Search

Content

1 comments

လိင်တူချစ်သူယောက်ျားများအတွက် တကိုယ်ရည်ကာယ ကျန်းမာရေး (အပိုင်း (၃) အရေပြား)


လိင်တူချစ်သူယောက်ျားများအတွက် တကိုယ်ရည်ကာယ ကျန်းမာရေး

သွား နှင့် ခံတွင်းအကြောင်း (အပိုင်း ၁) ကို ဖတ်ရန်

ခြေသည်းလက်သည်း နှင့် ဆံပင် အကြောင်း (အပိုင်း ၂) ကို ဖတ်ရန်

အပိုင်း (၃) - အရေပြား

၄ ကီလိုဂရမ် (၉ ပေါင်) မျှလေးသော အရေပြားသည် ခန္ဓာကိုယ်တစ်ခုလုံး၏ မျက်နှာပြင်ကို ဖုံးအုပ်ထားပြီး ခန္ဓာကိုယ်၏ အကြီးဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်သည်။ ကြံ့ခိုင်သော ပရိုတင်း keratin နှင့် ပြုလုပ်ထားပြီး ၎င်းသည် လူ့ခန္ဓာကိုယ်ကို ပတ်ဝန်းကျင်၊ ဘက်တီးရီးယား နှင့် အခြားပြင်ပမှ ဇီဝရုပ်ကောင်များမှ ကာကွယ်ပေးပါသည်။

အရေပြားသည် အလိုအလျောက် သူ့ဘာသာသူ ပြန်ပြင်ပြီး ပြန်ရှင်သန်လာနိုင်ကာ မပျက်ဆီးမကျိုးပဲ့သော အရေပြားသည် ရေစိမ့်ဝင်မှုတားဆီးပြီး ခန္ဓာကိုယ်ကို အန္တရာယ်ရှိသော နေရောင်ခြည်များမှ ကာကွယ်ပေးသည်။ ၎င်းသည် မယ်လနင် (melanin) ခေါ် အမဲအရောင်အသားရောင်ချယ်ကို ထုတ်လုပ်ပြီး နေရောင်ခြည်တွင်ရှိသော ခရမ်းလွန်ရောင်ခြည်များစုတ်ယူထားကာ အသားရေကို ကာကွယ်ပေးပါသည်။ ထို့ကြောင့် နေပူထဲထွက်ခြင်းကြောင့် အသားညိုရခြင်းဖြစ်သည်။

အရေပြားသည် ခန္ဓာကိုယ်၏ အပူချိန်နှင့်ရေဓာတ်ထိန်းညှိမှုကိုလည်း ပြုလုပ်ပေးပါသည်။ ဥပမာ ကိုယ်ပေါ်ရှိ အမွေးများသည် အေးသောရာသီဥတုတွင် ထောင်မတ်လာကာ နွေးသောလေများကို ခန္ဓာကိုယ်နှင့် နီးအောင် သိမ်းယူထားပေးသည်။ ရာသီဥတုအရမ်းပူသောအခါ ချွေးများထုတ်ပေးကာ ခန္ဓာကိုယ်ကို အေးအောင်လုပ်ပေးသည်။ အာရုံခံစားသော အကြောများသည် အရေပြားပေါ်တွင်အပြည့်ရှိပြီး ပတ်ဝန်းကျင်တွင်ရှိသော ထိတွေ့မှု၊ ဖိအား၊ နာကျင်မှု နှင့် အပူချိန်များကို ဦးနှောက်သို့ နာလည်းနိုင်ရန် ပို့ပေးကာ ပတ်ဝန်းကျင်အခြေအနေကို သိရှိစေပြီး ကိုယ့်ကိုယ်ကို ကာကွယ်နိုင်အောင် ကူညီပေးသည်။ ထို့ကြောင့် အရေပြားသည် ခန္ဓာကိုယ်တွင် အလွန်အရေးပါသော အင်္ဂါအစိတ်အပိုင်းဖြစ်ပါသည်။

အရေပြားသည် collagen (ကိုလာဂျင်) ဟုခေါ်သော ဆန့်ကျုံ့နိုင်သည့် အသားမျှင်ပါသော ခန္ဓာတစ်ရှူးများနှင့် ချိတ်ဆက်ထားသည်။ ကျွန်ုပ်တို့ အသက်ကြီးလာသည်နှင့်အမျှ နေရောင်ခြည် နှင့် သဘာဝဒါဏ်ကို ခံလာရသော ခန္ဓာအစိတ်အပိုင်းများ (ဥပမာ မျက်နှာ၊ လည်ပင်း နှင့် လက် စသည်) တို့သည့် ကိုလာဂျင်များပျက်ဆီးမှုကြောင့် မဆန့်ကျုံ့နိုင်တော့ပဲ အသားရေတွန့်လာခြင်းဖြစ်သည်။

အရေပြား၏ အဓိက တာဝန်မှာ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကို ပတ်ဝန်းကျင်မှ ကာကွယ်ရန် ဖြစ်သည့် အလျောက် အချိန်နှင့်အမျှ အရေပြားပျက်စီးသည်မှာ အံ့သြစရာတော့ မဟုတ်ပါ။ အရေပြားပြသနာများသည် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သော အရာများမဟုတ်ပဲ အလွယ်တကူ ကုသ၍ရနိုင်သော်လည်း ၎င်းတို့၏ ဘေးထွက်ဆိုးကျိုးများ နှင့် အခြားသွယ်ဝိုက်သက်ရောက်မှုများသည် ကျွန်ုပ်တို့ကို ထိခိုက်နိုင်သော အရာများဖြစ်ကြသည်။ အထူးသဖြင့် ထပ်ခါတလဲလဲဖြစ်ပေါ် အရေပြားရောဂါများသည် ကျွန်ုပ်တို့ကို အထူးထိခိုက်နိုင်သည်။

ဖြစ်လေ့များသော အရေပြားပြသနာများမှာ

ဝက်ခြံပေါက်ခြင်း - ဟော်မုန်းကြောင့် အရေပြားအောက်ရှိမွေးညင်းပေါက်များသည် အဆီအပိုထုတ်လုပ်လာသဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ယောက်ျားလေးများကို လူပျိုဖြစ်စအချိန်တွင် အဖြစ်များလေ့ရှိသော်လည်း နောက်ပိုင်း အရွယ်တွင်လည်း ဖြစ်နိုင်သေးသည်။

Eczema/နှင်းခူနာ (သို့) အရေပြား အလွန်ခြောက်သွေ့ခြင်း - ရောင်ရမ်းသော၊ ယားယံသော၊ ခြောက်သွေ့သည့် အလွှာများကွာကျသော အရေပြားအခြေအနေဖြစ်သည့်။ တခါတရံတွင် ဓာတ်မတည့်မှုကြောင့် ဖြစ်ပေါ်သော်လည်း အရေပြားအလွန်ခြောက်သွေ့ခြင်းကြောင့်အပါအဝင် အခြားအကြောင်းအရင်းအမျိုးမျိုးကြောင့်လည်း ဖြစ်ပေါ်ပါသည်။

(ခြေထောက်) သဲဝဲ - ဝဲဆွဲစေသော မှို (သို့မဟုတ်) ဘက်တီးရီးယားကူးစက်မှုကြောင့် ခြေချောင်းများအကြား ယားယံပြီးစပ်သော နာများဖြစ်ခြင်းဖြစ်သည်။ ဘွတ်ဖိနပ်ဝတ်ပြီး ချွေးထွက်သော ခြေထောက်များတွင် အဖြစ်လွယ်သည်။

ကိုယ့်ကိုယ်ကို ထိန်းသိမ်းကုသခြင်း

  • သင့် အရေအပြားအခြေအနေ၏ ရောဂါအကြောင်း နှင့် ကုသနည်းကို ကောင်းကောင်းမသိပါက သင့်ဆရာဝန်၏ အကူအညီကိုယူပါ။
  • ဝက်ခြံကို ကုသ၍ မရသော်လည်း ပိုမဆိုးလာအောင် ထိန်းသိမ်းထားသင့်ပါသည်။ ဝက်ခြံသည် တစ်ကိုယ်ရေညစ်ပတ်ခြင်းအကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ပါ။ ခဏခဏ မျက်နှာသစ်ခြင်းကြောင့် ပျောက်သွားမည်မဟုတ်ပဲ ၎င်းသည် အရေပြားကို ခြောက်သွေ့ယားယံစေပြီး အနာများကိုသာ ပိုဆိုးစေပါသည်။ သင်ဝက်ခြံပေါက်သူဖြစ်ပါက တစ်နေ့ကို နှစ်ကြိမ်ထက်ပိုပြီး မျက်နှာကို မသစ်ပါနှင့်။ အလွန်ပူသော၊အလွန်အေးသောရေသည် ဝက်ခြံကို ပိုဆိုးစေသည်။ ဝက်ခြံရှိ အမဲစက်များကို မြန်မြန်ထွက်အောင် မညှစ်ပစ်ပါနှင့်။ အမာရွတ်များကျန်တတ်သည်။ ဆံပင်ရှည်လျှင် ဆံပင်ပုံမှန် သန့်ရှင်းရေးလုပ်ပါ။ ဆံပင်ကို မျက်နှာပေါ်မကျစေပါနှင့်။ အလွန်အဆီပြန်စေသော မျက်နှာနှင့်ဆံပင်လိမ်းဆေးများကို ရှောင်ပါ။ ၎င်းတို့သည် သင့်အရေပြား၏ လေဝင်လေထွက်ကို ပိတ်ထားနိုင်ပါသည်။ ဝက်ခြံပိုဆိုးလာပါက ဆရာဝန်နှင့် အရင်တိုင်ပင်ကာ ထိရောက်သော ဆေးများကို ရယူပြီး အခြေအနေထိန်းထားနိုင်ပါသည်။
  • နှင်းခူနာ (သို့) အရေပြား အလွန်ခြောက်သွေ့ခြင်းဖြစ်ပေါ်နေပါက moisturizer လိမ်းဆေးများကို အသုံးပြုပြီး အသားရေကို စိုဆွတ်အောင်လုပ်ပါ။ အလွန်ပူသောရေကိုသုံးခြင်း၊ အကြာကြီးရေချိုးခြင်းရှောင်ပါ။ အလွန်ပြင်းသော အမွှေးနံများပြင်းသော ဆပ်ပြာများသည် အသားရေကို ခြောက်သွေ့စေပါသည်။ ဆပ်ပြာအများကြီးသုံးခြင်းရှောင်ပါ။ တခါတရံ ကိုယ်စားသော အစားသောက်အထဲမှအချို့သည် အရေပြားကို ယားယံစေပါသည်။ အချို့အစားအစာကို ပြောင်းလဲခြင်းဖြင့်လည်း ပြသနာကို သက်သာအောင်ပြုလုပ်နိုင်ပါသည်။ ဥပမာ အချို့ နှင်းခူနာဖြစ်သူအချို့သည် နို့ထွက်အစားအစာများကို ရှောင်ခြင်းဖြင့်သက်သာကြသည်။ စိတ်ဖိစီးမှုသည် အရေပြားပြသနာများကို ဖြစ်စေသလို ပို၍လည်းဆိုးရွားစေနိုင်ပါသည်။ သင့်ကို စိတ်ဖိစီးမှု ဖြစ်စေသော အရာများကို ရှောင်ပါ၊ ဖြေရှင်းပါ။ နေရောင်ခြည်ကို ရယူခြင်းဖြင့်လည်း အရေပြားအခြေအနေများ တိုးတက်ကောင်းမွန်လာနိုင်ပါသည်။ သို့သော် နေမလောင်မိစေရန်လည်း အထူးသတိပြုရမည်ဖြစ်သည်။
  • ခြေထောက် သဲဝဲ ပေါက်ပါက အလွယ်တကူပျောက်ကင်းစေသော လိမ်းဆေး၊ အမှုန့်နှင့်၊ ဖြန်းဆေးများ ဆေးဆိုင်တွင် မေးမြန်းဝယ်နိုင်ပါသည်။

အရေပြားကင်ဆင်ကာ ရှိမှရှိ ကိုယ့်ဖာသာ စစ်ဆေးခြင်း

အရေပြားကင်ဆာသည် ကိုယ်ဖာသာ စစ်ဆေးခြင်းဖြင့် စောစီးစွာသိရှိနိုင်ပါသည်။ ဝှေးစိကင်ဆာ ကဲသို့ပင် အရေပြားကင်ဆာသည် စောစီးစွာသိရှိပါက အောင်မြင်ကုသပျောက်ကင်းနိုင်ပါသည်။ အရေပြားကင်ဆာဟု သံသယရှိဖွယ် သင်္ကေတများမှာ -
  • တဖြည်းဖြည်း ကြီးလာသော အဖု (သို့) အကြိတ်
  • အရေပြားအရောင်၊ အသားအရေ ပြောင်းလဲသွားခြင်း
  • ပုံစံ၊ အရွယ်အသားနှင့် အရောင်ပြောင်းလဲသွားပြီး ယား၊ စပ်၊ (သို့) သွေးထွက်လာသော မှဲ့ (သို့) အမဲစက်
  • ရုတ်တရက်ပေါ်လာသော မှဲ့အသစ်
  • သုံးပတ်ကျော်ကြာသည်အထိ မကျက်သော အနာ၊ ဖက်ခွက်နာ၊ ပြည်နာ
သို့သော် အလွန်တရာတော့ သံသယ မကြီးပါနှင့်။ သင်အသက်ကြီးလာသည်နှင့် အမျှ ခန္ဓာကိုယ်ကိုသည် အမြင်ပုံပန်း ပြောင်းလဲတာလည်း ဖြစ်တတ်ပါသည်။

အရေပြား ထိန်းသိမ်းစောင့်ရှောက်မှု အလေ့အကျင့်ကောင်းများ

  • သင်စားသော အစားအသောက်တွင် လတ်ဆတ်သော သစ်သီးများ နှင့် ဟင်းသီးဟင်းရွက်များ များများပါပါစေ။
  • တစ်နေ့လျှင် ရေသန့်ရေရှစ်ခွက်အနည်းဆုံး သောက်ပါ။ လက်ဖက်ရည်၊ ကော်ဖီ နှင့် အခြား အချိုရေများကို မဆိုလိုပါ။
  • ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်ဖြတ်ပါ။ အရွယ်မတိုင်ခင် အသားတွန့်ခြင်းကို ဖြစ်စေပါသည်။
  • ရေပုံမှန်ချိုးကာ မပြင်းထန်သောဆပ်ပြာနှင့် အညစ်အကျေးများနှင့် ဆဲလ်အသေများကို ဆေးချပါ။ ရေချိုးလျှင် ဆပ်ပြာပြောင်အောင်ချိုးပါ။
  • ရေပူရေနွေးနှင့်ချိုးပါက ရေကို အရမ်းမပူစေပါနှင့်၊ ရေပူနှင့် အလွန်အကြာကြီးချိုးခြင်း စိမ်ခြင်းကို ရှောင်ပါ။ ၎င်းသည် အသားရေကိုခြောက်သွေ့သွားစေပါသည်။
  • ကိုယ့်အသားရေနှင့် လိုက်ဖက်သော moisturizer ကို ရှာသုံးပါ။
  • ရေချိုးပြီးလျှင် ခြေချောင်းများ လက်ချောင်းများအကြား ဂရုတစိုက်ခြောက်အောင်သုတ်ပါ။
  • နေပူထဲသို့ထွက်လျှင် နေရောင်ထိသော နေရာများကို နေရောင်ခြည်ကာကွယ်လိမ်းဆေး (သို့) ထီးဆောင်ခြင်း၊ မျက်နှာကို ဦးထုပ်ဆောင်း ကာကွယ်ခြင်း၊ မျက်လုံးများကို မျက်မှန်တပ်ကာကွယ်ခြင်း စသည်တို့ဖြင့် နေလောင်ခြင်းမှ ကာကွယ်ပါ။
  • အေးသော လေပြင်းထန်သော ရာသီများတွင် လုံလုံခြုံခြုံဝတ်ဆင်ပါ။
  • အရေပြားကို ထိခိုက်ပျက်ဆီးစေသော ဆေးများ (ဥပမာ အက်စက်ပါသော အိမ်တွင်းသုံး ကြွေပြားအစွန်းချွတ်ဆေး စသည်)ကို တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကျင်ပါ။ 

လိင်အင်္ဂါအကြောင်း (အပိုင်း-၄) ကို ဆက်လက်ဖတ်ရှုရန်

ဝှေးစေ့ နှင့် ဆီးကြိတ် အကြောင်း (အပိုင်း-၅) ကို ဆက်လက်ဖတ်ရှုရန် 

ပါးစပ်၊ လည်ချောင်း နှင့် အစာခြေစနစ်အကြောင်း (အပိုင်း-၆)ကို ဆက်လက်ဖတ်ရှုရန်

 

0 comments

လိင်တူချစ်သူယောက်ျားများအတွက် တကိုယ်ရည်ကာယ ကျန်းမာရေး (အပိုင်း (၂) ခြေသည်းလက်သည်း နှင့် ဆံပင်)


လိင်တူချစ်သူယောက်ျားများအတွက် တကိုယ်ရည်ကာယ ကျန်းမာရေး

သွား နှင့် ခံတွင်းအကြောင်း (အပိုင်း ၁) ကို ဖတ်ရန်

အပိုင်း (၂) - ခြေသည်းလက်သည်း

အရေပြားကဲ့သို့ ခြေသည်းလက်သည်းများသည် keratin ခေါ် ပရိုတင်းတစ်မျိုးဖြင့်ပြုလုပ်ထားပြီး ကျွန်ုပ်တို့၏ လက်ချောင်းခြေချောင်းများကို ကာကွယ်ပေးသည်။ လက်သည်းများသည် ပုံမှန်အခြေအနေတွင် အောက်ခြေမှနေ ထိပ်ဆုံးထိ ရှည်လာရန် ၅ လ မှ ၆ လအထိကြာသည်။ ခြေသည်းများမှာတော့ လက်သည်းထက် နှစ်ဆမျှ ရှည်ရန်ပိုကြာသဖြင့် လက်သည်းညှပ်သလောက် ခြေသည်းကို ညှပ်စရာ မလိုပါ။

ပျက်ဆီးမှု နှင့် အချက်ပြလက္ခဏာများ

ခြေသည်းလက်သည်းများသည်လည်း ထိခိုက်ဒဏ်ရာရမှု နှင့် ထုခြေခံရမှုတို့ကြောင့် ပျက်ဆီးမှုဖြစ်နိုင်သလို ဘက်တီးရီးယား နှင့် မှို ကူးစက်မှုကို ခံရလည်းလွယ်ပါသည်။ ကြွပ်ပြီးကျိုးလွယ်သော (သို့) ပြော့ကြောင်းထိုးသော ခြေသည်းလက်သည်း၊ လက်သည်းအောက်တွင် အမဲရောင်လှိုင်းအမှတ်များ နှင့် လက်သည်းရောင် အပြာ (သို့) အစိမ်းသို့ ပြောင်းလဲခြင်းတို့သည် ဗီတာမင်ချို့တဲ့မှု နှင့် အခြားရောဂါများ၏ အချက်ပြလက္ခဏာများ ဖြစ်ကြသည်။

လက်သည်းကိုက်ခြင်း

လက်သည်းကိုက်ခြင်းသည် စိတ်လှုပ်ရှားမှုမှ အကျိုးဆက်ဖြစ်လာသော အကျင့်ဖြစ်သည်။ ဆိုးရွားစွာကိုက်ထားသော လက်သည်းသည် နာကျင်မှု၊ သွေးထွက်မှု တို့ဖြစ်လွယ်ပြီး ရောဂါပိုး အလွယ်တကူ ဝင်နိုင်ပါသည်။ သန့်ရှင်းလှပပြီး လက်သည်းများကို ရရှိဖို့ မိမိကိုယ်ကို ထိန်းပြီး လက်သည်းကိုက်သည့် အကျင့်ကို ဖယ်ရှားသင့်ပါသည်။

လက်သည်း ဂရုစိုက်ခြင်း အလေ့ကျင့်ကောင်းများ

  • လက်သည်းများအောက်မှ ဂျီးများ ဖုန်များကို တိုက်ထုတ်ခြင်းဖြင့် သန့်ရှင်းရေးလုပ်ပါ။
  • လက်သည်းမညှပ်ခင် ရေနွေးဖြင့် လက်ဆေးခြင်းဖြင့် လက်သည်းများပြော့အောင်လုပ်ပါက ပိုညှပ်ရလွယ်ပါသည်။
  • လက်သည်းများကို အရမ်းတိုအောင် မညှပ်ပါနှင့်။
  • လက်သည်းကို မကိုက်ပါနှင့်။ ကျန်းမာရေးအတွက် မကောင်းသလို လူကြားမြင်မကောင်းလည်း ဖြစ်ပါသည်။
  • လက်သည်းပိုးဝင်ခြင်းမှ ကာကွယ်ရန် လက်များကို ရေထဲတွင် အကြာကြီး အလုပ်လုပ်ရမည်ဆိုပါက ရာဘာလက်အိပ်ဝတ်ပြီး မှလုပ်ပါ။
  • လက်သည်းများ အရောင်ပြောင်း၊ ပြော့ (သို့) ကြွပ်လာပါက ဆရာဝန်ပြပါ။ မှိုကိုက်သောကြောင့် ဖြစ်ခြင်း ဖြစ်နိုင်ပါသည်။ အလွယ်တကူ ကုသ၍ ရနိုင်ပါသည်။

ခြေဖဝါး နှင့် ခြေသည်း ဂရုစိုက်ခြင်း အလေ့ကျင့်ကောင်းများ

  • ခြေဆွယ်ငုပ်ခြင်းမှ ကာကွယ်ရန် ခြေသည်းများကို ဖြောင့်ဖြောင့်တည့်တည့် ညှပ်ပါ။
  • ရေချိုးတိုင်း ခြေဖဝါး၊ ခြေချောင်းများနှင့် ခြေသည်းများကို သန့်ရှင်းရေးလုပ်ရန် မမေ့ပါနှင့်။ ရေချိုးပြီးတိုင်း ခြေထောက်ကို ခြောက်အောက်သုတ်ပါ။ အထူးသဖြင့် ခြေချောင်းများအကြား ခြောက်သွေ့အောင်သုတ်ဖို့ မမေ့ပါနှင့်။
  • အရေပြားရောဂါများ မှိုများ ကူးစက်လွယ်သူဖြစ်ပါက၊ အနာပေါက်သည့်နေရာတွင် လိမ်းရန် လိမ်းဆေး၊ အမှုန့်ဆေး (သို့) မှုတ်ဆေးများ အမြဲတမ်းဆောင်ထားပါ။ ခြေထောက်ကို သုတ်ရန် တံပတ်သတ်သတ်ထားပါ (အထူးသဖြင့် ခြေထောက်သုတ်ပြီး မျက်နှာကို မသုတ်မည့် တံပတ်ပေါ့)။
  • ဘွတ်ဖိနပ်စီးပါက ခြေထောက်အနံမနံအောင် ခြေအိပ်ကို နေ့တိုင်းလဲပါ။
  • ခြေဖနှေင့်နှင့် ခြေဖဝါးများ မှ ခြေအသားမာများမတက်အောင် ကျောက်ပွ (သို့) ရေမြှပ်ကျောက် ဖြင့် ဆဲလ် အသေများကို အသာအယာ ချွတ်ပါ။
  • အလွန်ဟောင်းနေသော ဖိနပ်များ၊ မတော်တော့သော ဖိနပ်များကို မဝတ်ပါနှင့်။
  • ပူပြင်းသော ရာသီဥတုများတွင် ခြေထောက်ချွေးအရမ်းထွက်စေသော ဖိနပ်များကို ရှောင်ပါ။ သဘာဝ အရာများဖြင့် ပြုလုပ်ထားသော (ဥပမာ) ချည်ထည် ခြေအိပ်၊ လည်သာ ဖိနပ်၊ ကတီပါ ဖိနပ် စသည်တို့ကို ရွေးချယ်ပါ။

ဆံပင် နှင့် အမွေးအမြင်များ

အရေပြားနှင့် ခြေသည်းလက်သည်းကဲ့သို့ပင် ဆံပင်သည်လည်း keratin နှင့် ပြုလုပ်ထားသည်။ ဆံပင် နှင့် အမွေးအမြင်များသည် ခန္ဓာကိုယ်ကို အကာကွယ်ပေးသော အတားအဆီးများ ဖြစ်ကြသည်။ ဥပမာ မျက်တောင်သည် မျက်လုံးများကို ကာကွယ်သည်။ နှာခေါင်း နှင့် နားအတွင်းရှိ အမွေးများသည် အတွင်းသို့ ပြင်ပမှအရာများ ဝင်မလာစေရန် တားဆီးပေးသည်။ မျက်ခုံးသည် မျက်လုံးအတွင်းသို့ ချွေးများမဝင်စေရန် တားဆီးသည်။ အမွေးတစ်ပင်စီ၏ အမြစ်တွင် ကပ်နေသော ကြွက်သားများကို ခန္ဓာကိုယ်၏ အပူချိန်နှင့် စိတ်ခံစား ဖိစီးမှုများမှ နှိုးဆွပေးသည်။ ဥပမာ ခန္ဓာကိုယ်အေးလာသောအခါတွင် ကြွက်သားများ ကျုံ့လာပြီး အမွေးများထောင်လာကာ လေကိုဖမ်းထားပြီး အပူဓာတ်ကို ထိန်းသိမ်းပေးပါသည်။ အမွေးတပင်သည် ၅ နှစ် ကြာသည်ထိ ရှည်လာနိုင်ပြီးနောက် ရှင်သန်မှု ရပ်တံ့သွားပါသည်။ ရှည်လာမှုရပ်တံသွားသောအခါ ဆံပင်သည် ကျွတ်သွားပြီး နောက် ၃ လအကြာတွင် နောက်တပင်ပေါက်ပါသည်။ လူတစ်ဦးနှင့် တစ်ဦး အမွေးအမြင် အရေအတွက် မတူသည်မှာ အသိအသာပင်ဖြစ်သည်။ ဆံပင်အရောင်သည် ဆံပင်တွင် pigment ခေါ် ခန္ဓာအရောင်ချယ်အရာများ မည်မျှ ရှိသလဲပေါ်မူတည်ပါသည်။ အသက်ကြီးလာသည်နှင့် အမျှ pigment ထုတ်လုပ်မှုနည်းသွားသောကြောင့် ဆံပင်များ ဖြူလာရခြင်းဖြစ်သည်။

ဆံပင်ကျွတ်ခြင်း

ဆံပင်ကျွတ်ရခြင်း အကြောင်းအရင်း အမျိုးမျိုးရှိပါသည်။ ဥပမာအချို့မှာ ခန္ဓာကိုယ်ဖျားနာခြင်း၊ အရေပြားရောဂါ၊ ဓာတ်မတည့်မှု ဖြစ်ပေါ်ခြင်း နှင့် စိတ်ဖိစီးမှုတို့ကြောင့် ဖြစ်သည်။ အဖြစ်များသော ဆံပင်ကျွတ်ခြင်းမှာ ထိပ်ပြောင်ခြင်းဖြစ်သည်။ ၎င်းမှာ ကျွန်ုပ်တို့ အသက်ကြီးလာသည်နှင့် အမျှ ခန္ဓာကိုယ်အတွင်း ဟောမုန်းပြောင်းလဲမှုကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ၎င်းသည် ခန္ဓာကိုယ်၏ သဘာဝ ဖြစ်စဥ်ဖြစ်ရပ်တစ်ခုဖြစ်သော်လည်း အချို့ယောက်ျားများအတွက် အထူးသဖြင့်ငယ်ရွယ်စဥ် ထိပ်ပြောင်ခြင်းသည် စိတ်ညစ်စရာ ကိစ္စတစ်ခုဖြစ်နိုင်သည်။ အကယ်၍ ထိပ်ပြောင်ခြင်းသည် သင့်အတွက် စိတ်ဖိစီးစရာ၊ စိတ်ဓာတ်ကျစရာဖြစ်ပါက လိမ်းဆေးများ ဆံပင်စိုက်ကုသမှုများအား ပိုက်ဆံအကုန်ခံပြီး မပြုလုပ်မီ ဆရာဝန်နှင့် အရင်မေးမြန်းဆွေးနွေးသင့်ပါသည်။

ဗောက်

ဗောက်သည် လူတိုင်းတွင် အဖြစ်များသော အခြေအနေတစ်ခုဖြစ်ပြီး သာမာန်တွင် အန္တရာယ်တော့ မရှိပါ။ ဗောက်သည် ဦးရေပြားမှ ဆဲလ်အသေများ ခွာချသောအခါ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ပုံမှန်တွင် ကုသမှုသည် ဗောက်ပြောက်သော ခေါင်းလျှော်ရည်ကိုသုံးပြီး ထိန်းသိမ်း၍ရသော်လည်း အလွန်ခေါင်းယားပြီး ဗောက်များအခြေအနေဆိုးပါက ဆရာဝန်ညွှန်ကြားသော ဆေးများကို အသုံးပြီး ကုသ၍ရနိုင်ပါသည်။

ဆံပင် နှင့် ဦးရေပြား ဂရုစိုက်ခြင်း အလေ့ကျင့်ကောင်းများ

  • ခေါင်းလျှော်ရည်သုံပြီး အဆီနှင့် အညစ်အကြေးများကင်းစင်အောင် ပုံမှန် ဦးခေါင်းကို ဆေးကြောပေးပါ။ ပြင်းပြီးကြမ်းသော ဗောက်ပျောက်ခေါင်းလျှော်ရည် သုံးမည်ဆိုပါက အရင် ဆေးဆိုင် (သို့) ဆရာဝန်နှင့် ဆွေးနွေးပါ။
  • ခေါင်းလျှော်နေစဥ် ဦးရေပြားကို ဖိနှိပ်ပြီး ဦးခေါင်းသို့ သွေးစီးစင်းမှုကောင်းအောင်ပြုလုပ်ပြီး အကြောများလျော့သွားအောင် ပြုလုပ်နိုင်ပါသည်။
  • ခေါင်းလျှော်ရည်ဆပ်ပြာများ ပြောင်အောင် သေချာဆေးချပါ။
  • Hairdryer သုံးပါက အပူကြောင့် ပျက်ဆီးခြင်း မဖြစ်အောင် ခပ်ဝေးဝေးကနေ လေမှုတ်ပါ။
  • ဆံပင်အစိုကို ရေခြောက်ရန် တံပတ်နှင့်သုတ်ရာတွင် အရမ်းကြမ်းတမ်းစွာ မပွတ်ပါနှင့်။ ဆံပင်စိုနေချိန်တွင် ဘီးမဖီးပါနှင့်။ ဆံပင်များသည် ရေစိုနေချိန်တွင် အားပြော့သောကြောင့် ကျိုးတတ်ပါသည်။
  • နှာခေါင်း နှင့် နားတွင်းရှိ အမွေးများသည် ရှည်လာတတ်သဖြင့် ကြည့်ရဆိုးသော ထွက်နေသော အမွေးများကို တိုအောင်ညှပ်ပစ် နိုင်ပါသည်။

အရေပြားအကြောင်း (အပိုင်း-၃) ကို ဆက်လက်ဖတ်ရှုရန်

လိင်အင်္ဂါအကြောင်း (အပိုင်း-၄) ကို ဆက်လက်ဖတ်ရှုရန်

ဝှေးစေ့ နှင့် ဆီးကြိတ် အကြောင်း (အပိုင်း-၅) ကို ဆက်လက်ဖတ်ရှုရန်

ပါးစပ်၊ လည်ချောင်း နှင့် အစာခြေစနစ်အကြောင်း (အပိုင်း-၆)ကို ဆက်လက်ဖတ်ရှုရန်

0 comments

လိင်တူချစ်သူယောက်ျားများအတွက် တကိုယ်ရည်ကာယ ကျန်းမာရေး (အပိုင်း (၁) သွား နှင့် ခံတွင်း)



လိင်တူချစ်သူယောက်ျားများအတွက် တကိုယ်ရည်ကာယ ကျန်းမာရေး

ကျွန်ုပ်တို့သည် မိမိကိုယ်ကို ကျန်းမာရေးစောင့်ရှောက်ရာတွင် ကျွန်ုပ်တို့၏ ခန္ဓာဖွဲ့စည်းပုံ၊ အလုပ်လုပ်ပုံ နှင့် ရောဂါဖြစ်ပွားပုံ စသည်တို့ကို သိထားပါက ဖျားနာရောဂါများကို မဖြစ်ခင်ကတည်းက ကြိုတင်တားဆီး နိုင်မည်ဖြစ်ပါသည်။ ထိုအခါ ကျန်းမာပျော်ရွင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ပါမည်။ ခန္ဓာကျန်းမာမှ စိတ်ကျန်းမာမည်။ စိတ်ကျန်းမာသည့်အခါ မိမိ ပတ်ဝန်းကျင်ရှိ မိသားစု၊ သူငယ်ချင်း၊ လက်တွဲဖော် စသည်တို့နှင့် ပျော်ရွင်သော လူမှုဘဝကိုပိုင်ဆိုင်နိုင်မည်။ နောက်ဆုံး ကျန်းမာသော လူမှုဘဝ မှတဆင့် ဘဝ အောင်မြင်မှုများကို ရရှိနိုင်လာမည်။ ထို့အပြင် ချစ်သူလက်တွဲဖော် နှင့် မိမိအကြား နှစ်ဦးလုံးကျန်းမာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပါက မေတ္တာရေး နှင့် လိင်မှုဘဝတွင်လည်း သာလွန်ကောင်းမွန်သော ဘဝကို ပိုင်ဆိုင်နိုင်မည်။ ထို့ကြောင့် မိမိ ခန္ဓာကိုယ်အကြောင်းနှင့် ဖျားနာမှုရောဂါများအကြောင်း အခြေခံ ဗဟုသုတရှိပါက ဘဝအတွက် အကျိုးရှိပါသည်။ သို့ဖြစ်၍ လုလင်မဂ္ဂဇင်းမှ စာဖတ်သူများအတွက် အကျိုးရှိမည့် လိင်တူချစ်သူယောက်ျားများအတွက် တကိုယ်ရည်ကာယ ကျန်းမာရေးအကြောင်းကို အတွဲလိုက် တင်ပြပေးလိုက်ပါသည်။

အပိုင်း (၁) သွား နှင့် ခံတွင်း

လူကြီးတစ်ယောက်တွင် အံဆုံးသွား ပေါက်မပေါက်ပေါ်မူတည်၍ သွား ၂၈ ချောင်းကနေ ၃၂ ချောင်းထိရှိပါသည်။ အံဆုံးသည် လူတိုင်းတွင် မပေါက်ပါ။ သွား၏ အတွင်းသားထဲတွင် သွေးကြောများနှင့်အာရုံကြောများရှိပြီး အပြင်တွင် dentin ဟု ခေါ်သော နံရံရှိသည်။ ကျွန်ုပ်တို့မြင်နေရသော အပြင်ဆုံးအပိုင်းကို crown ဟုခေါ်ပြီး ၂ မီလီမီတာခန့်ရှိသော ကြွေလွာကဖုံးအုပ်ထားပါသည်။ သွားဖုံး၏ အောက်အတွင်းပိုင်းတွင် သွားအမြစ်ကို cementum နှင့် ပြုလုပ်ထားသည်။ dentin နှင့် cementum နှစ်ခုစလုံးသည် အရိုးကဲ့သို့အလွန်မာကြောသော အရာဝတ္ထုများဖြစ်ကြသည်။ သွားများကို သွားဖုံးထဲတွင် အထူးအမှေးပါးတစ်မျိုးက သွားအအိမ်အတွင်းကို ကပ်နေအောင် ချုပ်ကပ်ထားပါသည်။ ခံတွင်းသန့်ရှင်းမှုမရှိခြင်း၊ သွားပုံမှန်မတိုက်ခြင်း၊ သွားချောင်းများအကြား ကျိုးနှင့်သန့်ရှင်းမှုမပြုလုပ်ခြင်းဖြင့် ခံတွင်းသည် ကူးစက်ရောဂါပိုးများကို တိုက်ဖျက်နိုင်စွမ်းကို ကျဆင်းပြီး သွားများအား သွားဖုံးအတွင်းသို့ ချုပ်ထားသော အမှေးပါးများကို အားလျော့စေပါသည်။ ခံတွင်းအတွင်းရှိ တံတွေးသည် သဘာဝအလျောက် အစွန်းချွတ်ပြီး ပိုးများကိုသေစေနိုင်သော်လည်း ခံတွင်းသန့်ရှင်းရေးကင်းမဲ့ခြင်း၏ အကျိုးဆက်ကြောင့် ပါးစပ်တွင်းအနာပေါက်ခြင်း၊ သွားဖုံးသွေးယိုခြင်းတို့ဖြစ်ပေါ်ကာ နောက်ဆုံး သွားဖုံးရောင်ရောဂါဖြစ်ပြီး အသည်းရောင်အသားဝါပိုး၊ HIV ပိုးများ စသည့် ကူးစက်ရောဂါပိုးများလည်း အလွယ်တကူဝင်ရောက်လာရန် လမ်းကြောင်းကို ဖြစ်ပေါ်စေပါသည်။

ခံတွင်း အနံ့ဆိုးခြင်း

ခံတွင်းအနံ့ဆိုးခြင်းသည် ဘက်တီးရီးယားပိုးများမှ သွားယို့စေယွင်းခြင်း၊ ဆေးလိပ်သောက်ခြင်း နှင့် အစားအသောက်အချို့ကြောင့် ဖြစ်ပေါ်ပါသည်။ အထူးသဖြင့် ညဘက်အရက်သောက်ပြီး နောက်တနေ့နံနက်တွင် ခံတွင်းအနံ့ဆိုးရွားခြင်း ဖြစ်ပေါ်နိုင်ပါသည်။ ညအခါ အိပ်နေစဥ်တွင် သင်၏ခန္ဓာကိုယ်သည် သဘာဝအလျောက် ပါးစပ်ကိုဆေးကြောပေးသည့် တံတွေးကို ထုတ်လုပ်မှုနည်းသောကြောင့် သွား၊ သွာဖုံးနှင့် လျှာပေါ်တွင် ပါးလွားသော အမြုပ်ပုံစံ အလွှာတစ်ခုဖြစ်ပေါ်လာသည်။ ကျန်းမာရေးကို အထောက်အပံ့ပြုသော ဘက်တီးရီးယားများသည် ၎င်းအလွှာကို ဖြိုဖျက်ရာတွင် အနံဆိုး၊အရသာဆိုးသော အဆိပ်အပြော့စားတစ်မျိုးကို စွန့်ထုတ်ခြင်းကြောင့် ခံတွင်းအနံ့ဆိုးခြင်းဖြစ်သည်။ အချို့အခြေအနေမျိုးတွင် ခံတွင်းအနံ့ဆိုးခြင်းသည် မှီဝဲနေရသော ဆေးများကြောင့်သော်လည်းကောင်း အစာအိမ်တွင်အနာဖြစ်နေသောကြောင့်သော်လည်းကောင်း အနံ့ဆိုးတတ်သည်။

သွားချေး

သွားချေးဆိုသည်မှာ တံတွေး၊ ဘက်တီးရီးယား နှင့် အစာအကြွင်းအကျန်များ စုပေါင်းထားသော သွားပေါ်တွင်ဖြစ်ပေါ်လာသည့် ကပ်စည်းစည်းအလွှာတစ်ခုဖြစ်သည်။ ၎င်းသည် သွားယို့ယွင်းခြင်း သွားဖုံးရောင်ခြင်း စသည်တို့၏ အဓိက တရားခံဖြစ်သည်။ သန့်ရှင်းရေးမလုပ်ပဲ ထိုအတိုင်း စုပြုံလာအောင်ထားပါက မာကြောလာပြီး ဖယ်ရှားရခက်ခဲလာသည်။ သွားချေးများသည် သွားတိုက်ပြီး နာရီအနည်းငယ်အတွင်း ပြန်ဖြစ်ပေါ်လာတတ်သည်။ သွားဖုံးများ မကျန်းမာပါက သွားချေးများ ပိုမိုလျှင်မြန်စွာ ပြန့်နှံ့နိုင်သည်။ ထိုအခါ ဘက်တီးရီးယားများသည် သွားကြွေလွှာများကို မြန်မြန် တိုက်စားလာနိုင်ပြီး နောက်ဆုံး သွားအခေါင်းပေါက်များ တခုချင်းစီ ဖြစ်လာမည်။ ထို့ကြောင့် သွားချေးများကို တစ်နေ့လျှင် အနည်းဆုံးနှစ်ခါမျှ သွားတိုက်သန့်ရှင်းခြင်း၊ သွားချောင်းများအကြားကျိုးဖြင့် အစာအကြွင်းအကျန်များကိုရှင်းခြင်း စသည်တို့ကို ပြုလုပ်သင့်ပါသည်။

သွားဖုံးရောင်ခြင်း

သွားဖုံးရောင်ခြင်းသည် သွားချေးများ ချိုးကပ်ခြင်းဆိုးရွားမှုကြောင့် ဖြစ်လေ့ရှိသည်။ သွားချိုးများအတွင်းမှ ဘက်တီးရီးယားများမှ ထုတ်လွှတ်သော အဆိပ်များသည် သွားဖုံးကို ယားယံစေပြီး ပိုးဝင်၍ နာကျင်လာစေကာ ရောက်ကိုင်းလာစေပါသည်။ သွားဖုံးရောင်ခြင်းသည် သွားကြမ်းတမ်းစွာ တိုက်ခြင်းကြောင့်လည်း သွားဖုံးများ ဒါဏ်ရာရခြင်းမှာလည်း ဖြစ်ပေါ်နိုင်ပါသည်။ ကျန်းမာသော သွားဖုံးသည် ပန်းရောင် သို့မဟုတ် အညှိရောင်ရှိပြီး တောင့်တင်းသည်။ မကျန်းမာသော သွားဖုန်းသည် အနီသန်းသောခရမ်းရောင်ရှိပြီး ပျော့ပြဲကာ ဖောရောင်သည်။ သွားတိုက်စဥ် သွားဖုံးသွေးယိုမှုကို လွယ်ကူစွာဖြစ်ပေါ်နိုင်ပြီး သွားဖုံးများနာကျင်မှုကို ဖြစ်ပေါ်သည်။ အစကတည်းက သွားချေးများနှင့် သွားချိုးများ ခံတွင်းအတွင်း မစုပြုံစေခြင်းသည် သွားဖုံးရောင်ရောဂါကို ကာကွယ်ခြင်းဖြစ်သောကြောင့် ခံတွင်းသန့်ရှင်းရေးပုံမှန်ပြုလုပ်ခြင်းသည် သွားဖုံးရောင်ခြင်းကို ကာကွယ်ကုသနိုင်သည့် အဓိကနည်းလမ်းပင် ဖြစ်သည်။

ခံတွင်းကျန်းမာရေး ဂရုစိုက်မှု အလေ့အကျင့်ကောင်းများ
  • သင့်တွင် သွားနှင့်ပက်သက်သော ပြသနာမရှိသည့်တိုင် သင်သည် သွားဆရာဝန်နှင့် ၆ လ (သို့) ၁ နှစ် တစ်ခါ ပုံမုန် သတိရတိုင်း စစ်ဆေးသင့်သည်။ သို့မဟုတ်ပဲ ခံတွင်းအတွင်း တစ်ခုခုနာကျင်သည်အထိ လစ်လျူရှုထားပါက  ပိုမိုးဆိုးရွားသော ပြဿနာများနှင့် ကြုံတွေ့ရနိုင်သည်။
  • တစ်နေ့ နှစ်ကြိမ် ခံတွင်းကို သန့်ရှင်းရေးလုပ်ပါ။ အစာစားပြီးတိုင်း သန့်ရှင်းလုပ်နိုင်ပါက အကောင်းဆုံးဖြစ်သည်။ သွားတစ်ကြိမ်တိုက်လျှင် ၃ - ၄ မိနစ် ထက်မနည်း တိုက်သင့်သည်။
  • သွားတိုက်တံကို နှစ်လတစ်ခါ (သို့မဟုတ်) ညစ်ပတ်မှုပေါ်မူတည်ပြီး အသစ်လဲပါ။
  • တစ်နေ့ အနည်းဆုံးတစ်ကြိမ် သွားချောင်းများအကြားကို ကျိုးဖြင့် အစာအကြွင်းအကျန်များ ဖယ်ရှားသန့်ရှင်းရေးလုပ်ပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် သွားဖုံးများ ဆုတ်ယုတ်ခြင်းမှကာကွယ်ပြီး ရေရှည်တွင် သွားဆုံးရှုံးမှုမှ ကာကွယ်ပေးပါသည်။
  • ပီကေဝါးခြင်းသည် ခံတွင်းတွင် တံတွေးဖြင့်စိုစွတ်စေပြီး ဘက်တီးရီးယားများကို သေစေပါသည်။ သကြားမပါသော ပီကေကို ရှာစားပါ။
  • သကြားသည် သွားများကို ပုပ်စေပါသည်။ သကြားနည်းသော/မပါသော အချိုရည်၊ သရေစာနှင့် အစားအစာများကို ရွေးချယ်ပါ။
  • ပါးစပ်ဆေးရည်များသည် ခံတွင်းအနံ့ဆိုးကို ဖယ်ရှားပေးခြင်းမဟုတ်ပဲ ဖုံးအုပ်ပေးထားခြင်းသာ ဖြစ်သည်။ ခံတွင်းအနံဆိုးခြင်း ပြဿနာကို မဖြေရှင်းနိုင်ပါ။
  • သွားဖြူဆေးများသည် အစွန်းချွတ်ဆေးပါသောကြောင့် သွားကြွေလွှာကို ထိခိုက်နိုင်သည်။ မသုံးခင် သွားဆရာဝန်နှင့် အရင်စစ်ဆေးမှုပြုလုပ်ပါ။

ခြေသည်းလက်သည်း နှင့် ဆံပင် အကြောင်း (အပိုင်း-၂) ကို ဆက်လက်ဖတ်ရှုရန်

အရေပြားအကြောင်း (အပိုင်း-၃) ကို ဆက်လက်ဖတ်ရှုရန်

လိင်အင်္ဂါအကြောင်း (အပိုင်း-၄) ကို ဆက်လက်ဖတ်ရှုရန်

ဝှေးစေ့ နှင့် ဆီးကြိတ် အကြောင်း (အပိုင်း-၅) ကို ဆက်လက်ဖတ်ရှုရန် 

ပါးစပ်၊ လည်ချောင်း နှင့် အစာခြေစနစ်အကြောင်း (အပိုင်း-၆)ကို ဆက်လက်ဖတ်ရှုရန်

 

 

0 comments

Best of LGBT Artists in 2016


၂၀၁၆ ကုန်သွားခဲ့ပါပြီ။ ဒီနှစ်ထဲမှာ ဆက်လက်၍ ကမ္ဘာအရပ်ရပ်ရှိ အနုပညာ အသိုင်းအဝန်းမှ လိင်တူချစ်သူ အဆိုတော်များဟာ ပွင့်ပွင့်လင်းလင်း မိမိကိုယ်ရည် အနုပညာအစွမ်းအား ကမ္ဘာကို ဂုဏ်ယူစွာနှင့် ပြသနိုင်ခဲ့ကြသလို အနုပညာကိုသုံးကာ လိင်တူချစ်သူ အခွင့်အရေးနှင့် တန်းတူညီမျှရေးကို ဆက်လက်ကာ တတပ်တအား တိုက်ပွဲဝင်ပေးနိုင်ခဲ့ကြပြန်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ သီချင်းချစ်သူများအတွက် သီချင်းကောင်းများ နားထောင်နိုင်စေရန်နှင့် ပွင့်လင်းစွာပြောသော လိင်တူချစ်သူအဆိုတော် အနုပညာရှင်များကို ဂုဏ်ပြုသည့်အနေဖြင့် ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ကမ္ဘာအရပ်ရပ်မှ အကောင်းဆုံး သီချင်း အပုဒ် (၃၀) ကို စုစည်းပေးလိုက်ပါသည်။ သောတရှင်များ ပျော်ရွင်ကြည်နှုးနိုင်ကြပါစေ။

30. Harel Skaat - את לי הכל (at li hakol) (For me you are everything) (ISRAEL)

Harel Skaat ဟာ ၂၀၁၀ တုန်းက Milim ဆိုတဲ့ သီချင်းနဲ့ Eurovision သီချင်းဆိုပြိုင်ပွဲကနေစပြီး ဥရောပမှာ လူသိများလာတဲ့ အစ္စရေး အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ အစ္စရေးသူ့နိုင်ငံမှာတော့ သူဟာ လေးနက်တဲ့ အချစ်သီချင်းအေးအေးလေးတွေဆိုပြီး ပရိသတ်အသည်းစွဲအဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်။ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဂေးအဆိုတော် Harel Skaat ဟာ ၂၀၁၆ ခုနှစ်မှာ At Li Hakol ဆိုတဲ့ ဇာတ်ဝင်သီချင်းကို ထုတ်ဝေထားပါတယ်။

29. Bright Light Bright Light feat. Elton John - All In The Name (UNITED KINGDOM)

Bright Light Bright Light နာမည်နဲ့ ဗြိတိသျှ အဆိုတော် Rod Thomas ဟာ ၂၀၁၆ အတွင်း သူ့ရဲ့ အသစ်ထွက်တဲ့ အခွေထဲမှာ ဗြိတိသျှ ပြည်သူချစ်အဆိုတော်ကြီး Elton John နဲ့တွဲဖက်ကာ All In The Name ဆိုတဲ့ သီချင်းကို ထုတ်ဝေထားပါတယ်။

28. Anh Tú - Giấc Mơ Không Nhoà (VIETNAM)

အဆိုတော် Anh Tú သည်ဆိုထားတဲ့ ဗီယက်နမ် ရုပ်ရှင် Thần Tiên Cũng Nỗi Điên ရဲ့ ဇာတ်ဝင်သီချင်း Giấc Mơ Không Nhoà သီချင်းဟာလည်း ၂၀၁၆ ရဲ့ လိင်တူချစ်သူအကြာင်းပါတဲ့ အဆွေးသီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။

27. Toya Delazy - Nu High (SOUTH AFRICA)

တောင်အာဖရိက လိင်တူချစ်သူ အမျိုးသမီးအဆိုတော် Toya Delazy ဟာ သူ့နိုင်ငံမှာ ၂၀၁၃ ခုနှစ်က သူရဲ့ ပထမဆုံး အခွေနဲ့ ဆုတွေအများကြီး ဆွတ်ခူးထားတဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ ၂၀၁၆ မှာလည်း ဆက်လက်ပြီး ဆန်းသစ်တဲ့သီချင်းအမျိုးအစားနဲ့ အနုပညာအလုပ်တွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

26. "เหงา" [OST. The Rain Stories เมื่อฝนหยดลงบนหัว] (THAILAND)

လိင်တူချစ်သူလူငယ်များရဲ့  အချစ်ဇာတ်လမ်းရိုက်ထားတဲ့ တက်သစ်စ ထိုင်းဒါရိုက်တာ Nichaphoom Chaianan ရဲ့ ရုပ်ရှင် The Rain Stories မှ ၂၀၁၆ ခုနှစ်ရဲ့ ထိုင်းဇာတ်ဝင်သီချင်းကောင်းနောက်တစ်ပုဒ်ပါ။

25. A Great Big World - Won't Stop Running (UNITED STATES)

လိင်တူချစ်သူ Chad King ပါဝင်တဲ့ A Great Big World အဖွဲ့ရဲ့ ဆက်လက်ထွက်ရှိနေတဲ့ သီချင်းများထဲက ဘဝကို တိုက်ပွဲဝင်နေတဲ့သူများကို ဂုဏ်ပြုသီဆိုထားတဲ့ Won't Stop Running ဆိုတဲ့သီချင်းကို ၂၀၁၆ ရဲ့ အကောင်းဆုံး သီချင်းများထဲက တစ်ပုဒ်အဖြစ် ရွေးချယ်လိုက်ပါတယ်။

24. Parson James - A Sinner Like You (UNITED STATES)

တက်သစ်စ အမေရိကန် လူငယ် လိင်တူချစ်သူ အဆိုတော် Parson James ဟာ ၂၀၁၆ မှာ သူ့ တကိုယ်တော် သီချင်းများကို စတင် ထုတ်ဝေခဲ့ပါတယ်။ Parson James ဟာ နော်ဝေးနိုင်ငံမှ DJ ဖြစ်သူ Kygo ရဲ့  Stole the Show ဆိုတဲ့ သီချင်းမှာ အသံပါဝင်သီဆိုခဲ့တာကြောင့် ကမ္ဘာကျော်သူတစ်ဦးဖြစ်ပါတယ်။

23. Hương Giang (Idol) - Mùa Để Yêu Thương (VIETNAM)

ဗီယက်နမ် အနုပညာရှင် Hương Giang ဟာ ၂၀၁၂ ခုနစ် က ဗီယက်နမ် Idol မှာဆုရပြီးနောက် ပြည်သူအားပေးတဲ့ အောင်မြင်တဲ့ အဆိုတော်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူ့ကို ဗီယက်နမ် Idol ဝင်သူတွေထဲက အချောဆုံး အဆိုတော်တစ်ယောက်လို့ သတ်မှတ်ကြပါတယ်။ သူဟာ ငယ်ငယ်တုန်းက ယောက်ျားလေးအဖြစ်နှင့် မွေးဖွားခဲ့ပြီး နောက်ပိုင်းမှ မိန်းမအဖြစ် လိင်ပြောင်းထားတဲ့သူတစ်ဦး ဖြစ်ပါတယ်။ ခပ်လန်းလန်း သီချင်းတွေ ဆိုတတ်တဲ့ Hương Giang (Idol) က ၂၀၁၆ မှာ အချစ်သီချင်းအေးအေးလေး တစ်ပုဒ်ထပ်ဆိုထားပြီး ဗီယက်နမ်မှာ လူကြိုက်များပါတယ်။

22. Steve Grand - We Are the Night (UNITED STATES)

အမေရိကန် ဂေးပရိသတ်ရဲ့ အသည်းစွဲ country သီချင်း အဆိုတော် Steve Grand ဟာ သူ့အခွေဟောင်းထဲက သီချင်း We Are the Night ကို DJ ဖြစ်သူ Dave Aude နဲ့ ပြန်လည် ဆန်းသစ်ပြီး ဗီဒီယိုသစ်ရိုက်ထားတာမှာ မြူးကြွတဲ့ သီချင်းကောင်း တစ်ပုဒ်ဖြစ်ပါတယ်။ သူ့သီချင်းက လိင်တူချစ်သူ လူငယ်တွေအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။

21. Markus Feehily - Sanctuary (IRELAND)

ကျွန်တော်တို့ ကလေးဘဝအသည်းစွဲ Westlife အဖွဲ့ရဲ့ အဖွဲ့ဝင် Markus Feehily ဟာလည်း လိင်တူချစ်သူဖြစ်တာ အားလုံးသိကြမှာပါ။ ၂၀၁၅ နဲ့ ၂၀၁၆ မှာ Markus Feehily ဟာ တစ်ကိုယ်တော်သီချင်းတွေကို ပြန်လည်ထုတ်ဝေနေပါတယ်။ ၂၀၁၆ ထဲမှာ ထွက်တဲ့ သီချင်း Sanctuary ကတော့ ယောက်ျားနှစ်ယောက်အကြား အချစ်ဇာတ်လမ်းကို နက်နက်ရှိုင်းရှိုင်းရိုက်ပြထားပါတယ်။

20. MIKA - Hurts (UNITED KINGDOM)

ပြင်သစ်-ဗြိတိသျှ အဆိုတော် MIKA က သူ့နောက်ဆုံး အခွေထဲမှ ၂၀၁၅ တစ်နှစ်လုံး သီချင်းတွေ ဆက်တိုက်ထုတ်ဝေခဲ့ပြီး ၂၀၁၆ အထိ အနောက်ဆုံးအနေနဲ့ Hurts ဆိုတဲ့ သီချင်းကို မြူးမြူးကြွကြွလေး ပြန်လည်ဆန်းသစ် သီဆိုထားပါတယ်။ ဒါ့ကြောင့် ၂၀၁၆ ရဲ့ လိင်တူချစ်သူ အနုပညာရှင်များရဲ့ သီချင်းကောင်းတစ်ပုဒ် အဖြစ်ရွေးချယ်လိုက်ပါတယ်။

19. Mary Lambert - Hang Out With You (UNITED STATES)

အမေရိကန် လိင်တူချစ်သူ မိန်းခလေး အဆိုတော် Mary Lambert က ကမ္ဘာကျော် Hip-Hop သီချင်း Same Love မှာ ပါဝင်သီဆိုထားတာ ကြားဖူးကြမှာပါ။ သူတကိုယ်သီချင်းတွေ စထုတ်ဝေထားတော့လဲ အမေရိကန် LGBT ပရိသတ်ရဲ့ ကျေနပ်အားရမှုကို ရရှိခဲ့ပါတယ်။ ဒါ့ကြောင့် သူရဲ့ ကြည်နူးစရာ Hang Out With You ဆိုတဲ့ သီချင်းကိုလည်း ရွေးချယ်ပေးလိုက်ပါတယ်။

18. Adam Lambert - Welcome to the Show (UNITED STATES)

မြန်မာပရိသတ်အားလုံး ကြိုက်တဲ့ Adam Lambert ရဲ့  ၂၀၁၆ နှစ်မှာထွက်တဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ Welcome to the Show ဆိုတဲ့ သီချင်းကိုလည်း ရွေးချယ်ထားပါတယ်။

17. Eli Lieb & Steve Grand - Look Away (UNITED STATES)

အမေရိကန်ရဲ့ လိင်တူချစ်သူ ပရိသတ်တိုင်း တောင့်တတဲ့ ဂေးအဆိုတော်နှစ်ဦး Eli Lieb နဲ့ Steve Grand ပေါင်းပြီ စုံတွဲသီချင်းဆိုလိုက်တာ သူတို့ရဲ့ ပရိသတ်တွေ အတော်ကို ရင်ခုန်ခဲ့ရပါတယ်။ ဒါ့ကြောင့်သူတို့ရဲ့ စုံတွဲသီချင်းဟာ ၂၀၁၆ ရဲ့ အမှတ်ရစရာ အနုပညာဖန်တီးမှု တစ်ခုပါပဲ။

16. Lyon Hart - Falling for You (UNITED STATES)

နယူးယောက် အခြေစိုက် တပိုင်တနိုင် အဆိုတော် Lyon Hart ဟာ သူဆန်းဆန်းပြားပြားရိုက်ကူးတဲ့ ဗီဒီယိုထဲမှာ ဘဲလေးအက ကသူ ယောက်ျားနှစ်ယောက်ရဲ့  အချစ်ပုံပြင်ကို ရင်ခုန်ဖွယ်ရာရိုက်ပြထားရာ ၂၀၁၆ မှာ လိင်တူချစ်သူများ ကြိုက်နှစ်သက်နေတဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

15. Rayvon Owen - Can't Fight It (UNITED STATES)

အမေရိကန် Idol ရဲ့  စတုတ္ထဆုရ အဆိုတော်သစ် Rayvon Owen ရဲ့ ပွဲဦးထွက်သီချင်း Can't Fight It ဟာ ၂၀၁၆ ခုနှစ်ထဲမှ အဆိုတော်သစ်တွေရဲ့ သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ သီချင်းဗီဒီယိုထဲမှာ အချစ်ဇာတ်လမ်းတစ်ခုနဲ့ သူဟာ လိင်တူချစ်သူဖြစ်ကြောင်း ဖွင့်ပြောပြထားပါတယ်။

14. Jess Glynne - Ain't Got Far To Go (UNITED KINGDOM)

ဗြိတိသျှ လိင်တူချစ်သူအမျိုးသမီ အဆိုတော် Jess Glynne က Rather Be သီချင်းနဲ့ ကမ္ဘာကျော်လာပြီးနောက်မှာ တစ်ကိုယ်တော် သီချင်းတွေ ဆက်လက်ထုတ်ဝေလျှက်ရှိပြီး ၂၀၁၆ မှာလဲ Ain't Got Far To Go သီချင်းက သီချင်းကောင်းတစ်ပုဒ်ပါ။

13. 6 Pack Band - Ae Raju (INDIA)

၂၀၁၆ ခုနှစ်ထဲမှာ အိန္ဒိယ ပရိသတ်တွေကို သီချင်းကောင်းအများကြီး ယူဆောင်လာပေးခဲ့တဲ့ တတိယလိင် Hijra (ဟီဂျရာ) အဆိုတော် ၆ ဦးပါဝင်တဲ့ 6 Pack Band အဖွဲ့ရဲ့ သီချင်းတွေအထဲမှာ Ae Raju သီချင်းဟာလည်း သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီသီချင်းမှာ  Bollywood မင်းသားကြီး Hrithik Roshan ပါဝင်သီဆိုသရုပ်ဆောင် ပေးထားပါတယ်။ အရပ်ဖက် လူမှုအဖွဲ့အစည်း အသိုင်းအဝိုင်းရဲ့ အထောက်အပံ့နဲ့ အိန္ဒိယ LGBT အသိုင်းအဝိုင်းရဲ့  ဂုဏ်ဆောင်အဖွဲ့ 6 Pack Band လို အဆိုတော်မျိုးဟာ အခြားအဆိုတော်ကြီးတွေလို စီးပွားဖြစ် ဖြန့်ချီတာမျိုးကို မပြုလုပ်နိုင်ပဲ တစ်ပိုင်တစ်နိုင် အနုပညာပြုလုပ်တာတောင် သူတို့ရဲ့ သီချင်းဟာ Youtube မှာ ကြည့်ရှုကြိမ် ၁ သန်းကျော်ရရှိခဲ့ပါတယ်။

12. Tegan and Sara - Boyfriend (CANADA)

အမွာနှစ်ယောက်ပါဝင်တဲ့ ကနေဒါက အဖွဲ့ Tegan and Sara ဟာ ၂၀၁၆ ခုနှစ်အထိ အခွေ ၈ ခွေထုတ်ဝေပြီးပြီ ဖြစ်ပါတယ်။ ညီအမနှစ်ယောက်လုံး လိင်တူချစ်သူများဖြစ်တဲ့ Tegan and Sara အဖွဲ့ဟာ သူတို့ရဲ့ ခပ်ဆန်းဆန်း ခပ်ငြိမ့်ငြိမ့် သီချင်းတွေနဲ့ လိင်တူချစ်သူ ဂီတပရိသတ်များရဲ့ အားပေးမှုကို ဆက်လက်ပြီး ရယူနေဆဲပါပဲ။ ၂၀၁၆ ခုနှစ်မှာသူတို့ ဟာ ယူကေ၊ ဟောင်ကောင်၊ ထိုင်ဝမ် အပါအဝင် နိုင်ငံအတော်များမှာ လှည့်လည်ပြီး ဂီတပွဲများ သီဆိုခဲ့ကြသလို ကမ္ဘာကျော် Electronic သီချင်းဖန်တီးသူများနှင့်လည်း ပူးပေါင်း သီဆိုခဲ့ကြပါတယ်။ ဒါ့အပြင် သူတို့ဟာ လိင်တူချစ်သူ အခွင့်အရေးအတွက် ရှေ့တန်းမှ ပါဝင်လှုပ်ရှားနေတဲ့ အဆိုတော်များလည်း ဖြစ်ကြပါတယ်။ သူတို့ရဲ့သီချင်း Boyfriend ဟာ ၂၀၁၆ မှာ လိင်တူချစ်သူ ဂီတပရိသတ်များရဲ့ အကြိုက်ဆုံးသီချင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

11. Wrabel - 11 Blocks (UNITED STATES)

အမေရိကန် တက်သစ်စ အဆိုတော် Wrabel ဟာ တပိုင်တနိုင် သီချင်းရေးသီဆိုကာ ၂၀၁၆ မှာ သူ့ရဲ့ ပွဲဦးထွက် တကိုယ်တော်သီချင်း 11 Blocks ကိုထုတ်ဝေခဲ့ပါတယ်။ မဂ္ဂဇင်းကြီးတွေက သူ့ကို ချီးကျူးသုံးသပ်ချက်တွေပေးကာ တက်သစ်စ အကောင်းဆုံးအဆိုတော်တစ်ဦးအဖြစ် သတ်မှတ်ထားပါတယ်။ သူ့ရဲ့ လေးနက်စူးရှတဲ့အသံနဲ့ DJ Afrojack ရဲ့ Ten Feet Tall သီချင်းမှာ အသံပါဝင်သီဆိုပေးခဲ့ပြီး သူဟာ ကမ္ဘာကျော်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့ကြောင့် လုလင်မဂ္ဂဇင်းကလည်း ၂၀၁၆ ရဲ့ အကောင်းဆုံး သီချင်းတွေမှာ လိင်တူချစ်သူအဆိုတော်သစ် Wrabel ရဲ့ သီချင်းကို ဂုဏ်ပြုထည့်သွင်းလိုက်ပါတယ်။

10. Shura - What's It Gonna Be? (UNITED KINGDOM)

ဗြိတိသျှ အဆိုအတော်သစ် လိင်တူချစ်သူ မိန်းခလေးအဆိုတော် Shura က ၂၀၁၆ ခုနှစ်မှာ သူ့ရဲ့ အနုပညာစွမ်းရည်ကို စတင်ထုတ်ဖော်ပြသလိုက်ပါတယ်။ Electropop သီချင်းအမျိုးအစားဟာ ဗြိတိသျှမှာ ရေပန်းစားလာတဲ့အလျှောက် Shura ရဲ့သီချင်းတွေကတော့ တမူထူးခြားပြီး လူစိတ်ဝင်စားမှုရစေတဲ့အပြင် သူဟာ အနုပညာကိုသုံးကာ လိင်တူချစ်သူများအပေါ် အမြင်စောင်းခြင်းကို တိုက်ဖျက်မယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ကြည်နူးစရာ What's It Gonna Be ဆိုတဲ့သီချင်းကို ၂၀၁၆ ရဲ့ အတက်သစ်စ အဆိုတော်များထဲက သီချင်းကောင်းတစ်ပုဒ်အဖြစ် ရွေးချယ်လိုက်ပါတယ်။

9. Years & Years ft. Tove Lo - Desire (UK - SWEDEN)

Years & Years အဖွဲ့ခေါင်းဆောင် Olly Alexander ဟာ ၂၀၁၅ ခုနှစ်မှာ လိင်တူချစ်သူ အသိုင်းအဝိုင်း နှင့် မီဒီယာ တို့ရဲ့ စိတ်အဝင်စားဆုံး သူတစ်ဦးဖြစ်ခဲ့ပြီး သူတို့အဖွဲ့ရဲ့ သီချင်းတွေဟာ အောင်မြင်မှု အများကြီးရရှိခဲ့တာကို မှတ်မိမှာပါ။ ၂၀၁၆ မှာတော့ ဗြိတိသျှအဆိုတော်က ဆွီဒင်အဆိုတော် Tove Lo နဲ့ ပေါင်းပြီး သူ့ရဲ့ ၂၀၁၄ က သီချင်းဟောင်း Desire ဆိုတဲ့ သီချင်းကို ပြန်လည် သီဆိုကာ လိင်တူချစ်သူ အသိုင်းအဝန်းအတွက် ဗီဒီယိုအသစ် ထုတ်ဝေထားပါတယ်။ Years & Years အဖွဲ့ဟာ ၂၀၁၆ ခုနှစ်မှာလည်း လူကြိုက်များတဲ့ သီချင်းတွေကို ဆက်လက်ပြီး ထုတ်ဝေနိုင်ခဲ့ပါတယ်။

8. Gun Achi (กันอชิ) - I Believe True Love Exists (เชื่อว่ารักแท้มีจริง) (THAILAND)

၂၀၁၆ ခုနှစ်ဟာ ထိုင်းနိုင်ငံမှာ လိင်တူချစ်သူ လူငယ်များရဲ့ အချစ်ဇာတ်လမ်းတွဲများကို ထူးထူခြားခြား ထုတ်ဝေခဲ့တဲ့ နှစ်ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ ၂၀၁၆ မှာ ထုတ်ဝေတဲ့ လူငယ်တွေရဲ့ ကျောင်းသားဘဝ အချစ်ရေးအကြောင်းကို အခြေခံရိုက်ကူးထားတဲ့ Make it Right (รักออกเดิน) ရုပ်သံဇာတ်လမ်းတွဲဟာ ထိုင်းပရိသတ်သာမက အရှေ့တောင်အာရှ ပရိသတ်များရဲ့ အသဲစွဲဖြစ်ရတဲ့ ဇာတ်လမ်းတွဲတစ်တွဲပါပဲ။ Gun Achi သီဆိုထားတဲ့ အဲ့ဒီဇာတ်လမ်းတွဲရဲ့ အဖွင့်ဇာတ်ဝင်သီချင်း I Believe True Love Exists (เชื่อว่ารักแท้มีจริง) ဆိုတဲ့သီချင်းဟာလည်း ထိုင်းပရိသတ်ရဲ့ အားပေးမှုနဲ့ Youtube မှာ ကြည့်ရှုကြိမ် ၂ သန်းခွဲ ရရှိခဲ့ပါတယ်။



7. Gun Achi and Amp (กันอชิ,แอมป์) - The Secret in Our Hearts (ความลับในใจ) (THAILAND)

နောက်ထပ် ၂၀၁၆ မှာ ပရိသတ်ကို အသည်းစွဲစေခဲ့တဲ့ ထိုင်းဇာတ် လူငယ်အချစ်လမ်းတွဲတစ်တွဲကတော့ SOTUS The Series (พี่ว้ากตัวร้ายกับนายปีหนึ่ง) ဖြစ်ပါတယ်။ အဲ့ဒီ ရုပ်ရှင်ရဲ့ ဇာတ်ဝင်သီချင်းကိုလည်း Gun Achi က ပဲ Amp နဲ့အတူ သီဆိုထားပါတယ်။

6. Tiziano Ferro - Potremmo Ritornare (ITALY)

Tiziano Ferro ဟာ အီတလီနိုင်ငံရဲ့ ဂုဏ်ဆောင် ထိပ်တန်းအဆိုတော်တစ်ဦး ဖြစ်ပါတယ်။ အသက် ၃၀ နှစ်အရွယ်မှာ ကမ္ဘာကြီးကို သူဟာ လိင်တူချစ်သူ အဆိုတော်တစ်ဦးဖြစ်ကြောင်း ဖွင့်ဟ မပြောကြားခင်ကတည်းက အီတလီမှာ အလွန်အောင်မြင်တဲ့ နိုင်ငံအသည်းစွဲ အဆိုတော်တစ်ဦး ဖြစ်နေပါပြီ။ သူ့ရဲ့ နက်နဲပြီးခံစားချက်ပြင်းထန်တဲ့ အချစ်သီချင်းတွေက အီတလီ နိုင်ငံနှင့် စပိန်စကားပြောနိုင်ငံတွေမှာ အောင်မြင်မှုအကောင်းဆုံးဖြစ်ပါတယ်။ သူထုတ်သမျှ အခွေတိုင်းဟာလည်း အီတလီနိုင်ငံနှင့် လက်တင်အမေရိကမှာ ရောင်းရအကောင်းဆုံးအခွေဖြစ်နေကြမို့ ၂၀၁၆ မှာဆက်လက်ထုတ်ဝေမယ့် အခွေထဲက Potremmo Ritornare ဆိုတဲ့ ပထမဆုံးသီချင်းဟာလည်း ကြည့်ရှုကြိမ် ၁၃ သန်းရရှိပြီးပြီ ဖြစ်ပါတယ်။

5. Troye Sivan - YOUTH (AUSTRALIA)

လူငယ်အဆိုတော် Torye Sivan ရဲ့  အောင်မြင်မှုဟာ ၂၀၁၅ မှာ သူ့ရဲ့ ပထမဆုံး အခွေနဲ့ စတင်ခဲ့ပါတယ်။ လိင်တူချစ်မီဒီယာတွေ အကြိုက်ဆုံး အဆိုတော်တစ်ဦးအဖြစ် အမြဲတမ်းအရေးခံရသလို လိင်တူချစ်သူ အသိုင်းအဝိုင်းအတွက် စံပြလူငယ် ပုဂ္ဂိုတစ်ဦးလို့လည်းသူ့ကို အားလုံးက ချီးကျူးကြပါတယ်။ သူဟာ သူ့နိုင်ငံ သြစတြေးလျမှာ လိင်တူချစ်သူ အခွင့်အရေးအတွက် မီဒီယာ နှင့် အနုပညာမှတဆင့် တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်ပါတယ်။ သူ့သီချင်းများဟာ လိင်တူချစ်သူများသာမက ကမ္ဘာတစ်ဝှမ်းလုံးရဲ့ အားပေးမှု ရရှိပါတယ်။ ၂၀၁၆ မှာ ထွက်ရှိတဲ့ YOUTH ဆိုတဲ့သီချင်းဟာ Youtube မှာပဲ ကြည့်ရှုကြိမ် သန်း ၆၀ ကျော် ရရှိနေပါတယ်။



4. LP - Lost On You (UNITED STATES)

LP ဆိုတဲ့နာမည်နဲ့ သီချင်းဆိုတဲ့ Laura Pergolizzi ရဲ့ Lost On You ဆိုတဲ့သီချင်းဟာ ၂၀၁၆ နှစ်အောင် အအောင်မြင်ဆုံး သီချင်းများထဲမှ တစ်ပုဒ်ဖြစ်ပါတယ်။ ဥရောပမှာ နိုင်ငံ ၇ နိုင်ငံ မှာ ဒီသီချင်းဟာ နံပါတ် (၁) နေရာကို ရောက်ရှိခဲ့ပြီး Youtube မှာ ကြည့်ရှုကြိမ် ၈၅ သန်းကျော်ရှိနေပါတယ်။ လိင်တူချစ်သူ အဆိုတော် Laura Pergolizziဟာ ကမ္ဘာကျော် အဆိုကြီးတွေအတွက်လည်း သီချင်းများရေးပေးခဲ့သလို သူကိုယ်တိုင်ရေးဆိုတဲ့ သီချင်းတွေကလည်း အောင်မြင်ပါတယ်။



3. Ricky Martin feat. Maluma- Vente Pa' Ca (PUERTO RICO)

လူတိုင်းသိကြတဲ့ Puerto Rico က စပိန်သီချင်းအဆိုတော် Ricky Martin ဟာ လိင်တူချစ်သူတိုင်းလိုချင်တဲ့ ယောက်ျားတစ်ယောက် ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှ ပရိသတ်များအသည်းစွဲဖြစ်တဲ့ Ricky Martin ဟာ ၂၀၁၀ ခုနှစ် မှာ ဂေးဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် စက်တင်ဘာမှာ သူထုတ်ဝေခဲ့တဲ့ Vente Pa' Ca သီချင်းဟာ လက်တင်အမေရိက နိုင်ငံများအားလုံးမှာ ဟိုးလေးတကျော်အောင်မြင်ပြီး လူတိုင်းကြိုက်တဲ့ မြူးကြွတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ လေးလအတွင်းပင်ပဲ Youtube မှာ သူ့ သီချင်းဟား ကြည့်ရှုကြိမ် သန်း ၅၀၀ နီးပါး ရောက်ရှိနေပြီး ယနေ့ထက်တိုင် လူကြိုက်များတဲ့သီချင်းအဖြစ် ရပ်တည်နေပါသေးတယ်။

2. Sia - The Greatest (AUSTRALIA)

လိင်တူချစ်သူများရဲ့ ရှေ့ဆောင်ကြယ်ပွင့်တစ်ဦးဖြစ်သူ လိင်တူလိင်ကွဲနှစ်ဦးစလုံးချစ်သူ အဆိုတော် Sia  ဟာ သူ့နိုင်ငံ သြစတြေးလျမှာ လိင်တူချစ်သူများအတွက် ရှေ့ဆောင်တစ်ဦးဖြစ်သလို အနုပညာလောကမှာလည်း တစ်ကမ္ဘာလုံးကြိုက်တဲ့ အဆိုတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။၂၀၁၆ ခုနှစ်မှာ သူရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ The Greatest ကို အမေရိကန်နိုင်ငံ  Orlando ရှိ ဝမ်းနည်းစရာအကြမ်းဖက်မှုမှာ သေဆုံးသွားတဲ့ လိင်တူချစ်သူများအတွက် ဂုဏ်ပြုရိုက်ကူးထားပါတယ်။ ဒီသီချင်းဟာ နိုင်ငံအမြောက်အများမှာ ထိပ်တမ်းနေရာကိုလည်း ရောက်ရှိခဲ့ပါတယ်။ ဒါ့ကြောင့် Sia ရဲ့ လိင်တူချစ်သူများအတွက် ဂုဏ်ပြုသီချင်း The Greatest ကို ၂၀၁၆ ရဲ့ အကောင်းဆုံးသီချင်း နံပါတ်၂ နေရာမှာ ရွေးချယ်ပေးလိုက်ပါတယ်။

1. 6 Pack Band feat. Sonu Nigam - Sab Rab De Bande (INDIA)

အိန္ဒိယရဲ့ ပထမဆုံး ကျားမပြောင်းသူ အမျိုးသမီး ၆ ဦးနှင့် ဖွဲ့စည်းထားတဲ့ 6 Pack Band အဖွဲ့ဟာ LGBT အသိုင်းအဝိုင်းအတွက်ဂုဏ်ယူစရာ စံပြပုဂ္ဂိုလ်များအဖြစ် ပေါ်ထွက်လာရုံသာမက ၂၀၁၆ ခုနှစ်ကို လုပအောင်ရောင်စုံချယ်သပေးခဲ့တဲ့ အနုပညာဖန်းတီးသူများဖြစ်ပါတယ်။ တတိယလိင် သို့မဟုတ် hijra (ဟီဂျရာ) လို့ခေါ်တဲ့ ကျားမပြောင်းသူများဟာ အိန္ဒိယမှာ ခန့်မှန်းချေ ၁.၉ သန်းရှိပါတယ်။ သူတို့ဟာ လူ့အသိုင်းအဝန်းမှ ရိုင်းဆိုင်းစွာဆက်ဆံခြင်း၊ ကျဥ်ပယ်ခြင်း၊ နှိမ့်ချခြင်း၊ အမြင်စောင်းခြင်း နဲ့ မလိုမုန်းထားခြင်းတို့ကို နေ့စဥ်ကြုံတွေ့ရပါတယ်။ ဒါပေမဲ့ သူတို့အသိုင်းအဝိုင်းထဲက အနုပညာပါရမီရှင် ၆ ဦးဟာ 6 Pack Bandကို ဖွဲ့စည်းပြီး ရှေ့တန်းထွက်ကာ လူတိုင်းရဲ့ လေးစားမှုနှင့် သူတို့ရဲ့ ဂုဏ်သိက္ခာကို ရယူဆွတ်ခူပေးခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့အဖွဲ့ဟာ ကျားမပြောင်းသူ အသိုင်းအဝန်းတစ်ခုတည်းအတွက် လှုပ်ရှားနေသူတွေမဟုတ်ပါဘူး။ အိန္ဒိယရဲ့  ဖိနှိပ်ခဲ့ရသူ၊ အနိုင်ကျင့်ခံရသူ၊ ခွဲခြားဆက်ခံရသူတိုင်းအတွက် ကိုယ်စားပြုတိုက်ပွဲဝင်ပေးနေပြီး လူသားတိုင်း ခင်မင်ရင်းနှီးမှု နှင့် လက်ခံမှုကို ရရှိရေးကို တောင်းဆိုပေးနေသူများဖြစ်ပါတယ်။


သူတို့အဖွဲ့ရဲ့ အကြောင်းကို ၂၀၁၆ နှစ်ဦးပိုင်းမှာ စတင်ထွက်ရှိခဲ့တဲ့ Pharrell Williams ရဲ့ Happy ကို ပြန်လည်ဆန်းသစ်ထားတဲ့ သီချင်းအကြောင်းနဲ့ ပက်သက်ပြီး လုလင်မဂ္ဂဇင်းမှ ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ဖူးပါတယ်။ သူတို့ရဲ့ ပထမဆုံး Hum Hain Happy သီချင်းဟာ စထွက်ထွက်ချင်း ရက်အနည်းငယ်ထဲမှာပဲ ကြည့်ရှုကြိမ် ၁.၅ သန်းကျော်သွားပါတယ်။ အဲ့ဒီနောက် ၂၀၁၆ တနှစ်ပတ်လုံး သူတို့ဟာ အိန္ဒိယတနိုင်ငံလုံးကို သူတို့ရဲ့ အနုပညာနဲ့ ကောင်းမွန်စွာကိုယ်စားပြုသူ စံပြပုဂ္ဂိုလ်များအနေနှင့် ဆက်လက်အကျိုးပြုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတလျှောက် Bollywood မှ ထိပ်တန်းအဆိုတော်ကြီးများရဲ့ ထောက်ပံ့ပါဝင်ပူးပေါင်းမှုဖြင့် Sab Rab De Bande, Hil Pori Hila, Ae Raju, Raula Paye Gaya စတဲ့ သီချင်းတွေအပါအဝင် လူကြိုက်များတဲ့ သီချင်း ၆ ပုဒ်ကို ထုတ်ဝေရိုက်ကူးခဲ့ပါတယ်။ အိန္ဒိယလူထုကို ကောင်းမွန်တဲ့အဆိုအမိန့်တွေကို ပေးစွမ်းတဲ့ သူတို့ရဲ့ အနုပညာတီထွင်ကြံဆမှုအတွက် ပြင်သစ်နိုင်ငံမှာကျင်းပခဲ့တဲ့ နိုင်ငံတကာ Cannes ပွဲတော်မှ ထိပ်တန်းဆု (Cannes Grand Prix Glass Lion) ကို သူတို့ဟာ ရယူဆွတ်ခူးနိုင်ခဲ့ကြပါတယ်။ အဲ့ဒီမတိုင်ခင်က လူမှုရေးလှုပ်ရှားတွေရဲ့ အောင်မြင်မှုကို အသိအမှတ်ပြုတဲ့ နိုင်ငံတကာ Webby Award ကိုလည်း ရရှိခဲ့ကြပါသေးတယ်။ သူတို့နိုင်ငံ အိန္ဒိယတဝန်းမှာတော့ အနုပညာပွဲတော်များကို သူတို့ တက်ရောက်ချီးမြင့်ခဲ့ကြပါတယ်။


ဒါ့ကြောင့် 6 Pack Band အဖွဲ့ရဲ့ သီချင်းတွေထဲမှ Sab Rab De Bande သီချင်းကို ၂၀၁၆ ရဲ့ အကောင်းဆုံးသီချင်းအဖြစ် ရွေးချယ်ပေးလိုက်ပြီး မြန်မာပြည်မှ လိင်တူချစ်သူ ဂီတပရိသတ်လည်း လုလင်မဂ္ဂဇင်းရွေးချယ်ထားတဲ့ နိုင်ငံတကာသီချင်းများကို ကြိုက်နှစ်လိမ့်မယ်လို့ မျှော်လင့်ရင်း လှပတဲ့ ၂၀၁၇ ကို ပိုင်နိုင်စေပါလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ၂၀၁၇ မှာလည်း ကမ္ဘာတစ်ဝှမ်းမှ လိင်တူချစ်သူ အနုပညာရှင်များဟာ သူတို့၏ အနုပညာနဲ့ ကမ္ဘာကြီးကို လှပအောင်အရောင်ချယ်ရင်း အကျိုးပြုနေကြလိမ့်မယ်လို့ မျှော်လင့်ပါကြောင်း။


0 comments

Kegel လေ့ကျင့်ခန်းအကြောင်း သိကောင်းစရာ


လိင်တူချစ်သူများ၏ လိင်မှုဘဝကို သာလွန်ကောင်းမွန်စေဖို့ လူတိုင်းပြုလုပ်နိုင်တဲ့ လွယ်ကူတဲ့ လေ့ကျင့်ခန်းတစ်ခုရှိပါတယ်။ အဲ့ဒီလေ့ကျင့်ခန်းကတော့ Kegel လေ့ကျင့်ခန်း လို့ခေါ်ပြီး ဆီးခုံအောက်အတွင်းပိုင်းက pubococcygeus ကြွက်သားခေါ် PC ကြွက်သားများ ကို သန်မာအောင် လေ့ကျင့်တာပါ။ Kegel လေ့ကျင့်ခန်း ကောင်းကျိုးများကတော့ ဆီးကောင်းကောင်းထိန်းနိုင်ခြင်း၊ အသက်ကြီးလာတဲ့အခါ ပန်းသေပန်းညှိးခြင်းကို ကာကွယ်ပေးနိုင်ခြင်း စသည်တို့သာမက လိင်ဆက်ဆံရာမှာ သုတ်ထိန်းကောင်းမွန်ခြင်း နှင့် တောင့်တင်းမှုကောင်းမွန်ခြင်းတို့ကို ရရှိစေပါတယ်။

ဒီလေ့ကျင့်ခန်းရဲ့ သဘောတရားက လိင်တံတောင့်တင်းမှုကို ထောက်ပံ့တဲ့ ကြွက်သားများကို အားကောင်းစေတဲ့ သဘောပါပဲ။ သုတ်လွှတ်မြန်တဲ့ ယောက်ျားတွေ လိုအပ်တဲ့ လေ့ကျင့်ခန်းပါ။ သုတ်လွှတ်ခါနီးရပ်သွားအောင် ညှစ်ပြီး ထိန်းထားပြီး ပြန်စနိုင်အောင် လုပ်ခြင်းပါ။ ဒါ့အပြင် လိင်တူချစ်သူများထဲမှာ top တွေအတွက် ကောင်းတာပင်မကပဲ bottom တွေအတွက်ပါ စအိုကြွက်သားများ သန်မာကြံ့ခိုင်စေပြီး ပိုမိုထိန်းချုပ်နိုင်တဲ့ ကောင်းကျိုးလည်း ရနိုင်သလို လိပ်ခေါင်းကိုလည်း ကာကွယ်နိုင်ပါတယ်။ ဒါတွင်မကပဲ လိင်ဆက်ဆံရာမှာ အထိတ်အထိပ်ရောက်ခြင်းကို ပိုမိုအားကောင်းစေပါတယ်။ ဒါ့ကြောင့် လိင်တူချစ်သူတိုင်းပြုလုပ်သင့်တဲ့ လွယ်ကူတဲ့ လေ့ကျင့်ခန်းတစ်ခုပါပဲ။


ဘယ်လိုပြုလုပ်ရမလဲဆိုတာက လွယ်လွယ်လေးပါ။

ဆီးသွားနေစဥ် ဆီးရပ်သွားအောင်ထိန်းဖို့ညှစ်ရတဲ့ ကြွက်သားကို သိမှာပါ။ ဆီးအောင့်လာတဲ့အခါ ထိန်းဖို့ ညှစ်ရတဲ့ကြွက်သားပါ။ သူ့ကို PC ကြွက်သားလို့ ခေါ်ပါတယ်။ အားတဲ့အချိန်တိုင်း အဲ့ဒီကြွက်သားကို ညှစ်ပြီး ၁ စက္ကန့် ၂ စက္ကန့် ထိန်းထားပြီး ပြန်လွှတ်စသဖြင့် လေ့ကျင့်ရပါမယ်။ တခါလုပ်ရင် ၁၅ ခါလောက် ညှစ်လိုက်လွှတ်လိုက်လုပ်နိုင်ပါတယ်။ ပြီးတော့ တအောင့်နားပြီး နောက်ထပ် ၁၅ ခါ၊ အဲ့လိုမျိုး ၃ ကြိမ်လောက်ဆိုရင်လောက်ပါပြီ။ နောက်ပိုင်းပိုကျွမ်းကျင်လာပါက ညှစ်တာကို ကြာကြာထိန်းထားပြီး ညှစ်ထားစဥ် အသက်ကို ပုံမှန်ရှုနိုင်အောင် လေ့ကျင့်ပါ။ ဒီလေ့ကျင့်ခန်းကို အားတဲ့အချိန်တိုင်း ပြုလုပ်နေနိုင်သလို၊ ဘယ်သူကမှလည်း ကိုယ်လုပ်နေမှန်း မသိပါဘူး။ ဒါ့ကြောင့် လမ်းလျှောက်နေစဥ်ဖြစ်ဖြစ်၊ ထိုင်နေစဥ်၊ အိပ်နေစဥ် ဘယ်နေရာ ဘယ်ချိန်မဆို ပြုလုပ်နိုင်ပါတယ်။ ပုံမှန်ပြုလုပ်ပေးပါက ဆီးခုံမှ စအိုထိ ကျယ်ပြန့်တဲ့ ဆီးခုံကြမ်းပြင် ကြွက်သားများအားလုံး သန်မာလာကာ ကောင်းကျိုးများရနိုင်ပါတယ်။

ကဲ အခုပဲစလိုက်တော့နော်။
0 comments

ပထမဆုံးချိန်းတွေ့တဲ့အချိန်မှာ အနာဂတ်ချစ်သူကို ဘယ်လိုပိုးပန်းမလဲ


အခုခေတ်မှာ အင်တာနက်မှာ အနာဂတ်ချစ်သူကို ရှာလို့လွယ်ကူတာကြောင့် ချစ်သူရည်းစားတွေ အင်တာနက် နဲ့ ဖုန်းတွေကတဆင့် ဖူးစာဆုံသွားကြသူတွေ မနည်းပါဘူး။ အဲ့တော့ grindr တို့ Facebook တို့ ကလိုနေရာတွေကနေ ကိုယ့်အတွက် အလားအလာရှိတဲ့ သူတစ်ယောက်ကို စကားပြောနေပြီး တစ်ဦးနဲ့တစ်ဦးလည်း သဘောကျပြီး အဆင်ပြေနေပြီဆိုရင် အပြင်မှာ စတွေ့ကြဖို့ ပြောဆိုကြပါတော့မယ်။ အကယ်၍ ကိုယ်က သူ့ကို တစ်ညတာတွေ့ဖို့သက်သက်သာ မဟုတ်ပဲ အမှန်တကယ်ရေရှည်လက်တွဲဖို့ စဉ်းစားကြတယ်ဆိုရင် စတွေ့တဲ့အချိန်ကနေစပြီး အဆုံးထိ တည်တံ့သွားနိုင်အောင် ပထမစချိန်းတွေ့တဲ့နေ့မှာ ဂရုပြုရပါမယ်။ ဒါမှသာ သူကနောက်တစ်ကြိမ်ပြီးတစ်ကြိမ် ထပ်ခါထပ်ခါ တွေ့ချင်ကြမှာပေါ့။

အဲ့တော့ စတွေ့တော့မယ်ဆိုရင် ပထမ မတွေ့ခင် ဘာတွေပြင်ဆင်ရမလဲဆိုတဲ့အချက်တွေကို စိတ်ထဲမှာထားရမယ်။ ပြီးရင် တွေ့တဲ့အခါ ဘာအကြောင်းအပြောရမလဲပေါ့။

ပြီးတော့ တွေ့တဲ့အခါ ရှောင်ရမယ့်အချက်တွေကိုလည်း သိထားဖို့လိုမယ်။ ပြီးတော့ ဘယ်သူမှ ပြောနိုင်တာမဟုတ်ဘူးလေ ကိုယ့်လုံခြုံရေးကိုလည်း စဥ်းစားဖို့လိုမယ်။ အဲ့ဒါတွေပြီးသွားပြီဆိုရင်မှ ချစ်သူဖြစ်လာမယ့်သူကို ဘယ်လိုပိုးပမ်းရမလဲပေါ့။ လူတစ်ဦးနဲ့တစ်ဦး မတူကြတာကြောင့် ပုံသေပြောလို့မရတာ အသေအချာဆိုပေမယ့် အောက်ကအချက်လေးတွေက အားလုံးနဲ့ အကျုံးဝင်ပါတယ်။

၁) ချိန်းတွေ့ခါနီး မတိုင်ခင်အချိန်ကို အလေးထားပါ။
ဆိုလိုချင်တာက ကိုယ် သူနဲ့ ချိန်းတွေ့ဖို့ကတိပေးပြီးပြီဆိုရင် ပထမဆုံးချိန်တွေ့မယ့်နေ့ကို အလေးထားပါ။ မတွေ့ခင် တွေ့ခါနီး အဆက်အသွယ်မပျက်ပါစေနဲ့။ ရောက်မယ့်အချိန်၊ လာနေကြောင်းစသဖြင့် ပြောခြင်းဖြင့် သင်ဟာ သူ့ကို အလေးထားကြောင်းပြပါတယ်။ တချိန်လုံးလည်း အများကြီး ပြောစရာမလိုပါဘူး။ လိုသလောက်ပြောခြင်းဖြင့် သူနဲ့ အဆက်သွယ်ဖို့ အလေးထားတယ်ဆိုတာကို ပြပါတယ်။ နောက်ပြီး နောက်ကျလျှင် မည်မျှနောက်ကျမယ် စသဖြင့် အချိန်ကိုအတိအကျ ပြောခြင်းအားဖြင့်လည်း သူ့ကို လေးစားကြောင်းပြပါတယ်။

တွေ့ဖို့ကတိပေးပြီးရင် မဖျက်ပါနှင့် ဒါမှသို့မဟုတ် မပြောင်းလဲပါနဲ့။ ဘာလို့လဲဆိုတော့ အစီအစဥ်ကို တခြားကိစ္စတစ်ခုခုကြောင့် ဖျက်ဖြစ်တယ်ဆိုတာဟာ သူ့ကို တခြားကိစ္စတွေလောက် အစကတည်းက အလေးမထားဘူးဆိုတာကို ပြတာမျိုးလဲဖြစ်ပါတယ်။ ဒါကြောင့် ကတိတည်ဖို့လည်း အရေးကြီးပါတယ်။

၂) နေ့လည်ပိုင်းချိန်းမလား ညနေပိုင်းချိန်းမလား။
နှစ်ယောက်လုံးအားလပ်ရက်ဆိုရင် နေ့လည်စာအတူတူစားဖို့ စတွေ့ကြပြီးတော့ တနေ့တာအတူတူလျှောက်လည်ဖို့ အချိန်ရတာမို့ တစ်ယောက်နဲ့တစ်ယောက်ကောင်းကောင်း သိကျွမ်းဖို့ အခွင့်အရေးရပါတယ်။ ဒါမှမဟုတ်ပဲ ညနေဘက်ချိန်းပြီး ညစာအတူတူစားတာမျိုးကျတော့ ပိုပြီး တရင်းတနှီးပုံစံမျိုးနဲ့ဖြစ်ပြီး တွေ့တဲ့နေ့မှာပဲ တညတာ အတူတူကုန်ဆုံးဖို့ အစီအစဉ်ရှိတဲ့ သဘောမျိုးလည်း ကျရောက်ပါတယ်။ ဒီအချက်တွေက အားလုံးအတွက် ဒီလိုပုံစံမျိုးလာမယ်လို့ ပုံသေ သတ်မှတ်လို့မရပေမယ့် အချင်းချင်း ဘာလုပ်ချင်တယ်ဆိုတာကို အစကတည်းက အချက်ပြထားတော့ ချိန်းတွေ့တဲ့ နေ့က ပိုပျော်ဖို့အကောင်းတာပေ့ါ။

၃) သပ်သပ်ရပ်ရပ် ဝတ်ဆင်သွားပါ။
ချိန်းတွေ့တဲ့အခါတိုင်း အကောင်းစားအင်္ကျီတွေ၊ ဖိနပ်တွေ၊ မျက်မှန်တွေနဲ့ အထင်ကြီးအောင် ဝတ်ဆင်သွားဖို့ ကို ဆိုလိုတာမဟုတ်ပါဘူး။ အနာဂတ်မှာ ချစ်သူဖြစ်လာမည့်သူနဲ့တွေ့ဖို့ အလေးထားပြီး သေသေချာချာ ပြင်ဆင်လာတာကို သပ်ရပ်သန့်ရှင်းတဲ့ အဝတ်အစားနဲ့ သေချာဖီးလိမ်းလာတယ်ဆိုတာနဲ့ ပြသခြင်း ဖြစ်ပါတယ်။

၄) အာရုံစိုက်ပေးပါ။
ချစ်သူလေးနဲ့ တွေ့နေတဲ့အခါ တွေ့နေတဲ့အချိန်ကို အလေးထားကြောင်း အာရုံစိုက်ကြောင်းပြဖို့ အရေးကြီးပါတယ်။ ပြန်ချင်သလိုလို၊ အလုပ်များနေသလို၊ တခြားသူတွေနဲ့ တခြားကိစ္စတွေရှိသလို၊ သူငယ်ချင်းတွေနဲ့ လုပ်စရာရှိနေသလိုလို၊ မိသားစုပြသနာ ရှင်းချင်သလို စသဖြင့် သူနဲ့တွေ့နေတဲ့ အချိန်ထဲ စိတ်မရောက်ပဲနေတာက အတော်ကို စိတ်ပျက်ဖို့ ကောင်းပါတယ်။ အဲ့လိုမလုပ်ပဲ သူပြောတာကို တလေးတစားနားထောင်ပေးတာက ယုံကြည်မှုရစေပြီး နောက်ပိုင်းလာမည့် အချိန်တွေကို ဆက်လက်လျှောက်လှမ်းလိုစိတ်ကို ဖြစ်ပေါ်စေပါတယ်။

၅) ပွင့်လင်းပါ။
အနာဂတ်ချစ်သူကို ကိုယ်တကယ်မဟုတ်တဲ့ အကြောင်းတွေနဲ့ အထင်အမြင်မှားအောင် လျှောက်ပြောမယ့်အစား ကိုယ့်တကယ့်အကြောင်းကို ပွင့်ပွင့်လင်းပြောပါက ကောင်းပါမယ်။ ကိုယ့်မှာရှိသမျှ ပြသနာတွေကို ကြောက်သွားအောင် ချပြခိုင်းတာ မဟုတ်ဘူးနော်။ အထင်ကြီးအောင် လိမ်ညာပြောတာတွေက နောက်ပိုင်းမှာတကယ်မဟုတ်လို့ စိတ်ပျက်ကုန်တာတွေ ဖြစ်စေပါတယ်။

၆) သူစိတ်ဝင်စားတဲ့ အကြောင်းတွေကို မေးပါ နားထောင်ပေးပါ။ 
ကိုယ့်အကြောင်းကြီးပဲ ထိုင်ပြောမနေပါနဲ့။ သူ့ကို ပြောဆိုလာနိုင်အောင် လမ်းခင်းပေးပါ။ ချစ်သူက ကိုယ်စိတ်ဝင်စားတဲ့အကြောင်းကို စိတ်ဝင်တစားနားထောင်နေတာလောက် ပျော်ဖို့ကောင်းတာ မရှိပါဘူး။

၇) သူ့ကို သိမ့်သိမ့်မွေ့မွေ့ ချီးကျူးပေးပါ။ 
နေရခက်အောင် သိသိသာသာကြီး မြောက်ပင့်ပြောတာထက် သူ့ရဲ့ထူးခြားတဲ့ အချက်တွေကို ချီးကျူးတာက စိတ်ရင်းအမှန်ကို ပြပါတယ်။ ပြီးတော့ ကိုယ့်ဘက်က ဘယ်လိုကြိုက်ကြောင်း တဖက်သက်ကြီးပြောမယ့်အစား သူ့ကို ဗဟိုပြုပါ။ ဥပမာ မင်းမျက်လုံးတွေကို ကိုယ်အရမ်းကြိုက်နေပြီလို့ ပြောမယ့်အစား မင်းမျက်လုံးတွေက လှပါတယ်လို့ပြောတာက ပိုပြီးကောင်းပါမယ်။ နောက်ပြီး နှစ်ဦးနှစ်ဖက်စလုံးက မြင်မြင်ချင်းချစ်မိတဲ့အဖြစ်မျိုး မဟုတ်လျှင် ကိုယ်က ဘယ်လောက်ကြိုက်နေကြောင်း ဇွတ်မပြောပါနဲ့။ လန့်သွားစေနိုင်ပါတယ်။ သူ့ကို တဖြည်းဖြည်းအချိန်ပေးပြီး သူတုန့်ပြန်ပုံကို အခြေခံပြီး လိုသလောက်သာပြောသင့်ပါတယ်။

လူတစ်ဦးနဲ့ တစ်ဦးမတူတာမို့ ဒီအချက်တွေကို တသွေမသိမ်းလိုက်နာရမယ်လို့ မဆိုပေမယ့် ဒီအချက်လေးတွေက မသိမသာလေး သူ့စိတ်ကို စွဲဆောင်နိုင်မှာပါ။ ကိုယ့်ဘက်က ဆောင်ရန်ရှောင်ရန် အချက်လေးတွေနဲ့ ပြင်ဆင်လာတော့ ပုံမှန်ဖြစ်မယ့် ချိန်းတွေ့မှုလေးက ပိုပျော်စရာကောင်းတဲ့ ချိန်းတွေချိန်လေးဖြစ်သွားတာပေါ့။ ဘာပဲပြောပြော ကိုယ့်နဲ့ အနာဂတ်လက်တွဲဖော်ဖြစ်လာမယ့် ချစ်သူလေးနဲ့ ပထမဆုံး ချိန်းတွေ့တဲ့နေ့ကို ပျော်ပျော်ရွင်ရွင်နဲ့ ဖြတ်သန်းနိုင်ကြပါစေ။



0 comments

ဓာတ်ပုံဆရာ Teddy Tzeng ရဲ့ 2017 Candy Crush ဓာတ်ပုံအတွဲထဲက ရင်ခုံစရာ ထိုင်ဝမ် လုလင်ချောများ


ထိုင်ဝမ် ဓာတ်ပုံဆရာ Teddy Tzeng ဟာ လတ်တလောမှာပဲ သူ့နိုင်ငံက မော်ဒယ်ချောတွေတဲ့ ရင်ခုန်ဖွယ်ရာ အဝတ်ဗလာ ဓာတ်ပုံတွေကို ၂၀၁၇ Candy Crush ခေါင်းစဥ်နဲ့ ဓာတ်ပုံအတွဲလိုက်ရိုက်ကူးလိုက်ပါတယ်။ Candy Crush ထဲကလိုရောင်စုံဆေးရေတွေ သူတို့ခန္ဓာကိုယ်အနှံ ပတ်ဖြန်းပြီးတော့ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေက စွဲမက်စရာပါ။ အဲ့ဒီ ဓာတ်ပုံတွေနဲ့ ပြက္ကဒိန်လည်းဝယ်လို့ရပါတယ်။ Teddy Tzeng ရဲ့လက်ရာစွမ်းကတော့ ကမ္ဘာကို ထိုင်ဝမ်က ကောင်လေးတွေ ဘယ်လောက်လှကြောင်း ပြသလိုက်တာပဲဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေကိုတော့ တစ်ယောက်တည်း လွတ်လွတ်လပ်လပ်ဖြစ်တဲ့ အချိန်မှာ ကြည့်တာပိုကောင်း ပါလိမ့်မယ်။ ;)























Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ