube မှာ ကြည့်ရှုကြိမ် ၂ သန်းခွဲ ရရှိခဲ့ပါတယ်။
VIDEO
7. Gun Achi and Amp (กันอชิ,แอมป์) - The Secret in Our Hearts (ความลับในใจ) (THAILAND)
နောက်ထပ် ၂၀၁၆ မှာ ပရိသတ်ကို အသည်းစွဲစေခဲ့တဲ့ ထိုင်းဇာတ် လူငယ်အချစ်လမ်းတွဲတစ်တွဲကတော့ SOTUS The Series (พี่ว้ากตัวร้ายกับนายปีหนึ่ง) ဖြစ်ပါတယ်။ အဲ့ဒီ ရုပ်ရှင်ရဲ့ ဇာတ်ဝင်သီချင်းကိုလည်း Gun Achi က ပဲ Amp နဲ့အတူ သီဆိုထားပါတယ်။
VIDEO
6. Tiziano Ferro - Potremmo Ritornare (ITALY)
Tiziano Ferro ဟာ အီတလီနိုင်ငံရဲ့ ဂုဏ်ဆောင် ထိပ်တန်းအဆိုတော်တစ်ဦး ဖြစ်ပါတယ်။ အသက် ၃၀ နှစ်အရွယ်မှာ ကမ္ဘာကြီးကို သူဟာ လိင်တူချစ်သူ အဆိုတော်တစ်ဦးဖြစ်ကြောင်း ဖွင့်ဟ မပြောကြားခင်ကတည်းက အီတလီမှာ အလွန်အောင်မြင်တဲ့ နိုင်ငံအသည်းစွဲ အဆိုတော်တစ်ဦး ဖြစ်နေပါပြီ။ သူ့ရဲ့ နက်နဲပြီးခံစားချက်ပြင်းထန်တဲ့ အချစ်သီချင်းတွေက အီတလီ နိုင်ငံနှင့် စပိန်စကားပြောနိုင်ငံတွေမှာ အောင်မြင်မှုအကောင်းဆုံးဖြစ်ပါတယ်။ သူထုတ်သမျှ အခွေတိုင်းဟာလည်း အီတလီနိုင်ငံနှင့် လက်တင်အမေရိကမှာ ရောင်းရအကောင်းဆုံးအခွေဖြစ်နေကြမို့ ၂၀၁၆ မှာဆက်လက်ထုတ်ဝေမယ့် အခွေထဲက Potremmo Ritornare ဆိုတဲ့ ပထမဆုံးသီချင်းဟာလည်း ကြည့်ရှုကြိမ် ၁၃ သန်းရရှိပြီးပြီ ဖြစ်ပါတယ်။
VIDEO
5. Troye Sivan - YOUTH (AUSTRALIA)
လူငယ်အဆိုတော် Torye Sivan ရဲ့ အောင်မြင်မှုဟာ ၂၀၁၅ မှာ သူ့ရဲ့ ပထမဆုံး အခွေနဲ့ စတင်ခဲ့ပါတယ်။ လိင်တူချစ်မီဒီယာတွေ အကြိုက်ဆုံး အဆိုတော်တစ်ဦးအဖြစ် အမြဲတမ်းအရေးခံရသလို လိင်တူချစ်သူ အသိုင်းအဝိုင်းအတွက် စံပြလူငယ် ပုဂ္ဂိုတစ်ဦးလို့လည်းသူ့ကို အားလုံးက ချီးကျူးကြပါတယ်။ သူဟာ သူ့နိုင်ငံ သြစတြေးလျမှာ လိင်တူချစ်သူ အခွင့်အရေးအတွက် မီဒီယာ နှင့် အနုပညာမှတဆင့် တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်ပါတယ်။ သူ့သီချင်းများဟာ လိင်တူချစ်သူများသာမက ကမ္ဘာတစ်ဝှမ်းလုံးရဲ့ အားပေးမှု ရရှိပါတယ်။ ၂၀၁၆ မှာ ထွက်ရှိတဲ့ YOUTH ဆိုတဲ့သီချင်းဟာ Youtube မှာပဲ ကြည့်ရှုကြိမ် သန်း ၆၀ ကျော် ရရှိနေပါတယ်။
VIDEO
4. LP - Lost On You (UNITED STATES)
LP ဆိုတဲ့နာမည်နဲ့ သီချင်းဆိုတဲ့ Laura Pergolizzi ရဲ့ Lost On You ဆိုတဲ့သီချင်းဟာ ၂၀၁၆ နှစ်အောင် အအောင်မြင်ဆုံး သီချင်းများထဲမှ တစ်ပုဒ်ဖြစ်ပါတယ်။ ဥရောပမှာ နိုင်ငံ ၇ နိုင်ငံ မှာ ဒီသီချင်းဟာ နံပါတ် (၁) နေရာကို ရောက်ရှိခဲ့ပြီး Youtube မှာ ကြည့်ရှုကြိမ် ၈၅ သန်းကျော်ရှိနေပါတယ်။ လိင်တူချစ်သူ အဆိုတော် Laura Pergolizziဟာ ကမ္ဘာကျော် အဆိုကြီးတွေအတွက်လည်း သီချင်းများရေးပေးခဲ့သလို သူကိုယ်တိုင်ရေးဆိုတဲ့ သီချင်းတွေကလည်း အောင်မြင်ပါတယ်။
VIDEO
3. Ricky Martin feat. Maluma- Vente Pa' Ca (PUERTO RICO)
လူတိုင်းသိကြတဲ့ Puerto Rico က စပိန်သီချင်းအဆိုတော် Ricky Martin ဟာ လိင်တူချစ်သူတိုင်းလိုချင်တဲ့ ယောက်ျားတစ်ယောက် ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှ ပရိသတ်များအသည်းစွဲဖြစ်တဲ့ Ricky Martin ဟာ ၂၀၁၀ ခုနှစ် မှာ ဂေးဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် စက်တင်ဘာမှာ သူထုတ်ဝေခဲ့တဲ့ Vente Pa' Ca သီချင်းဟာ လက်တင်အမေရိက နိုင်ငံများအားလုံးမှာ ဟိုးလေးတကျော်အောင်မြင်ပြီး လူတိုင်းကြိုက်တဲ့ မြူးကြွတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ လေးလအတွင်းပင်ပဲ Youtube မှာ သူ့ သီချင်းဟား ကြည့်ရှုကြိမ် သန်း ၅၀၀ နီးပါး ရောက်ရှိနေပြီး ယနေ့ထက်တိုင် လူကြိုက်များတဲ့သီချင်းအဖြစ် ရပ်တည်နေပါသေးတယ်။
VIDEO
2. Sia - The Greatest (AUSTRALIA)
လိင်တူချစ်သူများရဲ့ ရှေ့ဆောင်ကြယ်ပွင့်တစ်ဦးဖြစ်သူ လိင်တူလိင်ကွဲနှစ်ဦးစလုံးချစ်သူ အဆိုတော် Sia ဟာ သူ့နိုင်ငံ သြစတြေးလျမှာ လိင်တူချစ်သူများအတွက် ရှေ့ဆောင်တစ်ဦးဖြစ်သလို အနုပညာလောကမှာလည်း တစ်ကမ္ဘာလုံးကြိုက်တဲ့ အဆိုတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။၂၀၁၆ ခုနှစ်မှာ သူရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ The Greatest ကို အမေရိကန်နိုင်ငံ Orlando ရှိ ဝမ်းနည်းစရာအကြမ်းဖက်မှုမှာ သေဆုံးသွားတဲ့ လိင်တူချစ်သူများအတွက် ဂုဏ်ပြုရိုက်ကူးထားပါတယ်။ ဒီသီချင်းဟာ နိုင်ငံအမြောက်အများမှာ ထိပ်တမ်းနေရာကိုလည်း ရောက်ရှိခဲ့ပါတယ်။ ဒါ့ကြောင့် Sia ရဲ့ လိင်တူချစ်သူများအတွက် ဂုဏ်ပြုသီချင်း The Greatest ကို ၂၀၁၆ ရဲ့ အကောင်းဆုံးသီချင်း နံပါတ်၂ နေရာမှာ ရွေးချယ်ပေးလိုက်ပါတယ်။
VIDEO
1. 6 Pack Band feat. Sonu Nigam - Sab Rab De Bande (INDIA)
အိန္ဒိယရဲ့ ပထမဆုံး ကျားမပြောင်းသူ အမျိုးသမီး ၆ ဦးနှင့် ဖွဲ့စည်းထားတဲ့ 6 Pack Band အဖွဲ့ဟာ LGBT အသိုင်းအဝိုင်းအတွက်ဂုဏ်ယူစရာ စံပြပုဂ္ဂိုလ်များအဖြစ် ပေါ်ထွက်လာရုံသာမက ၂၀၁၆ ခုနှစ်ကို လုပအောင်ရောင်စုံချယ်သပေးခဲ့တဲ့ အနုပညာဖန်းတီးသူများဖြစ်ပါတယ်။ တတိယလိင် သို့မဟုတ် hijra (ဟီဂျရာ) လို့ခေါ်တဲ့ ကျားမပြောင်းသူများဟာ အိန္ဒိယမှာ ခန့်မှန်းချေ ၁.၉ သန်းရှိပါတယ်။ သူတို့ဟာ လူ့အသိုင်းအဝန်းမှ ရိုင်းဆိုင်းစွာဆက်ဆံခြင်း၊ ကျဥ်ပယ်ခြင်း၊ နှိမ့်ချခြင်း၊ အမြင်စောင်းခြင်း နဲ့ မလိုမုန်းထားခြင်းတို့ကို နေ့စဥ်ကြုံတွေ့ရပါတယ်။ ဒါပေမဲ့ သူတို့အသိုင်းအဝိုင်းထဲက အနုပညာပါရမီရှင် ၆ ဦးဟာ 6 Pack Bandကို ဖွဲ့စည်းပြီး ရှေ့တန်းထွက်ကာ လူတိုင်းရဲ့ လေးစားမှုနှင့် သူတို့ရဲ့ ဂုဏ်သိက္ခာကို ရယူဆွတ်ခူပေးခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့အဖွဲ့ဟာ ကျားမပြောင်းသူ အသိုင်းအဝန်းတစ်ခုတည်းအတွက် လှုပ်ရှားနေသူတွေမဟုတ်ပါဘူး။ အိန္ဒိယရဲ့ ဖိနှိပ်ခဲ့ရသူ၊ အနိုင်ကျင့်ခံရသူ၊ ခွဲခြားဆက်ခံရသူတိုင်းအတွက် ကိုယ်စားပြုတိုက်ပွဲဝင်ပေးနေပြီး လူသားတိုင်း ခင်မင်ရင်းနှီးမှု နှင့် လက်ခံမှုကို ရရှိရေးကို တောင်းဆိုပေးနေသူများဖြစ်ပါတယ်။
သူတို့အဖွဲ့ရဲ့ အကြောင်းကို ၂၀၁၆ နှစ်ဦးပိုင်းမှာ စတင်ထွက်ရှိခဲ့တဲ့
Pharrell Williams ရဲ့ Happy ကို ပြန်လည်ဆန်းသစ်ထားတဲ့ သီချင်းအကြောင်းနဲ့ ပက်သက်ပြီး
လုလင်မဂ္ဂဇင်းမှ ဆောင်းပါးတစ်ပုဒ်
ရေးသား ခဲ့ဖူးပါတယ်။ သူတို့ရဲ့ ပထမဆုံး
Hum Hain Happy သီချင်းဟာ စထွက်ထွက်ချင်း ရက်အနည်းငယ်ထဲမှာပဲ ကြည့်ရှုကြိမ် ၁.၅ သန်းကျော်သွားပါတယ်။ အဲ့ဒီနောက် ၂၀၁၆ တနှစ်ပတ်လုံး သူတို့ဟာ အိန္ဒိယတနိုင်ငံလုံးကို သူတို့ရဲ့ အနုပညာနဲ့ ကောင်းမွန်စွာကိုယ်စားပြုသူ စံပြပုဂ္ဂိုလ်များအနေနှင့် ဆက်လက်အကျိုးပြုမှုတွေ ပြုလုပ်ခဲ့ကြ ပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတလျှောက် Bollywood မှ ထိပ်တန်းအဆိုတော်ကြီးများရဲ့ ထောက်ပံ့ပါဝင်ပူးပေါင်းမှုဖြင့် Sab Rab De Bande , Hil Pori Hila , Ae Raju , Raula Paye Gaya စတဲ့ သီချင်းတွေအပါအဝင် လူကြိုက်များတဲ့ သီချင်း ၆ ပုဒ်ကို ထုတ်ဝေရိုက်ကူးခဲ့ပါတယ်။ အိန္ဒိယလူထုကို ကောင်းမွန်တဲ့အဆိုအမိန့်တွေကို ပေးစွမ်းတဲ့ သူတို့ရဲ့ အနုပညာတီထွင်ကြံဆမှုအတွက် ပြင်သစ်နိုင်ငံမှာကျင်းပခဲ့တဲ့ နိုင်ငံတကာ Cannes ပွဲတော်မှ ထိပ်တန်းဆု (Cannes Grand Prix Glass Lion) ကို သူတို့ဟာ ရယူဆွတ်ခူးနိုင်ခဲ့ကြပါတယ်။ အဲ့ဒီမတိုင်ခင်က လူမှုရေးလှုပ်ရှားတွေရဲ့ အောင်မြင်မှုကို အသိအမှတ်ပြုတဲ့ နိုင်ငံတကာ Webby Award ကိုလည်း ရရှိခဲ့ကြပါသေးတယ်။ သူတို့နိုင်ငံ အိန္ဒိယတဝန်းမှာတော့ အနုပညာပွဲတော်များကို သူတို့ တက်ရောက်ချီးမြင့်ခဲ့ကြပါတယ်။
ဒါ့ကြောင့် 6 Pack Band အဖွဲ့ရဲ့ သီချင်းတွေထဲမှ Sab Rab De Bande သီချင်းကို ၂၀၁၆ ရဲ့ အကောင်းဆုံးသီချင်းအဖြစ် ရွေးချယ်ပေးလိုက်ပြီး မြန်မာပြည်မှ လိင်တူချစ်သူ ဂီတပရိသတ်လည်း လုလင်မဂ္ဂဇင်းရွေးချယ်ထားတဲ့ နိုင်ငံတကာသီချင်းများကို ကြိုက်နှစ်လိမ့်မယ်လို့ မျှော်လင့်ရင်း လှပတဲ့ ၂၀၁၇ ကို ပိုင်နိုင်စေပါလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ၂၀၁၇ မှာလည်း ကမ္ဘာတစ်ဝှမ်းမှ လိင်တူချစ်သူ အနုပညာရှင်များဟာ သူတို့၏ အနုပညာနဲ့ ကမ္ဘာကြီးကို လှပအောင်အရောင်ချယ်ရင်း အကျိုးပြုနေကြလိမ့်မယ်လို့ မျှော်လင့်ပါကြောင်း။
VIDEO